အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) - ထန်ခွန်းထံသို့ ပေးစာ
လင်းကျစ်က ပြုံးစိစိဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။
သူမသည် ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားလိုက်သော်လည်း လုံးဝ မလှုပ်ရှားနိုင်ချေ။
“ဘာတွေဖြစ်နေတာလဲ...”
လင်းဖန်က ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျုပ်မေးတာကို ကောင်းကောင်းမွန်မွန်ဖြေမယ်ဆိုရင် မင်းအတွက် ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်ဘူး”
သူသည် လင်းကျစ်၏ လှုပ်ရှားမှုများကိုထိန်းချုပ်ရန် ဆယ်ဦးအုပ်ချုပ်သူစွမ်းရည်ကို အသုံးပြုနေခြင်း ဖြစ်သည်။
အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင်သည် တုန်ယင်လှုပ်ခတ်နေပြီး နံရံပေါ်ရှိ လင်းကျစ်၏ အရိပ်သည်လည်း စိုးရိမ်တကြီးဖြင့် ကခုန်နေသယောင်ပင်။
လင်းဖန်က မေးလိုက်သည်။
“သူတို့က သတင်းစကားတွေကို ဘယ်နေရာကိုပို့ပြီး ဘယ်မှာ သိမ်းဆည်းထားတာလဲ”
လင်းကျစ်၏ လက်နှစ်ဖက်မှာမူ အလိုအလျောက် မြင့်တက်လာပြီး လက်ချောင်းများက သူမ၏ မျက်လုံးများကို ချိန်ရွယ်လိုက်ကြသည်။
သူမသည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။
“သတင်းစကားလား။ အဲဒါနဲ့ ပတ်သက်ပြီး ကျမ ဘာမှ မသိပါဘူး”
ထို့နောက်တွင်မူ သူမ၏ လက်ချောင်းများက မျက်လုံးများဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရတော့သည်။
နောက်ဆုံးတွင် နာကျင်မှုလှိုင်းလုံးကြီးတစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ရိုက်ခတ်သွားသည်။
သူမသည် အော်ဟစ်ရန် ကြိုးစားသော်လည်း အသံထွက်မလာချေ။
လင်းဖန်သည် လင်းကျစ်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“ဒါ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ။ အခုချက်ချင်း အဖြေကို ပြောစမ်း။ ကျုပ်အနေနဲ့ ဒီထက်ပိုဆိုးတဲ့ နည်းလမ်းတွေကို သုံးနိုင်တယ်ဆိုတာ မမေ့နဲ့”
လင်းကျစ်သည် ပြင်းထန်လှသော နာကျင်မှုနှင့် စိတ်ဖိစီးမှုများအောက်တွင် သူမသိသမျှ အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်ရလေတော့သည်။
“ကျမ သတင်းစကားတွေအကြောင်း တကယ်မသိတာပါ။ ဒါပေမဲ့ ကြာပန်းခေါင်းဆောင်က တစ်ခါတလေကျရင် ကုန်းမြင့်ပေါ်က အဆောက်အအုံဆီကို အိတ်တစ်လုံး သယ်သွားတတ်တယ်”
“ဒီတပည့်တွေ နေထိုင်တဲ့နေရာကနေ ကုန်းမြင့်ပေါ်ကိုတက်သွားတဲ့ လမ်းတစ်လမ်း ရှိပါတယ်”
လင်းဖန်က ပြောလိုက်သည်။
“ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူသည် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
လင်းကျစ်သည် လှုပ်ရှားရန်ကြိုးစားသော်လည်း လုံးဝ မလှုပ်နိုင်သေးချေ။
သူမသည် ကုတင်ပေါ်သို့ တဖြည်းဖြည်း လဲလျောင်းသွားပြီးနောက် သူမ၏လက်များက လည်ပင်းဆီသို့ ရောက်ရှိသွားသည်။
ထို့နောက် အားအင်အပြည့်ဖြင့် သူမ၏ လည်ပင်းကို ပြန်လည်ညှစ်လိုက်တော့သည်။
အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သူမ၏ သတိစိတ်မှာ တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားရလေသည်။
နောက်ဆုံးတွင်မူ သူမသည် ကုတင်ထက်၌ အေးချမ်းစွာ အိပ်ပျော်နေသည့်အလား ငြိမ်သက်သွားတော့သည်။
လင်းဖန်သည် ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ရှိနေသည့် အခန်းထဲသို့ဝင်လာပြီး အခြေအနေကို ရှင်းပြလိုက်သည်။
“ကြာပန်းခေါင်းဆောင်က ကုန်းမြင့်ပေါ်ကို အိတ်တစ်လုံး သယ်သွားတတ်တယ်တဲ့။ ကျုပ်တို့ ခိုးကြောင်ခိုးဝှက်နဲ့ အပေါ်ကို တက်သွားဖို့လိုမယ်”
ဟွမ်ယွမ်ခွန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အခု ဆေးလုံးတွေကို သောက်လိုက်ကြစို့။ တကယ်လို့ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးကြုံလာရရင် ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ပြီး လှုပ်ရှားကြတာပေါ့”
လူတိုင်းသည် ဖြူဖွေးသော ပုလင်းငယ်ထဲမှ ဆေးလုံးတစ်လုံးစီကိုထုတ်ယူကာ မြိုချလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် လင်းဖန်၏ တန်းထျန်ပေါ်ရှိ ပိတ်ပင်ထားသော စွမ်းအားများမှာ ပျောက်ကွယ်သွားပြီး သူ၏ ချီစွမ်းအင်များကို ပြန်လည် ခံစားမိလာတော့သည်။
သူသည် လင်းကျစ်အပေါ် ဆယ်ဦးအုပ်ချုပ်သူစွမ်းရည် အသုံးပြုခဲ့စဉ်က ကုန်ဆုံးသွားခဲ့သော အားအင်များကိုဖြည့်တင်းရန် ချီစွမ်းအင်များကို အလျင်အမြန်ပင် အသုံးပြုလိုက်သည်။
သူတို့သုံးဦးသည် နေထိုင်ရာ အဆောက်အအုံအပြင်ဘက်သို့ အမြန်ဆုံး ခိုးထွက်ခဲ့ကြသည်။
လင်းဖန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ကုန်းမြင့်ပေါ်သို့ ဦးတည်နေသော လမ်းတွင် ကာကွယ်ရေး တင်းကျပ်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့အနေဖြင့် အာရုံလွှဲရန် တစ်ခုခု လိုအပ်ပေသည်။
“ဟုတ်ကဲ့... ဂိုဏ်းချုပ်ကြီး...”
ဆေးလုံးများ သောက်သုံးထားသော ဂိုဏ်းသားအချို့မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သည်။
သူတို့သည် ဆေးရှိန်ကြောင့် စိတ်ကူးယဉ်ရူးသွပ်ကာ စကားများကိုပင် ကောင်းမွန်စွာ မပြောနိုင်ကြတော့ချေ။
ဤအခြေအနေမှာ လင်းဖန်အတွက် အလွန်ပင် သင့်တော်လှပေသည်။
လင်းဖန်သည် သူတို့အပေါ်တွင် ဆယ်ဦးအုပ်ချုပ်သူစွမ်းရည်ကို အသုံးပြုလိုက်သည်။
ထိုအော်ဟစ်သံများကြောင့် အနီးနားရှိကင်းသမားများမှာ စိုးရိမ်တကြီး ဖြစ်သွားကြသည်။
သူတို့သည် ဓားများကို ဆွဲထုတ်ကာ တိတ်တိတ်နေရန် သတိပေးကြတော့သည်။
သို့သော်လည်း လုံးဝ အရာမထင်ခဲ့ချေ။
မြေပြင်ပေါ်တွင် လဲလျောင်းနေသူများသည် ရုတ်တရက် ထရပ်လိုက်ကြပြီး ဆေးလုံးများရရှိရန်အတွက် လည်ချောင်းကွဲမတတ် အော်ဟစ်ကြတော့သည်။
“ဆေးလုံးတွေ။ ငါ ဆေးလုံးတွေ ထပ်လိုချင်သေးတယ်”
သူတို့သည် ကင်းသမားတစ်ဦးထံသို့ ပြေးဝင်သွားကြရာ ထိုကင်းသမားသည် သူနှင့် အနီးဆုံးလူကို ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
“ငါ ဆေးလုံးတွေ လိုချင်တယ်ဟ။ ငါ့ကို အခုချက်ချင်း ပေးစမ်း”
“အား...”
