← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) - ချွဲချောင်းတံတားက တစ်နှစ်တစ်ခါမှ ပွင့်တာ

နွားဝါကြီးက အံ့ဩမှုမှ မနိုးထသေးခင်မှာပင် ကျန်းမန်၏ အဓိပ္ပာယ်မရှိသော စကားကို ကြားလိုက်ရသည်။

နွားကြီးမှာ အတော်လေး အံ့ဩသွားသည်။ သို့သော် ခက်ခဲသော ကိစ္စမဟုတ်သဖြင့် မသိစိတ်အရပင် လက်ခံလိုက်သည်။ တစ်ဖက်လူကလည်း တကယ်ပဲ တစ်ချက်လောက် စမ်းသပ်ရုံသာ စမ်းသပ်ပြီး အခြား ဘာမှမလုပ်ပေ။

ထိုအခိုက်တွင် ကျန်းမန်၏ စိတ်ထဲ၌တော့ သက်ပြင်းချနေမိသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူ နွားဝါကြီးကို စမ်းသပ်လိုက်ရင်း ကောင်းကင်ဘုံ မှတ်တမ်းကျမ်းကို လှုံ့ဆော်ကြည့်လိုက်သောကြောင့် ဖြစ်သည်။

စာအုပ်က နောက်ဆုံးစာမျက်နှာတွင်သာ ရပ်တန့်နေဆဲဖြစ်သည်။ ချန်ထားခဲ့သော စာသားကလည်း တစ်ကြောင်းတည်းသာ ဖြစ်သည်။

【တိရစ္ဆာန်တွေက မထိုက်တန်ပါ။】

မိစ္ဆာနတ်ဘုရားကရော မထိုက်တန်ဘူးလား။

ခဏတာအတွင်းမှာပင် ကျန်းမန် အတော်လေး အနေရခက်သွားသည်။ ကံကောင်းတာက နွားဝါကြီး မမြင်နိုင်လို့သာ။ မဟုတ်ရင် ကိုယ်ပဲ ဒုက္ခရောက်ရမှာ။

ဒါပေမယ့် ကောင်းကင်ဘုံ မှတ်တမ်းကျမ်းက လူနဲ့ တိရစ္ဆာန်တွေကို မှတ်တမ်းမတင်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့က သာမန်လွန်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်။

စဉ်းစားနေစဉ်မှာပင် သက်ကယ်တဲအိမ်အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီးနောက် တစ်စုံတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။

"ကျန်းမန် စက်တင်ဘာလ မတိုင်ခင် ကျင့်စဉ်ကြေး လာသွင်းဖို့ မမေ့နဲ့နော်။ မင်းတို့ရွာက ဒီနှစ် မင်းအတွက် ကျင့်စဉ်ကြေး မသွင်းပေးဘူး။ နောက်ထပ် လဝက်အတွင်း ကျင့်စဉ်ကြေး လာမသွင်းရင် မင်း နှင်ထုတ်ခံရလိမ့်မယ်။"

ထိုလူက ပြောပြီးသည်နှင့် ကမန်းကတန်း ထွက်ခွာသွားကာ စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။

"ငါ မင်းကို အကြောင်းကြားပြီးပြီနော်။ နားလည်တာ နားမလည်တာ မင်းအပိုင်းပဲ။"

ကျန်းမန် ကြက်သေသေသွားသည်။

ယွင်ချန်ဌာနသို့ လာရောက် ကျင့်ကြံရာတွင် ကျင့်စဉ်ကြေးကို များသောအားဖြင့် ရွာက တာဝန်ယူပေးလေ့ရှိသည်။ ယခုအခါ ရွာက သူ့အတွက် ကျင့်စဉ်ကြေး ဖြတ်လိုက်ပြီဆိုတော့ ယွင်ချန်ဌာနသို့ ဝင်ရောက်ရန် အသက်အရွယ် ကိုက်ညီသူ အသစ်တစ်ယောက် ရွေးချယ်ခံလိုက်ရပြီဆိုတာ သေချာသည်။

