အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) - ပြင်ဆင်မှုများ
ဟိုမင်သည် ဓားတောင်ထွတ်ရှိ သူ၏အခန်းသို့ ပြန်ရောက်သောအခါ မိမိနှင့် လင်းဖန်အကြားရှိ ကွာခြားချက်ကို စဉ်းစားနေမိတော့သည်။
သူသည် အမြဲတမ်း လင်းဖန်၏ နောက်ကွယ်မှသာ ရှိနေခဲ့ရသည်။
လင်းဖန်၏ ပါးနပ်လှသော တုံ့ပြန်မှုသာမရှိခဲ့ပါက ဤတာဝန်မှာ အောင်မြင်စွာဖြင့် ပြီးဆုံးနိုင်ခဲ့မည် မဟုတ်ပေ။
သူသည် စိတ်ထဲမှ ကြံစည်တွေးတောနေမိသည်။
‘ငါက ငါ့အဖေ အမြဲပြောနေသလို လူစားမျိုးပဲလား’
သို့သော် ခဏအကြာတွင်မူ ထိုအရာက မမှန်ကန်ကြောင်း သူ သိလိုက်ရလေသည်။
လူတိုင်းတွင် ကိုယ်ပိုင်ဘဝလမ်းကြောင်းများ ရှိကြစမြဲပင်။
အချို့မှာ ရွှေဇွန်းကိုက်ကာ မွေးဖွားလာကြသည်။
အချို့မှာမူ စိတ်ကူးပင် မယဉ်ဝံ့လောက်အောင် ဆိုးရွားသောကံကြမ္မာနှင့် ရင်ဆိုင်ကြရသည်။
အရေးကြီးဆုံးအချက်မှာ မိမိတို့ ရရှိထားသောအရာများကို မည်သို့ အသုံးချရမည်ဟူသော အချက်သာ ဖြစ်ပေသည်။
လင်းဖန်သည် သေမင်းနှုတ်ခမ်းဝမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်တွင်ပင် သူ့ကို ကျော်ဖြတ်သွားခဲ့ချေပြီ။
ဟိုမင်သည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး လင်းဖန်ကိုအမီလိုက်ရန် သန္နိဋ္ဌာန် ချလိုက်မိသည်။
သူ့ကို အတင်းတွန်းအားပေးနေသည့် ဟိုဖူ၏ စကားလုံးများက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။
အသစ်တဖန် ပြန်လည်မွေးဖွားလာသော စိတ်ဓာတ်ခိုင်မာမှုနှင့်အတူ ဟိုမင်သည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းသို့ ဝင်ရောက်လိုက်တော့သည်။
အချိန်မှာ အလွန်တန်ဖိုးရှိလှပေသည်။
သူသည် ယခုအခါ ချီစုစည်းမှုအဆင့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ စတင် ဖောက်ထွက်ရန်အတွက် တစ်ဆင့်သာ လိုအပ်တော့သည်။
သို့သော် တရားမှတ်ခြင်းက ကြာရှည်မခံလိုက်ဘဲ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။
ဟိုမင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်သည်။
“ဝင်ခဲ့ပါ တံခါးဂျက် မထိုးထားပါဘူး”
ကျွီ…
သစ်သားတံခါးသည် အသံမြည်လျက် ပွင့်သွားပြီး တံခါးဝတွင် ကျောက်ရွေ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏လက်ထဲတွင် ဓားနှစ်စင်းကို ကိုင်ဆောင်ထားလေသည်။
ကျောက်ရွေ့သည် ဟိုမင်ထံသို့ ဓားများကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ဒါတွေက နင်ရရှိတဲ့ ဆုလာဘ်တွေပဲ။ ဂိုဏ်းချုပ်ကိုယ်တိုင် နင့်လက်ထဲကို ကိုယ်တိုင်အပ်ဖို့ ငါ့ကို မှာကြားလိုက်တာ”
သူမက ဓားများ၏ စွမ်းရည်များကို ဟိုမင်အား ရှင်းပြလိုက်လေသည်။
“ဒီနီရဲနေတဲ့ ဓားသွားနဲ့ ဓားက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မီးတွင်းကထွက်တဲ့ အထူးသံမဏိနဲ့ လုပ်ထားတာ”
“ဒါက နင့်ရဲ့ မိုးကြိုးပေါက်ကွဲမှု ဓားသိုင်းနဲ့ဆို အဆင်ပြေပြေ အသုံးချနိုင်လိမ့်မယ်”
“အခြားတစ်စင်းကတော့ လေပြင်းခြင်္သေ့ရဲ့ မိစ္ဆာသားရဲအမြုတေနဲ့ ပြုလုပ်ထားတာပဲ”
“ဒါက ချင်ဖုန်းဓားသိုင်းရဲ့ ဓားကွက်တွေကို ပိုပြီး အစွမ်းထက်စေလိမ့်မယ်”
“နှစ်စင်းလုံးက ဝိညာဉ်အဆင့် လက်နက်တွေ ဖြစ်ပြီး မင်းအခု ကိုင်နေတဲ့ဓားထက် အများကြီး ပိုကောင်းတယ်”
ဟိုမင်သည် ခေါင်းငုံ့လျက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မကြီး။ ဒါပေမဲ့ ကျွန်တော် ဒီဓားတွေနဲ့ ထိုက်တန်ရဲ့လား မသိဘူး”
ကျောက်ရွေ့သည် ခေါင်းကိုခါယမ်းကာ ပြုံးလျက် ပြောလိုက်လေသည်။
“ဘာလို့ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားရတာလဲ”
“နင်က တခြားသူတွေထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်ခဲ့တာပဲ”
“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး။ အခုဆို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဖောက်ထွက်ဖို့တောင် လက်တစ်ကမ်းပဲ လိုတော့တာကို”
ဟိုမင်က ပြောလိုက်သည်။
“ဒါပေမဲ့ လင်းဖန်က...”