ထိုလူသည် လဲကျသွားပြီး ကျန်ရှိနေသူများမှာမူ ကင်းသမားအပေါ်သို့ အုပ်စုလိုက် ဝိုင်းအုံ ပြေးကပ်သွားကြလေတော့သည်။
“လွှတ်စမ်း။ ငါ့ကို ကူညီကြဦးလေကွာ၊ ဒီငတုံးတွေရဲ့”
အစောင့်သည် ရုန်းကန်လှုပ်ရှားရင်း အော်ဟစ်လိုက်လေသည်။
အခြားအစောင့်များက ရှေ့သို့တိုးလာကာ ထိုလူအုပ်ကြီးကို ဓားဖြင့် ခုတ်ပိုင်းတော့သည်။
“ဆေးလုံးတွေ။ သူတို့ကိုယ်ပေါ်မှာ ဆေးလုံးတွေရှိတယ်”
ဂိုဏ်းသားတစ်ဦးသည် အစောင့်၏ကိုယ်ပေါ်မှ ဆေးလုံးများကို ရှာဖွေတွေ့ရှိသွားပြီး အခြားသူများဘက်သို့လှည့်ကာ ပြသလိုက်သည်။
လဲလျောင်းနေကြသော ကျန်ဂိုဏ်းသားများအားလုံးသည်လည်း ထရပ်လိုက်ကြပြီး ထိုရုန်းရင်းဆန်ခတ်မှုကြီးထဲသို့ ဝင်ရောက်ပူးပေါင်းကြလေသည်။
နေအိမ်အဆောင်များထဲတွင် ရှိနေသူများပင် အပြင်သို့ထွက်လာကာ ပါဝင်ဆင်နွှဲကြတော့သည်။
လူအများအပြားပူးပေါင်းလာပြီး အစောင့်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်နှင့်အမျှ ၎င်းတို့မှာ ဆေးလုံးများကို ပိုမိုရှာဖွေတွေ့ရှိလာကြသည်။
ဆူပူအုံကြွမှုကြီးမှာ ပိုမိုပြင်းထန်လာကာ ထိန်းမနိုင်သိမ်းမရ ရူးသွပ်မှုတစ်ခုအသွင်သို့ ကူးပြောင်းသွားလေတော့သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ”
အစောင့်များမှာ တောင်ပတ်လမ်းအတိုင်း အလုအယက် ပြေးဆင်းလာကြသည်။
သူတို့မှာ ဆူပူအုံကြွမှုကို နှိမ်နင်းရန် စေလွှတ်လိုက်သော စစ်ကူများပင်။
ခေတ္တမျှကြာပြီးနောက် ထိုလမ်းပေါ်မှ အခြားအစောင့်များ ထပ်မံပြေးဆင်းမလာတော့သည်ကို လင်းဖန် မြင်လိုက်ရသည်။
ယခုအချိန်မှာ အကောင်းဆုံးအခွင့်အရေးပင်။
“လာ၊ လှုပ်ရှားကြစို့”
လင်းဖန်က ပြောလိုက်ပြီးနောက် သူတို့သုံးဦးသည် တောင်ပတ်လမ်းအတိုင်း ခိုးကြောင်ခိုးဝှက် တက်ခဲ့ကြလေသည်။
လမ်းတစ်လျှောက်တွင် မည်သူမျှမရှိသဖြင့် မည်သည့်အတားအဆီးမျှ မကြုံတွေ့ရဘဲ ကုန်းပြင်မြင့်ထက်သို့ အဆင်ပြေပြေ ရောက်ရှိသွားကြသည်။
ကုန်းပြင်မြင့်ပေါ်တွင် နက်မှောင်နေသည့် ဘုရားကျောင်းတစ်ကျောင်း ရှိနေသည်။
ပုံမှန်အားဖြင့် ကျောက်ခြင်္သေ့ရုပ်တုများ ထားရှိရမည့်နေရာတွင် ကြာပန်းရုပ်တုများကို အစားထိုး တည်ထားလေသည်။
ဘုရားကျောင်းအတွင်း၌ တစ်စုံတစ်ခုမှာ တောက်လောင်နေပြီး လိမ္မော်ရောင်အလင်းတန်းများ ပျံ့လွင့်လျက်ရှိသည်။
လင်းဖန်သည် တောယုန်၏ အကြားအာရုံစွမ်းရည်ကို အသက်သွင်းလိုက်သည်။
သူသည် အတွင်းခန်းထဲမှ တစ်စုံတစ်ဦး စကားပြောနေသံကို ကြားလိုက်ရသည်။
“အပြင်မှာ ဘာတွေဆူညံနေတာလဲ။ အမြန်ဆုံး ရှင်းပစ်လိုက်။ ရော့၊ ဒါ ထန်ခွန်းဆီ ပို့ရမယ့်စာပဲ။ အမှားအယွင်းမရှိစေနဲ့။ မဟုတ်ရင် မင်း သေချင်စိတ်ပေါက်သွားအောင် လုပ်ပစ်မယ်”
“အစောင့်တွေ အခု ရှင်းလင်းနေပါပြီ။ ကိစ္စအားလုံး အဆင်ပြေစေရပါမယ်”
ကြာပန်းခေါင်းဆောင်သည် အတွင်းရှိ တစ်စုံတစ်ဦးနှင့် စကားပြောနေခြင်းပင်။
ဂလုတ်... ဂလုတ်...
