အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) ပထမနေရာရဲ့ ဂုဏ်ကျက်သရေ
ဖက်တီးလေးကတော့ သူ့ရဲ့ အဆင့်သတ်မှတ်ချက်အပေါ် ဘာသံသယမှ မရှိပေ။
အခုဆိုရင် သူက နောက်ဆုံးမှ ရေတွက်ရင် အဆင့်ငါး နေရာမှာ ရောက်နေပြီး သူ့ရဲ့ ရမှတ်က လူတော်တော်များများကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ အကူအညီကြောင့် သူ့ရဲ့ တိုးတက်မှုက နတ်ဘုရားတစ်ပါးလို မြန်ဆန်နေခဲ့သည်။
သူကိုယ်တိုင်လည်း ကြိုးစားသလို အိမ်ကလည်း သူ့အတွက် အရင်းအမြစ်တွေကို ရက်ရက်ရောရော ပေးပါတယ်။
ဒါပေမယ့် အရမ်း ပင်ပန်းလွန်းတယ်။
ကျန်းမန်နောက်ကနေ လိုက်ပြီး ကျင့်ကြံရတာတင် လူအများစုထက်ကို ပိုပြီး ကြိုးစားအားထုတ်နေရတာ။
တကယ်လို့ သူ့မှာ အရင်းအမြစ် ကောင်းကောင်းသာ မရှိရင်…
ဒီလောက် ကြိုးစားနေတဲ့ တခြားလူတွေကို ဘယ်လိုမှ မှီမှာမဟုတ်ဘူး။
ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံး ရလဒ်က အတူတူပဲ၊ ဝင်ခွင့်နေရာကို မရနိုင်သလို ဝူယွင်ဂိုဏ်းထဲကိုလည်း ဝင်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် သူ ကြိုးစားနေပေမယ့်လည်း သူ့ရဲ့ သာမန်ဘဝကိုတော့ သူ လက်ခံထားပြီးသားပါ။
အကောင်းဆုံး လမ်းကြောင်းကို မလျှောက်နိုင်ဘူးဆိုတာက လမ်းမရှိတော့ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ။
အခု လောလောဆယ်မှာတော့ အိမ်က ရိုက်နှက်ဆဲဆိုတာတွေနဲ့ နှိုင်းယှဉ်ခံရတာတွေကို ကာကွယ်ဖို့ပဲ အရေးကြီးတယ်။
ကျန်းမန်ရဲ့ ရုတ်တရက် အောင်မြင်လာမှုကြောင့် အိမ်ကလူတွေက သူ့ကို ကျန်းမန်နဲ့ အမြဲတမ်း နှိုင်းယှဉ်နေကြတယ်။
အထူးသဖြင့် တစ်ဖက်လူက ထိပ်ဆုံး ဆယ်ဂဏန်းလောက်ကို ဝင်သွားတဲ့အချိန်မှာပေါ့။
သူနဲ့ ကျန်းမန်ကြားက ကွာဟချက်က အဆင့်ဆယ်ခုလောက်ပဲ ရှိတာဆိုတော့ အရမ်းကြီး မကွာဘူး၊ လိုက်မီနိုင်တဲ့ အနေအထားမှာ ရှိတယ်။
သူက ရရင် ငါကကော ဘာလို့ မရမှာလဲ ဆိုတဲ့အတွေးမျိုးပေါ့။
ဒါကြောင့် အိမ်ကလူတွေကို သူတကယ် မစွမ်းဆောင်နိုင်ဘူးဆိုတာ နားလည်အောင် လုပ်ဖို့အတွက် ကျန်းမန်အပေါ်မှာပဲ မျှော်လင့်ထားရတော့တယ်။
