အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) ငါမင်းကို မိန်းမယူပေးခဲ့လို့ ကျေးဇူးတင်တာလား
နာရီဝက် ကြာပြီးနောက်…..
ထိုယောက်ျားလေး ထပ်မံ ထွက်ပေါ်လာပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
"အခု ငါ မင်းတို့ကို ရေသစ်သား စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အကြောင်း ရှင်းပြမယ်"
ကျန်းမန် အချိန်မဆွဲရဲဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
ဘယ်လို လည်ပတ်ရမလဲဆိုတာကို အကြမ်းဖျင်း နားလည်သွားရင် မြန်မြန်ဆန်ဆန် သင်ယူနိုင်လိမ့်မည်။
ကျင့်စဉ် ခရမ်းရောင်ချီက သူ့ကို အထောက်အကူ ပြုပေးလိမ့်မည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်က အရင် ချီသန့်စင်ခြင်း ကျင့်စဉ် သို့မဟုတ် သွေးကြောအင်အား ကျင့်စဉ်တို့နှင့် မတူညီပေ။
၎င်းတွင် အရန်အဖြစ် လှုပ်ရှားရမည့် ကိုယ်လက်လှုပ်ရှားမှုများ မရှိပေ။
ရှိသည်မှာ ဝိညာဉ်စွမ်းအင် လည်ပတ်မှု အကူအညီဖြစ်ပြီး ထိုမှတစ်ဆင့် စိတ်ကူးပုံဖော်သည့် ပုံရိပ်ကို စုစည်းကာ စိတ်ဓာတ်ကို ဆက်လက် သန့်စင်ရမည် ဖြစ်သည်။
ကျန်းမန်က အသေးစိတ် နားထောင်နေပြီး မည်သည့်အချက်ကိုမှ မလွတ်သွားစေရန် ဂရုစိုက်နေသည်။
သို့သော် တစ်ဖက်လူ၏ စကားပြောနှုန်းက မနှေးသဖြင့် အားလုံးကို အပြည့်အဝ နားလည်ဖို့ဆိုတာ အရမ်း ခက်ခဲသည်။
မှတ်မိအောင်သာ အစွမ်းကုန် ကြိုးစားရမည်။
ထို့နောက် တစ်ဆင့်ချင်းစီ စမ်းသပ်ကြည့်ရမည်။
တစ်နာရီ ကြာပြီးနောက်…..
"အကြမ်းဖျင်းကတော့ ဒါပါပဲ ကျန်တာကတော့ မင်းတို့ဘာသာ ဆက်ပြီး ကျင့်ကြံရမှာပဲ ငါတို့က မင်းတို့ ကျင့်ကြံနေတာကို ကြည့်ပြီး လိုချင်တဲ့ လည်ပတ်မှု ရလဒ်ကို ရမရ စစ်ဆေးမှာ"
ယောက်ျားလေးက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
တစ်ယောက်ယောက်က မေးခွန်းမေးချင်သော်လည်း သူက ခေါင်းခါပြလိုက်သည်။
"ဘာမေးစရာ ရှိရှိ မင်းတို့ ကျင့်ကြံရင်းနဲ့ပဲ အဖြေရှာကြ"
"လက်တွေ့လုပ်မှ အမှန်တရားကို ရနိုင်မှာ"
ထိုအခါ မည်သူမျှ ထပ်မံ၍ အသံမထွက်ရဲကြတော့ပေ။
ဒီသာမန် အထက်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်က တကယ်ပဲ သင်ယူရခက်တာကို ကျန်းမန် တွေ့လိုက်ရသည်။
တစ်ဖက်လူက ရှင်းပြပြီးတာတောင် အကြောင်းအရာတွေကို နားလည်ဖို့ ခက်ခဲနေဆဲပင်။
ဆက်စပ် ဗဟုသုတတွေ အရမ်း နည်းနေလို့ ဖြစ်သည်။
ဒါပေမယ့် ချမ်းသာတဲ့ မိသားစုက သခင်လေးတွေ၊ သခင်မလေးတွေတောင် ချွေးသံတရဲရဲ ဖြစ်နေပြီး မျက်လုံးတွေထဲမှာ မေးခွန်းတွေ အပြည့်နဲ့ပဲ တချို့ စကားလုံးတွေဆိုရင် ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်ရမည်။
သို့သော် မေးခွင့်မရှိသဖြင့် ခေါင်းမာမာနဲ့ ကျင့်ကြံကြည့်ဖို့ပဲ ရှိတော့သည်။
