အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) - ဆေးလုံးစက်ရုံ
သူတို့ စားသောက်ပြီးသွားသောအခါ လင်းကျစ်နောက်သို့ လိုက်သွားကြသည်။
သူမက သူတို့ကို လမ်းအဆုံးရှိ စုတ်ပြတ်သတ်နေသော အိမ်တစ်လုံးဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
သို့သော် အိမ်ထဲသို့မဝင်ဘဲ သူမနောက်မှတစ်ဆင့် နောက်ဖေးခြံထဲသို့ လိုက်သွားလိုက်ကြသည်။
ခြံထဲတွင် မြက်ပင်များထူထပ်နေပြီး ပစ္စည်းများမှာ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည်။
“ဘယ်ကို သွားနေကြတာလဲ။ ကျုပ်တို့ဘဝတွေကို ပြောင်းလဲပေးနိုင်မယ့်နေရာမျိုးနဲ့ မတူဘူးနော်”
လင်းဖန်က မေးလိုက်သည်။
လင်းကျစ်က လှည့်လာပြီး လင်းဖန်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူမဘေးရှိ ရေတွင်းဆီသို့ လျှောက်သွားလေသည်။
ဒေါက်…
ဒေါက်…
ဒေါက်…
လင်းကျစ်က ရေတွင်းဘေးကို ခေါက်လိုက်သည်။
တစ်ခဏအကြာတွင် ရေတွင်းထဲမှ အလင်းရောင်ထွက်ပေါ်လာပြီး လင်းကျစ်၏မျက်နှာကို တစ္ဆေသရဲကဲ့သို့ လိမ္မော်ရောင် လွှမ်းသွားစေသည်။
“ကျွန်မနောက် လိုက်ခဲ့ကြ”
သူမက ရေတွင်းထဲသို့ ဆင်းသွားပြီး လင်းဖန်လည်း အနီးသို့ သွားလိုက်သည်။
အောက်ဆင်းရန် ကြိုးတစ်ချောင်းရှိနေပြီး ထိုကြိုးမှာ ခေါက်သံသုံးချက်ကြားပြီးနောက် ချပေးလိုက်ခြင်း ဖြစ်ဟန်တူပေသည်။
လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့က နောက်မှ လိုက်သွားကြသည်။
သူတို့အားလုံး ရေတွင်းအောက်ခြေသို့ ရောက်သောအခါ တစ်နေရာရာသို့ ဆက်သွယ်ထားသော ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့လိုက်ရလေသည်။
လင်းကျစ်အပြင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အခြားအမျိုးသားတစ်ဦးက သူတို့ကို မသင်္ကာသလို စိုက်ကြည့်နေသည်။
“သူတို့က ဘယ်သူတွေလဲ”
အနက်ရောင်ဝတ်ရုံရှင်က မေးလိုက်သည်။
“ကြာပန်းခေါင်းဆောင်။ သူတို့က စွမ်းအားတွေ ရချင်နေကြတာပါ”
လင်းကျစ်က အရိုအသေပေးကာ ပြန်ဖြေလိုက်သည်။
ဖြန်း…
ကြာပန်းခေါင်းဆောင်က လင်းကျစ်ကို အားကုန်လွှဲရိုက်လိုက်သည်။
ရိုက်ချက်အရှိန်ကြောင့် လှည့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားရသည်။
သူမက ပါးကို လက်ဖြင့်ဖိကာ မော့ကြည့်လိုက်သည်။
“ဘာလို့လဲ”
“ငတုံးမ။ သူတို့က ကျင့်ကြံသူတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“သူတို့က ကျားဂိုဏ်းရဲ့ ထိုးကြိတ်တာကို ခံနေရတာ ကျွန်မ မြင်ခဲ့တာပါ”