တစ်ဖက်လူက ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်သွားဖို့ မျှော်လင့်နေတာ။
ကျန်းမန်က ဒီတစ်ခေါက် ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်ဖို့ ခက်တယ်လို့ ပြောခဲ့ပေမယ့် ဆယ့်တစ်၊ ဆယ့်နှစ် လောက်ဆိုရင်လည်း ရပါတယ်။
ကွာဟချက်က အဆင့်ဆယ်ဆင့်လောက်ပဲ ရှိသေးတယ်ဆိုပေမယ့် အဓိပ္ပာယ်ကတော့ မတူတော့ဘူးလေ။
ဒါကြောင့် သူက နေ့လယ်ပိုင်း အဆင့်သတ်မှတ်ချက် ကြေညာမယ့် အချိန်ကို စောင့်နေခဲ့တာ။
ကျန်းမန် မလာတာကိုလည်း သူ သိပ်ဂရုမစိုက်ပါဘူး။
မနေ့ကတည်းက ပြောထားပြီးသားလေ ဘာတွေများ အလုပ်ရှုပ်နေလဲတော့ မသိဘူး။
အရင်တစ်ခေါက် အဖမ်းခံရတဲ့ ကိစ္စများလားပဲ။
အဲဒီကိစ္စက သေးတော့မသေးလောက်ဘူး ဒါပေမယ့် ထူးဆန်းတာက သုံးယောက်လုံး ဘာမှမဖြစ်ခဲ့ကြတာပဲ။
ဒါက ချန်ချီဝမ် နောက်ကွယ်မှာလည်း လူရှိနေတယ်ဆိုတဲ့ သဘောပဲ။
စောင့်ဆိုင်းနေစဉ်အတွင်း စုန့်ချင့်က သူ့ဆီလာပြီး ကျန်းမန်အကြောင်း မေးကြည့်သေးသည်။
သူကလည်း အမှန်တိုင်း ပြောပြလိုက်သည်။
ထို့နောက် စုန့်ချင့်က ကျန်းမန် အဆင့် ဘယ်လောက်လောက် ရနိုင်လဲဟု မေးလိုက်သည်။
ဖက်တီးလေး အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်သည်။
"ကောင်းမယ်ဆိုရင်တော့ ဆယ့်တစ်၊ ဆယ့်နှစ် လောက်ပေါ့"
ထိုစကားကို ကြားသောအခါ စုန့်ချင့် သက်ပြင်းချလိုက်မိသည် တိုးတက်တာ တကယ်ကို မြန်လွန်းတယ်။
လော်ရွှမ်က အရင်းအမြစ်တွေ ဘယ်လောက်တောင် ပေးထားလို့ ကျန်းမန်ရဲ့ တိုးတက်မှုက ဒီလောက် မြန်ဆန်နေရတာလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး။
သူ အားကျမိသလို လော်ရွှမ်ရဲ့ သက်တော်စောင့် ဖြစ်ချင်စိတ်လည်း ပိုများလာတယ်။
အများကြီး မလိုပါဘူး ကျန်းမန် ရနေတဲ့ အရင်းအမြစ်ရဲ့ သုံးပုံတစ်ပုံလောက်ဆို လုံလောက်ပြီ။
ဒါမှမဟုတ် ဆယ်ပုံတစ်ပုံလောက်ဆိုရင်တောင် ရပါတယ်။
အနည်းဆုံးတော့ လော့ယွင်မြို့မှာ လူလုံးသူလုံး ပြပြီး နေနိုင်ပြီလေ။
ရွာကို ပြန်စရာ မလိုတော့ဘူး။
နောက်ဆုံးတော့ အဆင့်သတ်မှတ်ချက် ကြေညာမည့် အချိန် ရောက်လာခဲ့သည်။
ဖက်တီးလေးက ချက်ချင်းပင် အဆင့်တစ်ဆယ် နေရာကို လိုက်ရှာလိုက်သည်။
အဆင့်တစ်ဆယ် ရှဲ့ခယ်ချန်၊ ရမှတ် ငါးဆယ်….
