အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ
ကျင့်ကြံနေချိန်တွင် လူတိုင်းက အာရုံစိုက်နေကြသည်။ ရခဲလှသော အခွင့်အရေးဖြစ်သဖြင့် တိုးတက်မှုကို မည်သူမှ ရပ်တန့်ချင်မည် မဟုတ်ပေ။
ဖက်တီးလေးပင်လျှင် ပေါ့တီးပေါ့ဆ မလုပ်ရဲပေ။ မိမိ၏ ပါရမီက ညံ့ဖျင်းချင် ညံ့ဖျင်းမည်ဖြစ်သော်လည်း ဆရာကျောက် ချမှတ်ပေးသော အစီအစဉ်ကိုတော့ မဖြစ်မနေ ပြီးမြောက်အောင် လုပ်ရမည်ဟု သူက ယူဆထားသည်။ မဟုတ်ပါက အိမ်ပြန်ရောက်လျှင် အဖြေပေးစရာ မရှိဖြစ်လိမ့်မည်။
ကျန်းမန်ကတော့ အတော်လေး အံ့ဩမိသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် ဖက်တီးလေးသည် အမှိုက်တစ်စလို နေလိုသည့် စိတ်ဓာတ်ကို မည်သို့ ထိန်းသိမ်းထားနိုင်သနည်း။
ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး ဂိုဏ်းထဲဝင်ခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။ အရင်းအမြစ်တွေ ရှိနေမှတော့ ပိုပြီး ကြိုးစားသင့်တာ မဟုတ်ဘူးလား။
ကျန်းမန်က အကြံဉာဏ်ပေးခြင်းမျိုး မလုပ်ဘဲ ခေါင်းငုံ့ကာသာ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့သည်။ ချီကျင့်စဉ်ကို တစ်ခေါက်ပြီးတစ်ခေါက် ထပ်ခါတလဲလဲ ကျင့်ကြံနေခဲ့သည်။
ဆယ်ခေါက် ကျင့်ကြံပြီးနောက် ဖက်တီးလေးက အနားယူချင်လာသည်။ သို့သော် နောက်ဆုံးအဆင့်က လူကတောင် ဆက်ပြီး ကျင့်ကြံနေသေးတာကို မြင်လိုက်ရတော့၊ ဒုတိယ နောက်ဆုံးအဆင့်ဖြစ်တဲ့ သူက ဘယ်လိုလုပ် ရပ်လို့ဖြစ်မလဲ။
အကြိမ် နှစ်ဆယ် ကျင့်ကြံပြီးနောက်။
ဖက်တီးလေးက ချွေးသံတရွဲရွဲဖြင့် ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ကျန်း နည်းနည်းလောက် နားရအောင်၊ အလုပ်လုပ်တာနဲ့ အနားယူတာကို မျှတအောင် လုပ်မှပေါ့"
ကျန်းမန်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ ဆက်လုပ်နေသည်။
ဖက်တီးလေးက သွားကြိတ်ကာ ဆက်လုပ်ရပြန်သည်။
အကြိမ် သုံးဆယ် ကျင့်ကြံပြီးနောက်……ဖက်တီးလေးက မောဟိုက်နေပြီ ဖြစ်သည်။
"ရှောင်ကျန်း ပြီးသွားပြီ၊ အခု နားလို့ ရပြီမလား"
ကျန်းမန်က လှောင်ပြောင်သရော်လိုက်ပြီး ဆက်လက် ကျင့်ကြံနေပြန်သည်။
ဖက်တီးလေးက ဒေါသတကြီးဖြင့် ဆက်လုပ်ရပြန်သည်။
အကြိမ် လေးဆယ် ကျင့်ကြံပြီးနောက် ဖက်တီးလေးက မျက်ရည်များပင် ကျလာသည်။
"အစ်ကိုကျန်း တော်လောက်ပြီ မဟုတ်လား"
ကျန်းမန်က လုံးဝ ဂရုမစိုက်ပေ။
ထိုအချိန်တွင် အခြားသူများ၏ အစီအစဉ်များလည်း အသီးသီး ပြီးဆုံးသွားကြပြီ ဖြစ်သည်။ သို့သော် ပြီးဆုံးသွားသူများက အစောကြီးကတည်းက ထွက်သွားသင့်သည့် နောက်ဆုံးအဆင့်နှင့် ဒုတိယ နောက်ဆုံးအဆင့် လူနှစ်ယောက်က ဆက်လက် ကျင့်ကြံနေသေးသည်ကို မြင်သောအခါ အားလုံး ကြက်သေသေသွားကြသည်။
