← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) လင်ယောက်ျား... ကျီးတံတား ပွင့်တော့မယ်

မိမိဇနီး၏ အမည်ကို ကျန်းမန် မသိပေ။

အစွမ်းအစ၊ နည်းလမ်းများ၊ နောက်ခံ ရာဇဝင်များကိုလည်း လုံးဝ မသိရှိရပေ။

ရိုးရှင်းသောသူ မဟုတ်ကြောင်းကိုသာ သိထားသည်။

ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုသည့် ကံကြမ္မာဇယားကပင် ထူးဆန်းနေသည်။

လက်ထပ်ရုံဖြင့် ဤကဲ့သို့သောအရာများ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။

ယခုမူ သူမ၏ နည်းလမ်းများ ရောက်ရှိလာပြီဟု နွားဝါကြီးက ဆိုသည်။

သူမ ကိုယ်တိုင် ရောက်လာသလောက် မဆိုးသော်လည်း စိုးရိမ်စရာတော့ ကောင်းနေဆဲဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တစ်ဖက်လူက နာမည်ခံ နစ်နာသူဖြစ်ပြီး သူနှင့် နွားဝါကြီးကတော့ ရက်စက်တဲ့ မိစ္ဆာတွေ ဖြစ်နေတာကိုး။

သူကိုယ်တိုင်လည်း နစ်နာသူတစ်ယောက် ဖြစ်သော်လည်း တစ်ဖက်လူက ထိုသို့ တွေးမည်မဟုတ်ပေ။

သူမ၏ အစွမ်းများသာ ဝင်ရောက်လာပါက...

သေချာပေါက် အသက်အန္တရာယ် ရှိနိုင်သည်။

"သူ့ရဲ့ နည်းလမ်းတွေ ရောက်လာပြီဆိုတော့ ကျွန်တော်တို့ရဲ့ နေရာကို သိသွားပြီလို့ ဆိုလိုတာလား"

ကျန်းမန်က ချက်ချင်း မေးလိုက်သည်။

နွားဝါကြီးက ခေါင်းခါရင်း ပြောလိုက်သည်။

"ဒီလောက်အထိတော့ မဟုတ်သေးပါဘူး၊ သူ့ရဲ့ အစွမ်းအစက ဘယ်လောက်ပဲ ကြီးမားပါစေ ဒီလောက်မြန်မြန် လိုက်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

"အရင်တုန်းက ငါက သူ့ကို တိုက်ခိုက်ခဲ့တာဆိုတော့ အခု သူက အဲဒီငါ့ရဲ့ တိုက်ခိုက်မှု လမ်းကြောင်းအတိုင်း လိုက်ပြီး ငါ့ကို ပြန်ပြီး လွှမ်းမိုးဖို့ ကြိုးစားနေတာ"

ကျန်းမန်က နွားဝါကြီးကို သေချာ အကဲခတ်ကြည့်လိုက်သည်။

နွားဝါကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အရာအချို့ကို တွေ့လိုက်ရသည်။

"ဒါက သူ့ရဲ့ နည်းလမ်းလား" ကျန်းမန်က မေးလိုက်သည်။

"ဒါက မင်းကို မိန်းမယူပေးခဲ့တဲ့ တန်ဖိုးပဲ"

နွားဝါကြီးက ပြင်ပြောလိုက်သည်။

ကျန်းမန် ကြက်သေသေသွားပြီးနောက် ချက်ချင်း ပြောလိုက်သည်။

"စီနီယာ၊ ကျွန်တော်က ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကို သယ်ဆောင်ထားရတဲ့သူနော်။ မိန်းမယူတဲ့ ကိစ္စမှာ အနစ်နာဆုံးက ကျွန်တော်ပဲ၊ အချိန်မရွေး သေသွားနိုင်တယ်။ စီနီယာ့ပေါ်က ဒဏ်ရာတွေက ကျွန်တော့်ကြောင့်လို့ လာမလွှဲချနဲ့"

ဒီတစ်ခေါက် လက်ထပ်တဲ့ကိစ္စမှာ တစ်ဖက်လူက နာမည်ခံ လင်ယောက်ျား တစ်ယောက် တိုးလာရုံပဲ ရှိတာ၊ သန့်စင်မှုက ရှိနေတုန်းပဲလေ။

