အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခြင်းကို စောင့်ကြည့်ရမည်
ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်လာသော လူများမှာ ပို၍များပြားလာသည်။
ဖန်ယုံသည် ထပ်မံ၍ လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာပြန်ပြီး အားလုံး၏ မြှောက်ပင့်ခံနေရသည်။ ဤသို့ဖြင့် ကျန်းမန်သည် ဆဋ္ဌမမြောက် ခြံဝင်းငယ်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
မကြာမီပင် ကျောက်လဲ့မင် ရောက်ရှိလာသည်။
ဝင်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာထား တင်းတင်းဖြင့် အောက်ရှိလူများကို အမိန့်ပေးလိုက်သည်။
"အဆင့်အတိုင်း တန်းစီကြ"
လူတိုင်းက ကိုယ့်နေရာကို စတင် ပြင်ဆင်ကြသည်။
နှစ်တန်း ခွဲလိုက်သည်။
ကျန်းမန်ကတော့ ဘာလှုပ်ရှားမှုမှ မလုပ်ပေ။
အဘယ်ကြောင့်ဆိုသော် သူက နောက်ဆုံးအဆင့်တွင် ရှိနေသောကြောင့်ဖြစ်သည်။
မကြာမီ သူ၏ ဘေးတွင် အမျိုးသားတစ်ယောက် လာရပ်သည်။ ကိုယ်လုံးကိုယ်ပေါက်က အတော်လေး ဝဖြိုးသည်။ ထိုအရာက ကျန်းမန်ကို အတော်လေး အားကျစေသည်။ ဒီလောက်ဝအောင် ဘယ်လောက်တောင် စားရပါ့မလဲ။ မိသားစုက သေချာပေါက် ချမ်းသာလိမ့်မည်။
"ကျန်းမန်၊ မင်းရှိနေလို့ တော်သေးတယ်။ မဟုတ်ရင် ငါပဲ နောက်ဆုံးဖြစ်တော့မှာ၊ ငါ့အိမ်က လူတွေက ငါ့ကို လွှတ်ထားမှာ မဟုတ်ဘူး"
တစ်ဖက်လူက ပြုံးရွှင်စွာဖြင့် ပြောလိုက်ပြီး ဝမ်းသာအားရ ဖြစ်နေသည်။ ခဏရပ်ပြီးနောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်းဆီက အနံ့ဆိုးတွေ မထွက်တော့ဘူးပဲ"
ထိုသူမှာ ကောင်းယောင် အမည်ရသော ဖက်တီးလေး တစ်ဦးဖြစ်ပြီး ကျန်းမန်ကဲ့သို့ပင် နောက်ဆုံးအဆင့်၌ ရှိနေသူ ဖြစ်သည်။
ကျန်းမန်က ယခင်က နည်းနည်း ထုံထိုင်းဖျင်းအသောကြောင့် ဖြစ်ပြီး၊ တစ်ဖက်လူကတော့ ကျင့်ကြံဖို့ စိတ်မဝင်စားခြင်းနှင့် ပါရမီ အကန့်အသတ်ရှိခြင်းကြောင့် ဖြစ်သည်။
"ဒီနေ့ ဘာလုပ်ရမှာလဲ" ကျန်းမန်က မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖက်တီးလေးက ကျန်းမန်ကို အံ့ဩစွာ ကြည့်လိုက်သည်။
"မင်းကတောင် စိတ်ဝင်စားနေတာလား… အရင်က မင်း တစ်စက်လေးတောင် စိတ်ဝင်စားတာ မဟုတ်ဘူးလေ။"
ကျန်းမန်က ဆင်ခြေပေးဖို့ အချိန်မရခင်မှာပင် ဖက်တီးလေးက ဆက်ပြောလိုက်သည်။
"စက်တင်ဘာလကို ရောက်တော့မယ်ဆိုတော့၊ ဒုတိယနှစ်ဝက်အတွက် ကျင့်ကြံရေး အစီအစဉ်တွေ ဆွဲပေးတော့မှာ။ ပြီးတော့ ဝူယွင်ဂိုဏ်းရဲ့ စာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဘယ်သူတွေရမလဲ ဆိုတာကိုလည်း တစ်ခါတည်း ကြည့်ရမှာ။ ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာ နေရာနှစ်နေရာ ရှိတယ်။ သေချာပေါက် ဖန်ယုံနဲ့ လော်ရွှမ်ပဲ ဖြစ်မှာ။"