သူတို့ အမှတ်စဉ် ရေတွက်တာ မှားသွားလို့လား။ အစီအစဉ် မပြီးသေးလို့လား။
သို့သော် တစ်ခေါက်ပြီးတစ်ခေါက် ကျင့်ကြံနေသည်ကို မြင်ရသောအခါ သူတို့ သဘောပေါက်သွားကြသည်။ နောက်ဆုံးအဆင့်နှင့် ဒုတိယ နောက်ဆုံးအဆင့်တို့က အားစိုက်နေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဖန်ယုံပင် သတိပြုမိသွားသည်။ သူ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ နောက်ဆုံးနှစ်ယောက်က ဘာတွေ လုပ်နေကြတာလဲ။
အခြားလူများလည်း အနည်းငယ် မကျေမနပ် ဖြစ်လာကြသည်။ မင်းတို့ ဘာဖြစ်နေကြတာလဲ။ ဒီအချိန်ကြီးကျမှ ဘယ်သူ့ကို ကြိုးစားပြနေတာလဲ။
သို့သော် သူတို့က ပထမဆုံး ထွက်သွားသူတော့ မဖြစ်ချင်ကြပေ။ ဖန်ယုံက ဘာမှမပြောပေ၊ သူက ရှုံးနိမ့်လို့ ရကောင်းရမည်ဖြစ်သော်လည်း ထိုလူများကိုတော့ အရှုံးမပေးနိုင်ပေ။
နေဝင်ရီတရောအချိန် ရောက်သည်အထိ ကျင့်ကြံနေခဲ့သော လော်ရွှမ်က ရပ်တန့်လိုက်ပြီး ခြံဝင်းငယ်ထဲမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ မိုးချုပ်တော့မည်ဖြစ်ရာ ပြန်ရတော့မည် ဖြစ်သည်။ ထိုအခါမှသာ အခြားလူများလည်း သက်ပြင်းချနိုင်သွားကြသည်။ တင်းကျပ်နေသော အခြေအနေကြီးက နောက်ဆုံးတော့ ပြိုကွဲသွားပြီး အားလုံး ထွက်ခွာသွားကြသည်။
တစ်ယောက်က ပြောလိုက်သည်။
"သူတို့က အခြေခံအရမ်းညံ့တော့ ရမ်းသန်းလုပ်ဖို့ လိုအပ်တာလေ။ ငါတို့မှာက အစီအစဉ်ရှိပြီးသား၊ ကမောက်ကမဖြစ်အောင် အလုပ်ခံလို့ မဖြစ်ဘူး"
ထိုစကားကို ကြားသောအခါ အခြားလူများလည်း ခေါင်းညိတ် ထောက်ခံကြသည်။
"ဟုတ်တယ် လိုက်လုပ်စရာ မလိုဘူး သူတို့နဲ့ ငါတို့က မတူဘူးလေ။ အဆင့်အတန်းချင်းမှ မတူတာ။ မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်သင့်တယ်။ သူတို့က နှစ်နှစ်တောင် အချိန်ဖြုန်းခဲ့ပြီးတော့ အခုမှ ရုတ်တရက် ထကြိုးစားနေတာပဲ"
အခြားလူများလည်း သဘောတူလိုက်ကြသည်။ နောက်ဆိုရင် ဒီလိုမျိုး လုံးဝ အဖြစ်မခံတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်...
လွတ်မသွားသေးသော နောက်ဆုံး နှစ်ယောက်ကို ကြည့်ရင်း သူတို့ ဒေါသထွက်လာကြသည်။ ထပ်လာပြန်ပြီလား။
နေ့ဝက်လောက် စောင့်ကြည့်နေတာတောင်၊ တစ်ယောက်မှ မထွက်သွားကြဘူး။ မနေ့က မထိခိုက်စေရပါဘူး၊ ကိုယ့်အစီအစဉ်အတိုင်း ကိုယ်လုပ်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့တဲ့လူတွေ ဘယ်ရောက်သွားကြပြီလဲ။
နေဝင်ရီတရောအချိန်အထိပင်……..
