အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - တကယ်တော့ ဘယ်သူက အရူးလဲ
ရောက်သွားသောအခါ ကျန်းမန်သည် မြေကြီးပေါ်တွင် လဲကျနေသော ဝိညာဉ်မြင်းတစ်ကောင်ကို စိုးရိမ်တကြီး ကြည့်ကာ ဘာလုပ်ရမှန်းမသိ အထိတ်တလန့် ဖြစ်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
မြင်းတင်းကုပ်တွင် မြင်းများသာမက အခြားသူများ၏ စီးတော်ယာဉ်များလည်း ရှိသည်။ သို့သော် ကျန်းမန်သည် ချင်းယွင်ဆောင်၏ မြင်းအနည်းငယ်ကိုသာ ကျွေးမွေးစောင့်ရှောက်ရန် တာဝန်ရှိသည်။ အခြား ဝိညာဉ်မြင်းများကိုတော့ တစ်ခါတစ်ရံမှသာ ကူညီစောင့်ရှောက်ပေးရသည်။
လူခေါ်နေသည့် ဤအမျိုးသားသည် သူနှင့် ခြံဝင်းတစ်ခုတည်းတွင် အတူနေထိုင်သော ကျင့်ကြံသူဖြစ်ပြီး ဖန်ယုံဟု အမည်ရကြောင်း ကျန်းမန် မှတ်မိသည်။ သူ၏ ခြေရင်းတွင် လဲကျနေသည်မှာ ဈေးကြီးသော မီးနင်းဝိညာဉ်မြင်း တစ်ကောင်ဖြစ်သည်။
တစ်ကိုယ်လုံး အနီရောင်ရှိပြီး ခြေလေးချောင်းတွင် အပြာရောင် အေးစက်သော မီးတောက်များ ရစ်ပတ်နေသည်။ ပြေးလွှားသောအခါ မီးတောက် ခြေရာများ ချန်ထားခဲ့လေ့ရှိသည်ဟု ဆိုကြပြီး၊ ယဉ်ပါးအောင် ယဉ်ကျေးပြီးပါက အရာဝတ္ထုများကို လောင်ကျွမ်းစေခြင်း မရှိတော့ပေ။
ဤဝိညာဉ်မြင်းမျိုးကို လူချမ်းသာများမှလွဲ၍ အခြားသူများ မပိုင်ဆိုင်နိုင်ပေ။
သို့သော် ယခုအချိန်တွင် ထိုမီးနင်းဝိညာဉ်မြင်းမှာ မြေကြီးပေါ်တွင် လဲကျနေပြီး အားနည်းစွာ တုန်ယင်နေသည်။ ခြေလေးချောင်းတွင် ရစ်ပတ်နေသော အပြာရောင် မီးတောက်များကလည်း တဖြည်းဖြည်း မှေးမှိန်လာနေသည်။ အခြေအနေ သိပ်ကောင်းပုံမရပေ။
ကျန်းမန် ရောက်လာသည်ကို မြင်သောအခါ ဖန်ယုံသည် အသက်ကယ် ကောက်ရိုးမျှင်ကို ဆွဲကိုင်မိသကဲ့သို့ ဖြစ်သွားသည်။ ချက်ချင်း နောက်သို့ တစ်လှမ်းဆုတ်ကာ လက်ညှိုးထိုးပြီး စွပ်စွဲလိုက်သည်။
"ကျန်းမန်၊ မင်း မီးနင်းဝိညာဉ်မြင်းကို ဘာလုပ်လိုက်တာလဲ။ ဘာလို့ ဒီလောက် အားနည်းသွားအောင် လုပ်ရတာလဲ။"
ကျန်းမန်သည် နေရာတွင်ပင် ရပ်ကာ သူ့ရှေ့ရှိ လူကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားသည်။ ပြဿနာ တက်ပြီလား။
အနည်းငယ် စဉ်းစားကြည့်လိုက်ရာ ဤဖန်ယုံဆိုသူသည် အနည်းငယ် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ကျန်းမန် မှတ်မိသွားသည်။ သူက အမြဲတမ်း သူ့အိမ်က ဘယ်လိုဘယ်ပုံဆိုတာ၊ ကျင့်ကြံရေး အရင်းအမြစ်တွေ ဘယ်လောက် ပေါများတာ၊ ဘယ်သူနဲ့ ဘယ်ဝါနဲ့က သူငယ်ချင်းဖြစ်တာ စသဖြင့် ကြွားလုံးထုတ်လေ့ရှိသည်။ ဘာလို့ အခုလို အဖြူအမည်း ပြောင်းပြန်လှန် ပြောရတာလဲ။
ဒီလောက် အသံကျယ်နေတာက အနားမှာ လူတစ်ယောက်ယောက် ရှိနေလို့များလား။