သူကတော့ နာမည်ခံ ဇနီးသည် တစ်ယောက် တိုးလာရုံတင် မကဘူး၊ အသက်အန္တရာယ် ပေးနိုင်တဲ့ ကံကြမ္မာဇယားပါ တိုးလာသေးတယ်။

အသနားဆုံးက သူပဲလေ။

နွားဝါကြီးအပေါ်က တာဝန်တွေကိုတော့ သူ မယူနိုင်ဘူး။

"သူက ငါ့ကတစ်ဆင့် နေရာကို ရှာဖို့ ကြိုးစားနေတာ"

နွားဝါကြီးက ကျန်းမန်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းမန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် "ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ" ဟု မေးလိုက်သည်။

"မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို သုံးပြီး ငါ့ခန္ဓာကိုယ်ပေါ်က အရာတွေကို တုံ့ပြန်ပေးလိုက်"

နွားဝါကြီးက ရှင်းပြလိုက်သည်။

"သူ့ရဲ့ နည်းလမ်းက အရမ်း အလှမ်းဝေးတဲ့ နေရာကနေ လာတာ။ ငါက အားနည်းနေရင်တောင် အဲဒါကို ရင်ဆိုင်နိုင်သေးတယ်။ အခုက အင်အားချင်း မျှနေတယ်။ ဒါပေမယ့် ဖြေရှင်းချင်ရင်တော့ မင်းက အဲဒီအရာတွေနဲ့ ချိတ်ဆက်ပြီး ဆွဲထုတ်ပေးဖို့ လိုတယ်"

ကျန်းမန်လည်း သိပ်မသင်္ကာဖြစ်မနေပေ၊ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့ နွားတစ်ကောင်က ကြိုးတစ်ချောင်းတည်းမှာ ချည်ထားတဲ့ ကျိုင်းကောင်တွေ ဖြစ်နေလို့ပဲ။

ထို့နောက် သူ၏ လက်ကို နွားဝါကြီး၏ ခေါင်းပေါ်သို့ တင်ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အရာများနှင့် ချိတ်ဆက်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်။

တိုးတက်မှုနှုန်းက အရမ်းမြန်လွန်းသဖြင့် ဝိညာဉ်စွမ်းအင်၏ အလေးချိန်က ခန္ဓာကိုယ်ကို အတော်လေး နာကျင်စေသည်။

ဒါကြောင့် သူ သတိကြီးစွာဖြင့် လည်ပတ်လိုက်သည်။

မကြာမီမှာပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အရာများကို သူ အာရုံခံမိသွားသည်။

ဖျက်ဆီးလိုသော အငွေ့အသက်များ တကယ်ပဲ ပါရှိနေသည်။ နွားဝါကြီး၏ ခန္ဓာကိုယ်ထဲတွင် ဆက်ရှိနေပါက အလွန် အန္တရာယ်ကြီးလှသည်။

ထို့နောက် ကျန်းမန်သည် ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။

နောက်ဆုံးတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အရာအားလုံးက သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာပြီး အလင်းလုံးလေး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ကျန်းမန် အတော်လေး အံ့ဩသွားသည်၊ ဒါက ဘာပစ္စည်းလဲ။

သူ ဘာမှမလုပ်ရသေးခင်မှာပင် အလင်းလုံးလေးက စတင် ပြန့်ကျဲသွားပြီးနောက် အသံတစ်သံက ကျန်းမန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

"ယောက်ျား... ကျီးတံတား ပွင့်တော့မယ်။ ရှင်တို့ကို ငါ ရှာတွေ့တော့မယ်။ ရှင် ဘယ်လို အသုဘအခမ်းအနားမျိုးကို သဘောကျလဲ"

ကျန်းမန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိုးရိမ်သွားသည်။

"ဘာဖြစ်လို့လဲ"

နွားဝါကြီးက သက်ပြင်းချရင်း မေးလိုက်သည်။

ကျန်းမန်က အကြောင်းအရာများကို အမှန်အတိုင်း ပြောပြလိုက်ပြီးနောက် "ကျီးတံတားက တစ်နှစ်မှ တစ်ခါ ပွင့်တာ မဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ပွင့်တော့မှာလဲ" ဟု မေးလိုက်သည်။

နွားဝါကြီးလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"သူက မင်းကို လှည့်စားနေတာပါ၊ ဂရုစိုက်စရာ မလိုပါဘူး"

ဘယ်သူပြောတာက အမှန်လဲဆိုတာ ကျန်းမန်လည်း သေချာ မသိပေ။ ဒါကြောင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"စီနီယာက သူ့ပြိုင်ဘက် မဟုတ်ဘူးလား"

"ပြောဖို့တော့ ခက်တယ်၊ အခြေအနေ ကောင်းနေတဲ့ အချိန်မျိုးမှာ နောက်ကွယ်ကနေ ချောင်းမြောင်း တိုက်ခိုက်ရင်တော့ နိုင်နိုင်ခြေ ရှိပါတယ်"

နွားဝါကြီးက အနည်းငယ် စဉ်းစားပြီးနောက် ဆက်ပြောသည်။

"ဒါပေမယ့် သူက ငါ့ရဲ့ နာမည်ရင်းကို လိုက်ရှာနေပုံရတယ်။ တကယ်လို့ သူ့က ရှာတွေ့သွားရင် ငါတို့ ပိုပြီး အန္တရာယ်များသွားမယ်"

"ဒါဆို ဘယ်လိုလုပ်မလဲ" ကျန်းမန်က မေးလိုက်သည်။

"ဖားပြုတ်ကတောင် ဟင်္သာအသား စားရပြီးပြီပဲ၊ ဘာလုပ်လို့ရဦးမှာလဲ"

နွားဝါကြီးက အေးစက်စွာ ပြောလိုက်သည်။

"နောက်ရက်တစ်ရာ ကြာရင် မင်း အသက်ရှင်နိုင်ဦးမလား ဆိုတာကိုပဲ အရင် စဉ်းစားလိုက်ပါဦး"

ကျန်းမန် သက်ပြင်းချလိုက်သည်၊ သူက အသားစားလိုက်ရတာမှ မဟုတ်တာ။

ဒါပေမယ့် တကယ်ပဲ အများကြီး တွေးနေစရာ မလိုပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ သူက ဘာမှ လုပ်လို့မှ မရတာ။

"ဒါနဲ့၊ တကယ်လို့ နောက်ပိုင်း မင်း အသက်ရှင်နိုင်ခဲ့ပြီး ဂိုဏ်းထဲကို ဝင်ခွင့်ရခဲ့ရင် ငါ့ကိုပါ ခေါ်သွားဖို့ မမေ့နဲ့နော်"

နွားဝါကြီးက ပြောလိုက်သည်။

ထို့နောက် အကြောင်းရင်းကို ဆက်လက် ရှင်းပြသည်။

အဲဒီ အင်မော်တယ်မလေးက တစ်ခါ တိုက်ခိုက်ဖူးတယ်ဆိုရင် နောက်တစ်ခါလည်း တိုက်ခိုက်နိုင်တယ်။

အကယ်၍ အဲဒီအလင်းလုံးတွေကို ဆွဲထုတ်ဖို့ ကူညီမပေးခဲ့ရင်၊ သူ အန္တရာယ်ရှိသွားလိမ့်မယ်တဲ့။

ကျန်းမန်က တစ်ဖက်လူရဲ့ အားနည်းချက်ကို ဆုပ်ကိုင်နိုင်ပြီလို့ ထင်ခဲ့တာ။

ဒါပေမယ့် နွားဝါကြီးက ထပ်ဖြည့်ပြောလိုက်သည်။ အကယ်၍ ဆွဲမထုတ်ပေးခဲ့ရင် သူ ဒဏ်ရာရသွားမယ့်အပြင် နေရာကိုပါ တစ်ဖက်လူ သိသွားနိုင်တယ်။

ဘယ်သူမှ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး။

ထိုသို့ဖြစ်ရာ ကျန်းမန်လည်း သဘောတူလိုက်ရသည်။

သို့သော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အသာစီး ရသွားခဲ့သည်။

"နွားအစ်ကို... နောက်ပိုင်း ကျွန်တော့်ကိုသာ အားကိုးလိုက်တော့" ကျန်းမန်က အလေးအနက် ပြောလိုက်သည်။