မြို့ထဲရှိ ကျင့်ကြံရေး နေရာများကို အားလုံးခြုံ၍ ယွင်ချန်ဌာနဟု ခေါ်ပြီး၊ ယွင်ချန်ဌာနကို အဆောက်အအုံ သုံးခုနှင့် အဆောင် ခြောက်ခုအဖြစ် ခွဲခြားထားသည်။ ကျန်းမန် ရှိနေသည့် နေရာက အဆောင်ခြောက်ခုထဲမှ တစ်ခုဖြစ်သော ချင်းယွင်ဆောင် ဖြစ်သည်။

သာမန်ရွာများက ဆင်းရဲကြသဖြင့် လူများစွာကို မထောက်ပံ့နိုင်ကြပေ။ အစက သူ့ကို ထောက်ပံ့ခဲ့ခြင်းမှာ အသက်အရွယ် ကိုက်ညီသူဆိုလို့ သူတစ်ယောက်တည်းသာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ကံစမ်းကြည့်ရတာပေါ့။ တစ်ခါတစ်ရံ အရူးဖြစ်နေတာက ကျင့်ကြံရေး ပါရမီ ညံ့ဖျင်းတယ်လို့ မဆိုလိုဘူးလေ။

ယခု နှစ်နှစ် ကြာသွားပြီဖြစ်ရာ၊ စွန့်လွှတ်ခံလိုက်ရတာလည်း ဖြစ်သင့်ပါတယ်။ ပေ့ရွာက လူနှစ်ယောက်ကို မထောက်ပံ့နိုင်ဘူး။ ရွာက လူသစ်က ဘယ်နေရာကို သွားရမလဲဆိုတာပဲ မသိတာ။

ဒါပေမယ့် ဒါတွေက သူ စဉ်းစားနေရမယ့် ကိစ္စတွေ မဟုတ်ဘူး။ လောလောဆယ် ကျင့်စဉ်ကြေး ရှာနိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ မဟုတ်ရင် ချင်းယွင်ဆောင်ကနေ တကယ် နှင်ထုတ်ခံရတော့မယ်။

"မင်း ဘယ်လို လုပ်လိုက်တာလဲ။"

ထိုအချိန်တွင်မှ နွားဝါကြီး သတိပြန်ဝင်လာသည်။ ကျန်းမန်က နွားဝါကြီးကို တစ်ချက်ကြည့်လိုက်ပြီး အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ပါရမီကြောင့်လေ"

နွားဝါကြီး: "……...."

ငါ ယုံမယ်ထင်နေလား။ မင်္ဂလာဆောင်လို့ ကံကောင်းတယ်ဆိုရင်တောင် ဒီလောက်ကြီး ကံကောင်းသွားစရာ အကြောင်းမရှိဘူး။

"မင်းမှာ အရင်က ဒီလိုပါရမီမျိုး မရှိပါဘူး။"

နွားဝါကြီးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ကျန်းမန်က ပခုံးတွန့်လိုက်ပြီး ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"မိန်းမရလိုက်လို့များလား။ စီနီယာကော တစ်ယောက်လောက် ယူကြည့်ပါလား။ ငါ့လို ပါရမီမျိုး နိုးထလာနိုင်တာပဲလေ။"

နွားဝါကြီး: "……..."

ဒီအကြောင်းကို ပြောမိတော့ ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"စီနီယာ... အဲဒီနတ်သမီးက ဘယ်ကလာတာလဲ၊ အချိန်မရွေး ငါတို့ကို လာရှာနိုင်လားဆိုတာ မပြောရသေးဘူး။"

တစ်ဖက်လူက ရန်စလို့ကောင်းမည့်လူ မဟုတ်ဘူးဟု ကျန်းမန် အမြဲခံစားနေရသည်။ နောက်တစ်ခုက အနည်းငယ်တော့ ကိုယ်လိပ်ပြာကိုယ် မလုံဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် ခေါ်လာခဲ့တာကိုး။ အကယ်၍ တစ်ဖက်လူက သူ့ကို ကိုင်တွယ်ဖို့ လူလွှတ်လိုက်မယ်ဆိုရင်တော့၊ ဒီဘဝ မျှော်လင့်ချက် ရှိသွားပြီ။

