အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) - ဧကရာဇ်မင်းမြတ်
ချွမ်မင်းဆက်၏ မြို့တော်ဖြစ်သော ပျန့်ကျင်း…
မြို့တော်၏ ဗဟိုအချက်အချာတွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး တည်ရှိလေသည်။
နန်းတော်တံတိုင်းများမှာ အနည်းဆုံး ပေခြောက်ဆယ်ကျော် မြင့်မားပြီး နီရဲသော ဆေးရောင်များ ခြယ်သထားလေသည်။
ဧကရာဇ်ဖြစ်သူ ချွမ်ရှီသည် ကိုယ်လုပ်တော်လီဖေး၏ စိတ်အလိုကိုဖြည့်ဆည်းပေးရန်အတွက် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
ကိုယ်လုပ်တော်၏ အဆောင်တော်အတွင်း ထန်ခွန်းသည် သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
သူက သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ နီရဲသော ဆေးလုံးတစ်လုံး ရှိနေလေသည်။
“ဒီဆေးလုံးက မိဖုရားရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးပါလိမ့်မယ်။ မကြာခင်မှာ ဧကရာဇ်မင်းမြတ်အတွက် သားရတနာလေးတစ်ပါး ဖွားမြင်ပေးနိုင်တော့မှာပါ”
ဧကရာဇ်၏ ကိုယ်လုပ်တော်လီဖေးမှာမူ အဆောင်တော်၏တစ်ဖက်ရှိ ပိုးသားကုလားကာနောက်ကွယ်တွင် ထိုင်နေလေသည်။
သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး ရှည်လျားနက်မှောင်သော ဆံကေသာနှင့် ဝိုင်းစက်လှပသော မျက်ဝန်းကြီးများကို ပိုင်ဆိုင်ထားလေသည်။
သူမ၏ နူးညံ့သိမ်မွေ့သော ရုပ်ရည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကောက်ကြောင်းအလှများမှာမူ အလွန်ပင် ဆွဲဆောင်မှုရှိလှပေသည်။
“သေတ္တာကို ဒီဘက် ယူခဲ့ပါ”
လီဖေးက လက်ခုပ်တီးလိုက်ရာ ဘေးနားရှိမိန်းမစိုးသည် ဦးညွှတ်ကာ သေတ္တာကို သွားရောက်ယူဆောင်ခဲ့လေသည်။
သူမက ဆေးလုံးကို ကောက်ကိုင်လိုက်ရာ ၎င်း၏အောက်တွင် စာတိုလေးတစ်စောင်ကို တွေ့ရှိလိုက်သည်။
လီဖေးက ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ မိန်းမစိုးများမှာ ချက်ချင်းပင်ဦးညွှတ်၍ ပိုးသားကုလားကာ အပြင်ဘက်သို့ ထွက်ခွာသွားကြလေသည်။
သူမသည် စာရွက်ပေါ်တွင် ရေးသားထားသည်များကို အလျင်အမြန်ပင် ဖတ်ရှုလိုက်သည်။
ထို့နောက် သူမသည် ဘေးနားတွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးဖြင့် ထိုစာရွက်ကို ချက်ချင်း မီးရှို့ဖျက်ဆီးပစ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ထန်ခွန်း။ ကျွန်မ ဧကရာဇ်မင်းမြတ်အတွက် သားရတနာလေး ဖွားမြင်ပေးနိုင်တဲ့နေ့ကျရင် သင့်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပါ့မယ်။ အခုတော့ သွားနိုင်ပါပြီ”
ထန်ခွန်းက ကိုယ်လုပ်တော်၏ အဆောင်တော်မှ မထွက်ခွာမီ လျှောက်တင်လိုက်သည်။
“ဟုတ်ကဲ့ပါ။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ”
သူသည် အဆောင်တော်အတွင်းမှ ထွက်ခွာလာခဲ့လေသည်။
သူသည် အမှောင်တမန်တော်အတွက် သတင်းစကားကို ပေးပို့ပြီးသွားခဲ့ပြီ ဖြစ်သည်။
ကျန်ရှိသောအလုပ်များမှာမူ ကိုယ်လုပ်တော်နှင့် ကြာနက်ဂိုဏ်းတို့အပေါ်တွင်သာ မူတည်တော့သည်။
အကယ်၍ သူတို့ အောင်မြင်ခဲ့လျှင် သူသည်လည်း ချင်ဖုန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာနိုင်ပေလိမ့်မည်။
ပေးဆပ်ရမည့် တန်ဖိုးတစ်ခုရှိသော်လည်း ထန်ခွန်းကမူ ၎င်းသည် အလွန်ပင် ထိုက်တန်လှကြောင်း ယူဆထားလေသည်။
…
ညဉ့်ဦးယံ…
ဧကရာဇ်မင်းမြတ်ချွမ်ရှီသည် ထုံးစံအတိုင်းပင် ကိုယ်လုပ်တော်ထံသို့ ရောက်ရှိလာလေသည်။
သူတို့နှစ်ဦးသည် ခုတင်ထက်တွင် ပွတ်သီးပွတ်သပ် ပြုလုပ်နေကြစဉ် ကိုယ်လုပ်တော်သည် ရုတ်တရက် သက်ပြင်းအသာ ချလိုက်သည်။
“ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်တာလဲ။ ငါ့ကိုပြောစမ်း။ သူ့အသက်ကို ငါ ချက်ချင်း နှုတ်ပေးမယ်”
ဧကရာဇ်မင်းမြတ်သည် လီဖေး၏ တောင့်တင်းလှပသော ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ချင်ဖုန်းဂိုဏ်းက သားဖွားဆေးလုံး လာပေးတာပါပဲ။ ဒါပေမဲ့...”