နှမြောစရာပဲ။
ဖက်တီးလေး အတော်လေး နှမြောသွားသည်။
ထို့နောက် အဆင့်ဆယ့်တစ်၊ ဆယ့်နှစ်ကို ကြည့်လိုက်သည်။
အံ့ဩစရာကောင်းစွာပင် မဟုတ်သေးပေ။
"မဖြစ်နိုင်တာ ဖြေတာများ လွဲချော်သွားလို့လား"
ပုံမှန်အားဖြင့်တော့ အကဲဖြတ်စစ်ဆေးမှုမှာ ဖြေတာ လွဲချော်သွားတယ်ဆိုတာ မရှိတတ်ပါဘူး။
ထို့နောက် သူက ဆယ့်သုံး၊ ဆယ့်လေး နေရာကို ကြည့်လိုက်ပြန်သည်။
မရှိဘူး။
ဆယ့်ငါး၊ ဆယ့်ခြောက်
မရှိသေးဘူး
ချက်ချင်းဆိုသလို သူတစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရပြီး ထိပ်ဆုံး ဆယ်ယောက်ကို ပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အဆင့်ကိုး၊ အဆင့်ရှစ်
မဟုတ်ဘူး
အဆင့်ခုနစ်၊ အဆင့်ခြောက်
မဟုတ်သေးဘူး
အဆင့်ငါး၊ အဆင့်လေး
မဟုတ်သေးဘူးပဲ
တစ်မုဟုတ်ချင်းမှာပင် သူ တွေဝေသွားခဲ့သည်။
ကျန်းမန် ဘယ်ရောက်သွားတာလဲ။
"စုန့်ချင့် မင်း ကျန်းမန်ကို တွေ့လား ငါ ဘာလို့ ရှာမတွေ့တာလဲ"
ဖက်တီးလေးက ဘေးနားရှိ စုန့်ချင့်ကို ပုတ်ကာ မေးလိုက်သည်။
ထိုအချိန်တွင် စုန့်ချင့်က စက်ရုပ်တစ်ရုပ်လို လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ပြောလိုက်သည်။
"ဟိုမှာ ကြည့်လိုက်"
ဖက်တီးလေးက စုန့်ချင့် ညွှန်ပြရာဘက်သို့ ကြည့်လိုက်သည်။
ထို့နောက် သူ တစ်ကိုယ်လုံး အေးစက်သွားပြီး ကြက်သီးတွေ ထသွားကာ နေရာမှာတင် ကြောင်အမ်းသွားခဲ့သည်။
အပေါ်ဆုံးက အဆင့်သတ်မှတ်ချက်ကို သူ မြင်လိုက်ရသည်။
ပထမနေရာ ကျန်းမန်၊ ရမှတ် ခြောက်ဆယ့်လေး…..
"တကယ်ကြီးလား" ဖက်တီးလေး မယုံနိုင်အောင် ဖြစ်သွားသည်။
သူတစ်ယောက်တည်း မဟုတ်ဘဲ တခြားလူတွေလည်း ထိုနည်းတူပင် ဖြစ်သည်။
ကျန်းမန် တိုးတက်လာလိမ့်မည်ဆိုတာကို သူတို့ သိကြပါသည်။
ဒါပေမယ့် ပထမနေရာကို ရလိမ့်မည်ဟု တစ်ခါမှ မတွေးကြည့်ဖူးကြပေ။
ပထမနေရာတဲ့……
ပထမနေရာဆိုတာ ပါရမီတင်မကဘူး အရင်းအမြစ်တွေ အများကြီးလည်း လိုအပ်တယ်။
အထူးသဖြင့် အချိန်တိုအတွင်းမှာ ပထမနေရာကို တက်လှမ်းဖို့ဆိုတာ ကုန်ကျမယ့် အရင်းအမြစ်က ပင်လယ်ရေလောက် များပြားလိမ့်မယ်။
ဒီပထမနေရာကို လော်ရွှမ် ဖြစ်မယ်လို့ သူတို့ ထင်ခဲ့ကြတယ်၊ ဖန်ယုံ ဖြစ်မယ်လို့လည်း တွေးခဲ့ကြတယ်။
ဒါပေမယ့် ကျန်းမန်...
ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ။
လော်ရွှမ်လည်း နေရာမှာတင် ရပ်ပြီး အလွန်တရာ အံ့ဩနေမိသည်။
ဖန်ယုံဆိုလျှင် ပို၍ပင် တုန်လှုပ်နေသည်။
ချန်ယွီကတော့ မျက်လုံးကို မှေးကာ ဘာတွေ တွေးနေမှန်း မသိပေ။
ချန်ချီဝမ်က အရင်တုန်းက ကိစ္စတွေကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ ကျန်းမန်က သူ့ကို တရားခံစစ်ဆေးရေးဌာနထဲ ပို့ချင်လို့ တမင် အားနည်းချင်ယောင် ဆောင်နေတာလို့ ခံစားလိုက်ရသည်။
ထို့နောက် အသံအချို့ ထွက်ပေါ်လာသည်။
"ကျန်းမန်က လော်ရွှမ် ပြုစုပျိုးထောင်ပေးနေတာ မဟုတ်ဘူးလား ဘယ်လိုလုပ် လော်ရွှမ်ကို ကျော်တက်သွားရတာလဲ"
"မသိဘူးလေ အဲဒီနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေလဲ"
ဒီအသံတွေကို ကြားလိုက်ရတဲ့အခါ လော်ရွှမ်က တိတ်ဆိတ်စွာပဲ ထွက်သွားခဲ့သည်။
အရင်တုန်းကတော့ ဒီလို ကောလာဟလတွေက ကျန်းမန်ကို နေရာပေးရာရောက်တယ်လို့ သူမ ထင်ခဲ့ပေမယ့် အခုတော့ သူမရဲ့ မျက်နှာကို ဖြတ်ရိုက်နေသလို ဖြစ်သွားပြီ။
—
အခြားတစ်ဖက်တွင်….
ကျန်းမန်သည် ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက်လာခဲ့သည်။
ဒီခြံဝင်းထဲမှာ အဆင့်သုံးဆင့် ရှိပြီး ကျန်းမန်က အပြင်ဘက်ဆုံး ခြံဝင်းထဲမှာ ရောက်နေတာ ဖြစ်ကာ ဒီနေရာမှာ အခန်းခြောက်ခန်း ရှိသည်။
"နံပါတ်တစ် အခန်းမှာ သွားစောင့်နေပါ လူတွေ မကြာခင် စုံလာပါလိမ့်မယ် ဒီနေရာမှာ ဖြစ်သလို လျှောက်သွားလို့ မရဘူးနော် ဒီအမိန့်ပြား အမျိုးအစားက လူအားလုံး နံပါတ်တစ် အခန်းမှာပဲ စုနေရတာ အမိန့်ပြားက စုစုပေါင်း သုံးမျိုး ရှိတယ်"
အစောင့်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းမန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
သို့သော် တစ်ဖက်လူက ထွက်မသွားဘဲ ခဏ ရပ်နေသေးသည်။
ဒါကိုမြင်တော့ ကျန်းမန်လည်း ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးလိုက်ရသည်။
ထိုအခါမှသာ အစောင့်က ကျေနပ်စွာဖြင့် ထွက်သွားတော့သည်။
ဒီစကားလေး နှစ်ခွန်း သုံးခွန်း ပြောရုံနဲ့ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတောင် ရသွားတာ။
ဒီနေရာမှာ အစောင့်လုပ်ရတာ တကယ်ကို ငွေရှာရလွယ်တာပဲ။
ဒီနေရာမှာ ခဏစောင့်နေပြီးနောက် လူတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာတာကို ကျန်းမန် မြင်တွေ့လိုက်ရသည်။
ဒီလူတွေက အထဲဝင်လာတာနဲ့ အထဲမှာ ရှိနေတဲ့လူတွေကို အကဲခတ်လေ့ ရှိကြသည်။
အထူးသဖြင့် အပြင်ပန်း အသွင်အပြင် ဥပမာ- ဝတ်စားဆင်ယင်မှုမျိုးပေါ့။
နောက်မှ ဝင်လာတဲ့ လူငါးယောက်က ပိုးသား အဝတ်အစားတွေ ဝတ်ဆင်ထားကြသည်။
ကျန်းမန် တစ်ယောက်တည်းသာ အဝတ်အစား ကြမ်းကြမ်းတွေကို ဝတ်ဆင်ထားသည်။
ကွာဟချက်က သေချာပေါက် သိသာလွန်းနေသည်။
ထိုအချိန်တွင် အရပ်ရှည်ရှည် လူတစ်ယောက်က ကျန်းမန် အနားသို့ လာကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘယ်မိသားစုက ပြုစုပျိုးထောင်ထားတဲ့ သမက်လဲ"
ကျန်းမန် "..."
