အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) ငါ့ရဲ့ အစွမ်းက မင်းကို မိန်းမယူပေးဖို့ပဲ
လက်ဝါးခြောက်ချက် ပေါင်းစပ်မှုအပေါ် သုံးခုပေါင်းစပ် အားအင် ထပ်ဖြည့်ထားခြင်းသည် ချီသန့်စင်ခြင်း အဆင့်တစ်ခုအတွက် အတော်လေး ကြီးမားသော ကုန်ကျမှုပင် ဖြစ်သည်။
အထူးသဖြင့် ဆက်တိုက်ဆိုသလို အကြီးအကျယ် တိုက်ခိုက်နေခြင်း ဖြစ်ရာ ချန်ချီဝမ်အား မဖြစ်မနေ ခုခံကာကွယ်ရန် ဖိအားပေးနေတော့သည်။
သို့သော် သူက ထိပ်တိုက် မရင်ဆိုင်ခဲ့ဘဲ သိုင်းပညာရပ်များဖြင့်သာ ခုခံကာကွယ်နေခဲ့သည်။
နည်းနည်းတော့ ဖရိုဖရဲ ဖြစ်သွားသော်လည်း တစ်ဖက်လူအနေဖြင့် အချိန်အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူ သေချာ ယုံကြည်ထားသည်။
ထို့နောက်ပိုင်းကတော့ သူ့၏ အလှည့်သာ ဖြစ်မည်။
သို့သော်...
ဘုန်း
ချန်ချီဝမ် တစ်ယောက် လက်ဝါးတစ်ချက်ဖြင့် လွင့်စင်သွားကာ လဲကျသွားသည့်အချိန်အထိ ကျန်းမန်၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခြင်းကို သူ မစောင့်နိုင်ခဲ့ချေ။
"ဘာလို့ ဒီလိုဖြစ်ရတာလဲ"
သူက ဒူးတစ်ဖက် ထောက်ထားရင်း မယုံနိုင်စွာဖြင့် မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ကျန်းမန်က ခပ်တိုးတိုး ပြန်မေးလိုက်သည်။
"မင်းက ဘာလို့ တစ်ချိန်လုံး လက်ဝါးခြောက်ချက် ပေါင်းစပ်မှုကိုပဲ သုံးနေရတာလဲ ပြီးတော့ ဘာလို့ တစ်ချိန်လုံး သုံးခုပေါင်းစပ် အားအင်ကို ထပ်ဖြည့်နေရတာလဲ"
ချန်ချီဝမ်က မေးလိုက်သည်။
၎င်းမှာ သုံးခုပေါင်းစပ် အားအင် အပြည့်အဝဖြစ်ပြီး အတွင်းအား တစ်ချက်တည်း မဟုတ်ပေ။
ဤနှစ်ခုကို ပေါင်းသုံးခြင်းက ကုန်ကျမှု နည်းနည်းလေးမျှ မဟုတ်ချေ။
သို့သော် တစ်ဖက်လူက လက်ဝါးချက်ပေါင်း ဆယ်ဂဏန်းခန့် တိုက်ခိုက်ပြီးသည်တိုင် နည်းနည်းလေးမျှ အားအင်ကုန်ခမ်းသွားသည့် ပုံမပေါ်ပေ။
"ရန်သူကို ရင်ဆိုင်ရင် ငါက အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုပဲ သုံးတာ"
ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ သဘာဝကျကျပင် ပြန်ပြောလိုက်သည်။
ချန်ချီဝမ် "..."
ဘာကြောင့်မှန်းမသိ တစ်ဖက်လူကို ဘယ်လို ပြန်ချေပရမည်ကိုပင် စဉ်းစား၍မရတော့ပေ။
"မင်း ရှုံးသွားပြီ" ကျန်းမန်က ပြောလိုက်သည်။
"ငါ ရှုံးသွားပြီ" ချန်ချီဝမ်က ခါးသီးစွာဖြင့် ဝန်ခံလိုက်သည်။
ဒီတစ်ခေါက် လာစဉ်က တစ်ဖက်လူကို အနိုင်မယူနိုင်လျှင်တောင် အနည်းဆုံးတော့ အင်အားချင်း မျှနေလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
မိမိ၏ ရမှတ်က အနည်းငယ် နိမ့်နေသော်လည်း လက်တွေ့တိုက်ခိုက်မှု၌ တစ်ဖက်လူထက် လုံးဝ မညံ့ပါချေ။
တကယ်တမ်း၌လည်း လက်တွေ့တိုက်ခိုက်မှုက တစ်ဖက်လူထက် ပိုသာနေသည်။
သို့သော်...
