အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) အိမ်ထောင်ကျသွားပြီလား
လော့ယွင်မြို့….
ယွင်ချန်ဌာန….
မြင်းတင်းကုပ်အစွန်ရှိ သက်ကယ်မိုးတဲအိမ်လေးထဲ၌….
သင်းပျံ့ပျံ့ရနံ့လေးတစ်ခုက ပြင်းထန်လှသော ချွေးနံ့ဆိုးကြီးနှင့် ရောယှက်နေသည်။ ထိုစူးရှရှ အနံ့အသက်ကြောင့် နိုးလာသော ကျန်းမန်တစ်ယောက် နှာခေါင်းရှုံ့သွားမိပြီး အနံ့ကာရန် အင်္ကျီလက်စကို မသိစိတ်မှ မြှောက်လိုက်မိသည်။
သို့သော် အင်္ကျီလက်စ နှာခေါင်းနား ရောက်သွားသည်နှင့် တစ်ပြိုင်နက်၊ ရက်ပေါင်းများစွာ စုပုံနေသော ချဉ်စော်အနံကြီးက ဦးနှောက်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားရာ တစ်ကိုယ်လုံး တုန်တက်သွားပြီး ချက်ချင်း အိပ်ချင်ပြေသွားတော့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ ကြက်သေသေသွားသည်။
သူသည် စုတ်ချာသော သစ်သားကုတင်တစ်လုံးရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ ပတ်ပတ်လည်တွင် ဆွေးမြည့်နေသော မြေစေးနံရံများရှိပြီး၊ နံရံပေါ်တွင် တစ်နေရာရာမှ ဆုတ်ဖြဲကာ ကပ်ထားပုံရသည့် စုတ်ပြတ်နေသော မင်္ဂလာစာလုံးကို ကပ်ထားသည်။ အခန်းထဲတွင် သစ်သားကုတင်တစ်လုံးနှင့် ထောင့်ကျိုးနေသော စားပွဲ၊ ကုလားထိုင်တစ်စုံမှလွဲ၍ ဘာဆိုဘာမှ မရှိသလောက်ပင်။
အသိသာဆုံး အရာကတော့ သူ့ရှေ့ရှိ ကုတင်ကြီးဘေးတွင် ထိုင်နေသော ကြမ်းတမ်းသည့် လျှော်အဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
ဤနေရာမျိုးတွင် ကြမ်းတမ်းသော အဝတ်အစားများ ရှိနေခြင်းက ဆန်းတော့ မဆန်းလှပါ။ အံ့ဩစရာကောင်းသည်က လူ့လောကနှင့်ပင် မတန်အောင် လှပလွန်းလှသည့် သူမ၏ မျက်နှာလေးပင်။
ကျွမ်းကျင်ပညာရှင်တစ်ဦး သေချာထုဆစ်ထားသည့် လက်ရာမြောက် အနုပညာပစ္စည်းတစ်ခုလိုပင်၊ စမ်းရေကြည်ထဲ စိမ်ထားသည့် မည်းနက်သော ကျောက်မျက်ရတနာလို တောက်ပနေသည့် သူမ၏ မျက်ဝန်းလေးများက လှုပ်ရှားသွားတိုင်း ရှက်သွေးဖြာနေသည့် အရိပ်အယောင်လေးများ စွန်းထင်းနေသည်။ နီထွေးသော နှုတ်ခမ်းလွှာလေးကို တင်းတင်းစေ့ထားပုံက ချယ်ရီပန်းလေးလို နူးညံ့လှပနေသည်။
ဤမျှလှပသော ရုပ်ဆင်းအင်္ဂါမျိုးက ကောင်းကင်ဘုံမှာပဲ ရှိသင့်တာ။ ဒီလို သက်ကယ်တဲအိမ်လေးထဲမှာ ဘယ်လိုလုပ် ရှိနေရတာလဲ။
"ယောကျ်ား လက်မလွှတ်သေးဘူးလား"
သူမက ခပ်တိုးတိုးလေး ပြောလိုက်သည်။ အသံလေးက တောင်ကျစမ်းရေလို သာယာနာပျော်ဖွယ် ကောင်းလှသည်။
ထိုစကားကို ကြားတော့ ကျန်းမန် ကြက်သေသေသွားသည်။ တစ်ဖက်လူ၏ စကားကို အခုမှ သတိထားမိခြင်း ဖြစ်သည်။
ယောကျ်ားတဲ့လား….