ပြောရင်းဖြင့် သူသည် ရှေ့ဆုံးတွင် ရပ်နေသော လူနှစ်ယောက်ကို အားကျဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျန်းမန်လည်း တစ်ဖက်လူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။
တစ်ယောက်ကတော့ စိတ်ဓာတ်တက်ကြွနေသော ဖန်ယုံ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ လူ့လောကနှင့် မသက်ဆိုင်သည့်အလား ငြိမ်သက်နေသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ရုပ်ရည်က ချောမောလှပပြီး၊ ဝတ်ဆင်ထားသော အဝတ်အစားများက အဆင့်အတန်းမြင့်မားကာ ရွာများမှ ဆင်းသက်လာသူ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ ထို့ကြောင့် သူမက ပထမရနေခြင်းမှာလည်း သဘာဝကျပေသည်။
မိသားစုက ချမ်းသာပြီး အရင်းအမြစ်များ အလုံအလောက် ရှိသည်။ ထိုအချက်နှင့်ပင် ထက်ဝက်ကျော် အနိုင်ရနေပြီဖြစ်သည်။ အနည်းငယ် ကြိုးစားပြီး ပါရမီလေးလည်း ရှိမည်ဆိုပါက သူတို့လို ရွာမှလာသူများကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။
လိုက်မီချင်ပါက နှစ်ဆလောက် ပိုကြိုးစားရမည့်အပြင်၊ ထူးချွန်သော ပါရမီလည်း လိုအပ်ပေမည်။ သို့သော် ထိုကဲ့သို့သော လူမျိုးမှာ လက်ချိုးရေတွက်၍ ရလောက်အောင် ရှားပါးလှသည်။
"ဒါပေမယ့် ဒါတွေက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး။ နောက်ဆုံးနဲ့ နောက်ဆုံးမတိုင်ခင် အဆင့်ဆိုတော့ စာမေးပွဲကို ဝင်ခွင့်မရဘူး ကျင့်ကြံရေး အစီအစဉ်တောင် မရဘူး"
ဖက်တီးလေးက ပြောလိုက်သည်။
ထိုစကားတစ်ခွန်းက ကျန်းမန်ကို အကြီးအကျယ် ရှော့ခ်ရသွားစေသည်။
ပြိုင်ဆိုင်ခွင့်တောင် မရှိဘူးလား။
ကံကောင်းစွာဖြင့် ဆရာကျောက်နှင့် သဘောတူညီမှု လုပ်ထားခဲ့သဖြင့် အခွင့်အရေး ရှိနိုင်သေးသည်။
ကျန်းမန်က သူ၏ အဆင့်ကို သေချာ စစ်ဆေးကြည့်လိုက်ရာ အဆင့် နှစ်ဆယ့်ခြောက်တွင် ဖြစ်သည်။ ခြံဝင်းငယ်ထဲတွင် နောက်ဆုံးအဆင့် ဖြစ်သည်။ ဖက်တီးလေးက အဆင့် နှစ်ဆယ့်ငါး၊ အနောက်မှ ရေလျှင် ဒုတိယအဆင့် ဖြစ်သည်။ သူ့ကို နောက်ဆုံးအဆင့်အဖြစ် နေရာယူပေးခဲ့သော ကျန်းမန်ကို သူ အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။
"ငါတို့ အမြဲတမ်း အတူတူ နေကြမယ်၊ နောက်ပိုင်း ငါအိမ်ပြန်ရင် အရိုက်ခံရတာ သက်သာဖို့ မင်းကိုပဲ အားကိုးရတော့မယ်"
ဖက်တီးလေးက ကျန်းမန်ကို အလေးအနက် ပြောလိုက်သည်။
ကျန်းမန်: "..."