ခဏရပ်ပြီးနောက် တစ်ဖက်လူက ခေါင်းခါရင်း ဆက်ပြောသည်။
"သမက်ဆိုရင်တောင် မင်းလောက် စုတ်ပြတ်နေမှာ မဟုတ်ဘူး ကြည့်ရတာ တစ်သက်လုံး အလုပ်အကျွေးပြုဖို့ စာချုပ်ချုပ်ထားတဲ့ သေမထူးနေမထူးလူ ဖြစ်မယ်။"
"လော်မိသားစုကလား"
"သူတို့ မိသားစုမှာက ထူးချွန်တဲ့သူ သိပ်မရှိဘူး အခြေခံ အုတ်မြစ်ကလည်း ပြဿနာ နည်းနည်း ရှိနေတယ်လို့ ထင်တယ် ဒီတော့ သေမထူးနေမထူးလူ တစ်ယောက်လောက် ရှာထားတာလည်း သဘာဝကျတယ်"
"ထားပါတော့ မင်း ပြန်ဖြေနေစရာ မလိုပါဘူး ငါလည်း မင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ အစီအစဉ် မရှိဘူး"
ကျန်းမန် - "…...."
တခြားသူများကလည်း ခပ်ဟဟ ရယ်မောလိုက်ကြသည်။
ဘယ်သူကမှ ရုပ်ဆိုးတဲ့ ဘဲကလေးကို အရေးမစိုက်ကြပေ။
ကျန်းမန်ကလည်း အများကြီး ဂရုမစိုက်ပါ အချိန်တန်ရင် အရာအားလုံးက သူ့ဟာသူ သက်သေပြသွားပါလိမ့်မည်။
ဒါပေမယ့် သတိရလာတဲ့ အချိန်က အရမ်း တိုတောင်းလွန်းသေးတယ်။
ဒါပေမယ့် အများဆုံး ခြောက်လလောက်ဆိုရင် ဒီလူတွေ အားလုံး သူ့ရဲ့ လက်အောက်ခံ ရှုံးနိမ့်သူတွေ ဖြစ်သွားလိမ့်မယ်။
လောနေလို့ မရဘူး။
မကြာမီ လူအားလုံး တိတ်ဆိတ်သွားကြသည်။
ထို့နောက် လူငယ် နှစ်ယောက် ဝင်လာသည် တစ်ယောက်က ယောက်ျားလေး နောက်တစ်ယောက်က မိန်းကလေး ဖြစ်သည်။
ယောက်ျားလေးက အေးဆေးတည်ငြိမ်သော မျက်နှာထားရှိပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြီးမားလှသည့် အရှိန်အဝါကြောင့် လူတိုင်း အလိုလို ခေါင်းငုံ့သွားမိကြသည်။
လူတိုင်း စိတ်ထဲတွင် အံ့ဩသွားကြသည် ဒါက ဘယ်အဆင့်က ကျင့်ကြံသူကြီးလဲ။
အရင်က မာနကြီးနေခဲ့တဲ့ ယောက်ျားလေး မိန်းကလေးတွေတောင် အခုတော့ နည်းနည်းမှ ပေါ့ပေါ့ဆဆ မနေရဲကြတော့ပေ။
"အရည်အချင်းတွေကိုတော့ ငါမစစ်ဆေးတော့ဘူး အခု ငါပြောတာကို နားထောင် မမေးနဲ့ ကိုယ့်ဘာသာ နားလည်အောင် လုပ်"
ယောက်ျားလေးက အောက်ခြေရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။
"နားလည်လား"
လူတိုင်းက နားလည်ကြောင်း ခေါင်းငုံ့ပြလိုက်ကြသည်။
ဒီအချိန်မှာတော့ ချမ်းသာတာပဲဖြစ်ဖြစ်၊ ဆင်းရဲတာပဲဖြစ်ဖြစ် ဒီကျင့်ကြံသူကြီးရှေ့မှာတော့ အားလုံးက တန်းတူညီမျှပဲ။
"ထိုင်ကြ"