ငါလား…..
ထိုအခိုက်တွင်မှ သူ၏ ကြမ်းတမ်းထူထဲသော လက်ကြီးက သံချေးတက်နေသည့် သော့တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး၊ အမျိုးသမီး၏ သွယ်လျနူးညံ့သော လက်ချောင်းလေးများက သော့၏ အပေါ်ပိုင်းကို အုပ်ကိုင်ထားကြောင်း သတိပြုမိသွားသည်။
မသိစိတ်အရ၊ ကျန်းမန် လက်ကို လွှတ်ချင်သွားသည်။ သို့သော် ရုတ်တရက်၊ ခေါင်းထဲမှ စူးကနဲ နာကျင်သွားသည်။ ဆက်တိုက်ဆိုသလိုပင်၊ မှတ်ဉာဏ်များက ဒီရေလို လိမ့်တက်လာတော့သည်။
မှတ်ဉာဏ်များ၏ အစတွင်၊ သူသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာပြီး မိခင်ဝမ်းဗိုက်ထဲ ရောက်နေကြောင်းကို သိခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ၊ မမွေးဖွားသေးသော သူသည် ကြီးမားလှသော ရိုက်ခတ်မှုကြီးတစ်ခုကို ခံစားခဲ့ရသည်။ ထိုအချိန်က တစ်ဖက်လူက ကိုယ်ဝန်ဖျက်ချတော့မည်ဟု သူထင်ခဲ့သည်။ သူ မလိုချင်သော်လည်း ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထို့နောက် သူ သတိလစ်သွားခဲ့သည်။ အဆုံးမဲ့ အမှောင်ထုထဲ ကျဆင်းသွားခဲ့ပြီး နိုးလာတော့ ဒီနေရာကို ရောက်နေခဲ့သည်။
သို့သော် များမကြာမီမှာပင် အကြမ်းဖျင်း အခြေအနေများကို သူ သိရှိသွားခဲ့သည်။ သူထင်ထားသလို ကိုယ်ဝန်ဖျက်ချခံရခြင်း မဟုတ်ဘဲ သူ အေးချမ်းစွာ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဉာဏ်ရည်မမီသောကြောင့် စွန့်ပစ်ခံလိုက်ရပုံပေါ်သည်။ နောက်ဆုံးတွင် ခပ်ခေါင်ခေါင် တောင်ခြေရွာလေးတစ်ခုသို့ ရောက်သွားခဲ့သည်။ ထိုနေရာသည် အင်မော်တယ်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ တစ်ခုက ကွပ်ကဲသည့် မြို့နယ်ကျေးရွာများထဲမှ တစ်ခုဖြစ်သည်။
ရောက်ရောက်ချင်းမှာပင် လယ်ထဲဆင်း အလုပ်လုပ်ခဲ့ရသည်။ အသက် ဆယ်နှစ်အရွယ်တွင် နွားဝါကြီးတစ်ကောင်ကို ဝေစုရခဲ့သည်။
အသက် ဆယ့်ခြောက်နှစ်တွင် ရွာ၌ လူဦးရေ နည်းပါးလွန်းသဖြင့် သူတစ်ယောက်တည်းသာ အသက်အရွယ် ကိုက်ညီသောကြောင့် လော့ယွင်မြို့သို့ ကျင့်ကြံခြင်း ရွေးချယ်ပွဲဝင်ရန် အပို့ခံရပြီး၊ နွားဝါကြီးကိုခေါ်ကာ ယွင်ချန်ဌာနရှိ ချင်းယွင်ဆောင်သို့ ဝင်ရောက်ခဲ့သည်။
