← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) - ဟူခိုမြို့

ဟူခိုမြို့…

ဤမြို့ကို ရေကန်ကြီး၏ဘေးတွင် တည်ဆောက်ထားသဖြင့် ရေကန်နားကမြို့ဟူ၍ အဓိပ္ပာယ်ရပေသည်။

သင်္ဘောများဆိုက်ကပ်ကာ ကုန်စည်များကို အတင်အချ ပြုလုပ်ကြသည်။

လေးလံသော ကုန်စည်များကို သယ်ယူရန် သန်မာထွားကျိုင်းသည့် အမျိုးသားများကို လိုအပ်လှပေသည်။

ထို့ကြောင့် ဂိုဏ်းအသီးသီး ပေါ်ပေါက်လာပြီး ဆိပ်ခံတံတားများကို စိုးမိုးနိုင်ရန် အချင်းချင်း လုတိုက်ကြလေသည်။

ထိုကဲ့သို့ ရှုပ်ထွေးလှသော ပတ်ဝန်းကျင်ကြောင့်ပင် ကြာနက်ဂိုဏ်းမှာ လျှို့ဝှက်ဆက်သွယ်ရေးစခန်းတစ်ခုကို အလွယ်တကူ တည်ထောင်ထားနိုင်ခြင်း ဖြစ်သည်။

လင်းဖန်နှင့် အပေါင်းအပါများမှာမူ ကြာနက်ဂိုဏ်းထဲသို့ လျှို့ဝှက်ဝင်ရောက်ကာ ၎င်းတို့၏ နောက်ဆုံးအစီအစဉ်များကို ဟန့်တားရန် နည်းလမ်း ရှာဖွေရမည်ဖြစ်သည်။

“ဟေ့ ဟိုက သုံးယောက်။ မင်းတို့ ဒီက စည်းကမ်းတွေကို မသိဘူးလား”

နောက်လိုက်ဆယ်ယောက်ခန့် ခြံရံထားသော ထွားကျိုင်းသည့် အမျိုးသားကြီးတစ်ဦးက လင်းဖန်ကိုလက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

လင်းဖန်နှင့် ကျန်ရှိသူများမှာ ဆိပ်ကမ်းတွင် လုပ်ကိုင်စားသောက်နေသည့် လူငယ်များအဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပေသည်။

အခက်အခဲများနှင့် ကြုံတွေ့ရသောအခါမှသာ ကြာနက်ဂိုဏ်းသားများက ၎င်းတို့ထံ ချဉ်းကပ်လာပေလိမ့်မည်။

၎င်းတို့သည် မည်သည့်နည်းနှင့်ဖြစ်စေ အာဏာနှင့် ခွန်အားကို လိုချင်တက်မက်နေသူများကိုသာ လိုက်လံရှာဖွေတတ်ကြသည်။

“ဘာစည်းကမ်းလဲ။ သင်္ဘောပိုင်ရှင်က ငါတို့တောင်းတဲ့ ဈေးနှုန်းကို သဘောတူထားပြီးသားပဲ”

လင်းဖန်က ပခုံးတွန့်ပြကာ သင်္ဘောပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

သင်္ဘောပိုင်ရှင်မှာ ဂိုဏ်းများကို ကျော်ဖြတ်ကာ ကံစမ်းကြည့်ရန် ကြိုးစားခဲ့သော်လည်း ယခုအခါတွင်မူ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်တော့သည်။

“နားလည်မှုလွဲတာပါဗျာ။ ကျွန်တော်က သူတို့ကို ခင်ဗျားတို့ဂိုဏ်းက လူတွေမှတ်လို့ပါ။ ရော့... ဒါက လျော်ကြေးအဖြစ် ပေးတာပါ”

သင်္ဘောပိုင်ရှင်သည် လူမိုက်တစ်ယောက်၏ လက်ထဲသို့ ကြေးဒင်္ဂါးတွဲကို ကမ်းပေးလိုက်လေသည်။

လူမိုက်များက ထိုကြေးဒင်္ဂါးတွဲကို လက်ဆင့်ကမ်းပေးလိုက်သောအခါ လူထွားကြီးက လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။

သူက ကျေနပ်သွားပုံရပြီး သင်္ဘောပိုင်ရှင်ကို ပြောလိုက်သည်။

“သွားတော့။ မင်းရဲ့ သင်္ဘောထဲကို ပြန်ဝင်သွားတော့။ နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မလုပ်နဲ့”

