အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) တိုးတက်မှုနှုန်းက နည်းနည်း မြန်နေသလိုပဲ
ကျောက်လဲ့မင်သည် သူ့ဘေးရှိ လူကို အနည်းငယ် အံ့ဩစွာဖြင့် လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူ၏ ရွာက ကျင့်စဉ်ကြေး ဆက်မသွင်းပေးတော့သဖြင့် သူ့အတွက်တော့ ထိုလူသည် တန်ဖိုးမရှိတော့ပေ။ အထူးသဖြင့် တစ်ဖက်လူမှာ နှစ်နှစ်တိုင်တိုင် ဘာတိုးတက်မှုမှ မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ စကားအနည်းငယ်မျှသာ ပြောတတ်ပြီး ထုံထိုင်းဖျင်းအအကာ ဉာဏ်ရည်လည်းမမီသလို ပါရမီလည်း လုံးဝ မတွေ့ရပေ။
မြင်းတင်းကုပ်ကို အလကားနီးပါး ကူညီစောင့်ရှောက်ပေးနိုင်လျှင်တောင်မှ ဆက်ထားရန် မလိုအပ်တော့ပေ။
ထို့ကြောင့် သူက ကျန်းမန်ကို ပစ္စည်းကြိုသိမ်းခိုင်းခြင်းမှာ မည်သူ့ကိုမျှ ကွက်၍ နှိပ်ကွပ်ခြင်းမဟုတ်ဘဲ အမှန်တရားက ဤသို့သာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သံယောဇဉ်အကြောင်း ပြောရလျှင်လည်း ဘယ်သူ့အပေါ်လဲဆိုတာ ကြည့်ရဦးမည်။ ဤကဲ့သို့သောလူမျိုးကိုတော့ အမှန်တရားကို အသိပေးလိုက်ရုံဖြင့် လုံလောက်လှပြီ။
သို့သော် သူ့ကို အံ့ဩသွားစေသည်မှာ အမြဲတမ်း စကားနည်းပြီး အေးတိအေးစက် နေတတ်သော ထိုလူက သူ့ကို ယုံကြည်ချက်အပြည့်ရှိသော စကားတစ်ခွန်း ရုတ်တရက် ပြောလာခြင်းပင် ဖြစ်သည်။
အကောင်းပကတိ ပြန်ဖြစ်သွားတာလား။ အဝတ်အစားတွေလည်း နံမနေတော့ဘူး။
"မီးနင်းဝိညာဉ်မြင်း ဟုတ်လား"
ကျောက်လဲ့မင်က ကျန်းမန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ ကျင့်စဉ်ကြေးနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်ပါတယ်"
ကျန်းမန်က အလေးအနက် ခေါင်းညိတ်ပြပြီး ရိုးသားစွာ ပြောလိုက်သည်။
"ကျောင်းသားရဲ့ အရည်အချင်းနဲ့ဆိုရင် လဝက်အတွင်း ကျင့်စဉ်ကြေးကို သေချာပေါက် အပြည့် မသွင်းနိုင်ပါဘူး။ ဒါပေမယ့် ကျောင်းသားက ဆက်ပြီး ပညာသင်ချင်သေးတယ်၊ ဂိုဏ်းထဲဝင်ခွင့်ရအောင်လည်း ကြိုးစားချင်ပါသေးတယ်။ ဒါကြောင့် နည်းလမ်းတစ်ခုနဲ့ လဲလှယ်ဖို့ ဆုံးဖြတ်လိုက်တာပါ"
ထိုစကားကို ကြားရသောအခါ ကျောက်လဲ့မင် အနည်းငယ် အံ့ဩသွားသည်။
စကားအပြောအဆို စနစ်တကျ ရှိပုံအရ တကယ်ပဲ အကောင်းပကတိ ပြန်ဖြစ်သွားပုံရသည်။ တွေးခေါ်နိုင်စွမ်းတွေလည်း ပိုများလာပုံရတယ်။ မြင်းတင်းကုပ် အလုပ်အတွက် ရမယ့်အဖိုးအခကိုတော့ ဈေးတိုးတောင်းရမလို ဖြစ်နေပြီ။
သို့သော် သူက နှုတ်မှ မည်သည့်စကားမျှ မဆိုဘဲ သူ့ရှေ့ရှိလူကိုသာ ကြည့်ရင်း ဆက်ပြောရန် အချက်ပြလိုက်သည်။
