← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) ငါ အသားမစားဘူး

ချန်ယွီက လော်ရွှမ်ကို အံ့ဩစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

"နင် တကယ်ပဲ သူ့ကို သက်တော်စောင့်အဖြစ် လက်ခံဖို့ စဉ်းစားနေတာလား"

"မလောပါဘူး"

လော်ရွှမ်က ပြုံးလျက် ခေါင်းခါရင်း ပြန်ပြောသည်။

"အချင်းချင်း အခွင့်အရေး ပေးကြည့်တာပေါ့၊ အရည်အချင်း ရှိမရှိ ကြည့်ရမယ်။ သူ လာရှာတဲ့အခါ ဘယ်လို လုပ်ရပ်တွေ ပြမလဲဆိုတာ ကြည့်ရမယ်။ တကယ်လို့ နောက်လမှာ တိုးတက်မှုက ငါ့ရဲ့ မျှော်လင့်ချက်ကို ပြည့်မီတယ်ဆိုရင် သူ့ကို ပြုစုပျိုးထောင်ပေးရတာ ဘာများ ဆုံးရှုံးသွားမှာလဲ။ ပြီးတော့ ဖန်ယုံကိုလည်း အကျိုးသက်ရောက်မှု ရှိစေတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"

"သူ့ရဲ့ ကံကြမ္မာက တကယ်ကို ကောင်းတာပဲ၊ တောရွာက လူတစ်ယောက်က နင့်ရဲ့ အာရုံစိုက်မှုနဲ့ ပြုစုပျိုးထောင်မှုကို ရတယ်ဆိုတာ သူ ဘဝပေါင်းများစွာ ဆုတောင်းခဲ့ရတဲ့ ကံကောင်းမှုပဲ"

ချန်ယွီက ပြုံးလျက် ပြောလိုက်သည်။

"တကယ်လို့ သူသာ ဒါတွေကို သိသွားရင် ညဘက်တောင် အိပ်ပျော်မှာ မဟုတ်ဘူး။ သူ့ရဲ့ လက်ရှိ အခြေအနေအရဆိုရင်၊ လော်သခင်မလေး နင့်ရဲ့ ပြုစုပျိုးထောင်မှု မရှိရင် လာမယ့်နှစ်ကျရင် တောရွာကို ပြန်ရတော့မှာ။ သူ့ရဲ့ တစ်သက်တာလုံးလည်း အဲဒီလောက်ပဲ ဖြစ်သွားတော့မှာ သူ့ကို ပြုစုပျိုးထောင်ပေးမယ့် ကိစ္စကို တခြားလူတွေသာ သိသွားရင် ရင်ဘတ်စည်တီးပြီး နှမြောနေကြမှာပဲ"

ခဏရပ်ပြီးနောက် ချန်ယွီက ရုတ်တရက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါနဲ့ နင် သူ့ကို ဘယ်လိုမျိုး အခွင့်အရေး ပေးလိုက်ဖို့ စဉ်းစားထားလဲ"

ထိုစကားကို ကြားသောအခါ လော်ရွှမ်က ပြုံးလျက် လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ပြလိုက်သည်။

"ဒါလေ"

"ဒါကို ဘယ်လို သုံးမှာလဲ"

ချန်ယွီ နားမလည်နိုင်အောင် ဖြစ်သွားသည်။

လော်ရွှမ်သည် လမ်းဆုံတစ်ခုတွင် ခဏရပ်စောင့်နေလိုက်ရာ၊ အခြားလမ်းဆုံတစ်ခုမှ ကျန်းမန်၏ အရိပ် ပေါ်လာသည်အထိ ဖြစ်သည်။

ထိုအခါမှ သူမက လက်ထဲမှ လက်ကိုင်ပဝါကို လွှတ်ချလိုက်ပြီး၊ ချန်ယွီကို ခေါ်ကာ အလျင်အမြန် ထွက်သွားခဲ့သည်။

လျှို့ဝှက်သော နေရာမှနေ၍ ကျန်းမန်က လက်ကိုင်ပဝါကို ကောက်ယူလိုက်သည်ကို မြင်သောအခါမှသာ ချန်ယွီက လေးစားစွာဖြင့် ပြောလိုက်သည်။

"ဒီလိုလည်း ရတာပဲလား၊ ဒါဆို သူ ချက်ချင်း လာပြီး လက်ကိုင်ပဝါ ပြန်ပေးတော့မှာပေါ့ နောက်ဆက်တွဲ ပြုစုပျိုးထောင်မယ့် ကိစ္စကလည်း အလိုလို အဆင်ပြေသွားမှာပဲ လှေကားလေး ချပေးလိုက်တာနဲ့ တစ်ဖက်လူက အလိုက်တသိ ဆင်းလာရုံပဲပေါ့"