“မင်းတို့ သုံးယောက်အလှည့် ရောက်ပြီပေါ့”

ထိုလူတစ်စုက မဲ့ပြုံးပြုံးရင်း လင်းဖန်ထံသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။

ထိုခဏတွင် လင်းဖန်က လက်ကိုမြှောက်ကာ တားဆီးလိုက်သည်။

“နေဦး။ ငါ့မှာ အကြံတစ်ခုရှိတယ်။ မင်းတို့အားလုံး ငါတို့ဂိုဏ်းထဲကို ဝင်လိုက်ပါလား”

“ငါတို့ဂိုဏ်းထဲကို ဝင်ချင်တယ် ဟုတ်လား... အခုမှတော့ နောက်ကျသွားပြီ... ဟမ်... နေပါဦး။ မင်းက ငါတို့ကို မင်းတို့ဂိုဏ်းထဲ ဝင်ခိုင်းတာလား”

လူထွားကြီးက လင်းဖန်၏စကားကို သဘောပေါက်သွားသောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။

‘ဒီငတုံးက ဘယ်သူလဲ’

‘ဘယ်က လာတာလဲဟ’

လူထွားကြီးသည် စိတ်ထဲမှ တွေးတောလိုက်မိသည်။

ဤကောင်ကို ပညာပေးရန်မှတစ်ပါး အခြားနည်းလမ်းမရှိချေ။

“သူ တောင်းပန်လာတဲ့အထိ ရိုက်ကြစမ်း”

လူထွားကြီးက လက်ဝှေ့ယမ်းပြလိုက်ရာ သူ၏ နောက်လိုက်များက လင်းဖန်ထံသို့ ပြေးဝင်သွားကြလေသည်။

သို့သော် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့မှာမူ မလှုပ်မယှက်ဘဲ ရပ်စောင့်နေကြသဖြင့် လူမိုက်များမှာ အံ့အားသင့်သွားကြသည်။

၎င်းတို့တွင် ချီစွမ်းအင်များ မရှိတော့သော်လည်း နှစ်ရှည်လများ ကျင့်ကြံခဲ့သည့် ခန္ဓာကိုယ်များမှာ သာမန်လူများထက် ပိုမိုသန်မာလှပေသည်။

၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များမှာလည်း သာမန်ထက် သာလွန်လှသည်။

ကျင့်ကြံသူများနှင့် မရင်ဆိုင်ရသရွေ့မူ ၎င်းတို့အတွက် လက်ရှိတွင် ဘေးကင်းနိုင်ပေသည်။

“သေပေတော့”

လူမိုက်တစ်ယောက်က လင်းဖန်ကို လက်သီးဖြင့်ထိုးလိုက်ရာ လင်းဖန်က သူ၏လက်ဖျံဖြင့် သာသာယာယာပင် ကာကွယ်လိုက်သည်။

“အား”

ထိုလူမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

သူ၏ လက်မှာ ကြေမွပျက်စီးသွားချေပြီ။

သံမဏိနံရံကြီးကို ထိုးမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ကျန်ရှိသောလူများက ဘေးပတ်ဝန်းကျင်ရှိ ကုန်ထမ်းပိုးတုတ်များကို ကောက်ကိုင်ကာ လင်းဖန်ကို ဝိုင်းဝန်းရိုက်နှက်ကြလေသည်။

ဂျွတ်...

တုတ်များမှာ လင်းဖန်၏ ခန္ဓာကိုယ်နှင့် ထိမိသည့်အခါတွင် တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

လင်းဖန်မှာ မလွယ်ကူသော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း သိရှိသွားကြသဖြင့် ထိုလူများအားလုံးသည် ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ထံသို့ ဦးတည်သွားကြလေသည်။

ထိုလူရမ်းကားများသည် နောက်သို့ဆုတ်မည့်အစား သူတို့ဆီသို့ အုပ်စုလိုက် တိုးဝင်လာကြလေသည်။

“အား”

ဟွမ်ယွမ်ခွန်းသည် ရှေ့တွင်ရှိနေသော လူတစ်ယောက်၏ လက်မောင်းအား တုတ်ဖြင့် ထိုးလိုက်ရာ ထိုလူမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။

ဟွမ်ယွမ်ခွန်းသည် တုတ်ကို ပြန်လည်ဆွဲထုတ်လိုက်ပြီးနောက် အရက်မူးနေသော လူတစ်ယောက်ကဲ့သို့ ဘယ်ပြန်ညာပြန် ရမ်းခါလိုက်လေသည်။

