အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ကျွန်တော်က ကိုယ့်တန်ဖိုးကို ကိုယ်ဖော်ထုတ်ချင်လို့ လာခဲ့တာပါ
ကျန်းမန် ရောက်သွားချိန်တွင် တာဝန်ခံ မျောက်က သူ့ကို လှမ်းခေါ်လိုက်သည်။
ထိုအခါမှသာ ဤနေရာတွင် လူအယောက် သုံးဆယ်ခန့် ရပ်နေသည်ကို သူ သတိထားမိလိုက်သည်။
အစီအရီ တန်းစီနေကြပြီး အသက်ကြီးသူများရော၊ လူငယ်များပါ ပါဝင်သည်။ သို့သော် ချွင်းချက်မရှိ အားလုံး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ သာမန်မျှသာ ဖြစ်နေသည်။
အားလုံး၏ ခန္ဓာကိုယ်များတွင် အားနည်းနေသော အငွေ့အသက်များ ရှိနေကြသည်။
ဤသည်မှာ ဝိညာဉ်စွမ်းအင်များကို ဝင်္ကပါက စုပ်ယူသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှု ဖြစ်သည်။
အချိန်တိုအတွင်းတွင် ဘာမှ မဖြစ်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နောက်ပြန်လှည့်၍ မရနိုင်သော အခြေအနေသို့ ရောက်သွားနိုင်သည်။
ယခုအချိန်တွင် သူတို့အားလုံးက တာဝန်ခံ မျောက်၏ အကြည့်နောက်သို့ လိုက်ကာ သူ့ကို လှမ်းကြည့်နေကြသည်။
တိုက်တွန်းအားပေးစကားများကို သူတို့ နားမဝင်ကြသော်လည်း စပ်စုချင်စိတ်တော့ ရှိနေသေးသည်။ သုညမှတ် ရထားသူက ဘယ်လိုလူမျိုးလဲဆိုတာကို သူတို့ ကြည့်ချင်နေကြသည်။
ကျန်းမန်ကို မြင်သောအခါ လူအများစုမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။
ကြည့်ရတာ ခြေလက်အင်္ဂါ စုံလင်ပြီး ရုပ်ရည်သန့်သန့်ပြန့်ပြန့်ပါပဲ။ ဘာလို့ သုညမှတ် ဖြစ်နေရတာလဲ။
အရမ်း ပျင်းလွန်းလို့လား။
ဒါပေမယ့် ပျင်းတဲ့သူက ဒီကို ဘာလာလုပ်တာလဲ။
ဒါမှမဟုတ် လမ်းလွဲနေတဲ့သူ ပြန်လှည့်လာတာများလား။
နှမြောစရာကောင်းတာက အရမ်း နောက်ကျနေပြီလေ၊ အနောက်ခြံဝင်းတောင် ရောက်နေပြီဆိုတော့ ပြန်လှည့်လို့ မရတော့ဘူး။
တာဝန်ခံ မျောက်က ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျန်းမန် လာခဲ့၊ ဒီကိုလာပြီး မင်းရဲ့ စိတ်ခံစားချက်တွေကို အားလုံးကို ပြောပြလိုက်။ မင်းရဲ့ အနာဂတ်အတွက် စိတ်မကျေနပ်မှုတွေ ရှိနေလို့၊ ဝိညာဉ်စုဆောင်းခြင်း ခန်းမမှာ မင်းရဲ့ ကိုယ်ပိုင်တန်ဖိုးကို ဖော်ထုတ်ချင်လို့ ဟုတ်တယ်မလား"
ကျန်းမန် "..."