လော်ရွှမ်က အနည်းငယ် ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်သည်။

"သွားကြစို့ နောက်အကျဆုံး မနက်ဖြန်ဆိုရင် သူ လာရှာလိမ့်မယ်။ ငါ့ရဲ့ စမ်းသပ်မှုကို သူ ခံနိုင်မလားဆိုတာပဲ ကြည့်ရမှာပေါ့"

ထိုအချိန်တွင် ကျန်းမန်က သူ၏ လက်ထဲမှ လက်ကိုင်ပဝါကို ကြည့်ကာ ရပ်နေသည်။

ခုနက လော်ရွှမ်တို့ နှစ်ယောက်ကို သူ တွေ့လိုက်ရသဖြင့်၊ ဒါက သူတို့ပစ္စည်းဆိုတာ သဘာဝကျကျပဲ နားလည်လိုက်သည်။

အထူးသဖြင့် အပေါ်မှာ 'ရွှမ်' ဆိုတဲ့ စာလုံးပါ ပါသေးတယ်။

ပိုင်ရှင်က ဘယ်သူလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။

ဒါပေမယ့် တစ်ဖက်လူကတောင် သူ့ကို ယှဉ်ပြိုင်လေ့ကျင့်ဖို့ မခေါ်တော့တာ။

တကူးတက သွားပြန်ပေးဖို့ကလည်း အတော်လေး အလုပ်ရှုပ်တယ်။

ကျန်းမန်က ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ဒီအတိုင်း ထားခဲ့ဖို့ စဉ်းစားလိုက်သည်။

လက်ကိုင်ပဝါလေး တစ်ထည်ကို ပျောက်သွားလည်း ပျောက်သွားတာပေါ့၊ တကယ်ကြီး တစ်ယောက်ယောက်က သွားပြန်ပေးပါ့မလား။

ဆင်းရဲတဲ့ မိသားစုလည်း မဟုတ်တာ၊ ထပ်ဝယ်လို့ ရတာပဲ။

သို့သော် သူ လက်ကိုင်ပဝါကို ချထားရန် ပြင်လိုက်စဉ်၊ ရုတ်တရက် စုန့်ချင့်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူက ဒီရက်ပိုင်း သူ့နဲ့ အမြဲတမ်း ယှဉ်ပြိုင်လေ့ကျင့်နေတဲ့သူပါ။

လူလည်း မဆိုးပါဘူး။

အခုချိန်မှာ သူက မျက်နှာငယ်လေးနဲ့ ဖြစ်နေတော့၊ လက်ကိုင်ပဝါလေး ပေးလိုက်ပြီး ပစ္စည်းကိုကြည့်ကာ လူကို လွမ်းဆွတ်ခိုင်းလိုက်လို့လည်း ရတာပဲ။

ထို့ကြောင့် ကျန်းမန်က တစ်ဖက်လူကို လှမ်းခေါ်လိုက်သည်။

အခြေအနေကို အကြမ်းဖျင်း ပြောပြပြီးနောက် ပစ္စည်းကို သူ့ဆီ ပေးလိုက်သည်။

လက်ကိုင်ပဝါကို လှမ်းယူလိုက်သော စုန့်ချင့်က ကျန်းမန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

ကျန်းမန်က တကယ်ကို လူကောင်းတစ်ယောက်ပဲလို့ သူ တွေ့လိုက်ရတယ်။ သူက တစ်ဖက်လူကို စိန်ခေါ်ခဲ့ပြီး၊ အနိုင်လည်း မယူနိုင်ခဲ့ဘူး။

ထောက်ခံပေးမယ့် ကိစ္စက လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ။

ဒါပေမယ့် ဒီလက်ကိုင်ပဝါက...

သူ့ကို သွားပြန်ပေးခိုင်းပြီး အင်တာဗျူး ဝင်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ မဟုတ်လား။

"သွားပြီနော်"

ထို့နောက် ကျန်းမန်က လှည့်ထွက်သွားခဲ့သည်။

စုန့်ချင့် စိတ်ထဲတွင် အလွန် ကျေးဇူးတင်သွားသည်။

လက်ကိုင်ပဝါကို သိမ်းဆည်းကာ အလျင်အမြန် ထွက်သွားခဲ့သည်။

မြင်းတင်းကုပ်သို့ ပြန်ရောက်သောအခါ ကျန်းမန်သည် စုန့်ချင့်၏ မျက်နှာထား မမှန်ဘူးဟု ခံစားနေရသည်။