တစ်ဖက်လူက တိုက်ခိုက်မှုတိုင်းကို အပြင်းထန်ဆုံးနှင့်ချည်းသာ တိုက်ခိုက်ကာ လုံးဝ မပြောင်းလဲတတ်ကြောင်းကို မည်သူကမျှ သူ့ကို မပြောပြခဲ့ပေ။
၎င်းက သူ့ကို ခုခံရန်ပင် အခက်တွေ့သွားစေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျန်းမန်က အစကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သည်။
သူက ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုးဖြင့် စုပ်ယူထားသော ဝိညာဉ်စွမ်းအင်ဖြစ်ရာ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်တစ် သို့မဟုတ် အဆင့်နှစ်ဖြင့် စုပ်ယူထားသူများထက် အများကြီး ပို၍ လေးလံသိပ်သည်းနေမည်မှာ သေချာလှသည်။
ဝိညာဉ်စွမ်းအင်၏ အလေးချိန်မှာ လုံးဝ တစ်တန်းတည်း မဟုတ်ချေ။
"အခု မင်းက ဘယ်သူ့လူလဲဆိုတာ ပြောလို့ရပြီလား"
ကျန်းမန်က မေးလိုက်သည်။
တစ်ဖက်လူ ရောက်လာပြီဆိုမှတော့ သူ သေချာပေါက် မေးကြည့်ရပေမည်။
"မင်းကကော ဘယ်သူလို့ ထင်လို့လဲ"
ချန်ချီဝမ်က ပြန်မေးလိုက်သည်။
ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"တကယ်လို့ ငါ မင်းကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်ရင် စည်းမျဉ်းကို ချိုးဖောက်ရာ မရောက်လောက်ဘူး မဟုတ်လား"
ချန်ချီဝမ် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
"ငါ ပြောလို့ မရဘူး"
ကျန်းမန်ကလည်း အတင်းအကျပ် ဆက်မမေးတော့ဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်းက ခြံဝင်းငယ်မှာ တတိယနေရာ ရထားတာလေ ဘာလို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ"
ကျန်းမန် ရည်ရွယ်သည်မှာ အကဲဖြတ်စစ်ဆေးမှု မတိုင်ခင်က ကိစ္စကို ဖြစ်သည်။
ထိုကိစ္စက ချန်ချီဝမ်၏ ဝင်ခွင့်နေရာ လုယူခွင့်ကို အခြေခံအားဖြင့် ပယ်ဖျက်လိုက်နိုင်သည့် အရာဖြစ်သည်။
သာမန်လူဆိုလျှင် ဤမျှ ရုတ်တရက်ဆန်ဆန် ဘယ်လိုလုပ်၍ လုပ်ရဲမည်နည်း။
သခင်လေးယန် ပြောခဲ့သော "ငါ တာဝန်ယူတယ်" ဆိုသည့် စကားကို ယုံသွားလို့လား။
သေချာပေါက် မဖြစ်နိုင်ပေ။
ဖန်ယုံပင် မယုံကြည်ခဲ့ချေ။
"ဘာလို့လဲဆိုတော့ ဆင်းရဲလို့လေ"
ချန်ချီဝမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာ ဆင်းရဲသား နောက်ခံကနေ လာတဲ့သူ ဘယ်နှစ်ယောက်များ မရှိလို့လဲ ဒီကို လာပြီး ကျင့်ကြံကြတာက နောင်ကျရင် ဝိညာဉ်ကျောက်တုံး ရှာဖို့အတွက် မဟုတ်ဘူးလား"
"ဒါမှမဟုတ် အသက်ရှည်ရှည် နေချင်လို့များလား"
"ဝိညာဉ်ကျောက်တုံးအတွက်ဆိုရင် အခု တစ်ယောက်ယောက်က ငါ့ကို ဝိညာဉ်ကျောက်တုံး ပေးတယ်ဆိုတော့ ငါက အလုပ်လုပ်ပေးရုံပဲပေါ့"
ချန်ချီဝမ်က မျက်ခုံးပင့်ကာ ကျန်းမန်ကို ကြည့်ရင်း ပြောလိုက်သည်။
"တတိယနေရာက ဒီလိုကိစ္စမျိုး လုပ်တာ တကယ်ပဲ အရှက်ရစရာကောင်းတယ်ဆိုပေမယ့် ဂုဏ်သိက္ခာအတွက်နဲ့တော့ ဝိညာဉ်ကျောက်တုံးတွေကို အလွတ်မခံနိုင်ပါဘူး"
ကျန်းမန် "..."