ဒါက ကျင့်စဉ်စမ်းသပ်တာ မဟုတ်ဘဲ အခက်အခဲကို စမ်းသပ်နေတာပဲလို့ ကျန်းမန် ပိုပြီး ခံစားလာရသည်။
ဒါပေမယ့် ဒါက အထက်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို သင်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဆိုတော့ လည်ပတ်ဖို့ စမ်းသပ်ကြည့်ရုံပဲ ရှိတော့သည်။
လည်ပတ်နေစဉ်အတွင်း ခရမ်းရောင်ချီကလည်း အတူတူ လှုပ်ရှားလာသည်။
သို့သော် တစ်ဝက်လောက် ရောက်တော့ ခရမ်းရောင်ချီက နောက်ပြန်ဆုတ်သွားသည်။
ခန္ဓာကိုယ်ကလည်း တစ်ချက် တုန်သွားသည်။
ဝိညာဉ်စွမ်းအင်တွေ တိုက်မိသွားသဖြင့် ကျင့်ကြံမှုကို ရပ်တန့်လိုက်ရသည်။
ခဏတာ စဉ်းစားပြီးနောက် ကျန်းမန်က ခရမ်းရောင်ချီကို အသုံးပြုကာ မှန်ကန်သော ကျင့်ကြံရေး လမ်းကြောင်းကို ရှာဖွေကြည့်သည်။
နှမြောစရာက သူ ဘယ်လောက်ပဲ စမ်းသပ်ကြည့်ကြည့်။
စိတ်ကူးပုံဖော်မည့် ပစ္စည်းကို စုစည်းသည့်အခါတိုင်း ခရမ်းရောင်ချီက အမြဲတမ်း နောက်ပြန်ဆုတ်သွားသည်။
ဒါက သူ့ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်စေသည်။
အချိန်တွေ တစ်စထက်တစ်စ နည်းလာသည်ကို ကြည့်ပြီး ကျန်းမန်က အကြောင်းအရာ အားလုံးကို မှတ်သားထားလိုက်သည်။
မှတ်မိနေသမျှ ကာလပတ်လုံး ပြန်ရောက်ရင် နည်းလမ်း ရှိလိမ့်မည်။
ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော မိန်းကလေးက ယောက်ျားလေးကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုလု ဒီခြောက်ယောက်ရဲ့ အချက်အလက်တွေကို ကြည့်ပြီးပြီလား"
အစ်ကိုလုက ခေါင်းညိတ်လိုက်သည်။
"ကြည့်ပြီးပြီ အိတ်စိတ်ဝင်စားဖို့ အကောင်းဆုံးက အဲဒီ ကျန်းမန်ပဲ သုံးလအတွင်း ချီသန့်စင်ခြင်း အဆင့်ခြောက် ရောက်တာ မဆိုးဘူးလို့ ပြောလို့ရတယ် ဒါပေမယ့် နောက်ကွယ်ကနေ သေချာပေါက် ထောက်ပံ့ပေးနေတဲ့သူ ရှိမှာ"
"ဒါ့အပြင် သူ့ရဲ့ ပါရမီက ငါတို့ ထင်ထားသလောက် မမြင့်ဘူး ဒီစိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ရဲ့ ပြဿနာ အတိအကျကိုတောင် သူ မမြင်နိုင်ဘူး။"
"ညီမလေးရှရဲ့ အမြင်ကကော ဘယ်လိုရှိလဲ"
ညီမလေးရှက ခေါင်းအနည်းငယ် ခါရင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ အမြင် ဘာရှိမှာလဲ ဒီတစ်ခေါက်က အဖော်အနေနဲ့ လိုက်လာတာပဲလေ ဒါပေမယ့် အစ်ကိုက လောင်းကြည့်ဖို့ မစဉ်းစားဘူးလား"
"ဒီကျန်းမန်က မဆိုးပါဘူး လက်လွှတ်လိုက်ရင် နည်းနည်း နှမြောစရာ ကောင်းတယ်"
"ငါက ဘာနှမြောစရာ ရှိလို့လဲ"
အစ်ကိုလုက ပြုံးလျက် ပြောလိုက်သည်။
"နှမြောစရာကောင်းတာက သူပဲ သူက နည်းနည်း လိုနေသေးတယ်"
"သူတို့ အိမ်မက်ထဲမှာတောင် ထင်ထားမှာ မဟုတ်ဘူး သွေးကြောအင်အား ကျင့်စဉ်နဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်တွေက ငါတို့ အမှန်တကယ် သင်ပေးချင်တဲ့ ကျင့်စဉ်အတွက် မျက်လှည့်ပြထားတဲ့ မြှူဆွယ်တဲ့ အစာတွေဆိုတာကို"