ကျန်းမန်က အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ဆရာက မီးနင်းဝိညာဉ်မြင်းမှာ အားနည်းချိန် ရှိတတ်တာကို သိလား"
"သိတာပေါ့"
ကျောက်လဲ့မင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် အထူးကျွေးမွေးနည်းတစ်ခုကို သုံးပြီးတော့ အဲဒီအားနည်းချိန်ကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ်ဆိုတာကိုကော ဆရာသိလား"
ထိုစကားကို ကြားရသောအခါ ကျောက်လဲ့မင်၏ မျက်လုံးများ အနည်းငယ် မှိတ်သွားပြီး ပြောလိုက်သည်။
"ကြားတော့ ကြားဖူးတယ်၊ ဘာလဲ မင်းက တတ်လို့လား"
"သေချာတော့ မသိပါဘူး"
ကျန်းမန်က ခေါင်းခါရင်း ပြောလိုက်သည်။
"စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို တွေ့ဖူးရုံပဲ၊ ဒါပေမယ့် အရမ်း နက်နဲလွန်းလို့ အကုန်လုံးတော့ နားမလည်ဘူး၊ ဆရာ စမ်းကြည့်ချင်လား"
ကျန်းမန်၏ မရေမရာ ပြောဆိုမှုကြောင့် ကျောက်လဲ့မင်မှာ ပို၍ပင် ယုံကြည်သွားရသည်။ အကယ်၍ တတ်လှချည်ရဲ့ဟု ယုံကြည်ချက်အပြည့်ဖြင့် ဝန်ခံခဲ့လျှင် ပြဿနာက သေးမည်မဟုတ်ပေ။
အနည်းငယ် တွေဝေပြီးနောက် ကျောက်လဲ့မင်က မေးလိုက်သည်။
"ငါ့ကို ဘယ်တော့ ပေးမှာလဲ"
ဒီတစ်ကြိမ်တွင်တော့ ကျန်းမန် တိတ်ဆိတ်သွားမည့်အလှည့် ဖြစ်သည်။
ကျောက်လဲ့မင်က ဟားဟားရယ်ကာ ပြောလိုက်သည်။
"စက်တင်ဘာလအတွက် ကျင့်စဉ်ကြေးကို ငါ ကင်းလွတ်ခွင့်ပေးမယ်၊ အကယ်၍ ဒီနည်းလမ်းက တကယ်အသုံးဝင်ရင် နောက်နှစ် ဩဂုတ်လအထိ မင်း ကျင့်စဉ်ကြေး သွင်းစရာမလိုတော့ဘူး"
ကျန်းမန် ခေါင်းငုံ့လိုက်မိသည်။
တကယ်တော့ ဤလဲလှယ်မှုက မိမိအတွက် အလွန် နစ်နာလှသည်။ အကယ်၍ ဤနည်းလမ်းက အစစ်အမှန်သာဆိုလျှင် တန်ဖိုးဖြတ်မရနိုင်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။ တစ်နှစ်စာ ကျင့်စဉ်ကြေးနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါအံ့နည်း။
သို့သော် ယခုအချိန်တွင် သူနှင့် သူ့ရှေ့ရှိလူမှာ အဆင့်အတန်းချင်း မတူညီကြပေ။ မျှတသော လဲလှယ်မှုတစ်ခု ပြုလုပ်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။ ထို့ပြင် မိမိက အလွန် အားနည်းလွန်းသဖြင့် တစ်ယောက်တည်းနှင့် ဤကဲ့သို့သောအလုပ်ကို မလုပ်နိုင်ပေ။ ထိုအစား အန္တရာယ်ပြုရန် ချောင်းမြောင်းခြင်းကိုသာ ခံရပေလိမ့်မည်။
"မနက်ဖြန် ကျောင်းသား ဆရာ့ဆီ ယူလာခဲ့ပါမယ်"
ကျန်းမန်က ပြောလိုက်သည်။
ကျောက်လဲ့မင်သည် သူ့ရှေ့ရှိလူကို ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်ပြရုံသာ ပြုပြီး အခြားဘာမှ ဆက်မပြောတော့ပေ။
ခဏကြာပြီးနောက်…..
