အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) သခင်မက ပြိုင်ဘက်ကင်း ပါရမီရှင်အကြောင်း ဘာမှမသိသေးဘူးပဲ
နွားဝါကြီးက ကျင့်ကြံနေသော ကျန်းမန်ကို ကြည့်ကာ လှောင်ပြောင်သည့် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
ထို့အပြင် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံးသို့ ရောက်ရန် မည်မျှ ခက်ခဲကြောင်းကိုလည်း မပြောပြခဲ့ပေ။
သာမန် အထက်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ကျင့်ကြံသူ များပြားလှသည်။
သို့သော် အဆင့်ဆယ့်သုံးသို့ ရောက်ရှိနိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် ရှားပါးသည်။
လော့ယွင်မြို့လို နေရာသေးသေးလေးမှာဆိုလျှင် သက်ကြီးရွယ်အို ကျင့်ကြံသူ တချို့ကလွဲရင် ဘယ်သူမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
အရင်းအမြစ်နှင့် အချိန်က ပြဿနာ ဖြစ်သည်မှာ မှန်သော်လည်း အကြီးမားဆုံး ပြဿနာမှာ ခက်ခဲလွန်းခြင်း ဖြစ်သည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံးက အရမ်းကို ခက်ခဲလွန်းသည်။
ခုနစ်ရက်ဆိုတာ ထားလိုက်ပါဦး တစ်လအတွင်း လုပ်နိုင်တဲ့သူကိုတောင် သူ တစ်ခါမှ မကြားဖူးပေ။
ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ပြောတဲ့ ရက်တစ်ရာဆိုတာ အဲဒီအထဲက ရက်ခြောက်ဆယ်လောက်ကို စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံးရောက်အောင် မြှင့်တင်ဖို့ အသုံးပြုရမှာ ဖြစ်လောက်သည်။
ဒါကြောင့် ကျန်းမန်၏ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်က အဆင့်ရှစ်သို့ ရောက်နေပြီ ဖြစ်သော်လည်း နွားဝါကြီးကတော့ အကောင်းမမြင်သေးပေ။
ဒါပေမယ့် အသံတော့ မထွက်ခဲ့ဘူး။
နောက်ဆုံးအချိန် ရောက်လာဖို့ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အသိအမြင်အရ အရာအားလုံးက အသေအချာ သတ်မှတ်ပြီးသား ဖြစ်နေလို့ပင်။
နေ့လယ်ပိုင်း ရောက်ခါနီးတွင် ကျန်းမန်၏ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်က အဆင့်ကိုးသို့ ရောက်သွားသည်ကို နွားဝါကြီး တွေ့လိုက်ရသည်။
သို့သော် မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင် မရှိပေ။
ညနေစောင်း မိုးချုပ်ခါစ အချိန်တွင် ကျန်းမန်က ထပ်မံ အဆင့်တက်သွားပြန်သည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ်။
အရမ်းမြန်လွန်းလို့ နွားဝါကြီး အံ့ဩသွားပေမယ့် သာမန် အံ့ဩမှုလောက်သာ ဖြစ်သည်။
ဒုတိယနေ့ ညနေပိုင်း…..
နွားဝါကြီးက မျက်လုံးကို မှေးကာ ကျန်းမန် ထပ်မံ အဆင့်တက်သွားသည်ကို မြင်လိုက်ရသည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်တစ်။
နားမလည်နိုင်ပေမယ့် လက်ခံလို့ ရသေးသည်။
တတိယနေ့တွင် အဆင့်မတက်ခဲ့ပေ။
စတုတ္ထနေ့ မိုးမလင်းခင်မှာပင် ကျန်းမန်က ထပ်မံ အဆင့်တက်သွားပြန်သည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်နှစ်…..