မကြာမီပင် တာဝန်ခံ မျောက်က ပြုံးလျက် ဆက်ပြောသည်။
"ဟုတ်တယ်ဆိုရင် ငါတို့ ဝိညာဉ်စုဆောင်းခြင်း ခန်းမက ပါရမီရှင်တွေကို မြတ်နိုးတဲ့အတွက်၊ ဒီနေ့ ဝိညာဉ်ကျောက်တုံး နှစ်ဆ ပေးမယ်"
"ဟုတ်ပါတယ်"
ကျန်းမန်က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်က ကိုယ့်တန်ဖိုးကို ကိုယ်ဖော်ထုတ်ချင်လို့ ဝိညာဉ်စုဆောင်းခြင်း ခန်းမကို လာခဲ့တာပါ"
ထိုစကားကို ကြားသောအခါ တာဝန်ခံ မျောက်မှာ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး ကျန်လူများကို ဆက်လက် အားပေးစကား ပြောတော့သည်။
"မင်းတို့အားလုံးက ကျန်းမန်ထက် သာတယ်။ တန်ဖိုးကလည်း သူ့ထက် အများကြီး ပိုမြင့်တယ်။"
"သူတောင် အောင်မြင်နိုင်သေးတာ၊ မင်းတို့ကော ကျရှုံးဖို့ သတ်မှတ်ခံထားရလို့လား။"
"အောင်မြင်တဲ့သူတွေ အများကြီး ရှိတာပဲ။ ကျန်းမန် တစ်ယောက် တိုးလာလို့၊ မင်းတို့ တစ်ယောက် ထပ်တိုးဖို့ မဖြစ်နိုင်ဘူးလား။"
"အနာဂတ် အောင်မြင်မှု လမ်းကြောင်းမှာ မင်းတို့က သူ့ထက် ပိုရှေ့ရောက်နေသင့်တယ်။"
"ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက် ရှာနိုင်ရင် မင်းတို့လည်း တစ်နေ့ကျရင် လူတိုင်းကို အံ့ဩသွားအောင် လုပ်နိုင်မှာ သေချာတယ်။"
တာဝန်ခံ မျောက်၏ အားပေးစကားများကြောင့် အချို့သူများမှာ အမှန်တကယ်ပင် ခွန်အားတွေ ပြည့်သွားကြသည်။
သို့သော် ကျန်းမန်ကတော့ နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။ တစ်ဖက်လူ၏ စကားများအရ သူက အောင်မြင်နေပြီလို့တောင် ထင်ရသည်။
သူတို့တွေ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်မကြည့်ကြဘူးလား။
ယခုအချိန်တွင် သူသည် အနိမ့်ကျဆုံး ကျင့်ကြံသူလေးသာ ဖြစ်သေးသည်။
ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေ ရထားလို့များလား။
ထို့နောက် ကျန်းမန်သည် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ကို အဆင်ပြေပြေ ထုတ်ယူနိုင်ခဲ့သည်။
ကျောက်စိမ်းကဲ့သို့သော အကြွေစေ့ သုံးပြား။
အပေါ်တွင် 'နှစ်ဆယ်' ဟူသော စာလုံး ရေးထွင်းထားသည်။
အနောက်ဘက်တွင်မူ ဂိုဏ်းတံခါးတစ်ခု၏ ပုံစံ ပါရှိပြီး အင်မော်တယ်ဂိုဏ်း၏ တံခါးဖြစ်သည်ဟု ဆိုကြသည်။
ကျန်းမန် ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး တကယ်ပဲ ဒီလိုပုံစံ ဟုတ်မဟုတ်တော့ သူ သေချာ မသိပေ။
သို့သော် အခြားသူများက ဘာမှမပြောကြသဖြင့် ကျန်းမန်လည်း ဝိညာဉ်ကျောက်တုံးများကို တိတ်တဆိတ် သိမ်းဆည်းကာ ပြန်လာခဲ့သည်။
ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်…