သူတို့နှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် ခြံဝင်းငယ်တစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာက ဆဋ္ဌမမြောက် ခြံဝင်းငယ်ပင် ဖြစ်သည်။
ထိုအချိန်တွင် ဖန်ယုံက အလယ်တည့်တည့်၌ ရပ်နေပြီး အခြားလူများက သူ့ကို ဝိုင်းကာ စကားပြောနေကြသည်။
"သခင်လေးဖန်၊ ဒီနေ့ ခင်ဗျား မီးနင်းဝိညာဉ်မြင်းကို စီးနေတာကို ကျွန်တော် မြင်လိုက်တယ်"
"ကျွန်တော်လည်း မြင်တယ်၊ အဲဒါ ခင်ဗျားဟာလား"
"သူငယ်ချင်းတစ်ယောက်ဟာပါ၊ သေချာ မွေးထားရဲ့လားဆိုတာကို ကူကြည့်ပေးဖို့ စီးလာတာ"
ဖန်ယုံက ပြုံးလျက် ပြောလိုက်သည်။
အခြားလူများမှာ အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
သေချာမွေးတတ်ရဲ့လားဟု ဆိုကတည်းက ၎င်းတို့၏ အိမ်တွင်လည်း ရှိနေသည်ဟု အလိုအလျောက် သက်သေပြနေခြင်း ဖြစ်သည်။ မဟုတ်ပါက ဤကဲ့သို့သော အတွေ့အကြုံမျိုး မည်သို့ ရှိနိုင်ပါအံ့နည်း။
ကျန်းမန် ကြားရသောအခါ အနည်းငယ် အံ့ဩသွားမိသည်။ ဖန်ယုံကလည်း သာမန်တော့ မဟုတ်ပေ။ ထိုစကားများကို မျက်နှာမပျက်ဘဲ ပြောနိုင်ပေသည်။
ကျန်းမန်သည် တိတ်ဆိတ်စွာဖြင့် နောက်ဆုံးအစွန်ဆုံးနေရာသို့ တိုးဝင်လိုက်သည်။
ကျောက်လဲ့မင် ဝင်လာသည်နှင့် တစ်ပြိုင်နက် အောက်တွင် ရှိနေသော အသံဗလံများ အားလုံး ကွယ်ပျောက်သွားတော့သည်။
ထို့နောက် သူက လူတိုင်းကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
"ဒီနှစ်အတွက် ကျင့်စဉ်ကြေး မသွင်းရသေးတဲ့လူတွေ အမြန်ဆုံး လာသွင်းကြပါ။ နောက်ပြီး မင်းတို့က အနောက်ခြံဝင်းကို ရောက်နေပြီဆိုတော့ နောက်နှစ် ဩဂုတ်လကျရင် စာမေးပွဲ ဖြေရတော့မယ်။ ဝူယွင်ဂိုဏ်းထဲ မဝင်နိုင်ရင်တော့ ကိုယ့်လမ်းကိုယ် ရှာကြရုံပဲ ရှိတော့တယ်"
ကျင့်စဉ်ကြေးအကြောင်း ပြောလိုက်သည်နှင့် လူတိုင်းက နောက်ဆုံးတွင် ရှိနေသော ကျန်းမန်ကို လှမ်းကြည့်လိုက်ကြသည်။
လူတိုင်းက ကျန်းမန်က ကျင့်စဉ်ကြေး ပေးရန် ကျန်နေခြင်းဖြစ်သည်ဟု ထင်မှတ်နေကြသည်။
ဤအခြေအနေက ကျန်းမန်ကို အံ့ဩသွားစေသည်၊ မိမိက ဆရာကျောက်နှင့် ခုလေးတင် သဘောတူညီမှု ရထားပြီးပြီဖြစ်ရာ တစ်ဖက်လူက အဘယ်ကြောင့် ထပ်မံ ပြောဆိုနေရသနည်း။ ကျင့်စဉ်ကြေး ပေးရန် ကျန်နေသူ အခြားတစ်ယောက် ရှိနေသေးပုံရသည်။
ထို့နောက် ကျောက်လဲ့မင်က ယနေ့အတွက် အရေးကြီးသောအချက်များကို စတင် ရှင်းပြတော့သည်။
သူက နတ်ခြေလှမ်း အကြောင်းကို ရှင်းပြခြင်း ဖြစ်သည်။ တန်ခိုးစွမ်းအား သုံးစွဲပုံ နည်းလမ်းပင် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ကျန်းမန်က ကျင့်ကြံခြင်း မပြုရသေးသဖြင့် နားထောင်ရုံသာ နားထောင်နိုင်ပြီး ကိုယ်တိုင် မစမ်းသပ်နိုင်ခြင်းပင် ဖြစ်သည်။