နွားဝါကြီးက ကျန်းမန်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါ်ဝေါ်မှု အဆင့်နှိမ့်သွားသည်ကို သတိမထားမိသည့်အလား ပုံစံဖမ်းနေသည်။

နောက်တစ်နေ့

ကျန်းမန်က မနက်စောစောပင် ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်လာခဲ့သည်။

ယနေ့သည် ရမှတ်နှင့် အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာမည့်နေ့ ဖြစ်သည်။

သူကိုယ်တိုင်လည်း ရမှတ် ဘယ်လောက် ရမလဲဆိုတာကို သိချင်နေမိသည်။

ခန့်မှန်းထားတာ ရှိပေမယ့် တကယ်လို့ ချီသန့်စင်ခြင်း ကျင့်စဉ်ဘက်မှာ ပေါ်လွင်သွားခဲ့ရင် ရမှတ်က တစ်မှတ်၊ နှစ်မှတ်လောက် ပိုများသွားနိုင်တယ်။

ဒုတိယအချက်ကတော့ အဆင့်သတ်မှတ်ချက်။…..

ချီသန့်စင်ခြင်း အဆင့်သုံးဆိုတော့ အဆင့်က သိပ်မြင့်မှာတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် နှစ်နှစ်လောက် အချိန်ကွာဟမှု ရှိနေတာကိုး။

ဒါပေမယ့် အဆင့်တက်လာတာကို ကြည့်ရတာက။

တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

ရမှတ်နှင့် အဆင့်သတ်မှတ်ချက်ကို စိတ်ဝင်စားနေသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။

လူတိုင်းက ထိုကဲ့သို့ပင် ဖြစ်ကြသည်။

ချင်းယွင်ဆောင် အနောက်ခြံဝင်းရှိ ကျင့်ကြံသူအားလုံးနီးပါး ရောက်ရှိနေကြပြီ ဖြစ်သည်။

"ရှောင်ကျန်း ရောက်လာပြီလား"

ဖက်တီးလေးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

သူက ယုံကြည်မှုနှင့် စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းထားဆဲပင်။

"ရမှတ် ခန့်မှန်းကြည့်ပြီးပြီလား"

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါပေါ့"

ဖက်တီးလေးက အလေးအနက် ခေါင်းညိတ်ရင်း ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ငါ့ရမှတ်က မင်း မော့ကြည့်ရမယ့် အမြင့်မှာ ရှိနေမှာပါ၊ ဒါပေမယ့် ဒါတွေက သေးမွှားတဲ့ ကိစ္စလေးတွေပါ၊ ငါတို့က ဒါတွေကို ခေါင်းထဲ ထည့်ထားစရာ မလိုပါဘူး။ ထိပ်ဆုံး လေးယောက်က ရမှတ် ဘယ်လောက်ရလဲဆိုတာကိုပဲ ကြည့်ရအောင်"

ကျန်းမန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ဖက်တီးလေးက အစကနေ အဆုံးထိ ကျန်းမန် ရမှတ် ဘယ်လောက်ရမည်ဟု မမေးသလို၊ ကျန်းမန်ကလည်း အလျင်စလို မပြောပြပေ။

နောက်ပိုင်း အဆင့်သတ်မှတ်ချက် ထွက်လာရင်….ဖက်တီးလေးက လာမေးမှာ သေချာပါတယ်။

မကြာမီ လူတိုင်း မျှော်လင့်စောင့်စားနေသော အကြည့်များအောက်တွင် ကျောက်လဲ့မင် ဝင်ရောက်လာခဲ့သည်။

သူက ပထမဆုံးအကြိမ် ဝင်လာသကဲ့သို့ပင် လက်ထဲတွင် စာရွက်များစွာ ကိုင်ဆောင်ထားသည်။

အပေါ်တွင် ဆဋ္ဌမမြောက် ခြံဝင်းငယ်ရှိ လူအားလုံး၏ အချက်အလက်များ ရေးသားထားသည်။

ရမှတ်၊ အဆင့်သတ်မှတ်ချက်၊ မှတ်ချက်များ အားလုံး ပါဝင်သည်။

ကျင့်ကြံမှုအဆင့်၊ သိုင်းပညာရပ် အဆင့်များကိုပင် မှတ်တမ်းတင်ထားသည်။

ထိုအချိန်တွင် ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာ အလွန်တိတ်ဆိတ်နေပြီး၊ ရှေ့ဆုံးမှ ကျောက်လဲ့မင်ကိုသာ ကြည့်နေကြသည်။