လော်ရွှမ်က ထပ်မံ၍ တင်းကျပ်မှုကို ချိုးဖျက်ကာ ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။ ထိုအခါမှသာ ဒုတိယနေ့၏ ကျင့်ကြံခြင်း ပြီးဆုံးသွားတော့သည်။
မထွက်ခွာမီ လူအချို့က ဖန်ယုံကို သိချင်စိတ်ဖြင့် မေးလိုက်ကြသည်။
"သခင်လေးဖန်၊ ဒီနေ့ သခင်လေးယန်တို့နဲ့ အပြင်မထွက်ဘူးလား။ သူတို့က တခြား မိတ်ဆွေတွေနဲ့ စုပြီး ကျန်းယွဲ့ဆောင်မှာ ကျင့်ကြံမှုအဆင့် ယှဉ်ပြိုင်ကြမယ်လို့ ကြားတယ်။ သခင်လေးဖန်ကော သွားဦးမလား"
အခြားလူများလည်း ချက်ချင်း ဝိုင်းအုံလာကြပြီး မေးကြသည်။
"တကယ်လား သခင်လေးဖန်ကော သွားမှာလား ကျန်းယွဲ့ဆောင်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ"
"အဲဒီထဲမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်၊ ဝိညာဉ်စွမ်းအင်တွေလည်း ပေါကြွယ်ဝတယ်လို့ ကြားတယ်။ အဲဒီမှာ တစ်ရက်ကျင့်ကြံရတာက ငါတို့ ဆယ်ရက်ကျင့်ကြံရတာနဲ့ ညီမျှတယ်တဲ့"
နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။
မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ဖန်ယုံက ပြုံးလျက် ပြောလိုက်သည်။
"ငါ မသွားလောက်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် နာမည်ကြီး ဆရာတစ်ယောက်နဲ့ ချိန်းထားလို့"
အခြားလူများမှာ ဝမ်းနည်းရမလိုလို အားကျရမလိုလို ဖြစ်သွားကြသည်။
လူများ ထွက်သွားပြီးမှ ဖန်ယုံက ထွက်လာခဲ့သည်။ ကျန်းမန်ကို ဖြတ်သွားချိန်တွင် သူ၏ မျက်လုံးများ၌ ရန်ငြိုးများ ရှိနေသည်။
ထိုအချိန်က ကျန်းမန်သာ အပြစ်ကို ဝန်ခံခဲ့လျှင် သခင်လေးချန်တို့က သူတို့နှစ်ယောက်ကို ရင်းနှီးသည်ဟု အထင်လွဲကာ သူ့ကို ရှောင်ဖယ်သွားမည် မဟုတ်ဟု အပြစ်တင်နေခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ကျန်းယွဲ့ဆောင်သို့ သွားရောက်ကာ ကျင့်ကြံမှု လေ့လာခွင့်ကို လက်လွတ်ခဲ့ရခြင်း ဖြစ်သည်။
ကျန်းမန်က တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂရုမစိုက်ပေ။ သူက ကျင့်ကြံရေးမှာသာ အာရုံစိုက်နေသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျင့်ကြံခြင်းမှ ရရှိလာသော အပြောင်းအလဲများကို ခံစားနေသည်။
ဒီည သူက ချီကျင့်စဉ် အဆင့်ကိုးကို ရောက်အောင် ကြိုးစားချင်သည်။ မနေ့က အဆင့်ရှစ်ကို ရောက်ပြီးကတည်းက နောက်ဆုံးအဆင့်ကို တက်ဖို့ အမြဲတမ်း တွေးနေမိသည်။ ခြံဝင်းငယ်ထဲတွင် ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် အခန်းသို့ ပြန်ကာ မြင်းတင်းကုပ် အလုပ်များကို ပြီးစီးအောင် လုပ်ပြီး ဆက်လက် ကျင့်ကြံနေခဲ့သည်။
ညနက်ပိုင်းအထိပင်……
ကျန်းမန် သက်ပြင်းချလိုက်သည်။ အဆင့်ကိုးကို မရောက်နိုင်သေးပေ။ သို့သော် မကြာမီ ရောက်တော့မည်ဟု သူ ခံစားရသည်။ အခု အတော်လေး နောက်ကျနေပြီဖြစ်ရာ အနားယူရတော့မည်။