ကျောက်ရွေ့သည် ပြောလိုက်သည်။
“လင်းဖန်ကတော့ မတူဘူးလေ။ နင် သူနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေတာကို ရပ်တန်းကရပ်ပြီး ကိုယ်တိုင် ဘယ်လောက်အစွမ်းထက်နေပြီလဲဆိုတာကို သတိထားမိဖို့ ငါ အကြံပေးချင်တယ်”
“လူတိုင်းမှာ ကိုယ်ပိုင်တာအို ရှိကြတာချည်းပဲ”
ဟိုမင်သည် ထိုစကားစုကို စိတ်ထဲတွင် အထပ်ထပ်အခါခါရေရွတ်ကာ အလေးအနက် စဉ်းစားနေမိတော့သည်။
‘လူတိုင်းမှာ ကိုယ်ပိုင်တာအို ရှိကြတာချည်းပဲ...’
‘ဂိုဏ်းတူအစ်မကြီး ပြောတာ မှန်တယ်’
ဟိုမင်သည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
‘ငါက ငါ့ရဲ့ ကိုယ်ပိုင်တာအိုကိုပဲ ရှာဖွေဖို့ လိုအပ်တာ’
ကျောက်ရွေ့သည် သူ အလေးအနက် စဉ်းစားနေသည်ကို တွေ့ရသဖြင့် အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။
…
လင်းဖန်သည် သစ်သားတဲအိမ်လေးသို့ ပြန်ရောက်သောအခါ သူ၏ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ ဖားပြုတ်ရုပ်တုငယ်ထဲတွင်မူ ကောင်းကင်မူလဆေးလုံး တစ်လုံးနှင့် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး အချို့ ကျန်ရှိနေသေးသည်။
ရှေ့ဆက်ဖြစ်ပျက်လာမည့် အရာများအတွက် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကို ထပ်မံဖြည့်တင်းထားရန် လိုအပ်ပေလိမ့်မည်။
ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မှောင်ခိုဈေးဖွင့်ချိန်ဖြစ်သော ညဉ့်နက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် စိတ်ထဲမှ ကြံစည်လိုက်မိသည်။
‘ငါ ပစ္စည်းကောင်းတချို့ ရလောက်မယ်ထင်တယ်’
ထို့ကြောင့် သူသည် မျက်နှာဖုံးကိုတပ်ဆင်ကာ မှောင်ခိုဈေးသို့ ထွက်ခွာခဲ့တော့သည်။
မှောင်ခိုဈေးမှာမူ ထုံးစံအတိုင်းပင် လူသူများပြားကာ စည်ကားလျက် ရှိနေလေသည်။
လူတိုင်းသည် မိမိတို့၏ လျှို့ဝှက်ကျမ်းစာများ၊ လက်နက်ဆန်းများနှင့် ဆေးလုံးများကို အလုပ်ရှုပ်စွာပင် လဲလှယ်ရောင်းချနေကြလေသည်။
“မိန်းကလေးယုန်... မတွေ့ရတာ တော်တော်ကြာသွားပြီပဲ”
ယုန်မျက်နှာဖုံးစွပ်ထားသည့် ကျန်းရှီကို မြင်လိုက်ရသဖြင့် လင်းဖန်က လှမ်း၍ နှုတ်ဆက်လိုက်သည်။
“ငါက နင့်လိုမဟုတ်ဘူး... အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်”
ကျန်းရှီက ခါးကို ထောက်လိုက်ရင်း ပြောလိုက်သည်။
“မင်းပြောတာက... မင်းရဲ့သူငယ်ချင်းကို တောင်ထွတ်တစ်ခုလုံး ဦးစီးပေးဖို့ ကူညီပေးနေတာမျိုးကို ပြောတာလား”
“ဟုတ်တယ်... ငါက... အာ... ငါ့သူငယ်ချင်းက အရမ်းအလုပ်ရှုပ်နေတာ။ ဒါနဲ့ မင်းက ဘာလိုချင်လို့လဲ”