တကယ်ပဲ၊ အဝေးမှ လူလေးယောက် အုပ်စုတစ်စု ရောက်လာသည်။
လူတွေကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ယုံက အသံကို ထပ်မံကျယ်လိုက်ပြီး ပြောသည်။
"ကျန်းမန် ငါက မင်းနဲ့ ခြံဝင်းတစ်ခုတည်း အတူနေတဲ့ ကျင့်ကြံသူဖြစ်လို့ မင်းကို ဝိညာဉ်မြင်းကို သေချာစောင့်ရှောက်ပေးဖို့ အထူးတလည် အပ်ခဲ့တာ မင်းက ကွယ်ရာမှာ အခုလို လုပ်ရက်ပြီး မီးနင်းဝိညာဉ်မြင်းကို ဒီလောက် အားနည်းသွားအောင် လုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
သူ့စကား အဆုံးတွင် ထိုလူလေးယောက် ရောက်လာသည်။
ခေါင်းဆောင်လုပ်သူမှာ အရပ်ရှည်ရှည်နှင့် မျက်နှာပေါက် အလွန်ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ဘေးရှိ လူသုံးယောက်မှာ သူ၏ နောက် တစ်လှမ်းအကွာတွင် သိတတ်စွာ ရပ်နေကြသည်။
သူတို့ အနားရောက်လာသောအခါမှသာ ဖန်ယုံသည် ခေါင်းဆောင်လုပ်သူ အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးချန် ခင်ဗျားကို ရယ်စရာ ဖြစ်သွားစေပြီ။ ကျွန်တော့်ရဲ့ ဂိုဏ်းတူ ညီအစ်ကို စောင့်ရှောက်မှုကြောင့် ဝိညာဉ်မြင်းက ပြဿနာနည်းနည်း ဖြစ်သွားတယ်။"
ချန်မော့ရန်က ကျန်းမန်ကို အံ့ဩစွာ ကြည့်ကာ မေးလိုက်သည်။
"ငါ့ရဲ့ မီးနင်းဝိညာဉ်မြင်းကို မင်း ဒီလိုဖြစ်အောင် လုပ်လိုက်တာလား။"
ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြလိုက်သည်။
"မဟုတ်ပါဘူး"
"တာဝန်ယူရမှာကြောက်လို့ ဝန်မခံရဲဘူး ထင်တယ်"
ဖန်ယုံက ချက်ချင်း ဝင်ပြောလိုက်သည်။
"သူက ခေါင်ကျတဲ့ ရွာလေးကလာတာ နောက်လအတွက် ကျင့်စဉ်ကြေးတောင် မပေးနိုင်ဘူး။ ဝန်ခံလိုက်ရင် သူ့ကိုယ်သူ ရောင်းရင်တောင် လျော်နိုင်မှာ မဟုတ်ဘူး"
ချန်မော့ရန်က မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီး ကျန်းမန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဒီလိုလား ဒါဆိုလည်း ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတာပေါ့ သူ တစ်ခုခု မှားစားမိတာလည်း ဖြစ်နိုင်တာပဲ သခင်လေးဖန် ဘယ်လိုထင်လဲ။"
ထိုစကားကို ကြားသောအခါ ဖန်ယုံသည် စိတ်ထဲတွင် ဝမ်းသာသွားပြီးနောက် ကျန်းမန်ကို အားမလိုအားမရ ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"သခင်လေးချန်ကို ကျေးဇူးမတင်သေးဘူးလား"
"မလိုပါဘူး ဘယ်သူမဆို ခက်ခဲတဲ့ အချိန်ဆိုတာ ရှိတတ်တာပဲလေ ဒီနေ့ မီးနင်းဝိညာဉ်မြင်းကို သခင်လေးဖန် စီးလာတာဆိုတော့ သခင်လေးဖန်ပဲ ပြန်ပို့ပေးဖို့ တာဝန်ယူလိုက်ပါတော့။"
ချန်မော့ရန်က ဖန်ယုံကို ကြည့်ကာ ပြောလိုက်သည်။