တံခါးဝရှိ နွားဝါကြီးကို နှုတ်ဆက်ပြီးနောက် ကျန်းမန်သည် အခန်းထဲဝင်ကာ လှဲအိပ်လိုက်သည်။
သို့သော် လှဲနေစဉ်မှာပင် သူ၏ ခေါင်းထဲ၌ အဆင့်ကိုး ကိစ္စကိုသာ တွေးနေမိသည်။ ကိုယ်က ငယ်ငယ်ရွယ်ရွယ်နဲ့၊ အမြင့်ဆုံးအဆင့်ကို ရောက်တော့မယ့် ကျင့်စဉ်ကြီးကို ရှေ့မှာထားပြီး ဘယ်လိုလုပ် အိပ်ပျော်မှာလဲ။
ဝုန်းကနဲ ကျန်းမန် ထခုန်လိုက်သည်။
ဆက်ကျင့်ကြံမည်။
ကျန်းမန် အပြင်ထွက်လာသည်ကို မြင်သောအခါ နွားဝါကြီးက အံ့ဩသွားသည်။
"မင်း ဘာလုပ်မလို့လဲ"
"ကျင့်ကြံမလို့"
ကျန်းမန်က ဖြေလိုက်သည်။
"သန်းခေါင်ကြီးကို…..ဘာလို့ ကျင့်ကြံနေတာလဲ"
နွားဝါကြီးက မေးလိုက်သည်။
"မမြင်ဖူးလို့လား အခု မြင်ရပြီလေ"
ကျန်းမန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့နောက် ဆက်လက် ကျင့်ကြံနေခဲ့သည်။
နွားဝါကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း များများစားစား မတွေးပေ။ ကျန်းမန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ တဖြည်းဖြည်း ထွက်ပေါ်လာချိန်မှသာ သူ့ရှေ့ရှိလူ ဘာလုပ်နေသလဲဆိုတာကို သူ သတိပြုမိသွားသည်။ ဒီတိုးတက်မှုနှုန်းက... နည်းနည်း မြန်လွန်းနေပြီ။
မိုးလင်းခါစ အချိန်…..
ကျန်းမန်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းရောင်တစ်ခု ကျဆင်းလာသည်။ ဤအချိန်တွင် သူ၏ ချီကျင့်စဉ်က ရူးသွပ်စွာဖြင့် လည်ပတ်နေသည်။ မြန်တော့ မမြန်ပေ။ အလိုအလျောက် လည်ပတ်နေသောကြောင့် ဖြစ်သည်။
ဒါက အခြေခံချီကျင့်စဉ် အဆင့်ကိုး၏ လက္ခဏာပင် ဖြစ်သည်။
"သုံးရက်ကျော်နဲ့ ချီကျင့်စဉ် အဆင့်ကိုး ရောက်သွားတယ်လား"
နွားဝါကြီးသည် ၎င်း၏ အသိဉာဏ်များ တဖြည်းဖြည်း ချေဖျက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"စီနီယာ... အခုထိ ကျွန်တော်က ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားရဲ့ ဒုတိယ တောင်းဆိုချက်ကို မလုပ်နိုင်သေးဘူးလို့ ထင်နေတုန်းပဲလား"
ကျန်းမန်က ကျင့်ကြံခြင်းကို ရပ်တန့်ကာ မေးလိုက်သည်။
နွားဝါကြီးက ပြုံးရုံသာ ပြုံးပြီး မည်သည့်စကားမှ မဆိုပေ။
ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။ ဒါတောင်မှ သူ့အမြင်ကို မပြောင်းနိုင်သေးဘူးလား။
ထို့နောက် ကျန်းမန်သည် ကျင့်စဉ်ကို အစွမ်းကုန် အသုံးပြုကာ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလိုက်သည်။ အပြင်ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလာသည်။ တစ်ချိန်တည်းမှာပင် ဒန်တျန်အတွင်းရှိ ဆေးလုံးမှာလည်း ကျင့်စဉ်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ကျင့်စဉ် တစ်ပတ် လည်ပတ်သွားတိုင်း ဝိညာဉ်စွမ်းအင် အမြောက်အမြား ဒန်တျန်အတွင်း၌ စုစည်းလာပြီး ဆေးအာနိသင် အချို့လည်း ကုန်ဆုံးသွားသည်။