သူ တကယ်ပဲ သွားပြန်ပေးမှာလား။

ကျန်းမန် ခေါင်းခါလိုက်သည်။

ဒီကိစ္စတွေကို ဆက်မတွေးတော့ဘဲ၊ အစားအသောက် အများကြီး စားပြီးနောက် သွေးကြောအင်အား ကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။

ဒီတစ်ခေါက်က အပြင်ပိုင်း ကျင့်ကြံမှု ဖြစ်ပြီး၊ မိမိ၏ သွေးကြောအင်အားကို မြှင့်တင်ကာ ခန္ဓာကိုယ် အဆင့်ကို မြှင့်တင်ရမည် ဖြစ်သည်။

ဝိညာဉ်စွမ်းအင်က သွေးကြောအင်အားကို လှုံ့ဆော်ကာ ခန္ဓာကိုယ်အနှံ့ လည်ပတ်စေသည်။

သွေးကြောအင်အားနှင့် ခန္ဓာကိုယ်၏ ပေါင်းစပ်တုန်ခါမှုကြောင့် ခန္ဓာကိုယ်ထဲမှ သွေးကြောအင်အား အချို့ကို ထုတ်နုတ်ကာ၊ အသားနှင့် အရိုးများထဲသို့ ပေါင်းစပ်စေသည်။

သွေးကြောအင်အား အသားထဲသို့ ဝင်ရောက်သွားပြီး ပထမဆုံး ဘူးသီးခြောက်ကို ဖွင့်လှစ်လိုက်သည်။

ခန္ဓာကိုယ် အဆင့်တစ်။

ထို့နောက် စတင် စုဆောင်းတော့သည်။

အတော်လေး ချောမွေ့ပြီး မြန်ဆန်သည်။

ထို့နောက် ကျန်းမန် ဆက်လက် လည်ပတ်နေခဲ့သည်။

သို့သော် ဆယ်ကြိမ် လေ့ကျင့်ပြီးနောက်၊ သူ ဆာလောင်လာသည်ကို ခံစားလိုက်ရသည်။

အလွန် ဆာလောင်လွန်းသဖြင့် မူးမေ့လဲလုမတတ် ဖြစ်သွားသည်။

အချိန်မဆွဲရဲဘဲ စုဆောင်းထားသော အသားများကို ချက်ချင်း ထုတ်ယူကာ အကုန် စားပစ်လိုက်သည်။

သို့သော် စားလေ ဆာလေ ဖြစ်လာပြီး လုံးဝ တောင့်မခံနိုင်တော့ပေ။

ကုန်အောင် စားပြီးမှသာ အနည်းငယ် သက်သာသွားသည်။

ထို့နောက် စုဆောင်းထားသော ရိက္ခာ ထက်ဝက်ကို ချက်ချင်း ထပ်စားလိုက်သည်။

ထိုအခါမှသာ ဆာလောင်မှု ရပ်တန့်သွားသည်။

ဒီလောက် ဆာလောင်တာက ကျန်းမန်ကို အတော်လေး အံ့အားသင့်သွားစေသည်။

ဒီလောက်တောင် ဆာရလား။

ထို့နောက် သူ သွေးဘူးသီးခြောက်ကို စစ်ဆေးကြည့်လိုက်ရာ၊ ဆယ်ပုံတစ်ပုံတောင် မရှိသေးပေ။

ဒီလောက်လေးနဲ့ ဒီလောက်တောင် ဆာတာလား။

ဝိညာဉ်ကျောက်တုံး သုံးရာဖိုး အစားအသောက် ဝယ်ထားတာကို၊ တစ်ခါစားတာနဲ့ တစ်ရာ့ငါးဆယ်ဖိုး ကုန်သွားပြီလား။

"မင်း အကြိမ် ဘယ်နှစ်ခေါက် လေ့ကျင့်လိုက်လို့ ဒီလောက် အများကြီး စားနေတာလဲ"

အနားရောက်လာသော နွားဝါကြီးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဆယ်ခေါက်"

ကျန်းမန်က အမှန်အတိုင်း ဖြေလိုက်သည်။

ဒီလောက် ဆာလောင်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

ထိုစကားကို ကြားသောအခါ နွားဝါကြီး မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

"မင်းရဲ့ သွေးကြောအင်အား ကျင့်စဉ်က ဘယ်အဆင့်ရောက်ပြီလဲ"

ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ ပြန်မေးလိုက်သည်။

"နွားအစ်ကို မြင်နေရတာ မဟုတ်ဘူးလား"