ဖန်ယုံက ချက်ချင်း ခေါင်းညိတ်ပြပြီး ဝိညာဉ်မြင်းကို သေချာပေါက် ပြန်ပို့ပေးပါမည်ဟု ပြောလိုက်သည်။
ထို့နောက် ချန်မော့ရန်သည် သူ့လူများကို ခေါ်ကာ ထွက်သွားသည်။ ခဏရပ်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားသလိုမျိုး သူ၏ ဘေးရှိလူကို မေးလိုက်သည်။
"ဒါနဲ့ ဒီနေ့က ဘယ်နေ့လဲ။"
"ဩဂုတ်လလယ်ပါ။"
ဘေးရှိ အရပ်ပုပု လူက ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်မော့ရန်က သဘောပေါက်သွားသလို ပြောလိုက်သည်။
"မီးနင်းဝိညာဉ်မြင်းရဲ့ အားနည်းချိန် ရောက်နေတာ ဖြစ်ရမယ်။ တစ်နှစ်ကို နှစ်ကြိမ် ရှိတယ်။"
ခဏရပ်ပြီးနောက် သူက ဖန်ယုံကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးဖန်က အိမ်မှာလည်း ဝိညာဉ်မြင်းတွေ ရှိတယ်လို့ ပြောတယ်မဟုတ်လား။ အားနည်းချိန်ကို မကြုံဖူးဘူးလား။"
ထိုစကားကို ကြားသောအခါ ဖန်ယုံ ကြက်သေသေသွားပြီး ပြောလိုက်သည်။
"အားနည်းချိန်ရောက်တိုင်း ကျွန်တော် အိမ်မှာ မရှိလို့ ဖြစ်မယ်။ အစေခံတွေပဲ စောင့်ရှောက်တာလေ။"
ချန်မော့ရန်က ခေါင်းညိတ်ပြလိုက်သည်။
"ပြောတာလည်း ဟုတ်တာပဲ။"
ထို့နောက် ဘာမှဆက်မပြောတော့ဘဲ သူ့လူများကို ခေါ်ကာ ထွက်သွားတော့သည်။
အပြန်လမ်းတွင် ချန်မော့ရန်၏ ဘေးရှိ အရပ်ပုပု လူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သခင်လေးချန်က ဘာလို့ အဲဒီမြင်းစောင့်လေးကို လျော်ကြေး မတောင်းလိုက်တာလဲ။"
ချန်မော့ရန်က သူ့ဘေးရှိလူကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဖန်ယုံ ပြောတာ မကြားဘူးလား။ သူက ကျင့်စဉ်ကြေးတောင် မပေးနိုင်တော့ဘူးတဲ့။ အဲဒီလိုလူမျိုးကို လျော်ကြေးတောင်းလိုက်ရင် သူက အစွန်းရောက်ပြီး တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကို ဘာမှ မလုပ်နိုင်ရင်တောင်မှ ဝိညာဉ်မြင်းကို တစ်ခုခု လုပ်လိုက်ရင်ကော… သူ့အသက်က ဝိညာဉ်မြင်းတစ်ခါ လန့်သွားတာလောက် တန်လို့လား။"
ခဏရပ်ပြီးနောက် သူက တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။
"တောကြိုတောင်ကြားက လာတဲ့ ကောင်လေးတစ်ယောက်ပဲ။ အပြင်ရောက်ရင် လူရာတောင် သွင်းခံရမှာ မဟုတ်ဘူး။ ငါတို့က သူနဲ့ အရမ်း နီးကပ်လွန်းနေတယ်။ သူ့ကို လမ်းဆုံးရောက်အောင် တွန်းပို့စရာ မလိုပါဘူး။ ကိုယ့်လက်ပဲ ညစ်ပတ်သွားလိမ့်မယ်။ နောက်ပြီးတော့ အခုတစ်ခေါက်က ဖန်ယုံကို နောက်ပြောင်ရုံ သက်သက်ပဲလေ။ သူနဲ့ သူ့ခြံဝင်းထဲကလူ ခွေးကိုက်သလို ကိုက်နေတာကို ကြည့်ရတာ ပိုစိတ်ဝင်စားစရာ မကောင်းဘူးလား။"
အရပ်ပုပု လူက ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။