အတော်ကြာအောင် ရှင်းပြပြီးနောက် ကျောက်လဲ့မင်သည် ကျန်းမန် ရှိရာဘက်သို့ လျှောက်လာခဲ့သည်။
"မင်း အခြေခံချီကျင့်စဉ်နဲ့ ပတ်သက်ပြီး သိချင်တာ ရှိသေးလား"
ကျောက်လဲ့မင်က မေးလိုက်သည်။
ကျန်းမန် အနည်းငယ် အံ့ဩသွားရသည်၊ သီးသန့် အခွင့်အရေး ပေးတာလား။ အကျိုးအမြတ်တစ်ခု ပေးလိုက်သည်နှင့် မိမိဘက်ကလည်း အကျိုးကျေးဇူးတစ်ခုကို တကယ် ပြန်လည်ရရှိလာခဲ့ပြီ။
ထို့နောက် ကျောက်လဲ့မင်က ကျန်းမန်ကို အခြေခံချီကျင့်စဉ်အကြောင်း ရှင်းပြပေးခဲ့သည်။
ချီကျင့်စဉ်တွင် အမျိုးအစား နှစ်မျိုး ရှိသည်။
ပထမတစ်ခုမှာ အတွင်းကျင့်စဉ်ဖြစ်ပြီး ချီကျင့်စဉ်၏ အဆင့်ကို မြှင့်တင်ရခြင်း ဖြစ်သည်၊ ချီကျင့်စဉ်အဆင့် မြင့်မားလေ ကျင့်ကြံမှုနှုန်း မြန်ဆန်လေ ဖြစ်သည်။
ဒုတိယတစ်ခုမှာ အပြင်ကျင့်စဉ်ဖြစ်ပြီး ချီကျင့်စဉ်ကို သုံးကာ ပြင်ပမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရခြင်း ဖြစ်သည်၊ စုပ်ယူနိုင်မှု များပြားပြီး မြန်ဆန်လေ ကျင့်ကြံမှုအဆင့် တိုးတက်မှုက ပိုမိုများပြားကာ မြန်ဆန်လေ ဖြစ်သည်။
ယခု ကျန်းမန် လုပ်ဆောင်ရမည့်အရာမှာ အခြေခံချီကျင့်စဉ်ကို အရင်ဆုံး တတ်မြောက်အောင် လုပ်ရန် ဖြစ်သည်။ ဤသို့မှသာ ချီကျင့်စဉ်ကို သုံးပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။
သင်ကြားပြီးနောက် ကျောက်လဲ့မင် ထွက်ခွာသွားသည်။ ကျန်းမန်ကတော့ တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။
ချီကျင့်စဉ်သည် ခန္ဓာကိုယ်၏ လှုပ်ရှားမှုများကို သုံးကာ ကိုယ်တွင်းချီ စီးဆင်းမှုကို အထောက်အကူ ပြုရခြင်း ဖြစ်သည်။ လှုပ်ရှားမှု စတင်လိုက်ရုံမျှဖြင့် ဒန်တျန်အတွင်းရှိ ခရမ်းရောင်ချီက လိုက်ပါ လှုပ်ရှားလာကြောင်း ကျန်းမန် သတိပြုမိလိုက်သည်။
ကျန်းမန်က ချီကျင့်စဉ် လှုပ်ရှားမှု တစ်စုံကို အဆုံးထိ ပြုလုပ်ပြီးသွားသောအခါ ခရမ်းရောင်ချီသည်လည်း သွေးကြောများအတိုင်း တစ်ပတ် အပြည့် စီးဆင်းသွားပြီး နောက်ဆုံးတွင် ဒန်တျန်အတွင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် ကျန်းမန်သည် သွေးကြောများ ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အားနည်းသော ဝိညာဉ်စွမ်းအင်များ သွေးကြောထဲတွင် ပေါ်လာသည်။ ကိုယ်တွင်းချီကို တစ်ပတ်အပြည့် စီးဆင်းစေနိုင်ခြင်းက ချီကျင့်စဉ် အဆင့်တစ်၏ လက္ခဏာပင် ဖြစ်သည်။