အသက် ဆယ့်ရှစ်နှစ်ပြည့်သည့် ယခုနှစ်တွင်တော့ နွားဝါကြီးက ဘာအရိပ်အယောင်မှ မပြဘဲ လူစကား စပြောလာသည်။ မိန်းမလိုချင်လားဟု သူ့ကို မေးလာခဲ့သည်။
ဉာဏ်ရည်မမီသည့် သူက နွားတစ်ကောင် လူစကားပြောနိုင်ခြင်းကို ဂရုမစိုက်ဘဲ အခြားလူတွေမှာ မိန်းမရှိတာကို အားကျရုံသက်သက်ဖြင့် နောက်ဆုံးတွင် လိုချင်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ နွားဝါကြီးက သူ့ကို ပြောပြခဲ့သည်။ သုံးရက်ကြာလျှင် မွန်းတည့်ချိန် တောင်နောက်ဘက်၌ စမ်းချောင်းလေးတစ်ခု ပေါ်လာမည်။ စမ်းချောင်းအတိုင်း ဆန်တက်သွားပါက အင်မော်တယ်ရေကန်တစ်ခုကို တွေ့ရမည်ဖြစ်ပြီး၊ ကန်ဘေးတွင် အင်မော်တယ်ဝတ်ရုံ အချို့ ကျနေလိမ့်မည်တဲ့။ ဘယ်သူ့ဝတ်ရုံကို ယူလိုက်ယူလိုက်၊ အဲဒီလူက သူ့မိန်းမ ဖြစ်လာလိမ့်မည်တဲ့။
သူ ယုံသွားပြီး အဲဒီအတိုင်း လုပ်ခဲ့သည်။ နောက်ဆုံးမှာတော့ တကယ့်ကို နတ်သမီးလေးလို လှပတဲ့ မိန်းမတစ်ယောက်ကို ခေါ်လာနိုင်ခဲ့သည်။ အဲဒါက သူ့ရှေ့က တစ်ယောက်ပဲ ဖြစ်သည်။ နေ့လယ်ကမှ ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ပြီး လက်ထပ်ထားတာ ဖြစ်သည်။
ညဘက်ရောက်တော့ တစ်ဖက်လူက လေသံလေးချိုချိုဖြင့် သူ့ကို ပြောလာသည်။ ကောင်းကင်နဲ့မြေကြီးကို ကန်တော့ပြီးပြီဆိုတော့ လင်မယားတွေ ဖြစ်သွားကြပြီတဲ့။ နောင်ဆိုရင် သေချာလေး ဘဝကို အတူတူ ဖြတ်သန်းသွားကြမယ်တဲ့။ သူမက အိမ်သန့်ရှင်းရေးလုပ်ပြီး အလုပ်ကူလုပ်ပေးမယ်လို့တောင် ကိုယ်တိုင် ကမ်းလှမ်းလာသေးသည်။ ဒါပေမယ့် သူမခြေထောက်က သံကြိုးတွေက ချည်နှောင်ထားလို့၊ သော့ရှာပြီး ဖြုတ်ပေးနိုင်ရင် သူမအနေနဲ့ ဒီမိသားစုအတွက် တကယ်ကို အားဖြည့်ပေးနိုင်ပြီး သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်သွားမယ်တဲ့။
အရူးလေးဖြစ်တဲ့ သူကလည်း သူမရဲ့ အပြုံးလေး၊ လှုပ်ရှားမှုလေးတွေရဲ့ မြှူဆွယ်မှုကို မခံနိုင်တော့ဘဲ သဘာဝကျကျ ထပ်ယုံသွားပြန်သည်။ အခုအချိန်မှာတော့ သူ့လက်ထဲ ဆုပ်ကိုင်ထားတာက အဲဒီသော့ပင် ဖြစ်သည်။
မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာပြီးနောက် ကျန်းမန်၏ စိတ်ထဲတွင် တစ်ခုခုတော့ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
စကားပြောတဲ့ နွားရယ်၊ အဝတ်အစား ပျောက်သွားတဲ့ သူမရယ်၊ အိမ်ထောင်ကျသွားတဲ့ ငါရယ်….. ဒီဇာတ်လမ်းက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။