နွားဝါကြီး၏ မျက်လုံးထဲတွင် လေးနက်မှုများ ဖြစ်ပေါ်လာပြီး အနည်းငယ် အံ့ဩသွားသည်။
နောက်ဆုံး ရက်အနည်းငယ်သာ ကျန်တော့သည်။
ပဉ္စမနေ့တွင် အပြောင်းအလဲ မရှိပေ။
ဆဋ္ဌမနေ့တွင်လည်း အပြောင်းအလဲ မရှိခဲ့ပေ။
သတ္တမနေ့၊ ရက်တစ်ရာ ပြည့်ရန် နောက်ဆုံး နှစ်ရက်အလိုအထိ ဖြစ်သည်။
သန်းခေါင်ယံအချိန်တွင် ကျန်းမန်က နောက်ဆုံးအကြိမ်အဖြစ် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို လည်ပတ်လိုက်သည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်ခုလုံးကို ရေအေးအေး တစ်ခွက် လောင်းချခံလိုက်ရသလို ခံစားလိုက်ရပြီး အေးမြသော ခံစားချက်က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ခြေလက်အင်္ဂါများနှင့် အရိုးများ အားလုံးတွင် ရှင်သန်မှုများ ပြည့်နှက်သွားပြီး အေးမြမှုက ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
တစ်မုဟုတ်ချင်းမှာပင် အရင်က နားလည်ရခက်ခဲ့သော အရာများက ယခုအခါတွင် အဓိပ္ပာယ်သစ်များ ထွက်ပေါ်လာသည်။
ဒါက ကျန်းမန်ကို ကျင့်စဉ်၏ အပြောင်းအလဲများကို ပိုမို နားလည်သွားစေသည်။
နောက်ဆုံးတွင် အေးမြသော ရေများ အားလုံးက ကြီးမားလှသော ဒယ်အိုးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ချက်ကြိုးအောက်တွင် နေရာယူသွားသည်။
စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံး……
ပြီးပြည့်စုံစွာ အောင်မြင်သွားပြီ။
ဒါတွေအားလုံးကို ခံစားလိုက်ရသော ကျန်းမန်က သက်ပြင်းကြီးကြီး တစ်ချက် ချလိုက်သည်။
ချက်ကြိုးအောက်ရှိ စိတ်ကူးပုံဖော်ထားသော ဒယ်အိုးကြီးက သူ စိတ်ကူးပုံဖော်ခြင်း အဆင့်တစ်၊ တစ်နည်းအားဖြင့် စိတ်ဓာတ်အဆင့်တစ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
ယခုအခါ သူသည် ကျင့်ကြံမှုအဆင့် ခြောက်၊ ခန္ဓာကိုယ်အဆင့် သုံး၊ စိတ်ဓာတ်အဆင့် တစ် ဖြစ်သည်။
ကျင့်စဉ်အဆင့်များနှင့် ယှဉ်ကြည့်မည်ဆိုလျှင် ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး၊ သွေးကြောအင်အား ကျင့်စဉ် အဆင့်ကိုး၊ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံး ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်ခြောက်ပြီးနောက် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ချင်ပါက ခန္ဓာကိုယ်နှင့် စိတ်ဓာတ်က လိုက်မီနိုင်မလားဆိုတာကို ကြည့်ရမည် ဖြစ်သည်။
တကယ်ကို အများကြီး ပိုခက်ခဲသွားသည်။
ဒါပေမယ့် အရာအားလုံးက အချိန်မီသေးသည်။
ဝင်ခွင့်နေရာ လုပွဲအတွက်လည်း အနိုင်ရဖို့ အခွင့်အရေး ရှိလာပြီ။
အနာဂတ်က တောက်ပနေသည်။
အခြားတစ်ဖက်တွင် နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ ယခုအချိန်တွင် ၎င်း၏ မျက်လုံးထဲ၌ တုန်လှုပ်ခြင်းများသာ ကျန်ရှိတော့သည်။
အစပိုင်းက အံ့ဩမှု၊ နောက်ပိုင်း လေးနက်မှု၊ ပြီးတော့ အံ့ဩမှုကနေ အခုဆို တုန်လှုပ်မှုအထိ ဖြစ်သွားပြီ။
သူက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နိုင်တယ်။
အနည်းဆုံးတော့ သူ တစ်ခါမှ မမြင်ဖူးဘူး၊ အရင်းအမြစ် ဘာတစ်ခုမှ မရှိဘဲနဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို အဆင့်ဆယ့်သုံးအထိ တောက်လျှောက် တွန်းတင်သွားနိုင်တဲ့သူမျိုးပေါ့။
အဆင့်ဆယ့်နှစ်ကနေ ဆယ့်သုံးအကြား ကွာဟချက်က အရှေ့က အဆင့်တွေ အားလုံးပေါင်းထားတာထက်တောင် ပိုကြီးမားတယ်။
တစ်ဖက်လူက လေးရက်တောင် မကြာဘဲ ကျော်ဖြတ်သွားနိုင်ခဲ့တယ်။
ထိုအချိန်တွင် ကျန်းမန်၏ အကြည့်က နွားဝါကြီးပေါ်သို့ ကျရောက်သွားပြီး ပြုံးလျက် မေးလိုက်သည်။
"အဝါကြီး ဘယ်လိုခံစားရလဲ"
နွားဝါကြီး "………."