တစ်ဖက်လူ ပြောသည်ကလည်း အကြောင်းပြချက် ရှိပေသည်။
ဝိညာဉ်ကျောက်တုံးက တကယ်ပင် အရေးကြီးလှသည်။
၎င်းက ကျင့်ကြံရန်အတွက်သာမက အသက်ရှင်နေထိုင်ရန်အတွက်လည်း လိုအပ်သည်။
ဝိညာဉ်ကျောက်တုံး မရှိလျှင် ဒဏ်ရာရဲရန်ပင် အခွင့်မရှိပေ။
ရခဲ့လျှင်တောင် အံကြိတ်၍သာ ခံနေရမည်။
နေ့တိုင်း စားနပ်ရိက္ခာ မည်မျှ ကျန်သေးသည်ကို ကြည့်ရကာ စားကုန်သွားလျှင် ဘယ်လိုလုပ်ရမည်ကို စဉ်းစားရသည်။
လော့ယွင်မြို့ကတော့ နည်းနည်း ပိုကောင်းနိုင်သေးသည် ဤနေရာက ဘာပဲဖြစ်ဖြစ် မြို့ထဲ၌ ရှိနေသောကြောင့်ပင်။
ရွာလေးများဆိုလျှင်တော့ ပို၍ပင် ဆိုးရွားပေလိမ့်မည်။
သာမန် အခြေခံ ချီသန့်စင်ခြင်း ကျင့်စဉ်မှာ အခမဲ့ဖြစ်သောကြောင့် လူတိုင်း ကျင့်ကြံခွင့်ရသော်လည်း...
လယ်လုပ်ရသည်လေ။
ကျင့်ကြံမှုအဆင့် တက်ရန် အလွန်ခက်ခဲပြီး လူအများစုမှာ တစ်သက်လုံး ချီသန့်စင်ခြင်း အဆင့်သုံး၌သာ ရပ်တန့်သွားကြရသည်။
သာမန် အခြေခံ သွေးကြောအင်အား ကျင့်စဉ်ဆိုလျှင်လည်း အဆင့်ရောက်ပါက အခမဲ့ သွားယူခွင့် ရှိသေးသည်။
သို့သော် မည်သူက ကျင့်ကြံရဲပါမည်နည်း။
သွေးကြောအင်အား ကျင့်စဉ်ကို ကျင့်ကြံပြီဆိုလျှင် ပိုစားရမည်ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများ ပိုကုန်ကျမည်ဟူသော အဓိပ္ပာယ်ပင်။
အထူးသဖြင့် လမ်းညွှန်ပြသပေးမည့် ဆရာကောင်း သမားကောင်း မရှိဘဲ ကိုယ့်ဘာသာ စမ်းတဝါးဝါးဖြင့် ကျင့်ကြံရပါက လမ်းလွဲများစွာ လျှောက်ရပြီး အရင်းအမြစ်များစွာ ပိုမို ကုန်ကျရမည်သာ ဖြစ်သည်။
အတွေးစများကို ရုပ်သိမ်းပြီးနောက် ကျန်းမန်က ချန်ချီဝမ်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"တစ်ဖက်လူက မင်းကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးလိုက်လို့လဲ"
"တစ်သောင်း" ချန်ချီဝမ်က ပြန်ဖြေလိုက်သည်။
ကျန်းမန် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
တစ်သောင်း
သူ ဝိညာဉ်စွမ်းအင် ရောင်းသည်ပင် နှစ်ဝက်ကျော်ခန့် ရောင်းရမည့် ပမာဏဖြစ်သည်။
သို့သော် မကြာမီမှာပင် ချန်ချီဝမ်က ချက်ချင်း ဆက်ပြောသည်။
"ဒါပေမယ့် သူတို့က ငါ့ကို အချုပ်ထဲကနေ ထုတ်လာပေးလို့ဆိုပြီး ဝိညာဉ်ကျောက်တုံး ငါးထောင် ပြန်နှုတ်သွားတယ် ပြီးတော့ မင်းကို ပေးဖို့ ဝိညာဉ်ကျောက်တုံး တစ်ထောင်ရယ် အိမ်ကို ပြန်ပို့လိုက်တဲ့ သုံးထောင်ရယ် ရှိသေးတယ်"
"အခုတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ ကျန်တော့တယ်"
ကျန်းမန်က လျော်ကြေး အနည်းငယ် တောင်းသင့်မတောင်းသင့် စဉ်းစားနေဆဲမှာပင် တစ်ဖက်လူက ဝိညာဉ်ကျောက်တုံးများကို နေရာချထားပြီးသွားပြီ ဖြစ်သည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းမန်က ပြောလိုက်သည်။