ထို့နောက် ကျန်းမန်က တစ်ဖက်လူ၏ ခြေမျက်စိနားရှိ သံကြိုးကို လှမ်းကြည့်လိုက်သည်။ ဒါက အင်မော်တယ်နတ်သမီးကို လူကုန်ကူးတာပဲ မဟုတ်ဘူးလား။
ဒီလို နတ်သမီးမျိုးက မင်္ဂလာဦးည အခမ်းအနားလေး လုပ်လိုက်ရုံနဲ့ ကိုယ်နဲ့အတူ ကြည်ကြည်ဖြူဖြူ နေမယ်တဲ့လား။ ကျန်းမန် လုံးဝ မယုံနိုင်ပေ။
ဒီလောက် စုတ်ချာတဲ့ အိမ်လေးရယ်၊ ကျောက်ခဲလို မာကျောနေတဲ့ ကုတင်ပျဉ်ပြားရယ်၊ ကုတင်ခြေရင်းမှာဆို ခြောက်သွေ့နေတဲ့ ရွှံ့စေးတွေက မည်းမည်းသဲသဲနဲ့ ကပ်နေသေးတယ်။ ဝက်ခြံလို အိမ်မျိုးက သူမကို ဘယ်လိုလုပ်ပြီး အိမ်အဖြစ် ခံစားမိစေမှာလဲ။
နောက်တစ်ခုက ဒီလျှော်အဝတ်တွေ၊ ကိုယ်တိုင် ဝတ်ထားတာတောင် အသားကို စူးနေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ချွေးနံ့ဆိုးကြီးက အန်ချင်စရာကောင်းလောက်တယ်။ စည်းစိမ်ထဲမှာ ကြီးပြင်းလာပြီး အသားအရေ နူးညံ့တဲ့ နတ်သမီးတစ်ပါးအတွက်ဆို ပိုဆိုးတာပေါ့။ တစ်ဖက်လူက အချိန်တိုင်း ခက်ခက်ခဲခဲ သည်းခံနေရတာ ဖြစ်လောက်တယ်။
နတ်သမီးက အရူးမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ကြည်ကြည်ဖြူဖြူ အလုပ်ကူလုပ်ပေးချင်မှာလဲ။ လင်ဝတ်တရား ကျေပွန်ပြီး သားသမီး ပြုစုပျိုးထောင်မယ် ဟုတ်လား။
ဒီသော့သာ ပေးလိုက်ရင် လက်စားချေမယ့်ကိစ္စက မကြာခင် ရောက်လာမှာပဲ၊ ငါ ဒီနေ့တောင် အသက်ရှင်နိုင်ပါ့မလားမသိဘူး။ ဒီလို ပုဂ္ဂိုလ်မျိုးကို စော်ကားမိရင် သူ့ကို စောင့်ကြိုနေတာက သေဘေးပဲ။ ပုံပြင်စာအုပ်တွေထဲမှာတော့ ဒီလိုဇာတ်လမ်းမျိုးက အဆုံးသတ် လှချင်လှမှာပေါ့၊ ဒါပေမယ့် လက်တွေ့က ပုံပြင်စာအုပ်မှ မဟုတ်တာ။
ကောင်းကင်ဘုံက နတ်သမီးတစ်ပါးက တစ္ဆေပူးပြီး စိတ်ဖောက်နေရင်တောင် တောကြိုတောင်ကြားက တောသားတစ်ယောက်ကို တကယ် အသေအချာ ပုံအပ်လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ဒီနေရာအရောက် တွေးမိတော့ ကျန်းမန်သည် သော့ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။
သို့သော် တုတ်တုတ်မျှ မလှုပ်ချေ။
သူ စိတ်ထဲ လေးလံသွားပြီး ချက်ချင်းပင် တစ်ခုခု မှားနေပြီဆိုတာကို သတိပြုမိသွားသည်။ သော့ကို ကြာကြာ ကိုင်ထားရင် မှော်စွမ်းအင်တွေ ပြန်ရနိုင်လို့လား။