နွားအစ်ကိုကနေ အဝါကြီး ဖြစ်သွားပြီ။
စီနီယာကနေ နွားအစ်ကို၊ နွားအစ်ကိုကနေ အဝါကြီး……
လူသားတွေရဲ့ ပြောင်းလဲလွယ်မှုကို ကျန်းမန်ဆီမှာ အထင်းသား မြင်တွေ့လိုက်ရသည်ဟု နွားဝါကြီး သက်ပြင်းချလိုက်မိသည်။
"ဘဝင်မြင့်နေပြီ"
နွားဝါကြီးက ပြောလိုက်သည်။
ခေါ်ဝေါ်ပုံကိုတော့ သူ ဂရုမစိုက်ပါဘူး။
လူသားတွေရဲ့ ပြောင်းလဲလွယ်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပြီး သံဝေဂ နည်းနည်း ရသွားတာပဲ ရှိတယ်။
ထိုစကားကို ကြားသောအခါ ကျန်းမန်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
"ဒါကို လူငယ်တွေရဲ့ မာနလို့ ခေါ်တယ်"
"မင်း တကယ် ဘယ်လိုလုပ်လိုက်တာလဲ"
နွားဝါကြီးက နားမလည်နိုင်သေးပေ။
ကျန်းမန် ပခုံးတွန့်ကာ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"ပါရမီက ဒီလိုပဲလေ တကယ်လို့ အဝါကြီးက မယုံဘူးဆိုရင် တခြားတစ်မျိုး တွေးကြည့်ပေါ့ အခု မင်းရှေ့မှာ ရပ်နေတာက မင်းတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ"
ပြောရင်းဖြင့် ကျန်းမန်က သမ်းဝေလိုက်ပြီး ဆက်ပြောသည်။
"အခု ကျွန်တော့်မှာ ဒီလို အဆင့်အတန်းနဲ့ ပါရမီ ရှိနေတာက တစ်ပိုင်း အရေးအကြီးဆုံးက ကျွန်တော်က သာမန်လူတွေထက် ပိုကြိုးစားလို့ပဲ"
နွားဝါကြီးက ဘယ်လိုမှ နားမလည်နိုင်ဘဲ စိတ်ထဲမှာ တွေးနေမိသည် တကယ်ပဲ မိန်းမ ယူလိုက်လို့များလား။ ဒါဆို ဘယ်လိုပုံစံနဲ့ မိန်းမယူရင် ဒီလောက် ပါရမီတွေ ထွက်လာနိုင်မလဲ။ စိတ်မဝင်စားဘူးဆိုတာကတော့ လိမ်တာပဲ။
သူ ဘာပြောရမလဲ စဉ်းစားနေစဉ် ရုတ်တရက် ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဒါက အဲဒီအင်မော်တယ်မလေး အဝေးကနေ လှမ်းလုပ်လိုက်တဲ့ လှည့်ကွက်ပဲ။
သူ သက်ပြင်းချလိုက်မိသည်။
"မင်းမိန်းမဆီက စာရောက်လာပြီ"
ကျန်းမန် အတော်လေး သိချင်စိတ် ဖြစ်သွားသည် ဘယ်အချိန်ကစပြီး လှည့်ကွက်တွေက စာပို့တာ ဖြစ်သွားတာလဲ။
သို့သော် သူက အလင်းလုံးကို ထုတ်ယူလိုက်သည်။
ထို့နောက် အလင်းတန်းများ ပျံ့နှံ့သွားပြီး တစ်ဖက်လူ၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။
"ယောက်ျားရေ နောက်ဆုံးခရီးအတွက် ပြင်ဆင်နေပြီလား အခုဆို လူတိုင်းက ငါ ယောကျ်ားရသွားပြီဆိုတာ သိနေကြပြီ နောက်ဆိုရင် ယောက်ျားအတွက် မုဆိုးမ လုပ်ပေးရတော့မယ် ယောက်ျားမှာ မပြည့်ဝသေးတဲ့ ဆန္ဒများ ရှိသေးလား မသိဘူး"
ကျန်းမန်က အလင်းတန်းများကို လက်ဖြင့် ခပ်ဖွဖွ ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"သခင်မက ပြိုင်ဘက်ကင်း ပါရမီရှင်အကြောင်း ဘာမှမသိသေးဘူးပဲ"