နွားဝါကြီး တိတ်ဆိတ်သွားသည်၊ သွေးကြောအင်အား ကျင့်စဉ်က အဆင့်ကိုး၊ ချီသန့်စင်ခြင်း ကျင့်စဉ်က အဆင့်ကိုး။

တကယ်ကို ဘယ်လိုများ ကျင့်ကြံနေတာလဲ။

သူ ဆက်မမေးတော့ပေ။

မေးရင်လည်း ပါရမီက ပံ့ပိုးပေးလို့ဆိုတဲ့ အဖြေပဲ ရမှာလေ။

ဘာအဓိပ္ပာယ်မှ မရှိဘူး။

"သွေးကြောအင်အား ကျင့်စဉ် အဆင့်ကိုးဆိုတော့ တိုးတက်တာ မြန်ပေမယ့် ကုန်ကျစရိတ်လည်း မြန်တယ်။ မင်းလိုလူမျိုးက အထူးပြုစုပျိုးထောင်ထားတဲ့ သားရဲအသားတွေကို ဝယ်စားတာ အကောင်းဆုံးပဲ"

နွားဝါကြီးက ပြောလိုက်သည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ကျွန်တော် မေးကြည့်ပြီးပြီ၊ တစ်ပိဿာကို ဝိညာဉ်ကျောက်တုံး သုံးရာတဲ့။ အခု ကျွန်တော့်ဆီမှာ ကိုးရာကျော်ပဲ ကျန်တော့တာ၊ အများဆုံး သုံးပိဿာပဲ ရမယ်"

"ဝိညာဉ်ကျောက်တုံး သွားရှာလို့ ရရင် ပြီးတာပဲလေ"

နွားဝါကြီးက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

ကျန်းမန် တိတ်ဆိတ်သွားသည်။

ဝိညာဉ်ကျောက်တုံး ရှာရတာ ဒီလောက် လွယ်နေရင် သူ တကူးတက ဈေးနှုန်းကို ပြောနေပါ့မလား။

သူ့ကံကောင်းလို့ တစ်လလုံးလုံး ရှာတာတောင် တစ်ထောင့်သုံးရာပဲ ရခဲ့တာလေ။

အခု ကျင့်ကြံမှုအဆင့် တက်လာပေမယ့်လည်း ဝိညာဉ်ကျောက်တုံးက ရှာဖို့ မလွယ်ပါဘူး။

ဒါပေမယ့် မရှာလို့လည်း မဖြစ်ဘူး၊ ကြည့်ရတာ တာဝန်ခံ မျောက်ဆီကို ပြန်သွားရဦးမယ် ထင်တယ်။

မဟုတ်ရင် နှစ်လအတွင်း ချီသန့်စင်ခြင်း အဆင့်ခြောက်ကို လုံးဝ ရောက်နိုင်မှာ မဟုတ်ဘူး။

သိချင်စိတ်ကြောင့် ကျန်းမန်က နွားဝါကြီးကို ဝိညာဉ်ကျောက်တုံး ရှာတတ်လားဟု မေးကြည့်လိုက်သည်။

ရလိုက်သည့် အဖြေကတော့၊ သူ အသားမစားဘူးတဲ့။

ကျန်းမန် - "..."

နောက်ဆုံးတော့ သူ အရင်းအမြစ်ဌာနသို့ သွားကာ အထူး သားရဲအသားများကို ဝယ်ယူလိုက်သည်။

သုံးပိဿာ။

စားပြီးနောက်တွင် သွေးကြောအင်အားများ ဆူပွက်လာသည်ကို တကယ်ပင် ခံစားလိုက်ရပြီး၊ သွေးကြောအင်အား ကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။

တစ်ကြိမ်ပြီး တစ်ကြိမ်…..

အကြိမ် လေးဆယ် ကြာပြီးနောက်၊ ဘူးသီးခြောက်ဘူး တစ်ဝက်အထိ ပြည့်သွားပြီ ဖြစ်သည်။

အရမ်း မြန်တာပဲ။

ဒါပေမယ့် ပြန်ဆာလာပြီ။

နောက်ထပ် တစ်ပိဿာ ဗိုက်ထဲ ဝင်သွားပြီး၊ မိုးလင်းသည်အထိ ကျင့်ကြံခဲ့သည်။

အကြိမ် ငါးဆယ် ကြာပြီးနောက်၊ ဘူးသီးခြောက်ဘူး ပြည့်သွားပြီ ဖြစ်သည်။

တတိယ တစ်ပိဿာကို စားပြီးနောက်….