ချီကျင့်စဉ်ကို ဒီလိုနဲ့ တတ်သွားတာလား။
ကျန်းမန် အနည်းငယ် အံ့ဩသွားမိသည်။
အရှင်းလင်းဆုံး အခြေခံချီကျင့်စဉ် ဖြစ်လင့်ကစား တစ်ခေါက်တည်းနှင့် တတ်မြောက်သွားခြင်းက တစ်ခုခု မှားယွင်းနေသလိုမျိုး မဟုတ်ပါလော။
ထို့နောက် ကျန်းမန်က ဆက်လက် ကျင့်ကြံနေခဲ့ရာ ကျင့်စဉ် ခရမ်းရောင်ချီကလည်း လိုက်ပါ လှုပ်ရှားလာသည်။ နှစ်ခေါက်ခန့် ကျင့်ကြံပြီးနောက် ကိုယ်တွင်းချီ စီးဆင်းမှုနှုန်းက ပိုမိုမြန်ဆန်လာပြီး သွေးကြောများပင် အနည်းငယ် ကျယ်ပြန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒါက ချီကျင့်စဉ် အဆင့်နှစ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ကျန်းမန် တိတ်ဆိတ်သွားသည်၊ တကယ်ကို မြန်ဆန်လွန်းလှသည်။ ခရမ်းရောင်ချီကြောင့်များလား။
ကျန်းမန် မသေချာသဖြင့် အနည်းငယ် တွေဝေပြီးနောက် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် ချီကျင့်စဉ်ကို စတင် အသုံးပြုလိုက်သည်။ ခရမ်းရောင်ချီကို လှုံ့ဆော်နိုင်မလားဆိုတာကို ကြည့်ရန် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် အပြင်ကျင့်စဉ်ကို ကျင့်ကြံကာ ပြင်ပမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်း ဖြစ်သည်။ သို့သော် ခရမ်းရောင်ချီက လှုပ်ရှားမလာဘဲ ဒန်တျန်အတွင်းရှိ အနာအဆာကင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးကို စတင် စုပ်ယူလာခဲ့သည်။
သို့သော် ရလဒ်ကတော့ စိတ်တိုင်းကျစရာ မရှိပေ။
အကယ်၍ ချီကျင့်စဉ် အဆင့်တစ်ကို ရေစုဆောင်းသည့် ဘူးသီးခြောက်ဘူးကြီးတစ်ခုအဖြစ် သတ်မှတ်လျှင် ယခု ကျင့်ကြံမှုက ဘူးသီးခြောက်ဘူး၏ မျက်နှာပြင်ပေါ်တွင် မြူနှင်းအချို့ ဖြစ်ပေါ်ရုံမျှသာ ရှိပြီး ဘူးကိုပင် မဖွင့်နိုင်သေးချေ။ ထို့ပြင် ဘူးသီးခြောက်ဘူးတစ်ခုလုံး ရေအပြည့်ဖြည့်ရန်အတွက် အချိန်များစွာ လိုအပ်ပေလိမ့်မည်。
ချီကျင့်စဉ်၏ အဆင့်က အလွန် နိမ့်ကျလွန်းနေသေးသဖြင့် ချီကျင့်စဉ် အဆင့်တစ်ထဲသို့ပင် မဝင်ရောက်နိုင်သေးချေ။ ဆေးလုံး၏ အကူအညီ ရှိနေလင့်ကစား တိုးတက်မှုနှုန်းက မမြန်ဆန်လှပေ။
ထို့နောက် ကျန်းမန်သည် အခြေခံချီကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေခဲ့သည်။ မနက်ခင်းတစ်ခုလုံး ကျင့်ကြံခြင်းကို မရပ်မနား ပြုလုပ်ခဲ့သည်။
ရရှိလာသော အကျိုးကျေးဇူးကလည်း ထူးခြားဆန်းပြားလှသည်။
လေးခေါက် ကျင့်ကြံပြီးနောက် ချီကျင့်စဉ်က အဆင့်သုံးသို့ ရောက်ရှိသွားသည်။
နောက်ထပ် ရှစ်ခေါက် ကျင့်ကြံပြီးနောက် ချီကျင့်စဉ်က အဆင့်လေးသို့ ရောက်ရှိသွားသည်။