ထို့နောက် အလင်းတန်းများက လေထဲသို့ ပျောက်ကွယ်သွားသလိုမျိုး ပျောက်ကွယ်သွားသည်။
ကျန်းမန်က ဂရုမစိုက်ဘဲ နွားဝါကြီးကို ကြည့်ကာ ပြောလိုက်သည်။
"အဝါကြီး နောက်ပိုင်း မိန်းမယူရင် မျက်လုံးပြူးပြဲရှာပြီးရွေးနော် မင်းသေမယ့်ရက်ကိုပဲ နေ့တိုင်း ထိုင်စောင့်နေမယ့်သူမျိုး မဖြစ်စေနဲ့"
နွားဝါကြီးက ကျန်းမန်ကို ထူးဆန်းသလို တစ်ချက် ကြည့်ပြီးနောက် တိတ်ဆိတ်သွားသည်။
ကျန်းမန်က ခဏလောက် အနားယူရန် ပြင်လိုက်သည်။
ဒီရက်ပိုင်းအတွင်း ကျင့်ကြံရတာ အရမ်း ပင်ပန်းလွန်းတယ်၊ ဇွဲနဲ့သာ တောင့်ခံထားရတာ။
အခု ဒီရက်ပိုင်း ခွင့်ယူပြီး ကျင့်ကြံလိုက်တာ ပိုက်ဆံ တစ်ပြားမှ မကျန်တော့ဘူး။
မနက်ဖြန်တော့ ဝိညာဉ်ကျောက်တုံး ပြန်သွားရှာရဦးမယ်။
ဒါပေမယ့် ဒီတစ်ခေါက် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ဆေးလုံးတွေ ချပေးဦးမှာပဲ။
ကျန်းမန် စစ်ဆေးကြည့်လိုက်သည်။
ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက အခုထိ တုံ့ပြန်မှု မရှိသေးတာကို တွေ့လိုက်ရသည်။
သေချာ ပြန်တွေးကြည့်တော့ နောက်ဆုံး ရည်မှန်းချက်က ချီသန့်စင်ခြင်း အဆင့်ခြောက်တင် မကဘဲ ရက်တစ်ရာအတွင်း အကြိမ်တစ်ရာ ကျင့်ကြံဖို့လည်း ပါသေးတယ်ဆိုတာ သတိထားမိသွားတယ်။
ရက်တစ်ရာ ပြည့်ဖို့က မနက်ဖြန် တစ်ရက် ကျန်သေးတယ်။
ဒီလို ကြည့်ရတာ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ငါ့ထက် တစ်လှမ်း နောက်ကျနေတာပဲ။
နောက်တစ်နေ့ ကျန်းမန် မြင်းတင်းကုပ်ကို ရှင်းလင်းပြီးနောက် ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ထွက်လာခဲ့သည်။
ဒါက အကဲဖြတ်စစ်ဆေးမှု ပြီးကတည်းက ဆဋ္ဌမမြောက် ခြံဝင်းငယ်ကို ပထမဆုံးအကြိမ် လာခြင်း ဖြစ်ရမည်။
အဲဒီလူတွေ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ဘယ်လို မော့ကြည့်ကြမလဲဆိုတာကို ခံစားကြည့်ဖို့ အချိန်ရောက်ပြီ။
ဒါပေမယ့် ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်ရောက်ချင်းမှာပဲ အထဲမှာ အရမ်းကို တိတ်ဆိတ်ငြိမ်သက်နေတာကို ကျန်းမန် တွေ့လိုက်ရသည်။
ခေါင်းဆောင် လော်ရွှမ်၊ ဖန်ယုံတို့အားလုံး ကျင့်ကြံနေကြသည်။
နည်းနည်းလေးမှ မပျင်းရိကြဘူး။
တခြားသူများကလည်း ထိုနည်းတူပင် ဖြစ်သည်။
ကျန်းမန် အတော်လေး နားမလည်နိုင်အောင် ဖြစ်သွားသည်။
ဘာလို့ မနက်စောစောစီးစီးကတည်းက ကြိုးစားနေကြတာလဲ။
ကျန်းမန် ရောက်လာတာကို တချို့က သတိထားမိပေမယ့် ချက်ချင်း ခေါင်းငုံ့သွားကြပြီး အကြာကြီး မကြည့်ရဲကြပေ။
ခြံဝင်းငယ်ရဲ့ ပထမဆိုတာ အစွမ်းထက်တဲ့ ကျင့်ကြံသူကြီး ဖြစ်နေပြီလေ မရင်းနှီးဘဲ ရမ်းသမ်း ကြည့်လိုက်ရင် အနိုင်ကျင့်ခံရနိုင်တယ်။