ဆယ်ကြိမ် လေ့ကျင့်ပြီးသည်နှင့် ဒုတိယ ဘူးသီးခြောက်ဘူးကို တစ်ကျော့တည်း ဖွင့်လှစ်နိုင်ခဲ့သည်။

ခန္ဓာကိုယ် အဆင့်နှစ်……

ထိုအခါမှသာ ကျန်းမန် သက်ပြင်းချလိုက်နိုင်သည်။

ဝိညာဉ်ကျောက်တုံး တစ်ထောင်နီးပါး ကုန်သွားပြီ။

ယခုအခါ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်ပြီ ဖြစ်သော်လည်း၊ ကျန်းမန် မလောသေးဘဲ သွေးကြောအင်အား ဘူးသီးခြောက်ဘူး သုံးခုကို အရင် အပြည့်ဖြည့်ရမည်။

ဒီညတော့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ဝိညာဉ်ကျောက်တုံး သွားရှာရမည်။

လက်ရှိ သူ၏ အခြေခံဈေးက ဘယ်လောက်လဲဆိုတာ မသိဘူး။

နေ့ခင်းဘက်တွင် ကျန်းမန် ပုံမှန်အတိုင်း ပညာသင်ယူပြီးနောက် ကျင့်ကြံခဲ့သည်။

သို့သော် ယှဉ်ပြိုင်လေ့ကျင့်သည့်အခါ စုန့်ချင့်က စိတ်မပါသလို ဖြစ်နေပြီး ဘာတွေတွေးနေမှန်း မသိပေ။

ညနေစောင်းတွင် လော်ရွှမ်က ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။

ကျန်းမန်လည်း အစောင့်ဌာနသို့ သွားကာ ဈေးနှုန်း သွားမေးကြည့်လိုက်သည်။

—

အခြားတစ်ဖက်တွင်၊ စုန့်ချင့်သည် တစ်နေ့လုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် သတ္တိမွေးကာ လော်ရွှမ်၏ နေအိမ်သို့ လျှောက်သွားခဲ့သည်။

ဘယ်လိုပြောရမလဲ၊ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သူ စိတ်ထဲမှာ အကြိမ်ရာပေါင်းများစွာ ပြန်လည် စဉ်းစားပြီးသားပါ။

သူ ကျန်နေဖို့ အခွင့်အရေး တစ်ခု ရအောင် ကြိုးစားဖို့ပါ။

လော်ရွှမ်၏ နေအိမ်တွင်မူ ချန်ယွီက မေးထောက်ကာ စားပွဲဘေးတွင် ထိုင်နေသည်။

"ဒီကျန်းမန်က ဘာလို့ အခုထိ မလာသေးတာလဲ"

"မလောပါဘူး သေချာ စဉ်းစားဖို့ အချိန်လိုတာပေါ့"

လော်ရွှမ်က မုန့်စားရင်း တည်ငြိမ်စွာ ပြန်ပြောသည်။

"သေချာ စဉ်းစားပြီးရင် သေချာပေါက် ရောက်လာမှာပါ"

"သူ့ကို ဘယ်လောက်များ လူတွေက အားကျနေလဲဆိုတာ သူမှ မသိတာ။ လော်သခင်မလေးက သူ့ကို မျက်စိကျပြီး အခွင့်အရေး တစ်ခုပေးတာက သူအတွက်တော့ ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းမှုကြီးပဲ"

ချန်ယွီက ပြောလိုက်သည်။

လော်ရွှမ်ကတော့ ဂရုမစိုက်ဘဲ အေးဆေးစွာ ကျင့်ကြံနေသည်။

အချိန်ဖြုန်းဖို့ အစီအစဉ် မရှိပေ။

ခဏအကြာတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။

ချန်ယွီက ချက်ချင်း ခုန်ထလိုက်ပြီး ပြောလိုက်သည်။

"လာပြီ သူ လော်သခင်မလေးကို ဘယ်လို ကျေးဇူးတင်မလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"

ထို့နောက် သူမ အလျင်အမြန် တံခါးဆီသို့ သွားကာ ဖွင့်လိုက်သည်။

သို့သော် တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက်၊ အမျိုးသားတစ်ဦးက ဒူးတစ်ဖက် ထောက်ကာ ခေါင်းငုံ့ပြီး ရိုသေစွာ ပြောလိုက်သည်ကို တွေ့လိုက်ရသည်။

"သခင်မလေး၊ ကျွန်တော် သခင်မလေးအတွက် ခွေးတစ်ကောင် မြင်းတစ်ကောင်လို အလုပ်အကျွေးပြုပါ့မယ်"

All Chapters