ထိုစကားကို ကြားတော့ နွားဝါကြီးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ဘယ်ကလာတာလဲဆိုတာ ပြောရခက်တယ်။ အင်မော်တယ်ဂိုဏ်းက လူဖြစ်နိုင်ခြေ အရမ်းများတယ်။ အင်မော်တယ်ဂိုဏ်းထဲ ဝင်ခွင့်ရရင် မင်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကို သုံးပြီး စုံစမ်းကြည့်လို့ ရတယ်။ အဲဒါဆိုရင် ဘယ်သူလဲဆိုတာ သေချာသိနိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ထပ်လိုက်တာနဲ့ ကံကြမ္မာဇယားက ပတ်သက်လာတယ်ဆိုတာ သာမန်ကိစ္စမှ မဟုတ်တာ။ စုံစမ်းရ လွယ်ကူမှာပါ။ အချိန်မရွေး ပေါ်လာနိုင်လားဆိုတဲ့ ကိစ္စကတော့ သိပ်မဖြစ်နိုင်ဘူး။"

ကျန်းမန်က နားမလည်စွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

နွားဝါကြီးက ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ ချွဲချောင်း တံတားက မပွင့်ရင် မြစ်ရေက စီးဆင်းလို့ မရဘူးလေ။ သူတို့က မြစ်ရေစီးကြောင်းအတိုင်း ဆင်းလာတာဆိုတော့ အရင်နေရာကို အတိအကျ ပြန်ရှာလို့ မရနိုင်ဘူး။"

"ချွဲချောင်းတံတား... ချွဲချောင်းတံတားက ဘယ်လောက်ကြာမှ တစ်ခါ ပွင့်တာလဲ။"

ကျန်းမန်က မေးလိုက်သည်။

ထိုစကားကို ကြားတော့ နွားဝါကြီးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။

"ခန့်မှန်းခြေ တစ်နှစ်ကို တစ်ခါ ပွင့်တယ်။ ဒါပေမယ့် ငါတို့နေရာကို အတိအကျ ရှာဖို့ဆိုတာ သိပ်မလွယ်ဘူး။ သဲလွန်စတစ်ခုခု ရသွားရင်တောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်အစစ်က လွယ်လွယ်နဲ့ ရောက်လာလို့ မရဘူး။ အရမ်းကြီး စိုးရိမ်မနေနဲ့။ စိုးရိမ်ရမှာက ငါပါဟ သူက ငါ့ကို အဝေးကနေ လက်စားချေတာမျိုး တကယ် လုပ်နိုင်တယ်။"

ကျန်းမန် ခဏတာ တိတ်ဆိတ်သွားသည်။ တစ်ဖက်လူက လောလောဆယ် မလာနိုင်သေးပေမယ့် အင်မော်တယ်ဂိုဏ်းက လူပဲ။

အင်မော်တယ်ဂိုဏ်းက အဆင့်အတန်း မြင့်မားတယ်။ လက်ရှိ လူသားတွေ အသက်ရှင်သန်နေနိုင်တဲ့ အရာအားလုံးရဲ့ အရင်းအမြစ်က ဂိုဏ်းကြီးလေးဂိုဏ်းကနေ လာတာ။ နွားဝါကြီး ရမ်းသန်းရှာလာတဲ့လူက ဒီလိုနေရာမျိုးက လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ်တိုင်က ဒီလိုလူမျိုးကို သွားစော်ကားမိတော့၊ အနာဂတ်မှာ အသက်ရှင်ရတာ မလွယ်လောက်တော့ဘူး။

ရုတ်တရက် သူ့ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက တုန်ခါသွားတာကို ခံစားလိုက်ရသည်။ ထိုအခါမှသာ သူ သတိလည်လာသည်။