"ဒီနေ့ည မင်းက အဲဒီလူအတွက် ငါ့ရဲ့ လက်တွေ့တိုက်ခိုက်နိုင်စွမ်းကို လာစမ်းတာ မဟုတ်လား"
ထိုစကားကို ကြားသောအခါ ချန်ချီဝမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
"ငါ မင်းကို နောက်ထပ် ဝိညာဉ်ကျောက်တုံး ငါးရာ ထပ်ပေးလို့ ရသေးတယ်"
ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။
"ခြောက်ရာ ကျန်တာကတော့ လက်တွေ့တိုက်ခိုက်မှု လေ့ကျင့်ခန်းမှာ နာမည်စာရင်း သွင်းဖို့ သုံးရဦးမယ်"
ချန်ချီဝမ်က ဆက်ပြောလိုက်သည်။
ကျန်းမန် အံ့ဩသွားမိသည် လက်တွေ့တိုက်ခိုက်မှု လေ့ကျင့်ခန်းအတွက် နာမည်စာရင်း သွင်းခပင် ရှိသေးသည်လား။
သူတော့ တစ်ခါမှ မကြားဖူးပါချေ။
နောက်ဆုံးတွင်တော့ ကျန်းမန်က ချန်ချီဝမ်ကို လွှတ်ပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံး ခြောက်ရာကို တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။
အသုံးဝင်သော သတင်းအချက်အလက် ဘာမှမရခဲ့သော်လည်း အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင့်ခြောက်ရာ ရလိုက်ပေသည်။
၎င်းက သူ့၏ မကြွယ်ဝသော ဘဝလေးကို ရုတ်တရက် ချမ်းသာလာစေတော့သည်။
"မင်း သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်တာလား"
နွားဝါကြီးက ကျန်းမန် အနားသို့ လာကာ မေးလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်ရမှာလဲ"
ကျန်းမန်က ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းရင်း ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"သူ့နောက်ကွယ်က လူက မင်းအပေါ်ကို တခြားနည်းလမ်းတွေ သုံးလာမှာကို မကြောက်ဘူးလား ဒီတစ်ခေါက်က ကံကောင်းသွားလို့ တကယ်လို့ အရင်ကိစ္စမျိုးသာ ထပ်ဖြစ်လာရင် မင်း ဒီလို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါဦးမလား"
နွားဝါကြီးက မေးလိုက်သည်။
အရင်တုန်းက ကျန်းမန်၌ အမိန့်ပြား ရှိနေသောကြောင့်သာ ဖြစ်ပြီး ယခုအခါ အမိန့်ပြား မရှိတော့ပေ။
ထို့ကြောင့် နောက်တစ်ခါ ထပ်ဖြစ်လာပါက သူ အထဲ၌ အပိတ်ခံရရန်သာ ရှိသည်။
လအနည်းငယ်ခန့် ကြာမှသာ ထွက်လာရမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် အရာအားလုံးက နောက်ကျသွားပေလိမ့်မည်။
သို့သော် ချန်ချီဝမ်ကို ပစ်မှတ်ထားခြင်းက အသုံးမဝင်လှပေ။
သူ့နောက်ကွယ်က လူက လှည့်ကွက်သုံးချင်ပါက တခြားလူ တစ်ယောက် ပြောင်းလိုက်ရုံသာ ရှိသည်။
ချင်းယွင်ဆောင်၏ ခြံဝင်းငယ် ခုနစ်ခုတွင် လူတွေ အများကြီးပင် မဟုတ်ပါလား။