သုညမှတ်ရထားသူ တစ်ယောက်အတွက်တော့ မဆိုးလှသော ဝင်ငွေဖြစ်သည်။
အနာအဆာကင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမည်ကိုတော့ မသိပေ။
မနက်ဖြန် ဖက်တီးလေးကို မေးကြည့်ရမည်။
မြင်းတင်းကုပ်ဘေးရှိ မြက်မိုးတဲလေးဆီသို့ ပြန်ရောက်သောအခါ ကျန်းမန်သည် ကြယ်ရောင်ကို ဖြတ်၍ တံခါးကို တွန်းဖွင့်လိုက်သည်။
ဘေးဘက်တွင် မျက်လုံးမှိတ်ထားသော နွားဝါကြီးက ရုတ်တရက် မျက်လုံးဖွင့်ကာ ကျန်းမန်ကို လှမ်းကြည့်လိုက်သည်။
"စီနီယာ ဒီနေ့ အဆင်ပြေရဲ့လား"
ကျန်းမန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မင်းမိန်းမရဲ့ ကျေးဇူးကြောင့် မသေသေးပါဘူး"
နွားဝါကြီးက ခပ်အေးအေးပင် ပြန်ဖြေသည်။
"မင်းကတော့ အဆင်ပြေနေပုံရတယ်။ နောက်ရက်တစ်ရာ ကြာရင်ကော ဒီလို စိတ်နေစိတ်ထားမျိုး ရှိနေဦးမလား မသိဘူး"
ကျန်းမန်က ကောင်းကင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ကြယ်ရောင်က ခရီးသွားသူကို မျက်နှာမလွှဲပါဘူး။ နောက်ပြီး ကျွန်တော့်ရဲ့ ပါရမီကလည်း ရှိသေးတယ်လေ"
နွားဝါကြီးက မျက်စောင်းထိုးလိုက်သည်။
မင်းရဲ့ ပါရမီကို ငါ မသိဘဲ နေမလား။
မြင်းတင်းကုပ်ကို သန့်ရှင်းရေး လုပ်ပြီးနောက် ကျန်းမန်သည် ဆက်လက်၍ ကျင့်ကြံတော့သည်။
သူက "ဘူးသီးခြောက်ဘူး" ထဲသို့ "ရေ" ဆက်ထည့်နေဆဲ ဖြစ်သည်။
လရောင်အောက်တွင် ကျန်းမန်သည် ချီသန့်စင်ခြင်း ကျင့်စဉ်ကို မရပ်မနား လည်ပတ်ကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေသည်။
ဘူးသီးခြောက်ဘူး က ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် ဂျလောက် ဟူသော အသံနှင့်အတူ တစ်စုံတစ်ခုကို တိုက်ဖွင့်လိုက်သလို ဖြစ်သွားသည်။
ချက်ချင်းပင် ဒုတိယ ဘူးသီးခြောက်ဘူး ပေါ်လာသည်။
လျှံကျလာသော ဝိညာဉ်စွမ်းအင် အချို့သည် ဒုတိယ ဘူးသီးခြောက်ဘူးထဲသို့ ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ကျန်းမန် ဖြည်းညင်းစွာ မျက်လုံး ဖွင့်လိုက်သည်။
ဒန်တျန်က အနည်းငယ် လေးလံနေသလို ခံစားလိုက်ရသည်။
ချီသန့်စင်ခြင်း အဆင့်နှစ်က အဆင့်တစ်နဲ့ တကယ်ပဲ မတူဘူး။
ထိုမျှမက သူ၏ လက်ခြေ အင်အားများလည်း ပိုမို ကြီးမားလာသည်။
လက်သီးတစ်ချက် ထိုးလိုက်လျှင် ယခင်က လူလေးငါးယောက်စာခန့် အင်အား ပါလာသည်။
ထို့အပြင် ဤသည်မှာ အကြမ်းဖျင်း အသုံးပြုနည်းမျှသာ ဖြစ်သည်။
လက်ရှိအချိန်တွင် သူသည် မည်သည့် သိုင်းပညာရပ်ကိုမျှ မတတ်မြောက်သေးဘဲ ကျင့်ကြံမှုအဆင့်သာ တက်လာခြင်း ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း ပိုမို ကောင်းမွန်လာသည်။