ငါတို့ရဲ့ ခင်မင်မှုကတော့ အဆုံးသတ်တော့မယ် ထင်တယ်။
"ကိုယ့်အဆင့်ကိုယ် သိကြလောက်ပြီ ထင်တယ်။ ဝင်ခွင့်ကို လုချင်ရင် သုံးလကျော် အချိန်ရသေးတယ်။ ဒီဇင်ဘာလကျရင် တရားဝင် စာရင်းထွက်မယ်။ အဲဒီအချိန်ကျရင် ပြောင်းလဲလို့ မရတော့ဘူး။ ဝင်ခွင့်ရထားတဲ့သူ သေသွားရင်တောင် နေရာကို အစားထိုးပေးမှာ မဟုတ်ဘူး။ ဒါကြောင့် နောက်ဆုံး လအနည်းငယ်မှာ ကြိုးစားသင့်ရင် ကြိုးစားရမယ်၊ အသက်စွန့်သင့်ရင် အသက်စွန့်ရမယ်။ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်ပိုင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီလိုအခွင့်အရေးမျိုး ပြန်ရမှာ မဟုတ်တော့ဘူး။ မင်းတို့ သေချာ စဉ်းစားကြပါ"
ထို့နောက် ဆရာကျောက်က တစ်ယောက်ချင်းစီကို စာရွက်တစ်ရွက်စီ ဝေပေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် အဆင့်အလိုက် အားသာချက် အားနည်းချက်များကို ရေးသားထားသည်။ ထို့နောက် သူက ကျန်းမန်နှင့် ဖက်တီးလေးတို့ ရှေ့သို့ ရောက်လာသည်။
ကျန်းမန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် သူက တည်ငြိမ်စွာဖြင့် "မင်းတို့ ငါ့နောက်လိုက်ခဲ့" ဟု ပြောလိုက်သည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ အချို့က သိချင်စိတ် ဖြစ်သွားကြသော်လည်း များများစားစားတော့ မတွေးကြပေ။
ကျောက်လဲ့မင်က ကျန်းမန်ကို အရင်ဆုံး သီးသန့် ခေါ်တွေ့လိုက်သည်။
"ဒီနေ့ အခြေအနေကို မင်း နားလည်တယ်မဟုတ်လား"
အခန်းထဲရှိ စာကြည့်စားပွဲရှေ့တွင် ထိုင်ရင်း သူက မေးလိုက်သည်။
ကျန်းမန်က ရိုသေစွာ အရိုအသေပေးလိုက်ပြီး "နားလည်ပါတယ်" ဟု ဖြေလိုက်သည်။
"ဘာအကြံအစည် ရှိသေးလဲ"
ကျောက်လဲ့မင်က စာအုပ်တစ်အုပ်ကို အမှတ်တမဲ့ ကောက်ကိုင်ရင်း မေးလိုက်သည်။
ကျန်းမန်က အနည်းငယ် စဉ်းစားလိုက်ပြီး ရိုးသားစွာ ဖြေလိုက်သည်။
"ကျွန်တော်လည်း စာမေးပွဲ ဝင်ခွင့်ကို ကြိုးစားချင်ပါတယ်။"
ကျောက်လဲ့မင်က မျက်ခုံးပင့်ကာ ကျန်းမန်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ချင်းယွင်ဆောင်ရဲ့ စည်းမျဉ်းတွေအရဆိုရင် မင်းက စာမေးပွဲ ဝင်ခွင့်ကို ယှဉ်ပြိုင်ခွင့် မရှိဘူး။"
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသဖြင့် မိမိထုတ်ပေးမည့် အရာက အသုံးဝင်မဝင် ဆိုသည့်အပေါ် မူတည်ကြောင်း ကျန်းမန် နားလည်လိုက်သည်။ အသုံးမဝင်လျှင် စည်းမျဉ်းက စည်းမျဉ်းအတိုင်းသာ ဖြစ်မည်။ အသုံးဝင်လျှင်တော့ စည်းမျဉ်းဆိုတာ လူလုပ်ထားခြင်းသာ ဖြစ်သွားမည်။
ထို့နောက် ကျန်းမန်သည် ရင်ဘတ်ထဲတွင် ဝှက်ထားသော ပစ္စည်းကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်ကာ တစ်ဖက်လူရှေ့သို့ တွန်းပို့ပေးလိုက်သည်။
ကျောက်လဲ့မင်က ထိုစာအုပ်ကို ဖြည်းညင်းစွာ ကောက်ယူလိုက်သည်။ ခဏကြာပြီးနောက် စာအုပ်ကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သူက ပြောလိုက်သည်။