တစ်လတာ ကာလအတွင်း သူတို့အားလုံး တိုးတက်လာခဲ့ကြသည်။

မိမိတို့၏ တိုးတက်မှုကို အတည်ပြုချင်နေကြသည်။

ကျောက်လဲ့မင်က အနည်းငယ် အံ့ဩနေသည်။ ရမှတ် တစ်စိတ်တစ်ပိုင်းကို စာအုပ်များက ဖော်ပြပေးပြီး၊ ကျန်တစ်စိတ်တစ်ပိုင်းကို ဆရာများက အကဲဖြတ်ပေးကြသည်။

သို့သော် အရမ်းကြီး ကွာဟချက် ရှိမည်မဟုတ်ပေ။

ထို့ကြောင့် ကျန်းမန်၏ ရမှတ်ကို တွေ့လိုက်ရသောအခါ သူ အလွန် အံ့ဩသွားခဲ့သည်။

စိတ်ထဲရှိ ခန့်မှန်းချက်က ပို၍ မှန်ကန်သည်ဟု ထင်လာမိသည်။

ထို့အပြင် သူ့အပေါ် နောက်ထပ် တစ်ခုခု ထပ်မလုပ်မိခဲ့ခြင်းအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိသည်။

မဟုတ်လျှင် နောက်ဆက်တွဲ အကျိုးဆက်က စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ပေ။

ထို့နောက် သူက စာရွက်များကို ဝေငှပေးလိုက်သည်။

ယခင် အဆင့်သတ်မှတ်ချက်အတိုင်း ဝေငှပေးခြင်း ဖြစ်သည်။

မကြာမီ လူတိုင်း စာရွက်များကို ရရှိသွားကြသည်။

ထိုအခါမှသာ ကျောက်လဲ့မင်က "နေ့လည်ကျရင် ချင်းယွင်ဆောင်က ခြံဝင်းငယ် အသီးသီးရဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြေညာမယ်၊ တစ်ချိန်တည်းမှာပဲ အနောက်ခြံဝင်းရဲ့ ထိပ်ဆုံး အယောက် ငါးဆယ် အဆင့်သတ်မှတ်ချက်ကိုလည်း ကြေညာမယ်" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်းက မျှော်လင့်နေကြသည်။

အထူးသဖြင့် အဆင့်မြင့်သူများက ခြံဝင်းငယ်၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းနှင့် ချင်းယွင်ဆောင်၏ ထိပ်ဆုံး အယောက် ငါးဆယ်စာရင်းတွင် ဝင်နိုင်မလားဆိုတာကို သိချင်နေကြသည်။

ထိုအချိန်တွင် ဖက်တီးလေးက အနားသို့ တိုးလာပြီး ကျန်းမန်ကို ဖြည်းဖြည်းလေး ပုတ်ကာ ပြောလိုက်သည်။

"ရှောင်ကျန်း မင်းရမှတ် ဘယ်လောက်လဲ၊ ငါ့ကို ပြပါလား"

ကျန်းမန် သတိဝင်လာသည်၊ ယခုအခါ သူက အပြင်ဘက် အဆင့်သတ်မှတ်ချက်များတွင် ပါဝင်နိုင်မည် မဟုတ်သဖြင့် အလွန်အကျွံ ဂရုစိုက်နေရန် မလိုပေ။

အခုချိန်မှာတော့ ဘေးနားက ဖက်တီးလေးနဲ့ ယှဉ်ကြည့်ရမှာပေါ့။

သူက ပြုံးရွှင်စွာဖြင့် "ငါ မကြည့်ရသေးဘူး၊ မင်းကော" ဟု ပြန်မေးလိုက်သည်။

ဖက်တီးလေးက ဆက်လက်၍ "ငါလည်း မကြည့်ရသေးဘူး၊ လဲပြီး ကြည့်ကြမလား။ ရမှတ်မြင့်တဲ့ အရသာကို မင်းကို ခံစားခွင့်ပေးမယ်လေ"

"ကောင်းပြီလေ"

ကျန်းမန်က ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။

All Chapters