သူ့ရှေ့တွင် သာမန်လူတစ်ယောက် ရပ်နေပါက အတော်လေး သေးသိမ်သွားသလို ခံစားရမည်။
ရုတ်တရက် ခြံဝင်းငယ်ထဲမှ ဂိုဏ်းတူညီအစ်ကိုများကို ကျေးဇူးတင်မိသလို ဖြစ်သွားသည်။
သူ့လို သာမန်လူတစ်ယောက်ကို အခုထိ ဒုက္ခမပေးခဲ့ကြလို့ပဲ။
မဟုတ်လျှင် သူတို့က အနိမ့်ဆုံး ချီသန့်စင်ခြင်း အဆင့်တစ် ရှိနေကြသည်။
တကယ်တမ်း သူ့ကို အနိုင်ကျင့်မည်ဆိုလျှင် ကလေးကစားသလို လွယ်ကူနေမည် ဖြစ်သည်။
နွားဝါကြီးက ကျန်းမန်ကို ကြည့်ရင်း မျက်လုံး မှိတ်ထားလိုက်သည်။
ဒီလူ ဘာလို့များ တိုးတက်မှုနှုန်း ဒီလောက် မြန်နေရတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေသည်။
ချက်ချင်း ဝိညာဉ်စွမ်းအင် သွင်းနိုင်တယ်၊ သုံးရက်နဲ့ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး ရောက်တယ်၊ တစ်ရက်နဲ့ ချီသန့်စင်ခြင်း အဆင့်တစ် ရောက်တယ်၊ နောက်ထပ် နှစ်ရက်နဲ့ အဆင့်နှစ် ရောက်သွားပြန်ပြီ။
အနာအဆာကင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးရဲ့ အကူအညီ ရှိတယ်ဆိုပေမယ့် အချိန်က တကယ်ကို တိုတောင်းလွန်းတယ်။
ဟုတ်တာပေါ့၊ စစချင်းမှာတင် ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး ရောက်တယ်ဆိုတာမျိုးက သူ တစ်ခါမှ မကြုံဖူးတဲ့ ကိစ္စလေ။
အခြေအနေကိုလည်း သေချာ မဆုံးဖြတ်နိုင်သေးဘူး။
နောက်တစ်နေ့…..
ကျန်းမန်သည် ခြံဟောင်းကို ဆက်လက် သန့်ရှင်းရေး လုပ်နေသည်။
ကျင့်ကြံရေး ကွင်းပြင်များကို တစ်ခုပြီးတစ်ခု သန့်ရှင်းရေး လုပ်သွားခဲ့သည်။
နေရာတိုင်းတွင် မတူညီသော စွမ်းအင် အကြွင်းအကျန်များ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။
ထို့အပြင် အချိန်သိပ်မကြာသေးပုံရသည်။
ကြည့်ရသည်မှာ တစ်ယောက်ယောက်က ဒီနေရာမှာ အချိန်အကြာကြီး ကျင့်ကြံနေပုံရသည်။
မွန်းတည့်ချိန်တွင် သူသည် ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ပြန်ရောက်လာပြီးနောက် ဒီနေ့ ဘာတွေ သင်ပေးသွားလဲ ဟု ဖက်တီးလေးကို မေးလိုက်သည်။
"သိုင်းပညာရပ် သုံးခုပေါင်းစပ် အားအင် အကြောင်း သင်သွားတာ" ဟု ဖက်တီးလေးက ပြန်ဖြေသည်။
မသင်ရသေးဘူး။
ထို့နောက် ကျန်းမန်က ဝိညာဉ်ကျောက်တုံးများ အကြောင်းကို ဆက်မေးလိုက်သည်။
"ဝိညာဉ်ကျောက်တုံးလား"
ဖက်တီးလေးက အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"သာမန် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးကို ဝိညာဉ်ကျောက်တုံး သုံးရာလောက် ပေးရတယ်"
"ဒါဆို သာမန် ကျင့်ကြံသူ တစ်ယောက်က တစ်လကို ဝိညာဉ်ကျောက်တုံး ဘယ်လောက် ရှာနိုင်လဲ"