"ငါတို့ တကယ် သင်ပေးချင်တာက ချီသန့်စင်ခြင်း ကျင့်စဉ်လေ"
"လောင်းကစားလုပ်ရင်လည်း အဲဒီဘက်ကိုပဲ လောင်းမှာပေါ့ ဒီဘက်မှာ လောင်းတာက အချည်းနှီးပဲ"
"သူ့ရဲ့ စွမ်းဆောင်ရည်က သာမန်လောက်ပဲ ရှိတာ ငါလိုလူနဲ့ တွေ့ရတဲ့ အခွင့်အရေးကောင်းကြီးကို သူ လက်လွှတ်လိုက်တာပဲ"
ညီမလေးရှကလည်း သက်ပြင်းချလိုက်သည်။
"အဲဒီ ပါရမီရှင်ကို ဂိုဏ်းက အာရုံစိုက်နေပြီဆိုတော့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရမှာ သေချာတယ် လာမယ့်နှစ်ဆိုရင် နောက်ခြံဝင်းက လူတွေနဲ့ အတူတူ အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်လောက်ပြီ လာမယ့်နှစ် ဒုတိယနှစ်ဝက်လောက်ဆိုရင် ဂိုဏ်းထဲမှာ သူ့ကို တွေ့ရတော့မှာပေါ့"
"ဂိုဏ်းထဲမှာ သူ လှိုင်းတံပိုးတွေ ထဖြစ်နိုင်မလားဆိုတာတော့ မသိဘူး"
ထို့နောက် သူတို့ ဘာမှ ထပ်မပြောကြတော့ပေ။
လူတိုင်း၏ ကျင့်ကြံနေမှု အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။
ညသန်းခေါင် ရောက်သည်အထိပင်…….
မှောင်မိုက်နေသော ကောင်းကင်ကြီးက အေးစိမ့်စိမ့် ခံစားချက်ကို နည်းနည်းလေးမှ မပေးစွမ်းနိုင်ပေ။
ကျန်းမန်တို့ အားလုံး ချွေးသံတရဲရဲ ဖြစ်နေကြသည်။
သူတို့ အားလုံးက မရပ်မနား စမ်းသပ်နေကြခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် အားလုံး ကျရှုံးသွားကြသည်။
လူနှစ်ယောက်ဆိုလျှင် အားအင်ချည့်နဲ့ကာ မြေပြင်ပေါ်သို့ လဲကျပြီး သတိလစ်သွားကြသည်။
"ကဲ အချိန်စေ့ပြီ"
အစ်ကိုလုက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
"ကိုယ့်အခြေအနေကိုယ် တစ်ယောက်ချင်းစီ ပြောပြကြ နောက်ပြီး ကျင့်စဉ်ကို မှတ်ထားပြီး အိမ်ပြန်ကျင့်လို့ ရတယ်။"
"ဒါပေမယ့် အပြင်လူကိုတော့ ပေးမသိစေနဲ့ အပြင်ကို ပျံ့နှံ့သွားရင်တော့ ဂိုဏ်းရဲ့ ကျင့်စဉ်ကို ခိုးပြီး သင်ပေးတဲ့ အပြစ်ပဲ။"
"အဲဒီကျရင် မင်းတို့ကို လာရှာမယ့်လူ ရှိလိမ့်မယ်"
စကားသံ ဆုံးသည်နှင့် သတိလစ်နေသူများလည်း သတိရလာကြသည်။
အိမ်ပြန်ပြီး ကျင့်ကြံလို့ ရတယ်ဆိုပေမယ့် သူတို့ စိတ်ထဲမှာတော့ ဝမ်းသာစရာလို့ မခံစားရပေ။
ဘာကြောင့်လဲဆိုတော့ ရှင်းပြသင်ကြားပေးမယ့်သူ မရှိရင် ကျင့်စဉ်တစ်ခုကို သင်ယူဖို့ဆိုတာ အရမ်း ခက်ခဲလို့ပဲ။
အိမ်က လူကြီးတွေကို အားကိုးပြီး သင်ခိုင်းဖို့ကလည်း မလွယ်ပါဘူး။
ကျင့်စဉ်ကို လူကြီးတွေကို ရမ်းသမ်း ပြလိုက်လို့များ လူမိသွားရင် ပြဿနာ ကြီးသွားလိမ့်မည်။
ပထမဆုံး ထွက်လာသူကတော့ ခုနက အရပ်ရှည်ရှည် ယောက်ျားလေး ဖြစ်သည်။
သူက အတော်လေး စိတ်ပျက်လက်ပျက်ဖြင့် ကျင့်စဉ်၏ လေးပုံတစ်ပုံကိုသာ လည်ပတ်နိုင်ကြောင်း ပြောပြသည်။
တခြားသူများကလည်း ထိုနည်းတူပင် ဖြစ်သည်။
လူတွေ ထွက်သွားပြီးနောက် နောက်ဆုံးမှ ကျန်းမန်က သူ၏ အခြေအနေကို ပြောပြလိုက်သည်။
တစ်ဝက်နီးပါး…….