"ဟုတ်တာပေါ့။ သင်ခန်းစာပေးရမယ်ဆိုရင်တောင် တခြားလူတွေကို ခိုင်းသင့်တာပေါ့။ သခင်လေးချန်က အမုန်းခံစရာ အကြောင်းမှ မရှိတာ။ နောက်မှ ဖန်ယုံကို အားနည်းချိန်ဆိုတာ အလကားပြောတာလို့၊ သူ့မျက်နှာကို ငဲ့ပေးလို့ ပြောလိုက်ရုံပဲ။ နောက်ပိုင်း သူ့ကို ခပ်တန်းတန်းနေပြီး အပြင်ထွက်ရင် အတူမခေါ်တော့ဘူးဆိုရင်၊ သူက အဲဒီမြင်းစောင့်လေးကို အပြစ်တင်တော့မှာပဲ။ မြင်းစောင့်လေးသာ အဲဒီတုန်းက အပြစ်ကို ဝန်ခံခဲ့ရင် သူက ငါတို့နောက် ဆက်လိုက်နိုင်ပြီး တခြားလူတွေရဲ့ မြှောက်ပင့်တာကို ဆက်ခံရဦးမယ်လို့ သူ ထင်သွားလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ လူတိုင်း ရယ်မောလိုက်ကြသည်။ ဤနည်းအားဖြင့် ဖန်ယုံနှင့် မြင်းစောင့်လေးကြားက ရန်ငြိုးတစ်ခု ဖြစ်သွားပြီ။ အချင်းချင်း အပြစ်တင်ကြပြီး အချင်းချင်း ပြန်သတ်ကြလိမ့်မည်။ သူတို့အပေါ် အပြစ်တင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် မြင်းတင်းကုပ်အနီး၌ ကျန်းမန်သည် ဖန်ယုံကို ကြည့်နေသည်။ တစ်ခုခုကို နားလည်သွားသလိုပင်။ ဖန်ယုံနှင့် ထိုလူများက လမ်းကြောင်းတူသူများ မဟုတ်ပုံရသည်။
"ဒီတစ်ခါတော့ မင်း ကံကောင်းသွားတယ်။ ငါသာ သူတို့နဲ့ မရင်းနှီးရင် မင်း ဒီည ချက်ချင်း နှင်ထုတ်ခံရမှာ"
ဖန်ယုံက ပြောလိုက်သည်။
ထို့နောက် သူသည် ဝိညာဉ်မြင်းကို ခေါ်သွားရန် နည်းလမ်း ရှာတော့သည်။
ကျန်းမန်သည် တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်နေပြီး ဘာမှ မပြောပေ။ လုံးဝ ထွက်သွားမှသာ သူ့ဆီမှ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
"တကယ်တော့ ငါက အရူးလား၊ သူက အရူးလား။"
"အားလုံး အရူးတွေချည်းပဲ။"
နွားဝါကြီးက ရောက်လာပြီး ပြောလိုက်သည်။
"မင်း ကျင့်ကြံဖို့ စလုပ်တာ ပိုကောင်းမယ်။ မဟုတ်ရင် အကြိမ် တစ်ရာ ပြည့်မှာ မဟုတ်ဘူး။"
"စီနီယာက ကိုယ့်ကိုယ်ကိုယ်သာ ပိုစိုးရိမ်တာ ကောင်းမယ်။ အဲဒီနတ်သမီးရဲ့ လက်စားချေမှုက အချိန်မရွေး ရောက်လာနိုင်တယ်။"
ကျန်းမန်က စေတနာဖြင့် သတိပေးလိုက်သည်။
နွားဝါကြီးကလည်း ဂရုမစိုက်ပေ။
"မီးနင်းဝိညာဉ်မြင်းမှာ တကယ်တော့ အားနည်းချိန် ဆိုတာ ရှိတယ်။ ဒါပေမယ့် တကယ်မွေးတတ်တဲ့လူက မီးနင်းဝိညာဉ်မြင်းကို အားနည်းချိန် ရောက်အောင် အဖြစ်မခံဘူး။"
"စီနီယာက တတ်လို့လား။"
"တတ်တာပေါ့။"
ကျန်းမန် အနည်းငယ် အံ့ဩသွားသည်။
"ဘယ်လို မွေးရတာလဲ။"
"မင်း ကိုယ့်ကိုယ်ကိုယ် အရင် စိုးရိမ်တာ ကောင်းမယ်။ အကြိမ် တစ်ရာ မပြည့်ရင် ကျင့်ကြံမှုအဆင့် အားလုံး ဆုံးရှုံးတော့မယ်။"
နွားဝါကြီးက ပြောပြီးသည်နှင့် မျက်နှာလွှဲကာ မြက်သွားစားတော့သည်။
ကျန်းမန်: "…...."