"ချင်းယွင်ဆောင်ရဲ့ စည်းမျဉ်းတွေအရ မင်းတို့မှာ ယှဉ်ပြိုင်ခွင့် မရှိတာ အမှန်ပဲ။ ဒါပေမယ့် စည်းမျဉ်းဆိုတာက သေနေတာလေ။ စည်းမျဉ်းကြောင့် မင်းတို့ရဲ့ ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိုက်မယ်ဆိုရင်တော့ သိပ်ပြီး လူမဆန်ရာ ကျသွားလိမ့်မယ်။ မင်းတို့ ကျင့်ကြံရတာ ခက်ခဲတာရယ်၊ နောက်ဆုံးနေရာကို ယှဉ်ပြိုင်ချင်တဲ့ စိတ်ဆန္ဒ ရှိနေတာရယ်ကြောင့် မင်းတို့အတွက် အထူးကင်းလွတ်ခွင့် ပေးလိုက်မယ်။ ကင်းလွတ်ခွင့်တော့ ပေးလိုက်ပြီ၊ ဒါပေမယ့် မင်း ပါဝင်ယှဉ်ပြိုင်ချင် မချင် ဆိုတာကိုတော့ မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ပါဝင်မယ်ဆိုရင်တော့ ဆဋ္ဌမမြောက် ခြံဝင်းငယ်ရဲ့ အစီအစဉ်အတိုင်း နေ့စဉ် ကျင့်ကြံရေး စာမေးပွဲတွေကို ဖြေဆိုရမယ်။"
ထိုစကားကို ကြားသောအခါ ကျန်းမန်က ချက်ချင်းပင် "ကျွန်တော် ပါဝင်ချင်ပါတယ်" ဟု ဖြေလိုက်သည်။
ထို့နောက် ကျောက်လဲ့မင်သည် ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဖက်တီးလေး ကောင်းယောင်ကို သီးသန့် တွေ့ဆုံလိုက်သည်။
မကြာမီပင် ကောင်းယောင်သည် မျက်နှာငယ်လေးဖြင့် ထွက်လာခဲ့သည်။ ကျန်းမန်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး "အတူတူ လက်လျှော့ကြမယ်လို့ ပြောထားပြီးတော့၊ မင်းက ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ။ ဒါပေမယ့် ငါ့ပါရမီက မင်းထက် ပိုမြင့်တော့၊ နောက်ဆုံးအဆင့်ကတော့ မင်းပဲ ဖြစ်မှာပါ" ဟု ပြောလိုက်သည်။
အပြင်သို့ ထွက်လာချိန်တွင် သူတို့နှစ်ယောက်စလုံး၏ လက်ထဲတွင် စာရွက်တစ်ရွက်စီ ပါလာသည်။ ထိုစာရွက်ပေါ်တွင် သူတို့၏ အခြေအနေများကို ရေးသားထားသည်။
ကျန်းမန်၏ စာရွက်ပေါ်တွင်တော့ အလွန်ရိုးရှင်းသော အချက်အလက်များသာ ပါဝင်သည်။
ဩဂုတ်လ ၁၇ ရက်
ယွင်ချန်ဌာန - ချင်းယွင်ဆောင်
အနောက်ခြံဝင်း - ဆဋ္ဌမမြောက် ခြံဝင်းငယ်
အမည် - ကျန်းမန်
အဆင့် - ၂၆ (စုစုပေါင်း ၂၆ ယောက်)
ကျင့်ကြံမှုအဆင့် - မရှိ
ကျင့်စဉ်အဆင့် - မရှိ
ရရှိသော အရင်းအမြစ် - အခြေခံချီကျင့်စဉ်၊ နတ်ခြေလှမ်း
အစီအစဉ် - နေ့စဉ် ချီကျင့်စဉ် အကြိမ် ၃၀ ကျင့်ကြံရန်
ရမှတ် - ဝ
မှတ်ချက် - တိုးတက်ရန် လိုအပ်သေးသည်။
အကြိမ် ၃၀ တည်းလား……လူကို နည်းနည်း အထင်သေးလွန်းနေပြီ။ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားလောက်တောင် မစွမ်းဘူးဟု ကျန်းမန် စိတ်ထဲတွင် ညည်းတွားလိုက်သည်။
ထိုအချိန်တွင် ကောင်းယောင်က ကျန်းမန်၏ မှတ်ချက်ကို ခိုးကြည့်လိုက်ပြီး မကျေမနပ်ဖြင့် "မင်းရဲ့ မှတ်ချက်က ဘာလို့ 'တိုးတက်ရန် လိုအပ်သေးသည်' လို့ ရေးထားပြီး ငါ့ကျတော့ ဘာလို့ 'လူ့အန္ဓ' လို့ ရေးထားရတာလဲ" ဟု မေးလိုက်သည်။
ကျန်းမန်: "..."