သူ၏ တိုက်ကွက်များမှာ ခန့်မှန်းရခက်လှသော်လည်း ရန်သူ၏ အားနည်းချက်အရှိဆုံးနေရာများကိုသာ အတိအကျ ထိမှန်သွားသည်။

သူက ခြေထောက်များကို လွှဲခုတ်လိုက်ပြီးနောက် ရုတ်တရက် တုတ်ကို ဒေါင်လိုက်မတ်ကာ လည်ပင်းဆီသို့ ထိုးနှက်လိုက်ပြန်သည်။

မကြာမီမှာပင် လူရမ်းကားအများအပြားမှာ လမ်းပေါ်တွင် ဒဏ်ရာအပြင်းအထန်ရကာ နာကျင်စွာ ငိုကြွေးနေကြပြီး သွေးထွက်ခြင်းမှရပ်တန့်ရန် ကြိုးနေကြတော့သည်။

ဟိုမင်အား ဝိုင်းရံထားသော လူများ၏အခြေအနေမှာလည်း ထူးမခြားနားလှပေ။

ဟိုမင်သည် လက်နှစ်ဖက်တွင် တုတ်တစ်ချောင်းစီ ကိုင်ဆောင်ထားပြီး ကျွမ်းကျင်လှစွာ ဝှေ့ယမ်းနေလေသည်။

ထိုလူများမှာ သူ၏ အနီးသို့ပင် မကပ်နိုင်ဘဲ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများသာ ရရှိနေကြရသည်။

လင်းဖန်က ဟွမ်ယွမ်ခွန်းကို တစ်ချက် ကြည့်လိုက်သည်။

ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်သည်။

“သူတို့က သန်မာလွန်းတယ်၊ အခြေအနေကောင်းတုန်း ငါတို့ ပြေးကြစို့”

လင်းဖန်က အော်ဟစ်လိုက်သဖြင့် လူရမ်းကားများမှာ အံ့အားသင့်သွားကြလေသည်။

အမှန်စင်စစ် သူတို့အတွက် လင်းဖန်ကသာလျှင် ယှဉ်နိုင်စွမ်းမရှိအောင် အလွန်သန်မာလွန်းနေခြင်းပင်။

“အား။ မင်းပြောတာ မှန်တယ်၊ ငါတို့ သွားကြစို့”

ဟွမ်ယွမ်ခွန်းသည်လည်း သူ့ရှေ့ရှိ လူကို သေလုမတတ် ရိုက်နှက်နေစဉ်မှာပင် နာကျင်ဟန်ဆောင်ကာ လိုက်ပါအော်ဟစ်လိုက်လေသည်။

ဟိုမင်သည် သူ့ထံသို့ ပြေးဝင်လာသောလူကို တွန်းထုတ်လိုက်ရင်း အော်ဟစ်လိုက်ပြန်သည်။

“ကယ်ကြပါဦး”

ထို့နောက် သူတို့သုံးဦးသည် ချက်ချင်းလှည့်ကာ လျင်မြန်စွာ ထွက်ပြေးသွားကြတော့သည်။

ထိုမြင်ကွင်းကြောင့် လူထွားကြီးဖြစ်သော လူမိုက်ခေါင်းဆောင်မှာမူ ဇဝေဇဝါဖြင့် ခေါင်းကို ကုတ်နေမိတော့သည်။

အဝေးတစ်နေရာရှိ အမှောင်ရိပ်ထဲတွင်မူ မိန်းမပျိုတစ်ဦးသည် ထိုဖြစ်ပျက်သမျှကို စောင့်ကြည့်နေမိသည်။

သူမ၏အမြင်တွင်မူ လူရမ်းကားတစ်စုက လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကို ဝိုင်းဝန်းဗိုလ်ကျ နှိပ်စက်နေသည့်အလား ထင်မြင်သွားချေသည်။

ဤသည်မှာ လောကကြီးတွင် အမြဲတွေ့ရတတ်သည့် သာမန်ကိစ္စတစ်ခုဖြစ်ပြီး သူမအတွက် အသုံးချရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်ပေသည်။