ကျန်းမန် တစ်ကိုယ်လုံး တင်းမာသွားပြီး အတွေးတွေက တစ်ထောင်တစ်သောင်းလောက် လည်ထွက်သွားသည်။ နောက်ဆုံးတွင် အတင်း တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဖြည်းညင်းစွာ စကားစလိုက်သည်။
"နတ်သမီး ဒါတွေအားလုံးက အထင်လွဲမှုကြီးပါလို့ ငါပြောရင် မင်းယုံမလား"
မူလက ရှက်သွေးဖြာနေသည့် နတ်သမီးလေးမှာ ယခုတော့ အေးစက်စူးရှသော အကြည့်များအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဒီအတိုင်း စိုက်ကြည့်နေတော့သည်။ တစ်ဖက်လူ လုံးဝ မယုံဘူးဆိုတာကို ကျန်းမန် နားလည်လိုက်သည်။
"နတ်သမီး မင်းကို ငါလွှတ်ပေးလိုက်မယ် မင်း ငါ့ကို ပြန်လွှတ်ပေးနိုင်မလား။ ငါက ငယ်ရွယ်နုနယ်ပြီး ဘာမှနားမလည်တော့ လူယုတ်မာတွေရဲ့ လှည့်စားတာကို ခံလိုက်ရတာပါ။ ဒီနေ့မှ အိပ်မက်ကနေ လန့်နိုးလာသလိုပဲ ငါ အမှားကြီးမှားသွားမှန်း သိလိုက်ရပြီ။"
ကျန်းမန် အခက်အခဲကြားမှ မေးလိုက်သည်။ စကားပြောနေစဉ် သူ၏လက်က သော့ကို ပြန်လုရန် တိတ်တဆိတ် အားစိုက်နေခဲ့သည်။ သို့သော် သော့က သူမလက်ထဲတွင် သပ်လျှိုထားသကဲ့သို့ တုတ်တုတ်မျှ မလှုပ်သည်ကို တွေ့လိုက်ရသည်။
"ယောကျ်ားက ဘာတွေပြောနေတာလဲ။ ငါတို့က ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ကန်တော့ထားတဲ့ လင်မယားတွေလေ။ လွှတ်ပေးတယ်ဆိုတာ ဘယ်လိုစကားမျိုးလဲ။"
နတ်သမီးက နီထွေးသော နှုတ်ခမ်းလွှာလေးကို ဟကာ ပြောလိုက်သည်။ သူမ၏ အေးစက်လှသော စကားများကြောင့် ဩဂုတ်လထဲ ရောက်နေသော ကျန်းမန်တစ်ယောက် ချမ်းတုန်သွားရသည်။
စကားပင် မဆုံးသေး၊ ကျန်းမန် တစ်ကိုယ်လုံး စူးကနဲ နာကျင်သွားပြီး အရိုးထဲအထိ ရေခဲအပ်ပေါင်းများစွာ စိုက်ဝင်သွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ကြီး ဆုတ်ဖြဲခံရတော့မည့် ခံစားချက်မျိုးပင်။ သူ မသိစိတ်အရ လက်ကိုလွှတ်ပြီး နောက်ဆုတ်ချင်သွားသည်။
သို့သော် သော့ကို ကိုင်ထားသည့် လက်က ကော်နဲ့ကပ်ထားသလို ဖြစ်နေသည်။ ဒီတစ်ခါတော့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်သွားပြီ။ တကယ်ပဲ အစစ်အမှန် နတ်သမီး ဖြစ်နေတာကိုး။