လင်းကျစ်က မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားပြောဆိုလိုက်သည်။
ကြာပန်းခေါင်းဆောင်က မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းကို ဘယ်နှခါလောက် ပြောရမလဲ။ ဒီကျင့်ကြံသူတွေက ယုတ်မာကြတယ်။ အားနည်းချင်ယောင် ဆောင်တာမျိုးက သူတို့အတွက် ကိစ္စသေးသေးလေးပဲ”
“စိတ်မပူပါနဲ့။ ကျွန်တော်တို့က ကျင့်ကြံသူတွေ လုံးဝ မဟုတ်ပါဘူး။ ပြီးတော့ အသက်ရှင်ဖို့အတွက် ဟန်ဆောင်တာမျိုးလည်း မလုပ်တတ်ပါဘူး”
လင်းဖန်က ကြားဖြတ်ပြောလိုက်သည်။
ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့ကလည်း အလျင်စလို ဝင်ပြောလိုက်ကြသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့က အသက်ရှင်ဖို့ ရုန်းကန်နေတဲ့ သာမန်လူတွေပါ”
“တိတ်စမ်း။ မင်းတို့ကို ဘယ်သူက စကားပြောခွင့်ပေးလို့လဲ”
ကြာပန်းခေါင်းဆောင်သည် အင်္ကျီလက်စထဲမှ ပုံဆောင်ခဲတစ်တုံးကို ထုတ်ယူလိုက်သည်။
“ဒီပုံဆောင်ခဲက မင်းတို့ဆီမှာ ချီစွမ်းအင် ရှိ၊မရှိ ဆိုတာကို အာရုံခံနိုင်တယ်။ ဒီအပေါ်ကို လက်တင်လိုက်ကြ”
သူတို့သုံးယောက်က တစ်ယောက်ပြီးတစ်ယောက် လက်တင်လိုက်ကြသည်။
ကြာပန်းခေါင်းဆောင် အံ့ဩသွားရသည်မှာ မည်သူ့ထံတွင်မှ ချီစွမ်းအင် ရှိမနေခြင်းပင်။
“သူတို့ကို နေထိုင်တဲ့ အဆောက်အအုံတွေဆီ ခေါ်သွားလိုက်”
ကြာပန်းခေါင်းဆောင်က ပြောလိုက်ပြီးနောက် လင်းကျစ်နှင့် ကျန်လူများကို ချန်ရစ်ကာ ထွက်ခွာသွားလေသည်။
လင်းကျစ်သည် သူမ၏ ပါးပြင်ကိုပွတ်သပ်ရင်း သူတို့ကို ဥမင်လိုဏ်ခေါင်းထဲသို့ ဦးဆောင်ခေါ်သွားသည်။
လမ်းလျှောက်နေစဉ် လင်းဖန်က သူတို့လှမ်းခဲ့သော ခြေလှမ်းအရေအတွက်ကို မှတ်သားနေခဲ့သည်။
ယခုဆိုလျှင် သူတို့မှာ ဟူခုံမြို့ အပြင်ဘက်သို့ ရောက်နေလောက်ပြီဖြစ်ကြောင်း တွက်ဆမိလေသည်။
နောက်ဆုံးတွင် မှောင်မိုက်နေသော ဥမင်လိုဏ်ခေါင်းထဲ၌ မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် တစ်ဖက်သို့ ရောက်ရှိသွားကြသည်။
ယခုဆိုလျှင် ညအချိန်သို့ ရောက်ရှိနေချေပြီ။
ဥမင်လိုဏ်ခေါင်း၏ အပြင်ဘက်တွင် တောင်ကြားတစ်ခု ရှိနေလေသည်။
သူတို့ရှေ့တွင် သစ်သားတဲအိမ်တန်းလျားများကို တွေ့လိုက်ရသည်။
နေထိုင်ရာ အဆောက်အအုံများ ဖြစ်ဟန်တူပေသည်။
အမျိုးသားနှင့် အမျိုးသမီးများမှာ အလုပ်ရှုပ်နေကြပြီး အချို့က လှည်းများကို တွန်းနေကြသလို အချို့ကမူ ဆေးဘက်ဝင်အပင်များကို ရွေးချယ်ခွဲခြားနေကြသည်။
လူတိုင်းသည် ခေါင်းငုံ့ထားကာ တိတ်ဆိတ်နေကြသည်။
သူတို့၏ပုံစံများအရ ဤနေရာတွင် ပျော်ရွှင်နေပုံမရချေ။