ငါက ပစ္စည်းလေး ဘာလေး လာဘ်ထိုးထားလို့ နေမှာပေါ့။
သူတို့နှစ်ယောက် ခြံဝင်းထဲသို့ ပြန်ရောက်သည်နှင့် အခြားလူများက သူတို့ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့လက်ထဲရှိ စာရွက်များကို မြင်လိုက်ရသောအခါ အားလုံး အံ့ဩသွားကြသည်။ ဒီနောက်ဆုံးအဆင့် လူနှစ်ယောက်ကတောင် စာမေးပွဲ ဝင်ခွင့်ကို ယှဉ်ပြိုင်ကြတော့မယ်လို့ မထင်ထားခဲ့ကြပေ။
ဖက်တီးလေးက အနည်းငယ် ရှက်သွားသည်။
"သူတို့ ငါတို့ကို လှောင်နေတယ်လို့ ငါခံစားရတယ်"
ကောင်းယောင်က ကျန်းမန်ကို တိုးတိုးလေး ပြောလိုက်သည်။
မင်း ခံစားရတာ မမှားပါဘူးဟု ကျန်းမန် စိတ်ထဲမှ ဖြေလိုက်သည်။ သို့သော် သူက ဂရုမစိုက်ပေ။
စာကလေးတွေက ရွှေလင်းတရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ မကြာခင်မှာပဲ သူတို့တွေက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာကို စောင့်ကြည့်ရတော့မှာပဲ။
သို့သော် မကြာမီပင် အားလုံး စတင် ကျင့်ကြံကြတော့သည်။ ဤအချိန်တွင် အခြားသူများ၏ ကိစ္စများကို စိတ်အာရုံလွှဲနေမည်ဆိုပါက ကောင်းမွန်သော အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ ဖန်ယုံနှင့် လော်ရွှမ်တို့က နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်သည်ကို တွေ့ရမည် ဖြစ်သည်။
ထို့နောက် ကျန်းမန်လည်း စတင် ကျင့်ကြံတော့သည်။ သူက ချီကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်သည်။
ဘယ်တော့ အဆင့်ကိုး ရောက်မလဲဆိုတာကို အရင် ကြည့်ရဦးမည်။ အဆင့်ကိုး ရောက်ပြီးမှ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်မည်။ ဤနည်းလမ်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
သို့သော် သူသည် ဖက်တီးလေး၏ စာရွက်ကိုလည်း တစ်ချက် ကြည့်လိုက်သေးသည်။
ကျင့်ကြံမှုအဆင့် - ချီကျင့်စဉ် အဆင့်တစ်။
ဒီတော့ တစ်တန်းလုံးမှာ သူတစ်ယောက်တည်းကသာ သာမန်လူ ဖြစ်နေတာပေါ့။
"ငါတို့နှစ်ယောက်စလုံး အစီအစဉ်အတိုင်း လုပ်သွားမယ်ဆိုရင်၊ နောက်လ စာမေးပွဲပြီးလို့ စာရွက်အသစ်တွေ ထုတ်ပေးတဲ့အခါ နောက်ဆုံးအဆင့်က မင်းပဲ သေချာပေါက် ဖြစ်မှာပါ"
ဖက်တီးလေးက ပြုံးလျက် ပြောလိုက်သည်။
ကျန်းမန်က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ထို့နောက် သူသည် ချီကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။ အကြိမ်သုံးဆယ်ဆိုသည်မှာ လုံးဝ မလုံလောက်ပေ။ သူက အကြိမ်တစ်ရာ ကျင့်ကြံပြီးမှသာ ပြန်မည်ဖြစ်သည်။