လင်းဖန်သည် သူမ၏ ရှေ့တွင် ခင်းကျင်းပြသထားသည့် ကုန်ပစ္စည်းများကို ငုံ့ကြည့်လိုက်သည်။
အများစုမှာ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများနှင့် အခြားသော လက်နက်ဆန်းတချို့ ဖြစ်ကြလေသည်။
“မင်းဆီမှာရှိတဲ့ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတွေ အားလုံးကို ငါလိုချင်တယ်”
လင်းဖန်က ပြောလိုက်သည်။
“အားလုံး ဟုတ်လား”
ကျန်းရှီသည် ကြားလိုက်ရသည့် စကားကြောင့် နားမယုံနိုင်အောင် ဖြစ်သွားရသည်။
သူ့ထံတွင် စွမ်းဆောင်ရည်အမှတ်များစွာ ရှိကြောင်း သူမ သိထားသော်လည်း ဤမျှအထိ ချမ်းသာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“တစ်ပုလင်းကို စွမ်းဆောင်ရည်အမှတ် နှစ်ဆယ်နဲ့ဆိုတော့... ဆယ်ပုလင်းကို စုစုပေါင်း စွမ်းဆောင်ရည်အမှတ် နှစ်ရာ ကျသင့်မယ်”
“စွမ်းဆောင်ရည်အမှတ် နှစ်ရာလား... သဘောတူတယ်”
လင်းဖန်က ဈေးနှုန်းကို ချက်ချင်းပင် သဘောတူလိုက်သည်။
ဂိုဏ်း၏ တရားဝင်နေရာများတွင်မူ တစ်ပုလင်းလျှင် စွမ်းဆောင်ရည်အမှတ် သုံးဆယ်အထိ ပေးရသဖြင့် ဤသည်မှာ လုံးဝလက်လွှတ်မခံသင့်သည့် တန်ဖိုးသင့် အရောင်းအဝယ်တစ်ခုပင်။
ကျန်းရှီသည် ယခုတစ်ကြိမ်တွင်မူ ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ကျေနပ်နေမိတော့သည်။
ဤလူနှင့်မူ ဘယ်သောအခါမှ ဈေးဆစ်ရန် မကြိုးစားသင့်ချေ။
ပြီးခဲ့သည့်အကြိမ်က သူမ ထိုသို့လုပ်ခဲ့သဖြင့် သူ့အား ‘ဖေဖေ’ ဟုပင် ခေါ်ရလုနီးပါး ဖြစ်ခဲ့ရဖူးသည်။
သို့သော် လင်းဖန်က သူ၏ သစ်သားတံဆိပ်ပြားကို ကမ်းပေးလိုက်ချိန်တွင် ကျန်ရှိနေသော လက်ကျန်အမှတ်ကို မြင်လိုက်ရသဖြင့် ကျန်းရှီမှာ ချက်ချင်းပင် နောင်တရသွားလေသည်။
စွမ်းဆောင်ရည်အမှတ် ငါးရာ…
သူသည် မည်သည့်အရာများကို လုပ်ဆောင်ခဲ့သနည်း။
သာမန်တပည့်အများစုမှာ တစ်လလုံးမှ စွမ်းဆောင်ရည်အမှတ် သုံးဆယ်ခန့်သာ ရရှိနိုင်ကြသည်။
ဤလင်းဖန်မှာမူ သူတို့တစ်နှစ်ပတ်လုံး ရှာဖွေနိုင်သည့် ပမာဏထက်ပင် ပိုမိုများပြားစွာ ရရှိထားချေပြီ။
“ပြီးပြီလား”
လင်းဖန်သည် သူမ၏လက်ထဲမှ သူ၏ သစ်သားတံဆိပ်ပြားကိုဆွဲယူရန် ကြိုးစားလိုက်ရသည်။
ကျန်းရှီသည်လည်း မလိုလားသော်လည်း လွှတ်ပေးလိုက်ရတော့သည်။
လင်းဖန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ တပည့်တစ်ဦးဖြစ်သဖြင့် ဤတောင်ထွတ်ကို ပြန်လည်စည်ပင်ဝပြောရန် ကူညီပေးနိုင်လိမ့်မည်ဟုသာ သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ရလေသည်။
…
သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကိုရရှိပြီးနောက် လင်းဖန်သည် သစ်သားတဲအိမ်လေးဆီသို့ ပြန်လာခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က သူသည် ရှစ်ကွက်အင်း သားရဲအသွင်ပြောင်းတိုက်ကွက်ကို စမ်းသပ်စဉ်က ထွက်ပေါ်လာသော သားရဲပုံရိပ်များကို ထိန်းသိမ်းထားရန်အတွက် ချီစွမ်းအင် လုံလောက်စွာ မရှိခဲ့ပေ။
ယခုမူ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထပ်မံစမ်းသပ်ရန် အချိန်ကျရောက်လာခဲ့ချေပြီ။
သူသည် သစ်သားတဲအိမ်ရှေ့ရှိ ကွင်းပြင်လွတ်တွင် ရပ်လိုက်ပြီး သူ၏ သံတူများကို ထုတ်ယူလိုက်သည်။
တန်းထျန်ဆီသို့ အာရုံစူးစိုက်လိုက်ရင်း ချီစွမ်းအင်များကို သံတူတစ်ဖက်ဆီသို့ စီးဆင်းစေလိုက်သည်။
သံတူသည် နီရဲစွာ တောက်ပလာပြီး လင်းဖန်က သစ်ပင်ပင်စည်တစ်ခုဆီသို့ လွှဲရိုက်လိုက်သည်။
လင်းလက်တောက်ပနေသော မီးတောက်ဝံပုလွေတစ်ကောင်သည် သံတူထဲမှ ခုန်ထွက်လာပြီး သစ်ပင်ပင်စည်ဆီသို့ ပြေးဝင်သွားလေသည်။
၎င်း၏ အပူရှိန်ကြောင့် သစ်ပင်ပင်စည်မှာ မီးကျွမ်းသွားပြီး လေထုထဲတွင် သစ်သားလောင်ကျွမ်းသည့်အနံ့များ ပျံ့လွင့်သွားတော့သည်။
ထို့နောက် မီးတောက်ဝံပုလွေသည် သစ်ပင်ပင်စည်ကို ပြင်းထန်စွာ ကိုက်ခဲလိုက်သည်။
သစ်ပင်မှာ ကျိုးပျတ်ကာ မြေပြင်ပေါ်သို့ လဲပြိုကျသွားလေသည်။
အောင်မြင်သွားချေပြီ။
ယခုတစ်ကြိမ်တွင်မူ နောက်ထပ်လေးကြိမ် အသုံးပြုနိုင်ရန် လုံလောက်သော ချီစွမ်းအင် ကျန်ရှိနေသေးလေသည်။
ချီစုစည်းမှုအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ကူးပြောင်းသွားခြင်း၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
လင်းဖန်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ပြီး သူ၏ ချီစွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။
သူ၏ ချီစွမ်းအင်များ အပြည့်အဝ ပြန်လည်ပြည့်တင်းသွားပြီးနောက်တွင်မူ သူသည် ရှစ်ကွက်အင်း တူပစ်လွှတ်ခြင်းသိုင်းကို ဆက်လက်လေ့ကျင့်ရန် ကြိုးစားလိုက်သည်။
သူ၏ ချီစွမ်းအင်များကို သံတူများတွင် ကပ်ညှိနေစေရန် ထိန်းချုပ်လိုက်ပြီး တစ်ဖက်ကို ပစ်လွှတ်လိုက်သည်။
သူသည် ချီစွမ်းအင်၏ အကူအညီဖြင့် လေထဲတွင်ပင် သံတူ၏ ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး မြေပြင်ဆီသို့ ဦးတည်သွားစေခဲ့သည်။
ဘုန်း...
သံတူသည် မြေကြီးထဲသို့ နက်ရှိုင်းစွာစိုက်ဝင်သွားသဖြင့် ရွှံ့နွံများမှာ အရပ်ရပ်သို့ လွင့်စင်ထွက်သွားလေသည်။
ထပ်မံ၍ အောင်မြင်သွားပြန်သော်လည်း ယခုတစ်ကြိမ်တွင်မူ ချီစွမ်းအင် ထက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ရသည်။
ထို့ကြောင့် သူသည် ဤတိုက်ကွက်ကို အသုံးပြုရာတွင် ပိုမို၍ သတိထားရပေလိမ့်မည်။