“ဒါနဲ့ ကျုပ်တို့က စွမ်းအားတွေကို ဘယ်လိုရနိုင်မှာလဲ”
လင်းဖန်က လင်းကျစ်ကို မေးလိုက်သည်။
“အလုပ်လုပ်ပြီး စွမ်းဆောင်ရည်ပြရမယ်။ ဒါဆိုရင် အင်အားကြီးလာစေဖို့ ကြာပန်းခေါင်းဆောင်ဆီကနေ ဆေးလုံးတွေ ရလိမ့်မယ်လေ”
လင်းကျစ်က ပြန်ဖြေလိုက်သည်။
‘ချင်ဖုန်းဂိုဏ်းနဲ့ ခပ်ဆင်ဆင်ပဲကိုး’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
အခြေအနေများက သိပ်ပြီးတော့ ကွာခြားမနေပေ။
ထိုစဉ် အမျိုးသမီးတစ်ဦး၏ ငိုယိုအော်ဟစ်သံကြောင့် သူ၏အတွေးများ ပြတ်တောက်သွားလေသည်။
ထိုအမျိုးသမီးမှာ ကြိုးတုပ်ခံထားရပြီး မြေသားလမ်းတစ်လျှောက် မြေပြင်တွင် ဆွဲခေါ်သွားခြင်း ခံနေရလေသည်။
“သူက ယင်နှစ်၊ ယင်ရက်၊ ယင်နာရီမှာ မွေးဖွားလာသူလေ။ ငါတို့ရဲ့ ဆေးလုံးတွေအတွက် အကောင်းဆုံးပါဝင်ပစ္စည်းပဲ”
လင်းကျစ်က ရှင်းပြလေသည်။
‘သိပ်တော့လည်း မတူပါဘူးလေ’
သူ မြင်တွေ့လိုက်ရသည့်အရာကြောင့် လင်းဖန်က အတွေးပြောင်းသွားတော့သည်။
ဟိုမင်ကမူ ဒေါသကိုထိန်းချုပ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ဤသည်မှာ သူ နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းမျိုး မဟုတ်ပေ။
“ဒါက မင်း ကတိပေးထားတာနဲ့ မတူဘူးလေ”
လင်းဖန်က လင်းကျစ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အခုတော့ နောက်ကျသွားပြီ။ အလုပ်လုပ်မလား ဒါမှမဟုတ် ပြစ်ဒဏ်ခံမလား ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်”
လင်းကျစ်က နောက်ဘက်တွင်ရပ်နေသော အစောင့်များထံသို့ လက်ညိုးထိုးပြလိုက်သည်။
တစ်ဦးစီတိုင်းက ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြပြီး သေခြင်းတရားအငွေ့အသက်များ ထွက်ပေါ်နေကြသည်။
သူတို့က ကျင့်ကြံသူများပင်။
သူတို့ လိုအပ်နေသော အချက်အလက်များကိုရှာဖွေလိုပါက ထိုသူများအား ကျော်ဖြတ်နိုင်မည့် နည်းလမ်းကို လင်းဖန် စဉ်းစားရပေလိမ့်မည်။
လတ်တလောတွင်မူ သူတို့မှာ အရေးကြီးသောနေရာသို့ ရောက်ရှိနေပုံ မရသေးချေ။
ဤလူသုံးယောက်သည် သူတို့၏ကံကြမ္မာကို တိတ်ဆိတ်စွာ လက်ခံလိုက်သည်ကို မြင်သောအခါ လင်းကျစ်က ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်လေသည်။
ရုတ်တရက် ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။
ကြာပန်းခေါင်းဆောင်ပေါ်လာသောအခါ လူတိုင်းက သူ့ထံသို့ အုံသွားလိုက်ကြသည်။
သူတို့က ဒူးထောက်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ထို့နောက် ကြာပန်းခေါင်းဆောင်က ဆေးလုံးများကို ထုတ်ယူလိုက်ပြီး သူတို့၏ စွမ်းဆောင်မှုများအလိုက် ဝေငှပေးလေသည်။