ချန်ချီဝမ်ကို ထားလိုက်ခြင်းကမှ ကိုယ်က ဤနယ်ရုပ်ကို သိနေပြီး သူက ကိုယ့်အတွက် အန္တရာယ် မရှိကြောင်းကိုလည်း နားလည်ထားနိုင်သေးသည်။
တခြားလူ တစ်ယောက်သာဆိုလျှင် မည်သို့သော စိတ်နေစိတ်ထားနှင့် မည်သို့သော အစွမ်းအစ ရှိမည်ကို မည်သူက သိနိုင်မည်နည်း။
ဒါကြောင့် အခုလို ဖြစ်နေတာက ဘာမှ မဆိုးပါချေ။
နွားဝါကြီးကလည်း အများကြီး ဂရုမစိုက်တော့ဘဲ သတိပေးရုံသာ သတိပေးလိုက်သည်။
"မင်းရဲ့ လက်တွေ့တိုက်ခိုက်နိုင်စွမ်းက မကောင်းဘူး"
"စီနီယာမှာများ နည်းလမ်း ရှိလား"
ကျန်းမန်က မေးလိုက်သည်။
"မရှိဘူး လက်တွေ့တိုက်ခိုက်နိုင်စွမ်းဆိုတာက လူတွေနဲ့ တိုက်ခိုက်ပြီးမှ ရလာတာ"
နွားဝါကြီးက ခေါင်းခါရင်း ပြန်ဖြေသည်။
"ဒါလည်း ဟုတ်တာပဲ"
ကျန်းမန်က ခေါင်းညိတ်ပြီး အိမ်ပြန်လမ်းကို လျှောက်လာခဲ့သည်။
လမ်းတွင် သူတစ်ခုခု သတိရသွားပြီး မေးလိုက်သည်။
"အဝါကြီး မင်းက မိစ္ဆာနတ်ဘုရားတစ်ပါး အနေနဲ့ ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိလဲ"
"ရှိတယ် ဒါပေမယ့် ပြန်မကောင်းသေးဘူး"
နွားဝါကြီးက ပြန်ဖြေလိုက်သည်။
"ဥပမာ ဘာတွေများလဲ"
"ဥပမာ မင်းကို မိန်းမယူပေးနိုင်တာပေါ့"
"..."
ငါ့ အသက်ကိုတောင် နှုတ်ယူနိုင်သေးတယ် ဟု ကျန်းမန် စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
ကျန်းမန် ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ စတင် ကျင့်ကြံတော့သည်။
အရင်ဆုံး ဆဋ္ဌမမြောက် ဘူးသီးခြောက်ဘူးကို အပြည့်ဖြည့်ရမည်။
ပြီးမှ သွေးကြောအင်အားကို မြှင့်တင်ကာ ခန္ဓာကိုယ်အဆင့်ကို စတုတ္ထအဆင့်သို့ ရောက်အောင် လုပ်ရမည်။
စိတ်ဓာတ်အဆင့် တစ်၊ ခန္ဓာကိုယ်အဆင့် လေး ဖြစ်သွားပါက ကျင့်ကြံမှုအဆင့်က ခုနစ်အဆင့်သို့ စတင် တက်လှမ်းနိုင်ပြီ ဖြစ်သည်။
ကျန်သည့်အချိန်များ လောက်မလောက် ဆိုတာကိုတော့ မသိနိုင်သေးပေ။
တကယ်လို့ လုပ်နိုင်မည်ဆိုလျှင် ပထမနေရာက သေချာသလောက် ရှိသွားပြီ ဖြစ်သည်။
လက်တွေ့တိုက်ခိုက်မှု၌ သူတို့လောက် မကောင်းသော်လည်း အဆင့်အတန်းချင်း ကွာဟမှုဖြင့် ဖိနှိပ်ထားနိုင်သည်။
ဤသို့ဆိုလျှင် ပထမနေရာက ငြင်းခုံစရာ ရှိလာတော့မည် မဟုတ်ပေ။
သို့သော် ကျန်းမန် ကျင့်ကြံနေဆဲမှာပင် နွားဝါကြီးက ရုတ်တရက် အသံပြုလာသည်။
"လူတစ်ယောက် လာနေတယ်"
ကျန်းမန်က ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
လရောင်အောက်တွင် မိန်းကလေး တစ်ယောက်က သိချင်စိတ် အပြည့်ဖြင့် ဤဘက်သို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
ဆဋ္ဌမမြောက် ခြံဝင်းငယ်၏ စတုတ္ထရမှတ်ရှင်၊ ချန်ယွီ ဖြစ်နေသည်။
"သူ ဘာလို့ ရောက်လာတာလဲ" ကျန်းမန် အနည်းငယ် သတိထားလိုက်သည်။