အနာဂတ်မှ မဟုတ်ဘူး၊ အခု လက်ရှိတောင် အသက်ရှင်ဖို့ မလွယ်ဘူး။

ထိုအချိန်တွင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား၌ အနာအဆာကင်းသော ဆေးလုံးတစ်လုံး ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ ထိုဆေးလုံးက အောက်သို့ ကျဆင်းသွားပြီး ဒန်တျန်အတွင်း၌ နေရာယူလိုက်သည်။ ငြိမ်သက်စွာဖြင့် စုပ်ယူခံရမည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ဘာဆေးလုံးလဲဆိုတာ မသိပေမယ့်၊ ဆေးလုံးထဲမှာ ဝိညာဉ်စွမ်းအင်တွေ အများကြီး ပါဝင်နေပြီး ကျင့်ကြံသူကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်မယ်ဆိုတာကို ကျန်းမန် ခံစားသိရှိနေသည်။

ဒါကိုမြင်တော့ ကျန်းမန်သည် ကောင်းကင်ဘုံ မှတ်တမ်းကျမ်းထဲက မှတ်တမ်းကို သတိရသွားသည်။

"အလွှာလိုက် ဖြေလျှော့နိုင်ပြီး၊ အမွေအနှစ်များကို ရရှိနိုင်သည်"

ဆိုလိုသည်က အပေါ်က အကြောင်းအရာတွေကို ပြီးမြောက်အောင် လုပ်လိုက်ရင် အမွေအနှစ်တွေကို ရနိုင်ပြီလား။

ကျန်းမန် စိတ်ထဲ ဝမ်းသာသွားသည်။

ပစ္စည်းကောင်းပဲ။

ဆေးလုံး ဒန်တျန်ထဲ ရောက်သွားပြီးနောက် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ထပ်မံ ပြောင်းလဲသွားသည်။ ကျန်းမန် နားလည်အောင် ကြိုးစားနေစဉ်မှာပင် နက်နဲဆန်းကြယ်သော အပြောင်းအလဲများကို ထပ်မံ ဖတ်ရှုလိုက်ရသည်။

【ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား】

【ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သော သင်သည် ရေသောက်သကဲ့သို့ လွယ်ကူစွာ ကျင့်ကြံနိုင်သည်။ ခန္ဓာကိုယ်က ခွင့်ပြုမည်ဆိုပါက နေ့စဉ် အကြိမ် တစ်ရာ သေချာပေါက် ကျင့်ကြံနိုင်ပြီး၊ ရက်တစ်ရာအတွင်း စိတ်အာရုံပြု ကျင့်စဉ်ကို အဆင့် တစ်ဆယ့်သုံးအထိ မြှင့်တင်နိုင်မည်။】

【အကယ်၍ ကျရှုံးပါက၊ ကံကြမ္မာဇယားမှ ပြန်လည်ရိုက်ခတ်မည်။】

【ကျင့်ကြံမှုအဆင့် အားလုံး ဆုံးရှုံးမည်။】

ဝမ်းသာတာ စောသွားတယ်။ ဒီတောင်းဆိုချက်က နည်းနည်း ရက်စက်လွန်းနေသလိုပဲ။

တစ်ခုတည်းသော သတင်းကောင်းကတော့ ကံကြမ္မာဇယားရဲ့ ရိုက်ခတ်မှုက သေစရာ မလိုဘူးဆိုတာပဲ။ ဒီအကြောင်းတွေကို သိပြီးနောက် ကျန်းမန်သည် နွားဝါကြီးကို ဘာမှ ဖုံးကွယ်မထားဘဲ အကုန်ပြောပြလိုက်သည်။

ဆေးလုံးရှိတယ်လို့ ကြားတော့ နွားဝါကြီးက ဆေးလုံးအကြောင်း အသေးစိတ် မေးလိုက်သည်။ ထို့နောက် အံ့ဩစွာဖြင့် ပြောလိုက်သည်။

"အနာအဆာကင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးပဲ၊ ဒီကံကြမ္မာဇယားက တကယ့် ပစ္စည်းကောင်းပဲ။"