ကျန်းမန် ရောက်လာတဲ့အခါ သူတို့က အလိုလို လမ်းဖယ်ပေးကြတယ်။
အထူးသဖြင့် အရင်က သူ့ကို အတင်းတုတ်ဖူးတဲ့ လူတွေပေါ့။
အဝေးကြီးမှာ နေချင်ကြတယ်။
တစ်ဖက်လူက ရုတ်တရက် တစ်ခုခု သတိရပြီး သူတို့ကို တစ်ခုခု လုပ်လာမှာကို ကြောက်နေကြတယ်။
ဖက်တီးလေးက နောက်ကျမှ ရောက်လာတယ်။
ကျန်းမန်ကို မြင်တော့ အံ့ဩသွားတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။
"အစ်ကို ရောက်လာပြီလား"
ကျန်းမန် အံ့ဩသွားသည် ဘယ်လိုဖြစ်လို့ ကျန်း ဆိုတဲ့ စာလုံးတောင် ပျောက်သွားတာလဲ။
"ကျွန်တော့် မိဘတွေက အစ်ကို့ရဲ့ ရမှတ်ကို သိသွားတော့ ကျွန်တော့်ကို အစ်ကိုနဲ့ တူအောင် မတောင်းဆိုတော့ဘူး သူတို့က ကျွန်တော့်ကို အစ်ကို့ရဲ့ တပည့် လုပ်ခိုင်းတယ် နောက်ပြီး အစ်ကို အရင်းအမြစ်တွေ လိုအပ်လားလို့လည်း မေးတယ် ကျွန်တော်တို့ မိသားစုက ထောက်ပံ့ပေးချင်လို့တဲ့"
ဖက်တီးလေးက သက်ပြင်းချရင်း ပြောလိုက်သည်။
ကျန်းမန် "..."
အရမ်း တိုက်ရိုက်ဆန်လွန်းလို့ သူတောင် အားနာသွားတယ်။
ဒါပေမယ့် သူ လက်မခံခဲ့ဘူး ဖက်တီးလေးရဲ့ အရင်းအမြစ်တွေကို ချေးတာက သံယောဇဉ်ကြောင့်၊ သူ့မိသားစုဆီက အရင်းအမြစ်တွေကို လက်ခံတာက အကျိုးစီးပွားကြောင့် ဖြစ်သွားပြီ။
မတူဘူးလေ။
"ဒီလူတွေ ဘာဖြစ်နေကြတာလဲ"
ကျန်းမန်က ခြံဝင်းငယ်ထဲက လူတွေကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"အပြတ်အသတ် ကျော်တက်ခံလိုက်ရလို့ စိတ်ဖိစီးသွားကြတာ"
ဖက်တီးလေးက ဖြေလိုက်ပြီးနောက် ခပ်တိုးတိုး သတိပေးလိုက်သည်။
"အစ်ကို တိုးတက်တာ အရမ်း မြန်လွန်းတယ် ပထမနေရာကို အခြေခံ မခိုင်ဘဲ ရထားတာဆိုတော့ အစ်ကို့ကို မကျေနပ်လို့ တမင် လာစိန်ခေါ်ပြီး ပထမနေရာရဲ့ ဂုဏ်သိက္ခာကို ချိုးဖျက်ချင်တဲ့သူတွေ ရှိနိုင်တယ် အစ်ကို သိုင်းပညာရပ်ကို မြန်မြန် လေ့လာထားမှ ရမယ် မဟုတ်ရင်..."
ဖက်တီးလေး စကားပြောနေဆဲမှာပင် ရုတ်တရက် သူ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာပြီး သူ့ကို ဘေးသို့ တွန်းဖယ်လိုက်သည်။
ချန်ချီဝမ်၏ မျက်နှာ ပေါ်လာပြီး သူက ရှေ့တစ်လှမ်း တိုးကာ ကျန်းမန် အနားသို့ ရောက်လာပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပထမ ဖြစ်သွားလဲဆိုတာကိုတော့ ငါမသိဘူး ဒါပေမယ့် ဒါက ထိုက်တန်မှု မရှိဘူးလို့ ငါထင်တယ်။"
"ငါ မင်းကို သီးသန့် စိန်ခေါ်ချင်တယ်။"
ပထမနေရာကို တကယ်ပဲ လာစိန်ခေါ်တဲ့သူ ရှိတာကိုး။
ကျန်းမန်က သူ့အနား ရောက်နေပြီဖြစ်တဲ့ ဖက်တီးလေးဘက်ကို လှည့်ကြည့်လိုက်ပြီး လာဘ်တိတ်တဲ့ ပါးစပ်ပဲလို့ စိတ်ထဲကနေ ညည်းတွားလိုက်မိသည်။
နှစ်ခါ ရှိပြီ။