ဆေးလုံးရရှိသူများက မစောင့်ဆိုင်းနိုင်တော့ဘဲ ထိုနေရာမှာပင် ချက်ချင်း မျိုချလိုက်ကြတော့သည်။
မရရှိသူများကမူ မနာလိုစွာ ငေးကြည့်နေကြပြီး အခြားသူများ၏ ကံကောင်းမှုကို ကျိန်ဆဲနေကြသည်။
ဆေးလုံးများကိုမျိုချပြီးနောက် ထိုသူများမှာ မိန်းမောတွေဝေသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
အများစုမှာ ရယ်မောနေကြပြီး တစ်ချက်တစ်ချက် အော်ဟစ်နေကြသည်။
ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
‘ဒီဆေးလုံးတွေထဲမှာ စွဲလမ်းစေတဲ့ အရာတစ်ခုခု ပါနေလောက်တယ်’
လင်းဖန် အလိုလို သိလိုက်သည်။
ယင်းက ဤလူများအားလုံးကို ဆေးလုံးအပေါ် တပ်မက်လာစေရန် ပြုလုပ်ထားခြင်းပင်။
“အခု သူတို့က အမှောင်သခင်ရဲ့ ကောင်းချီးပေးတာကို ခံယူနေကြတာ။ သူတို့ နိုးထလာတဲ့အခါ အရင်ကထက် ပိုပြီး စွမ်းအားကြီးလာကြလိမ့်မယ်”
လင်းကျစ်က ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး နင်တို့ကို နေရမယ့်နေရာဆီ ခေါ်သွားပေးမယ်”
သူမက သူတို့ကို သစ်သားတဲတစ်လုံးဆီသို့ ခေါ်ဆောင်သွားလေသည်။
ထိုတဲအတွင်း၌ ကုတင်နှစ်လုံးစီ ပါဝင်သော အခန်းများစွာ ရှိနေသည်။
“နင်တို့နှစ်ယောက်က ဒီမှာနေ။ နင်ကတော့... ဒီအခန်းထဲမှာ ငါနဲ့ အတူနေရမယ်”
လင်းကျစ်က လင်းဖန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဘာ”
ဤသည်မှာ လင်းဖန် လုံးဝ မမျှော်လင့်ထားသော ကိစ္စဖြစ်နေသည်။
“လာပါ... ငါတို့က ဒီနေရာမှာ အဲဒီလိုကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပဲ သဘောထားကြတာ။ ငါက နင့်ကို ငြီးငွေ့သွားရင်တောင် မနက်ဖြန်ကျရင် နင်ကပဲ ငါ့ဆီကို ပြန်လာပြီး တောင်းပန်ရမှာ”
လင်းကျစ်က လင်းဖန်ကိုကြည့်ကာ နှုတ်ခမ်းမဲ့၍ ပြုံးလိုက်သည်။
လင်းဖန်က သူမကို နေရာမှာတင် သတ်ပစ်ချင်စိတ် ပေါက်သွားသော်လည်း အပြင်ဘက်တွင် မသိသာစေရန် ထိန်းချုပ်ထားလိုက်သည်။
သူကိုယ်တိုင်လည်း ပျော်ပါးဖူးသည့် အတွေ့အကြုံများစွာရှိခဲ့ပြီး သူကြုံဖူးသော အလှပိုင်ရှင်များနှင့် ယှဉ်လိုက်ပါက လင်းကျစ်သည် အဆင့်အနိမ့်ဆုံး စာရင်းတွင်ပင် မပါဝင်ပေ။
ဟွမ်ယွမ်ခွန်းက ဟိုမင်နှင့်အတူ အခန်းထဲသို့ဝင်သွားစဉ် လင်းဖန်ကို တံတောင်ဖြင့် တွတ်လိုက်သည်။
မနက်ဖြန်ဆိုသည်မှာ ရှိလာတော့မည် မဟုတ်ချေ။
သူတို့ မကြာမီ လှုပ်ရှားရတော့မည်။
“ရတာပေါ့”
လင်းဖန်က ပြောလိုက်ပြီး လင်းကျစ်နောက်မှနေ၍ အခန်းထဲသို့ ဝင်သွားလေတော့သည်။