အနာအဆာကင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးသည် အစွမ်းထက်သော ဝိညာဉ်စွမ်းအင်များ ပါဝင်ပြီး ခန္ဓာကိုယ်ထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်သည်။ စုပ်ယူခံရမည့် အချိန်ကို စောင့်ဆိုင်းနေပြီး၊ သာမန် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများလို အလိုအလျောက် ပျောက်ကွယ်သွားခြင်း မရှိပေ။

ထို့နောက် ကျန်းမန်က တောင်းဆိုချက် အသစ်ကို ပြောပြလိုက်သည်။

နွားဝါကြီး ကြားလိုက်တော့ အံ့ဩလွန်း၍ ကျောက်ရုပ်လို ဖြစ်သွားသည်။

ကျန်းမန်ကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"အရင်စကားအတိုင်းပဲ၊ စားချင်တာစား၊ လုပ်ချင်တာလုပ်၊ နောင်တမရစေနဲ့။ နည်းနည်းတော့ ပင်ပန်းပေမယ့် အနည်းဆုံးတော့ ရက်တစ်ရာ အသက်ရှင်ရဦးမှာပဲ။ အရင် သုံးရက်ထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်။"

ကျန်းမန်: "…….."

နည်းနည်း အဆိုးမြင်လွန်းနေပြီလား။

စိတ်အာရုံပြု ကျင့်စဉ်ကို ချီကျင့်စဉ် အဆင့် ခြောက်ရောက်မှသာ ကျင့်ကြံနိုင်သည်ဟု နွားဝါကြီးက ပြောပြချိန်တွင်တော့ ကျန်းမန် မှင်တက်သွားရသည်။

အစပိုင်းတွင် ချီကျင့်စဉ်ကို ကျင့်ကြံကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရသည်။

ချီကျင့်စဉ် အဆင့် သုံးတွင် သွေးကြောများကို ကျင့်ကြံကာ ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်နိုင်ရန် ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ရသည်။

ချီကျင့်စဉ် အဆင့် ခြောက်တွင် စိတ်အာရုံပြု ကျင့်စဉ်ကို ကျင့်ကြံကာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပြီး ဝိညာဉ်စွမ်းအင်များကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်အောင် လုပ်ရသည်။ သို့မဟုတ်ပါက ဝိညာဉ်စွမ်းအင်များကို မခံနိုင်တော့ဘဲ၊ သို့မဟုတ် ဝိညာဉ်စွမ်းအင်များကို မထိန်းချုပ်နိုင်တော့ဘဲ ရူးသွပ်သွားလေ့ရှိသည်။

ဒီအကြောင်းတွေကို သိလိုက်ရတော့ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သူ့ကို လူလိုတောင် မသတ်မှတ်ဘူးဆိုတာ ကျန်းမန် ခံစားလိုက်ရသည်။ ရက်တစ်ရာအတွင်း ချီကျင့်စဉ် အဆင့် ခြောက်ကို ရောက်ဖို့ ဖြစ်နိုင်မလားလို့ နွားဝါကြီးကို မေးကြည့်လိုက်သည်။

တစ်ဖက်လူက ဖြစ်တော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ပြိုင်ဘက်ကင်း ပါရမီနဲ့ အရင်းအမြစ် အများကြီး လိုအပ်တယ်လို့ ပြောသည်။ တချို့ အရင်းအမြစ်တွေက လော့ယွင်မြို့မှာတောင် မရှိဘူးတဲ့။

ဒီတစ်ခါ ကျော်ဖြတ်နိုင်ရင်တောင် နောက်ပိုင်း တောင်းဆိုချက်တွေက ပိုများလာမှာ သေချာတယ်။ လော့ယွင်မြို့ရဲ့ အရင်းအမြစ်က လုံလောက်မှာ မဟုတ်ဘူး။

ဂိုဏ်းထဲဝင်ဖို့ နည်းလမ်းရှာရမယ်။

ကျန်းမန် တိတ်ဆိတ်သွားသည်။ ခုလေးတင် ချင်းယွင်ဆောင်ကနေ နှင်ထုတ်ခံရတော့မလို ဖြစ်နေတာကို၊ အခုချက်ချင်း စာမေးပွဲအောင်ပြီး ဂိုဏ်းထဲဝင်ရမယ်တဲ့။