ငါ့မှာ ကျင့်ကြံမှုအဆင့်မှ မရှိသေးတာ။
ဒီနေရာအရောက် တွေးမိတော့ ကျန်းမန် အတော်လေး သိချင်သွားသည်။ ကိုယ်တိုင် မကျင့်ကြံရင်ရော ဘာအကျိုးသက်ရောက်မှုမှ မရှိနိုင်ဘူးလား။ သို့သော် သူ မစမ်းသပ်ရဲပေ။
နောက်ဆုံးတော့ ကျင့်စဉ် ခရမ်းရောင်ချီ တစ်စ ကျန်နေသေးသည်။ အကယ်၍ ကံကြမ္မာဇယားက ပြန်လည်ရိုက်ခတ်လာပြီး ဒီကျင့်စဉ် ခရမ်းရောင်ချီ တစ်စကိုပါ ဝါးမြိုသွားရင်... အဲဒါဆို... ရတာထက် ဆုံးရှုံးတာက ပိုများသွားလိမ့်မယ်။
ဒီချီတစ်စက ဘာအသုံးဝင်လဲဆိုတာ မသိပေမယ့်၊ ဘယ်လိုကြည့်ကြည့် ရိုးရှင်းပုံမပေါ်ပေ။
အချိန်ကို ကြည့်လိုက်ပြီး ကျန်းမန်သည် ရှေ့ဘက် ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။ ထိုနေရာသည် ဆရာက စာသင်ပေးသော နေရာဖြစ်သည်။ ချင်းယွင်ဆောင်တွင် အရှေ့၊ အလယ်၊ အနောက် ခြံဝင်းသုံးခု ရှိပြီး၊ အဆောင်သို့ ဝင်ရောက်သည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တို့နှင့် အသီးသီး သက်ဆိုင်သည်။
ကျန်းမန်သည် ချင်းယွင်ဆောင်သို့ ရောက်ရှိသည်မှာ တတိယနှစ် ဖြစ်သောကြောင့် ယခုအခါ အနောက်ခြံဝင်းတွင် ရှိနေသည်။ အနောက်ခြံဝင်းတွင် ခြံဝင်းငယ် ခုနစ်ခု ရှိပြီး ကျန်းမန်မှာ ဆဋ္ဌမမြောက် ခြံဝင်းငယ်တွင် ဖြစ်သည်။
သင်ကြားပြသပေးသူမှာ ကျောက်လဲ့မင်ဟု အမည်ရသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းမန် ဆဋ္ဌမ ခြံဝင်းသို့ သွားရာလမ်းတွင် ထိုဆရာနှင့် ဆုံလေသည်။
တွေ့သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူက တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်းမှာ ဆယ့်ငါးရက်ပဲ အချိန်ရတော့တယ်။ ကျင့်စဉ်ကြေး မသွင်းနိုင်ရင် ကြိုပြီး ပစ္စည်းသိမ်းထားလို့ ရပြီ။"
ကျန်းမန် အနည်းငယ် စဉ်းစားလိုက်ပြီး မနက်က ကိစ္စကို သတိရသွားသည်။ ပိုက်ဆံမပေးရဘဲ နေခွင့်ရနိုင်သည့် နည်းလမ်း ရှိကောင်းရှိနိုင်သည်။
အနည်းငယ် တွေဝေပြီးနောက် သူက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"ဆရာကျောက်က မီးနင်းဝိညာဉ်မြင်း အကြောင်း သိလား။"