အကယ်၍ ချီကျင့်စဉ် အဆင့်တစ်ကို ရေထည့်သည့် ဘူးသီးခြောက်ဘူးအဖြစ် သတ်မှတ်မည်ဆိုလျှင်၊ ယခုအခါ ဝိညာဉ်စွမ်းအင်များက ထိုဘူးသီးခြောက်ဘူးကို ဖွင့်နိုင်သွားပြီး ရေစတင် ဖြည့်သွင်းနေပြီ ဖြစ်သည်။ အောက်ခြေတွင် ပါးလွှာသော ရေအလွှာလေးတစ်ခုပင် ဖြစ်ပေါ်လာနေပြီ။
ဘူးသီးခြောက်ဘူး ပွင့်သွားသည့် အခိုက်အတန့်တွင် ကျန်းမန်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ အသက်စမ်းရေများ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ တက်ကြွမှုများ ပြည့်နှက်လာပြီး လက်ခြေများတွင်လည်း ခွန်အားများ ပြည့်ဝလာသည်။ ပင်ပန်းနွမ်းနယ်မှုများကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ခန္ဓာကိုယ်၏ အပြောင်းအလဲများကို ခံစားကြည့်လိုက်ရာ ယခင်နှင့် လုံးဝ မတူတော့ပေ။ ဒါက ချီစုစည်းခြင်း အဆင့်တစ်ကို ဝင်ရောက်သွားခြင်း ဖြစ်သည်။ သို့သော် အနိမ့်ဆုံး အဆင့်ရှိသော ချီစုစည်းခြင်းအဆင့်တစ်မျှသာ ဖြစ်သည်။
ခန့်မှန်းကြည့်ရလျှင် ဆေးလုံး၏ အကူအညီ ရှိနေလျှင်တောင်မှ ဤ ဘူးသီးခြောက်ဘူး ပြည့်သွားစေရန် ကျင့်စဉ်ကို အကြိမ် နှစ်ရာခန့် လည်ပတ်ရဦးမည် ဖြစ်သည်။ ဤသို့ဖြင့် ဒုတိယ ဘူးသီးခြောက်ဘူးကို ဖွင့်ရန် ကြိုးစားနိုင်ပေမည်။
"အခုတော့ ဖက်တီးလေးနဲ့ အဆင့်တူသွားပြီ၊ ရက်အနည်းငယ်အတွင်း သူ့ကို ကျော်တက်နိုင်လိမ့်မယ်"
"ရှေ့ကလူတွေ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာ မသိဘူး"
"ဖန်ယုံ ဘယ်အဆင့်ရောက်နေလဲ ဆိုတာကို အရင် စုံစမ်းရမယ်၊ သူ့ကို ကျော်တက်နိုင်ရင် ဝင်ခွင့်ရပြီ"
ယခုအခါ သူ၏ လက်ထဲတွင် ရက်ပေါင်း တစ်ရာခန့် အချိန်ကျန်ရှိနေသေးသည်။ အချိန်က လုံလောက်မှု ရှိသည်။
သို့သော် ယနေ့ အနောက်ခြံဝင်း၏ ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ သွားသောအခါ...
ဖန်ယုံက သူ့ကို တားဆီးလိုက်သည်။
"သခင်လေးဖန် ဘာကိစ္စရှိလို့လဲ"
ကျန်းမန်က မေးလိုက်သည်။
ဖန်ယုံက သူ့ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒီနေ့က ခြံဟောင်းကို သန့်ရှင်းရေး လုပ်ရမယ့်နေ့ပဲ၊ မင်း သွားလုပ်ရမယ်"
ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။
"အရင်က ဒီလိုမျိုး မကြားဖူးပါဘူး"
"အရင်က အလှည့်ကျ လုပ်ရတာ၊ ဒီတစ်ခါတော့ နောက်ဆုံးအဆင့်က လုပ်ရမယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းက နောက်ဆုံးအဆင့် ဖြစ်နေတယ်လေ"
ဖန်ယုံက ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။
ခဏရပ်ပြီးနောက် သူက ဆက်ပြောသည်။
"နောက်လ ခြံသန့်ရှင်းရေး လုပ်ရမယ့်သူကလည်း နောက်ဆုံးအဆင့်ပဲ။ အဲဒီအချိန်ကျရင် မင်းဟုတ်မဟုတ် ဆိုတာ မသိသေးဘူးလေ"
ကျန်းမန်: "..."
နောက်လကျရင် မင်း သိသွားမှာပါ။