ကျန်းမန်က ဆက်မေးလိုက်သည်။
ဖက်တီးလေးက အဖြေကို ကြိုသိနေသလိုမျိုး ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။
"တစ်ထောင့်ငါးရာလောက်ပေါ့။ ဒါပေမယ့် ဒါက ယွင်ချန်ဌာန အတွင်းမှာမို့လို့လေ။ အပြင်ရောက်သွားရင်တော့ ပျမ်းမျှအားဖြင့် တစ်လကို ရှစ်ရာ၊ ကိုးရာလောက်ပဲ ရတယ်။ တချို့ ရွာတွေဆိုရင် ပိုတောင် နိမ့်သေးတယ်။ သေလုမတတ် အလုပ်လုပ်မှ တစ်လကို ဝိညာဉ်ကျောက်တုံး သုံးရာလောက်ပဲ ရတယ်လို့ ကြားဖူးတယ်"
ထိုစကားကို ကြားသောအခါ ကျန်းမန် အနည်းငယ် အံ့ဩသွားသည်။
တစ်ရက်ကို သုံးဆယ် ရတာက မဆိုးတဲ့ ဝင်ငွေလို့ ဆိုရမှာပေါ့။
ပြဿနာက ဝင်္ကပါက ဝိညာဉ်စွမ်းအင်တွေကို အတင်းအဓမ္မ စုပ်ယူနေတာက ခန္ဓာကိုယ်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေတယ်။
တစ်နေ့ကျရင် ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့နှုန်း အများကြီး ကျဆင်းသွားနိုင်တယ်။
ဒါက အနာဂတ်ကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ။
ကျန်းမန် များများစားစား မတွေးတော့ပေ။
အရင်ဆုံး ကျင့်ကြံရမည်။
ဆယ်ရက် ကြာပြီးနောက်….
စက်တင်ဘာလဆန်းပိုင်း…..
ကျန်းမန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ဒုတိယ ဘူးသီးခြောက်ဘူးလည်း ပြည့်သွားပြီ။
နောက်ထပ် အဆင့်သတ်မှတ်ချက် အသစ်မထွက်ခင် လဝက်လောက် အချိန်ရသေးတယ်။
ဒီဆယ်ရက်အတွင်း ဖန်ယုံက သူ့ကို ပြဿနာ လာမရှာခဲ့ပေ။
သို့သော် တစ်ယောက်ယောက်က ချန်သခင်လေးနှင့် ယန်သခင်လေးတို့ အကြောင်း မေးမြန်းသည့် အခါတိုင်း၊ ထိုအကြောင်း ပြောပြီးသည်နှင့် သူ့ကို ဒေါသတကြီး စိုက်ကြည့်တတ်သည်။
ယခုအချိန်က အရေးကြီးသော အချိန်ဖြစ်နေ၍သာ မဟုတ်လျှင်၊ တစ်ဖက်လူ တကယ် အကြမ်းဖက်လာမည်ကို ကျန်းမန် စိုးရိမ်မိသည်။
ကျင့်ကြံမှုအဆင့် ကွာဟချက်က အရမ်း ကြီးမားလွန်းသည်။
တကယ်လို့သာ ရန်ဖြစ်ရမယ်ဆိုရင်၊ သူ သေချာပေါက် အရှုံးပေါ်မှာပဲ။
လော်ရွှမ်ကတော့ သူ့ကို တစ်ခါ လာရှာဖူးသည်။
သူမက အတူတူ ကျင့်ကြံပြီး အချင်းချင်း တိုက်တွန်း အားပေးကြမယ်လို့ လာပြောတာ။
အဓိကကတော့ သူက ကျင့်ကြံတဲ့အခါ အရမ်း အာရုံစိုက်တတ်လို့ ကောင်းတဲ့ အဖော်ဖြစ်မယ် ထင်လို့တဲ့။
သူ့ရဲ့ ကျင့်ကြံမှုအဆင့် နိမ့်ပေမယ့် သူမကတော့ လက်ခံပေးနိုင်ပါတယ်တဲ့။
ကျန်းမန်ကတော့ ငြင်းလိုက်သည်။
ကိုယ့်ကို ဝိညာဉ်ကျောက်တုံးမှ မပေးဘဲနဲ့ ဘယ်လိုလုပ် သူ့ကို လာပြီး ကြီးကြပ်ခိုင်းရဲတာလဲ။
ကိုယ့်ရဲ့ ဝိညာဉ်ကျောက်တုံး ရှာတဲ့အလုပ်ကိုတောင် အနှောင့်အယှက် ဖြစ်သေးတယ်။