ဒီနေ့တစ်ရက်တည်းမှာပဲ ဘဝက အတက်အကျတွေ အရမ်းများလွန်းတယ်။ အရင် ဆယ်နှစ်ကျော်လုံးလုံးထက်ကို ဒီနေ့တစ်ရက်က ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်လို့ နွားဝါကြီးတောင် ခံစားနေရသည်။

"ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတော့"

စကားတစ်ခွန်းချန်ရစ်ကာ နွားဝါကြီး မြက်သွားစားတော့သည်။

အချိန်က ညဘက်ရောက်နေပြီ။ ကျန်းမန်ကတော့ အိပ်ချင်စိတ် မရှိတော့ပေ။

ဒီနှစ်တွေအတွင်း အခန်းထဲမှာ ဘာတွေ သိမ်းထားလဲဆိုတာ အရင်ဆုံး ကြည့်ရမယ်။

ခဏကြာတော့... စားပွဲပေါ်ရှိ စာအုပ်သုံးအုပ်၊ သစ်သားဓားတစ်လက်နှင့် ဆန်ကြမ်း သုံးတင်းကို ကြည့်ပြီး ကျန်းမန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဒါက သူ့မှာရှိတဲ့ ပစ္စည်းအားလုံးပဲ။

အခန်းကတော့ ကြောက်စရာကောင်းလောက်အောင် သန့်ရှင်းနေသည်။ မင်္ဂလာဆောင်ဖို့အတွက် သေချာ ရှင်းလင်းထားပုံရသည်။

စာအုပ်သုံးအုပ်ကတော့ အခြေခံချီကျင့်စဉ်၊နတ်ခြေလှမ်း၊ အခြေခံ သိမှတ်ဖွယ်ရာများ တို့ဖြစ်သည်။ ပိုက်ဆံဆိုလို့ တစ်ပြားမှ မရှိချေ။

ဒါ့အပြင် သစ်သားဓားက ဘာလုပ်ဖို့လဲ။ ကျန်းမန် သေချာကြည့်လိုက်တော့ လက်ရာကြမ်းတမ်းပြီး ရွာကနေ ယူလာတဲ့ ကစားစရာ တစ်ခုသာ ဖြစ်သည်။

ထို့နောက် ကျန်းမန်သည် မြစ်တစ်စင်းကို ရှာကာ ကိုယ်လက် သန့်စင်လိုက်ပြီး၊ အဝတ်အစားများကိုလည်း လျှော်ဖွပ်လိုက်သည်။

အလုပ်များပြီးနောက် အဝတ်အစားများ ပြန်ဝတ်လိုက်ချိန်တွင် ဒုတိယနေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒီနေ့ကစပြီး အကြိမ်တစ်ရာ ကျင့်ကြံရတော့မည်။

ဒါပေမယ့် သူ မနက်စောစောထပြီး မြင်းစာကျွေးရဦးမည်။ သူ၏ ကျင့်စဉ်ကြေးကို ရွာက ပေးထားသော်လည်း၊ နေထိုင်စားသောက်စရိတ်ကိုတော့ သူကိုယ်တိုင် ရှာဖွေရမည်။

ဒါကြောင့် သူသည် ချင်းယွင်ဆောင် မြင်းတင်းကုပ်အနီးတွင် နေထိုင်ကာ နေ့စဉ် မြင်းများကို ပြုစုစောင့်ရှောက်ရသည်။ တစ်လလုံးလုံး အလုပ်လုပ်မှ ထမင်းစားရုံလေး ရသည်။

"လူရှိလား၊ လာကူပါဦး။"

အပြင်ရောက်ရောက်ချင်းမှာပဲ မြင်းတင်းကုပ်ဘက်မှ စိုးရိမ်တကြီး အော်ခေါ်သံကို ကျန်းမန် ကြားလိုက်ရသည်။

All Chapters