"ငါနဲ့ လက်ထပ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ ယောကျ်ား သိလား။ ငါနဲ့ လက်ထပ်ရဲတဲ့လူကို အခုထိ တစ်ယောက်မှ မမြင်ဖူးသေးဘူး။ ယောကျ်ားက ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်နေမလားပဲ။"
နတ်သမီးက ကျန်းမန်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် သတိမထားမိနိုင်လောက်သော လှောင်ပြောင်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။
"တကယ်ကို လူယုတ်မာတွေရဲ့ ဒုက္ခပေးတာကို ခံလိုက်ရတာပါ။"
ကျန်းမန်က အသေအလဲ ငြင်းဆန်လိုက်သည်။ ကိုယ်တိုင်က အခုမှ နိုးလာတာလေ၊ အဲဒါ နွားဝါကြီးရဲ့ အမှားပဲ။
မူး……..
အတိအကျ ထိုအချိန်မှာပင်၊ ခြံအပြင်ဘက်မှ နွားအော်သံတစ်သံ ထွက်ပေါ်လာသည်။ အသံမကျယ်သော်လည်း အလွန် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ ထိုအခိုက်တွင် ကျန်းမန် လက်ထဲရှိ သော့က တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ့ရှေ့က လူ၏ လက်အားပင် အနည်းငယ် အားပျော့သွားသလို ခံစားရသည်။ မကြာမီမှာပင် တစ်ဖက်လူက အနည်းငယ် အားစိုက်ကာ သော့ကို ပြန်ဆုပ်ကိုင်လိုက်သည်။
နတ်သမီး၏ အကြည့်များ အနည်းငယ် လှုပ်ရှားသွားပြီး အိမ်တံခါးပေါက်ကို လှမ်းကြည့်လိုက်သည်။ ကျန်းမန်ကို ပြန်ကြည့်ချိန်တွင်တော့ သူမ၏ မျက်ဝန်းများက လုံးဝ အေးစက်ခက်ထန်နေပြီ ဖြစ်သည်။
"မိစ္ဆာနတ်ဘုရားကိုတောင် အိမ်မွေးတိရစ္ဆာန်လို မွေးထားရဲတဲ့ ယောကျ်ားပဲ၊ ငါနဲ့ လက်ထပ်ဖို့လည်း ရဲမှာပေါ့။ ငါနဲ့ လက်ထပ်ရင် ဘာတွေခံစားရမလဲဆိုတာလည်း သိလောက်မှာပါ။"
စကားပင် မဆုံးသေး၊ သော့က ဝုန်းကနဲ မှုန့်မှုန့်ညက်ညက် ကျေသွားသည်။ သံကြိုးများပင် အတူတူ ပျောက်ကွယ်သွားလေပြီ။
ထို့နောက် ကျန်းမန် ခန္ဓာကိုယ်ထဲတွင် ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ ခေါင်းထဲသို့ တစ်ခုခု တိုးဝင်လာသလို ခံစားလိုက်ရသည်။ သို့သော် သူ သေချာ ဂရုမစိုက်နိုင်ခင်မှာပင် သူ့ရှေ့ရှိ လူ၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
တစ်ဖက်လူ၏ တိုးညှင်းသော စကားသံက ထပ်ထွက်လာပြန်သည်။