…

မီတာအနည်းငယ်မျှ သုတ်ခြေတင် ပြေးလာကြပြီးနောက် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် လမ်းဘေးရှိ စားသောက်ဆိုင်အသေးလေးတစ်ခုသို့ ရောက်ရှိလာကာ ဗိုက်ဖြည့်ရန် ပြင်ဆင်လိုက်ကြလေသည်။

“ခေါက်ဆွဲ သုံးပွဲပေးပါ”

လင်းဖန်က ဆိုင်ရှင်အား အော်မှာလိုက်ပြီး ဟိုမင်ကမူ အခြားသူများအတွက် တူချောင်းများကို ထုတ်ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ငါတို့ မကြာခင် အသက်မွေးဝမ်းကျောင်းပြုဖို့ လမ်းစတစ်ခုခုကို ရှာတွေ့မှာပါ”

ဟွမ်ယွမ်ခွန်းက ဟိုမင်၏ ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။

ထို့နောက် သူက လင်းဖန်ဘက်သို့လှည့်ကာ ပြောလိုက်ပြန်သည်။

“မင်းကတော့ နောက်တစ်ကြိမ်ကျရင် အရမ်း စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး”

လင်းဖန်က ခေါင်းခါယမ်းကာ ပြန်လည်ငြင်းဆန်လိုက်သည်။

“စိတ်လိုက်မာန်ပါ ဟုတ်လား။ အဲဒီလူတွေက ငါတို့ကို သိသိသာသာကြီး ဗိုလ်ကျနေတာ။ ငါတို့က သင်္ဘောပိုင်ရှင်နဲ့ သဘောတူပြီးသားလေ။ ငါတို့သာ... အစွမ်းထက်ခဲ့ရင်ကောင်းမှာ”

ဒုန်း…

လင်းဖန်က စားပွဲကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထုချလိုက်သဖြင့် တူများပင် လွင့်စင်တုန်ခါသွားသည်။

သူသည် ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ထားဆဲပင်။

ဘေးနားတွင် ထိုင်နေသော မိန်းမပျိုသည် ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ မတ်တတ်ရပ်၍ သူတို့ထံသို့ လျှောက်လှမ်းလာလေသည်။

သူမက ပြုံးရွှင်စွာဖြင့် အရိုအသေပြုလိုက်ပြီး ပြောလိုက်သည်။

“ခွင့်လွှတ်ပေးပါဦး။ ကျမ နာမည်က လင်းကျစ်ပါ။ မတရားမှုကို ခံစားနေရတဲ့ ရှင်တို့ရဲ့ အခက်အခဲတွေကို ကျမ ကူညီပေးနိုင်မလားလို့ပါ”

လင်းဖန်က ပြောလိုက်သည်။

“မင်းက ဘယ်လို ကူညီမှာလဲ။ တကယ်လို့ မင်းက ပိုက်ဆံလိုချင်လို့ဆိုရင်တော့ ငါတို့မှာ တစ်ပြားမှ မရှိဘူး”

သူမသည် ပတ်ဝန်းကျင်ကိုအကဲခတ်ကာ ဘေးနားတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် သူတို့အား အနီးသို့တိုးလာရန် လက်ဟန်ပြလိုက်လေသည်။

သူတို့အားလုံး နီးနီးကပ်ကပ် ဖြစ်သွားချိန်တွင် သူမက ပြောလိုက်သည်။

“ရှင်တို့ ခိုကိုးရာမဲ့ဖြစ်နေတဲ့အချိန်မှာ ရှင်တို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းထက်တဲ့ အရှင်သခင်တွေ ရှိပါတယ်။ ဟန်ဆောင်ပန်ဆောင် ဗုဒ္ဓတွေ ဒါမှမဟုတ် နတ်ဘုရားတွေနဲ့မတူဘဲ ကျွန်မရဲ့ အရှင်သခင်က ရှင်တို့ကို တကယ့်ကို ကူညီပေးနိုင်ပါတယ်”

လင်းဖန်က မေးလိုက်သည်။

“မင်း လိမ်မပြောဘူးဆိုတာ ငါတို့ ဘယ်လို ယုံရမှာလဲ”

လင်းကျစ်က ပြန်ဖြေလိုက်သည်။

“အရင်ဆုံး ခေါက်ဆွဲ စားလိုက်ကြပါဦး။ ပြီးရင် ကျွန်မနောက်ကို လိုက်ခဲ့ပါ၊ ကျွန်မ ရှင်တို့ရဲ့ ဘဝကို ပြောင်းလဲပေးပါ့မယ်”

All Chapters