နောက်ထပ် တစ်ဆယ့်ခြောက်ခေါက် ကျင့်ကြံပြီးနောက်တွင်တော့ ချီကျင့်စဉ်က အဆင့်ငါးသို့ ရောက်ရှိသွားတော့သည်။
မွန်းတည့်ချိန် ရောက်ရုံမျှသာ ရှိသေးသည်။
ဤအချိန်တွင်မှ ယနေ့အတွက် သင်ကြားပြသမှု ပြီးဆုံးသွားခြင်း ဖြစ်ပြီး မွန်းလွဲပိုင်းကတော့ ကိုယ်ပိုင်ကျင့်ကြံရမည့် အချိန်ဖြစ်သည်။ မနက်ခင်းတစ်ခုတည်းနှင့် ချီကျင့်စဉ် အဆင့်ငါးသို့ ရောက်ရှိသွားခြင်းက မည်မျှအထိ မြင့်မားသောအဆင့် ဖြစ်သနည်း။
ဤအချိန်တွင် လူများမှာ အကုန်နီးပါး ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျန်းမန်လည်း အစားအသောက်တစ်ခုခု လုပ်စားရန် ပြန်ဖို့ ပြင်လိုက်သည်။
အခြေခံချီကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနိုင်ရန် ဖြစ်ပြီး ချီကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ ရောက်အောင် လုပ်ရန် အချိန်မည်မျှ ယူရမည်ကို စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။ အခြေခံချီကျင့်စဉ်တွင် စုစုပေါင်း ကိုးဆင့် ရှိရာ ယခု နေ့ဝက်အတွင်း ငါးဆင့်အထိ ရောက်သွားပြီဖြစ်သဖြင့် ကျန်ရှိသော လေးဆင့်အတွက် အချိန်အများကြီး လိုအပ်မည် မဟုတ်ပေ။
သို့သော် သူ ပြန်မည့်အချိန်တွင် ဖန်ယုံက သူ့ကို လမ်းပိတ် တားဆီးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ကျန်းမန်က မေးလိုက်သည်။
တကယ်တော့ သူတို့မှာ ခြံဝင်းတစ်ခုတည်းတွင် အတူနေကြလင့်ကစား နှစ်နှစ်တိုင်တိုင် တစ်ခါမျှ စကားမပြောဖူးကြပေ။
"မင်း နည်းနည်းလောက် လည်လည်ဝယ်ဝယ် ရှိဖို့ မျှော်လင့်တယ်၊ မပြောသင့်တဲ့စကားတွေကို လျှောက်မပြောနဲ့"
ဖန်ယုံက ကျန်းမန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းလိုလူမျိုးက ဘာအနာဂတ်မှ မရှိဘူး၊ ငါကတော့ ဝူယွင်ဂိုဏ်းရဲ့ စာမေးပွဲကို ဖြေဆိုခွင့်ရမယ့်လူ၊ ငါ့ကို ရန်စမိရင် မင်းအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး"
"ငါ့မှာ အရည်အချင်း မရှိလို့လား"
ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်း ဟုတ်လား"
ဖန်ယုံက လှောင်ပြောင် သရော်လျက် ပြောလိုက်သည်။
"မင်းမှာ ကျင့်စဉ်ကြေး မရှိတာကို ထားလိုက်ဦး၊ ရှိနေရင်တောင်မှ လူတိုင်းမှာ အရည်အချင်း ရှိတယ်လို့ မင်းထင်နေတာလား။ ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာ စာမေးပွဲ ဖြေဆိုခွင့် နေရာက နှစ်နေရာပဲ ရှိတာ၊ ပြီးတော့ အဲဒီနေရာတွေကို ဒီဇင်ဘာလကျရင် သတ်မှတ်တော့မှာ။ မင်းအလှည့် ရောက်လာပါ့မလား"