လီဖေးက စကားကို တစ်ဝက်နှင့် ရပ်တန့်လိုက်သည်။
“သားဖွားဆေးလုံးလား။ ဒါ သတင်းကောင်းပဲ။ သားတော်လေး ဖွားမြင်လာတဲ့အခါ ငါက ချင်ဖုန်းဂိုဏ်းကို ဆုလာဘ်တွေ အများကြီး ချီးမြှင့်ရမှာပေါ့”
လီဖေးသည် ဧကရာဇ်မင်းမြတ်၏ အမည်ကို တိုက်ရိုက်ခေါ်ကာ ဝိုင်းစက်သော မျက်ဝန်းကြီးများဖြင့် စိုက်ကြည့်လိုက်သညိ။
“မဟုတ်ဘူး ချွမ်ရှီ။ အဲဒီလို မလုပ်သင့်ဘူး”
သူမက ဆက်ပြောလိုက်လေသည်။
“အရှင်က ချင်ဖုန်းဂိုဏ်းကို ဆုချီးမြှင့်မယ်ဆိုရင် သူတို့ ဒုက္ခရောက်သွားနိုင်တယ်။ အထူးသဖြင့် ဆေးလုံးတွေကြောင့် သူတို့နဲ့ ကျွန်မကြား ဆက်ဆံရေးက အရမ်းရင်းနှီးနေတဲ့ အချိန်မျိုးမှာပေါ့။ အဲဒီအစား သူတို့ရဲ့ အရင်းအမြစ်တွေကို လျှော့ချပြီး တခြားဂိုဏ်းတွေနဲ့ညီမျှအောင် မျှခြေညှိပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်။ ဂိုဏ်းတစ်ခုခုက တခြားဂိုဏ်းတွေထက် အဆမတန်အင်အားကြီးမားသွားရင် အန္တရာယ်ရှိနိုင်လို့ပါ”
ဧကရာဇ်မင်းမြတ် ချွမ်ရှီသည် သူမ၏ အကြံပြုချက်ကို ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူသည်ပြုံးလျက် သူမ၏နှုတ်ခမ်းကို နမ်းလိုက်သည်။
ဖြစ်လာနိုင်မည့် အကျိုးဆက်များကိုပါ ထည့်သွင်းစဉ်းစားပေးကာ အကြံဉာဏ်ပေးနိုင်သည့် သူမ၏ အရည်အချင်းမှာ အလွန်ပင်ချစ်မြတ်နိုးဖွယ် ကောင်းလှပေသည်။
လီဖေးသည် ဧကရာဇ်မင်းမြတ် သဘောတူသည်ကို မြင်သောအခါ နီရဲသော ဆေးလုံးကို ထုတ်ယူ၍ မျိုချလိုက်သည်။
ထို့နောက် သူမသည် ရှက်သွေးဖြန်းကာ ပါးပြင်လေးများ ရဲတက်သွားပြီး ဧကရာဇ်မင်းမြတ်ကို သူမ၏ ခန္ဓာကိုယ်ဆီသို့ ဆွဲယူလိုက်တော့သည်။
…
နောက်တစ်နေ့…
ညီလာခံသဘင်…
ခမ်းနားလှသော ညီလာခံခန်းမအတွင်း၌ ဧကရာဇ်မင်းမြတ်သည် နဂါးရုပ်များ ထွင်းထုထားသော ရွှေပလ္လင်ထက်တွင် ခန့်ညားစွာ စံပယ်နေလေသည်။
အမတ်ကြီးများသည်လည်း ဧကရာဇ်မင်းမြတ်၏ မေးမြန်းချက်များကို လျှောက်တင်ရန် သို့မဟုတ် ဖြေကြားရန်အတွက် ရှေ့မှောက်၌ တန်းစီရပ်နေကြသည်။