မကြာမီပင် ထိုလူသည် မြင်းစီး၍ ဘုရားကျောင်း၏ ဆန့်ကျင်ဘက်အရပ်မှ ထွက်ခွာသွားလေသည်။
လင်းဖန် ခေတ္တမျှ စဉ်းစားလိုက်သည်။
ကြာနက်ဂိုဏ်းသားများကို မရိပ်မိစေဘဲ ထိုစာကို မည်သို့ရယူရမည်နည်း။
အပြင်မှ ရုန်းရင်းဆန်ခတ်မှုမှာ အချိန်မရွေး ငြိမ်သက်သွားနိုင်သဖြင့် သူတို့အတွက် အချိန်သိပ်မရှိတော့ချေ။
သူတို့၏ မျက်နှာဖုံးများကိုကြည့်ရင်း လင်းဖန်၏ဦးနှောက်ထဲတွင် အကြံတစ်ခု ရလာလေသည်။
“ဂိုဏ်းတူအစ်ကိုကြီး... တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ ဒီမျက်နှာဖုံးတွေကို စတေးရလိမ့်မယ်”
“မျက်နှာဖုံးတွေလား”
ဟွမ်ယွမ်ခွန်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။
ဤမျက်နှာဖုံးများမှာ လက်နက်ဆန်းဖန်တီးရှင်တစ်ဦးဆီမှ ရရှိခဲ့သောလက်ဆောင်များဖြစ်ပြီး အလွန်ရှားပါးလှပေသည်။
သူသည် အဆိုးအကောင်းကို ချိန်ဆကြည့်ပြီးနောက် သဘောတူလိုက်သည်။
အကယ်၍ လိုအပ်လာပါက ချင်းယန်ဇီထံမှ ပစ္စည်းဆန်းများ ထပ်မံတောင်းယူနိုင်သည် မဟုတ်ပါလော။
“ရတာပေါ့။ ဒါပေမဲ့ မင်းရဲ့ အစီအစဉ်က ဘာလဲ”
ဟွမ်ယွမ်ခွန်းက မေးလိုက်သည်။
လင်းဖန်က သူ၏အစီအစဉ်ကိုရှင်းပြရာ သူတို့နှစ်ဦးလုံး ခေါင်းညိတ်ထောက်ခံကြသည်။
လင်းဖန်နှင့် တစ်ဖက်တည်းရပ်တည်ခွင့်ရခြင်းမှာ သူတို့အတွက် အလွန်ကံကောင်းလှသည်ဟုသာ စိတ်ထဲမှ တွေးမိကြတော့သည်။
ဟွမ်ယွမ်ခွန်းသည် လင်းဖန်၏ ပါးနပ်မှုနှင့် လျင်မြန်သော စဉ်းစားဉာဏ်ကို တစ်ဖန် အံ့ဩရပြန်သည်။
ချင်းယန်ဇီ၏ လူအကဲခတ်ဉာဏ်ပညာမှာ မည်သို့ဖြစ်သွားရသနည်း။
ထိုကဲ့သို့ ထူးချွန်သော တပည့်ကောင်းတစ်ဦးကို သူ၏လက်ထဲမှ လွတ်ထွက်သွားစေခဲ့လေသည်။
“အဆင်သင့်ပြင်ထားကြ။ ငါ အချက်ပေးတာနဲ့ လှုပ်ရှားမယ်။ တစ်... နှစ်... သုံး...”
အချက်ပေးပြီးသည်နှင့် သူတို့သည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
လင်းဖန်သည် ဘုရားကျောင်းအတွင်းသို့ ဦးစွာဝင်ရောက်သွားပြီး ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
ဘုရားကျောင်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် စီတန်းထားသော ရုပ်အလောင်းများစွာကို တွေ့လိုက်ရသည်။
ခန်းမအလယ်တွင် ဆေးဖော်စပ်သည့်မီးဖိုကြီးတစ်ခု တည်ရှိနေသည်။
ခန်းမတစ်ခုလုံးတွင် ပြာများနှင့် လိမ္မော်ရောင်အလင်းတန်းများ ဖုံးလွှမ်းလျက်ရှိသည်။
စာကို လက်တွင်ကိုင်ထားသော ကြာပန်းခေါင်းဆောင်သည် သူတို့ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
“မင်းတို့ သုံးယောက်ကိုး။ ငါ ထင်သားပဲ။ မင်းတို့ကို မြင်ကတည်းက တစ်ခုခု သံသယဖြစ်စရာ ကောင်းနေတယ်လို့ ငါ ခံစားမိခဲ့တာ”