ယောက်ျားလေးက ပြောရင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"စာအုပ်ကို တစ်နာရီ ဖတ်မယ် တစ်နာရီ ပြည့်ရင် ငါက မင်းတို့ကို နှစ်နာရီကြာ ရှင်းပြပေးမယ် ညသန်းခေါင်မတိုင်ခင်အထိ မင်းတို့ ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားလို့ ရတယ်။"
"ညသန်းခေါင် ကျော်သွားရင်တော့ စာအုပ်တွေကို ထားခဲ့ အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာကို အတည်ပြုပြီးရင် ထွက်သွားလို့ ရပြီ။"
ကျန်းမန်က စာအုပ်ကို ရသည်နှင့် စတင် ဖတ်ရှုလိုက်သည်။
မျက်စိထဲကို အရင်ဆုံး ဝင်လာတာက စာလုံးကြီး ငါးလုံးဖြစ်တဲ့ ရေသစ်သား စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် ဆိုတာပါပဲ။
ချက်ချင်းပင် သူက ကောင်းကင်ဘုံ မှတ်တမ်းကျမ်းကြီးကို လှုံ့ဆော်လိုက်သည်။
ထို့နောက် စာရွက်က နောက်ဆုံး စာမျက်နှာတွင် ရပ်တန့်သွားသည်။
[ပြောလောက်စရာ မရှိ]
ကျန်းမန် "..."
ထို့နောက် ကျန်းမန်က စာအုပ်ကို ဖွင့်ဖတ်ကြည့်လိုက်ရာ ပထမဆုံး စာမျက်နှာတွင် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်၏ ပုံကြမ်းနှင့် မှတ်တမ်းများကို တွေ့လိုက်ရသည်။
ပုံကြမ်းက ရေနှင့် သစ်သား ပေါင်းစပ်ဖွဲ့စည်းထားသော ကြီးမားသည့် ဒယ်အိုးကြီး တစ်လုံး ဖြစ်သည်။
ဘေးတွင် ရေးထားသည်မှာ ကောင်းကင်နှင့် မြေကြီး၏ အငွေ့အသက်များ ရောယှက်နေပြီး၊ ရေက သစ်သား၏ သဘာဝကို ပြုစုပျိုးထောင်ပေးသည်။ ရေနှင့် မီးတို့ ပေါင်းစပ်ခြင်း၏ နိမိတ်လက္ခဏာကို ယူကာ၊ သဘာဝတရား၏ ရှင်သန်ကြီးထွားမှု ယန္တရားကို လိုက်နာသည်။ အစိမ်းရောင် နဂါး၏ သစ်သားဓာတ်ကို ကိုယ်ထည်အဖြစ်ထားပြီး၊ အနက်ရောင် လိပ်၏ ရေဓာတ်ကို အသုံးပြုသည်။ ရေနှင့် မီးတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေါင်းစည်းကာ၊ ရှင်သန်မှု အပြည့်ရှိသော ရေသစ်သား ဒယ်အိုးကြီးကို ဖန်တီးသည်။
ကျန်းမန် ဆက်လက် ဖတ်ရှုလိုက်သည်။
ဒီစာသားတွေက အရမ်း နားလည်ရခက်ပြီး လမ်းညွှန်ပြသပေးမယ့်လူသာ မရှိရင် သူ့ကို အလကားပေးရင်တောင် နားလည်ချင်မှ နားလည်မှာ၊ သင်ယူဖို့ဆိုတာ ပိုပြီးတောင် ဝေးသေးတယ်ဆိုတာ သူ တွေ့လိုက်ရသည်။
ဒါက...
အရမ်း ခက်ခဲလွန်းတယ်။
အခြေခံ ဗဟုသုတသာ မရှိရင် နတ်စာအုပ်ကို ဖတ်နေရသလိုပဲ။
သာမန် အခြေခံ ကျင့်စဉ်တွေကိုပဲ လူတိုင်း အသုံးပြုကြတာ မဆန်းပါဘူး။