“အမတ်မင်းတို့။ နွေဦးနှောင်းပိုင်းကျရင် တောကစားထွက်ဖို့အတွက် ငါကိုယ်တော်မှာ စိတ်ကူးတစ်ခု ရှိတယ်”
ဧကရာဇ်မင်းမြတ်က မိန့်ကြားလိုက်လေသည်။
“အရှင်မင်းကြီး... သားရဲတွေနဲ့ လူရိုင်းတွေရဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် ကျွန်တော်မျိုးတို့ရဲ့ အရင်းအမြစ်တွေ ပြုန်းတီးနေရပါတယ်။ ဒါကြောင့် နွေဦးနှောင်းပိုင်းအမဲလိုက်ပွဲကို အလွန်အကျွံ ခမ်းနားအောင် မကျင်းပသင့်ဘူးလို့ စိုးရိမ်မိပါတယ်”
ဝဲဘက်နန်းရင်းဝန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ လျှောက်တင်လိုက်သည်။
ဤသည်က ဧကရာဇ်မင်းမြတ်ကို စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။ ဝဲဘက်နန်းရင်းဝန်သည် သူ့အား အမြဲတမ်း ဆန့်ကျင်ဘက် လုပ်နေတတ်သောကြောင့်ပင်။
သူက နှာခေါင်းကို ရှုံ့လိုက်ရင်း ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့”
“ဒါက မင်းထင်သလို မဟုတ်ဘူး”
“ငါက ဂိုဏ်းအားလုံးကြားမှာ ပြိုင်ပွဲတစ်ခု ကျင်းပချင်တာ”
“အစွမ်းပြနိုင်ဆုံးဂိုဏ်းတွေကို ဒီနှစ်အတွက် ပိုပြီးတော့ အရင်းအမြစ်တွေ ခွဲဝေပေးမယ်”
“တချို့ဂိုဏ်းတွေက အရေးပါလွန်းနေပြီ။ အခုက သူတို့ရဲ့ အာဏာကို ထိန်းညှိရမယ့် အချိန်ပဲ”
ဝဲဘက်နန်းရင်းဝန်သည် ဤစကားကို ကြားရသောအခါ အံ့အားသင့်သွားရသည်။
ဧကရာဇ်မင်းမြတ်သည် ကြီးပြင်းလာခဲ့ပြီပင်။
ဧကရာဇ်မင်းမြတ်မှာ မည်သည့်ဂိုဏ်းကို ရည်ညွှန်းနေသည်ကို သူ သိလေသည်။
အမှန်တကယ်တွင် ယခင်က ဧကရာဇ်မင်းမြတ် တစ်ခုခုလုပ်ဆောင်နိုင်ရန် သူ အစီရင်ခံစာများ တင်သွင်းခဲ့ဖူးလေသည်။
ကိုယ်လုပ်တော်သည် ဧကရာဇ်မင်းမြတ်နှင့် နီးစပ်လွန်းနေသည်။
ဧကရာဇ်မင်းမြတ်၏ အကြံပြုချက်ကြောင့် ဝဲဘက်နန်းရင်းဝန်မှာ စိတ်သက်သာရာရသွားတော့သည်။
“အရှင်မင်းကြီးရဲ့ သဘောအတိုင်း ဖြစ်စေရပါမယ်။ ဒါပေမဲ့ သူတို့ကို ဘယ်လိုမျိုး ထိန်းညှိဖို့ စိတ်ကူးထားပါသလဲ”
ဝဲဘက်နန်းရင်းဝန်က မေးမြန်းလိုက်သည်။
ဧကရာဇ်မင်းမြတ်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“အင်း... အဲဒါကတော့...”