အစ်ကိုလုက မအံ့ဩသလို လူကိုလည်း ပြန်လွှတ်လိုက်သည်။
ကျန်းမန် အခန်းထဲမှ ထွက်လာသောအခါ အပြင်ဘက်တွင် ဘယ်သူမှ မရှိတော့ပေ။
သူက လရောင်ကို ဖြတ်ကာ တစ်ယောက်တည်း ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်လုံး သူ ဘာလို့ ကျရှုံးခဲ့ရလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။
မြင်းတင်းကုပ်သို့ ပြန်ရောက်သောအခါ ကျန်းမန်က နွားဝါကြီးရှေ့တွင် ထိုင်ချလိုက်သည်။
"ကျရှုံးသွားတာလား" နွားဝါကြီးက မေးလိုက်သည်။
ကျန်းမန်က ခေါင်းညိတ်လိုက်သည်။
"ကျရှုံးသွားပြီ ဒါပေမယ့် ဘာလို့ ကျရှုံးရလဲဆိုတာ ကျွန်တော် နားမလည်ဘူး"
"ကျင့်စဉ်အကြောင်း ပြောပြစမ်း"
နွားဝါကြီးက ပြောလိုက်သည်။
"ပြဿနာ ရှိနိုင်လား"
ကျန်းမန်က မေးလိုက်သည်။
"ငါက မကျင့်ကြံဘူးလေ ဘာပြဿနာမှ မရှိနိုင်ဘူး" နွားဝါကြီးက ပြန်ဖြေလိုက်သည်။
ထို့ကြောင့် ကျန်းမန်က ကျင့်စဉ်အကြောင်းကို အသေးစိတ် ပြန်ပြောပြလိုက်သည်။
မကြာမီပင် နွားဝါကြီးက ကောက်ချက်ချလိုက်သည်။
"မင်း ကျရှုံးတာက လူတွေရဲ့ စိတ်ကို မခန့်မှန်းနိုင်လို့ပဲ ကျင့်စဉ်က အမှားကြီး ဒါမှမဟုတ် သင်ပေးတဲ့သူက တမင်သက်သက် လုပ်ထားတာ"
ကျန်းမန် မယုံနိုင်အောင် ဖြစ်သွားပြီး မေးလိုက်သည်။
"အမှားကြီး ဟုတ်လား ဘာလို့လဲ"
"အကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်မှာပေါ့ ချီသန့်စင်ခြင်း ကျင့်စဉ်၊ သွေးကြောအင်အား ကျင့်စဉ်၊ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် ဒီသုံးခုထဲမှာ မှန်တာက တစ်ခုတည်းပဲ ရှိလောက်တယ် သူတို့က လူတစ်ယောက်ယောက်ကို ကျင့်စဉ်တစ်ခုခု သင်ပေးချင်နေတာ အရမ်းကြီး မသိသာအောင်လို့ မင်းတို့ အားလုံးကိုပါ ထည့်လိုက်တာ။"
"ဒါပေမယ့် မှန်ကန်တဲ့ ကျင့်စဉ်ကိုတော့ မပေးခဲ့ဘူးလေ။"
"ဒီတစ်ခေါက် ကျင့်စဉ်လာသင်ပေးတဲ့သူက နည်းနည်း ကပ်စေးနဲတယ် ဒီလောက်ကြီးတဲ့ အမှားအယွင်းကြီးကို ချန်ထားခဲ့တာ"
နွားဝါကြီးက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"ငါ မင်းအတွက် နည်းနည်း ပြင်ပေးမယ် ပြီးရင် မင်း ပြန်စမ်းကြည့်။"
"ဒါနဲ့..."
နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းမှာ အချိန် တစ်ပတ်လောက်ပဲ ကျန်တော့တာ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံးကို မင်း အောင်မြင်အောင် လုပ်နိုင်ပါ့မလား"
ကျန်းမန် မျက်မှောင်ကြုတ်သွားပြီး ပြန်ဖြေလိုက်သည်။
"နည်းနည်းတော့ ခက်ခဲလိမ့်မယ်"
နည်းနည်းတဲ့လား။ နွားဝါကြီးက နောက်မနေတော့ဘဲ ကျင့်စဉ်ကို ပြင်ဆင်ပေးလိုက်သည်။
ဒီတစ်ခေါက် ကျန်းမန် ထပ်မံ ကျင့်ကြံကြည့်ရာ အစပိုင်းတွင်တော့ နည်းနည်း ထစ်ငေါ့နေသေးသည်။
သို့သော် နောက်ဆုံးတွင်တော့ ဦးနှောက်ထဲ၌ ရေဒယ်အိုးကြီး တစ်လုံးကို ပုံဖော်နိုင်ခဲ့သည်။
ထို့နောက် ဒယ်အိုးကို အသုံးပြုကာ စိတ်ဓာတ်ကို တစ်ကြိမ် သန့်စင်လိုက်သည်။
ဤသို့ဖြင့် စိတ်ကူးပုံဖော်မှု တစ်ကြိမ် ပြီးမြောက်သွားပြီး ဒယ်အိုးကတော့ ဦးနှောက်ထဲတွင် ကျန်ရစ်ခဲ့သည်။
စိတ်ကူးပုံဖော်မှု အောင်မြင်သွားပြီ၊ ရေသစ်သား စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်တစ်
အခြေခံ ဝင်သွားပြီ။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်မှာ တကယ်ပဲ ပြဿနာ ရှိနေတာကိုး။
နွားအစ်ကိုက တကယ်ပဲ စီနီယာပါလား။
ထို့နောက် ကျန်းမန် ဆက်လက်၍ စိတ်ကူးပုံဖော်သည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရသည်မှာ ချီသန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရသည်ထက် အများကြီး ပိုမြန်သည်။
နှစ်ကြိမ် ကျင့်ကြံပြီးနောက်…..
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်နှစ်…
လေးကြိမ် ကျင့်ကြံပြီးနောက်….
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်သုံး….
ရှစ်ကြိမ် ကျင့်ကြံပြီးနောက်….
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်လေး…
ဆယ့်ခြောက်ကြိမ်...
သုံးဆယ့်နှစ်ကြိမ်...
ခြောက်ဆယ့်လေးကြိမ်...
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ခုနစ်….
ဒီအချိန်မှာ ကျန်းမန်ရဲ့ ခန္ဓာကိုယ် ပတ်လည်မှာ ရေဒယ်အိုးကြီးက တရိပ်ရိပ်နဲ့ ဖြစ်ပေါ်နေသည်။
ဘေးနားရှိ နွားဝါကြီးကတော့ နေရာမှာတင် ကြောင်အမ်းသွားခဲ့သည်။
မိုးတောင် မလင်းသေးဘူး စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ခုနစ်ကို ရောက်သွားပြီလား။
တစ်မုဟုတ်ချင်းမှာပဲ သူ့ခေါင်းထဲမှာ ခုနက ကျန်းမန် ပြောသွားတဲ့ "နည်းနည်းတော့ ခက်ခဲလိမ့်မယ်" ဆိုတဲ့ စကားသံတွေက ပဲ့တင်ထပ်နေပြီး တစ်ဖက်လူက သူ့ကို လှောင်ပြောင်နေသလို ခံစားလိုက်ရသည်။
မိုးလင်းချိန်ရောက်မှသာ ကျန်းမန် မျက်လုံး ပွင့်လာခဲ့သည်။
ယခုအခါ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက အတော်လေး ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
"တိုးတက်မှုက မဆိုးဘူးပဲ"
ပြောရင်းဖြင့် ကျန်းမန်က နွားဝါကြီးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာက စီနီယာရဲ့ ကျေးဇူးကြောင့်ပါ"
နွားဝါကြီး "..."
ငါ မင်းကို မိန်းမယူပေးခဲ့လို့ ကျေးဇူးတင်တာလား။
မြင်းတင်းကုပ်ကို ရှင်းလင်းပြီးနောက် ကျန်းမန်က ဆက်လက် ကျင့်ကြံသည်။
သူ ရက်အနည်းငယ်လောက် ခွင့်ယူဖို့ စဉ်းစားထားသည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံး ရောက်တဲ့အထိပေါ့။
ဘာလို့လဲဆိုတော့ နောက်ပိုင်း အဆင့်တက်ဖို့ ဘယ်နှစ်ကြိမ် လေ့ကျင့်ရမလဲဆိုတာ သေချာ မသိလို့ပဲ။
တကယ်လို့ အချိန်မလောက်ဘူးဆိုရင် အကျိုးဆက်က မှန်းဆလို့တောင် မရနိုင်ဘူး။
နောက်ဆုံးအချိန် ရောက်လေလေ ပိုပြီး သတိထားရလေလေပဲ။