"တစ်ရက် လင်မယား၊ ရက်တစ်ရာ သံယောဇဉ်တဲ့။ ယောကျ်ား ကြိုးစားပါဦး။ လက်ထပ်တာကနေ ယူဆောင်လာတဲ့ တန်ဖိုးက ခံစားရတာ သိပ်မလွယ်ဘူးနော်။ နောက်ပြီး မင်းရဲ့ အိမ်မွေးတိရစ္ဆာန်က ငါ့ကို စော်ကားထားတယ်။ ငါ့ရဲ့ အပြစ်ပေးမှုက မကြာခင် ရောက်လာလိမ့်မယ်။ ငါတို့ အချိန်မရွေး ပြန်တွေ့ရဦးမှာပါ။ ပြန်တွေ့ရမယ့် အချိန်ကြရင် ယောကျ်ားက အခုလိုပဲ အသက်ရှင်နေဦးမလား၊ ဒါမှမဟုတ် မြေကြီးထဲက အရိုးဆွေးကြီး ဖြစ်နေမလားဆိုတာပဲ မသိတာ။"
ထို့နောက် တစ်ဖက်လူက လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဆက်တိုက်ဆိုသလို ဝုန်းကနဲ အသံနှင့်အတူ စုတ်ချာနေသော သစ်သားတံခါးကြီးက မြေပေါ်သို့ ပြုတ်ကျသွားသည်။
ငါ့တံခါးလေးတော့ သွားပါပြီဟု ကျန်းမန်မှာ မသိစိတ်မှပင် နှမြောတသ ဖြစ်သွားသည်။
ထိုစဉ် တံခါးပေါက်မှတစ်ဆင့် နွားဝါကြီးတစ်ကောင်ကို သူ လှမ်းမြင်လိုက်ရသည်။ ၎င်း၏ မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်မှုများ ပြည့်နှက်နေသည်။
ကျန်းမန် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး နတ်သမီး ပြောခဲ့သည်များကို သတိရလိုက်သည်။ ဒါက မိစ္ဆာနတ်ဘုရား တစ်ဆူတဲ့။ အတူတူ အသက်ရှင်သန်ဖို့ မှီခိုနေရတဲ့ နွားက လူတိုင်း ဝိုင်းရိုက် ဝိုင်းသတ်ချင်နေကြတဲ့ မိစ္ဆာနတ်ဘုရား ဖြစ်နေတယ်ဆိုပါလား။
ငါ အရူးဟန်ဆောင်နေတာပဲ ဆက်လုပ်တာ ကောင်းပါတယ်ဟု ကျန်းမန် စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ရုတ်တရက် ခေါင်းထဲမှ နောက်ထပ်တစ်ကြိမ် စူးကနဲ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ ရွှေရောင် အမည်မသိ အရာဝတ္ထုတစ်ခုက သူ့ခေါင်းထဲတွင် လွင့်မျောနေသည်။ သူ စိတ်ထဲမှ အနည်းငယ် လှုပ်ရှားသွားပြီး အဲဒါ ဘာလဲဆိုတာကို သေချာသိချင်သွားသည်။
ထို့နောက် ရွှေရောင် အမည်မသိ အရာဝတ္ထုကို ဖတ်ရှုလိုက်သကဲ့သို့ စာသားများအဖြစ် ပေါ်လာတော့သည်။
【ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား】
【ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သော သင်သည် သုံးရက်အတွင်း ချီစွမ်းအင်ကို ကိုယ်တွင်းသို့ သေချာပေါက် ဆွဲသွင်းနိုင်လိမ့်မည်။】
【အကယ်၍ ချီဆွဲသွင်းခြင်း ကျရှုံးပါက၊ ကံကြမ္မာဇယားမှ ပြန်လည်ရိုက်ခတ်မည်။】
【အချိန်မရွေး ရုတ်တရက် သေဆုံးနိုင်သည်။】
ကျန်းမန် ဆွံ့အသွားသည်။
"..."
ဒါက သူမပါးစပ်က ပြောသွားတဲ့ လက်ထပ်ခြင်းရဲ့ တန်ဖိုးဆိုတာပဲ။