…
ချင်ဖုန်းဂိုဏ်း…
လင်းဖန်သည် သူလိုအပ်မည့် ပစ္စည်းအားလုံးကိုပြင်ဆင်ပြီး သူ၏ ဖားပြုတ်ရုပ်တုငယ်ထဲသို့ ထည့်လိုက်သည်။
သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများ၊ ရိက္ခာခြောက်များနှင့် ကိရိယာတန်ဆာပလာများပင် ပါဝင်သည်။
သူသည် အဆိုးရွားဆုံး အခြေအနေအတွက် အမြဲတမ်း ကြိုတင်ပြင်ဆင်ထားတတ်သူဖြစ်သည်။
ပြင်ဆင်ပြီးသွားသောအခါ သူသည် ဟွမ်ယွမ်ခွန်းပေးထားသည့် ပုလင်းနက်ထဲမှ ဆေးလုံးကို ထုတ်ယူလိုက်သည်။
သူသည် ဆေးလုံးကို မြိုချလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ တန်းထျန်မှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပုလင်းဖြူထဲမှ ဆေးလုံးကို မသောက်မချင်း ထိုသိုလှောင်ထားသော ပစ္စည်းများကို သူ ထုတ်ယူနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လင်းဖန်သည် ထိုပုလင်းကို မပျောက်ရှစေရန် သေချာဂရုစိုက်ရမည် ဖြစ်သည်။
သူသည် လက်သီးကိုသုံးကာ ရှေ့ရှိ သစ်ပင်ပင်စည်ကို ထိုးကြည့်လိုက်သည်။
ဖုန်း…
သစ်ပင်ပင်စည်မှာ ဘာမှ ထူးထူးခြားခြား ဖြစ်မသွားပေ။
သာမန်အခြေအနေတွင်သာဆိုပါက ဤသစ်ပင်ပင်စည်မှာ ကြေမွပျက်စီးသွားခဲ့မည် ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံမှု၏ ကောင်းသည့်အချက်မှာ လက်နာကျင်ခြင်း မရှိခြင်းပင်။
သူ၏ အရေပြားမှာ ယခင်အတိုင်း မာကျောနေဆဲပင်။
သားရဲစွမ်းရည်၏ ခန္ဓာကိုယ်အဆင့်မှာလည်း အထောက်အကူ ဖြစ်စေသည်ကို ပြောရန်ပင် မလိုပေ။
ဝှစ်…
သူသည် အမြင့်သို့ ခုန်တက်လိုက်ရာ သားရဲစွမ်းရည်က သူ၏ ခွန်အားကိုသာ အသုံးပြုသောကြောင့် ခုန်ပျံနိုင်ဆဲပင်။
ဤသည်က အသက်ရှင်ကျန်ရစ်ရန် ကြိုးပမ်းရာတွင် အလွန်ပင် သင့်တော်လှပေသည်။
နောက်ဆုံးတွင်မူ သူ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာချေပြီ။
သူသည် အဝင်ဝသို့ ဦးတည်ထားသော လှေကားထစ်ရှည်ကြီးများတွင် ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့ဖြင့် တွေ့ဆုံလိုက်သည်။
ယခုတစ်ကြိမ်တွင် ဟွမ်ယွမ်ခွန်းတွင်လည်း အရေခွံမျက်နှာဖုံးတစ်ခု ရှိနေသည်။
သူတို့သည် အရေခွံမျက်နှာဖုံးများကို စွပ်လိုက်ကြရာ ချက်ချင်းပင် ရုပ်ရည်များ ပြောင်းလဲသွားကြတော့သည်။
ဟွမ်ယွမ်ခွန်းသည် ဖရိုဖရဲဖြစ်နေသော နှုတ်ခမ်းမွေးများနှင့် လူကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ဟိုမင်မှာမူ လမ်းဘေးလူမိုက်တစ်ဦးနှင့် တူသွားလေသည်။
လင်းဖန်မှာမူ ရိုးရှင်းသော သာမန်လူတစ်ဦး၏ ပုံရိပ်ကိုဖန်တီးလိုက်ရာ လူအများအလယ်တွင် အလွယ်တကူ မေ့လျော့ခံရမည့်သူတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
ဟွမ်ယွမ်ခွန်းသည် ခါတိုင်းနှင့်မတူဘဲ တည်ကြည်လေးနက်သွားကာ လင်းဖန်နှင့် ဟိုမင်တို့ကို မေးလိုက်သည်။
“ငါ မင်းတို့ကို နောက်ဆုံးတစ်ခေါက်မေးမယ်။ အခုအချိန်မှာ နောက်ဆုတ်ချင်ရင် နောက်ဆုတ်လို့ရသေးတယ်။ ငါတို့ရဲ့ ချီစွမ်းအားတွေအားလုံးကို ပိတ်လှောင်ထားရမှာဆိုတော့ မင်းတို့ရဲ့ အသက်အန္တရာယ်ကို ငါ အာမမခံနိုင်ဘူး”
သို့သော် လင်းဖန်နှင့် ဟိုမင်တို့မှာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ ယုံကြည်မှုအပြည့်ဖြင့် သူ့ကိုကြည့်ကာ ပြန်ပြောလိုက်ကြသည်။
“ကျွန်တော်တို့ အကျိုးဆက်တွေကို သိပါတယ်။ စလိုက်ကြရအောင်”