အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) ငါ့ကို သဘောကျနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား
"ဒီလို နေရာမျိုးမှာ တကယ် နေနေတာပဲ"
ချန်ယွီက ခြံဝင်းငယ်အနားသို့ ချဉ်းကပ်လာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြောလိုက်သည်။
"မြင်းတင်းကုပ်က ဘေးမှာတင်ဆိုတော့ ညဘက် ဆူညံမနေဘူးလား"
ကျန်းမန် စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်သွားသည်။ တစ်ဖက်လူက အရာအားလုံးကို အထူးအဆန်း ဖြစ်နေပုံပေါ်သည်။
ဘာကိစ္စနဲ့ လာမှန်း သေချာ မသိရသေးသဖြင့် သူက တိုက်ရိုက်ပင် မေးလိုက်သည်။
"သခင်မလေးချန် ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
ထိုစကားကို ကြားသောအခါ ချန်ယွီက အကြည့်လွှဲလိုက်သော်လည်း နွားဝါကြီးကို မြင်သောအခါ အံ့ဩစွာဖြင့် မေးလိုက်သည်။
"နွားတောင် ကျောင်းသေးတာလား"
ကျန်းမန်က နွားဝါကြီးကို တစ်ချက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
ချန်ယွီက ဆက်မမေးတော့ဘဲ ပြောလိုက်သည်။
"ငါက ပစ္စည်းလာပို့ပေးတာ မင်းလက်ထဲကို ကိုယ်တိုင်ပေးရမယ်ဆိုလို့ အချိန်ကလည်း လောနေတော့ ဒီလောက် ညဉ့်နက်မှ လာနှောင့်ယှက်ရတာ"
"ပစ္စည်းလာပို့တာ"
ကျန်းမန် အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။
သူ အကြိမ်ကြိမ် စဉ်းစားကြည့်သော်လည်း သူ့ရှေ့က လူနဲ့ ပတ်သက်ပြီး ဘာပစ္စည်းများ ရှိနိုင်လဲဆိုတာ စဉ်းစားလို့ မရပေ။
ဒါမှမဟုတ် သူ့ကို နောက်ဆုံးခရီး ပို့ပေးဖို့ လာတာများလား။
မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပေ။
တစ်မုဟုတ်ချင်းမှာပင် သူက ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို လျှို့ဝှက်စွာ စုစည်းထားလိုက်သည်။
ရှေ့ကလူ တစ်ခုခု အန္တရာယ်ရှိတာ လုပ်လာတာနဲ့ သူက အရင်ဦးအောင် တိုက်ခိုက်မည်။
ဒီလို ချမ်းသာတဲ့ သခင်မလေးမျိုးကို ရင်ဆိုင်ရတဲ့အခါ တစ်လှမ်းလောက် နောက်ကျသွားတာနဲ့ တစ်ဖက်လူရဲ့ လျှို့ဝှက်သိုင်းပညာတွေနဲ့ အတိုက်ခံရနိုင်တယ်။
လူနဲ့လူဆိုတာ မတူဘူးလေ။
လက်ဝါးခြောက်ကွက်၊ သုံးခုပေါင်းစပ် အားအင်တို့က မဆိုးပေမယ့် ဒါတွေက အခမဲ့ ရတာတွေလေ။
ကျင့်ကြံမှုအဆင့် ရောက်တာနဲ့ ကျင့်ကြံလို့ ရတဲ့ဟာတွေ။
ဒါပေမယ့် ချမ်းသာတဲ့သူတွေ သင်ယူနိုင်တဲ့ အရာတွေက ပိုများသလို ပိုလည်း အစွမ်းထက်နိုင်တယ်။
"ဟုတ်တယ် ပစ္စည်းလာပို့တာ တစ်ဖက်လူကလည်း အတော်လေး လောနေတော့ ငါလည်း ဒီအချိန်ကြီး လာရတာပေါ့"
ပြောရင်းဖြင့် သူမက ကိုယ်ပေါ်တွင် တစ်ခုခု ရှာနေသည်။
နောက်ဆုံးတွင် စာအိတ်တစ်အိတ်ကို ထုတ်ယူလာသည်။
စာအိတ်ပေါ်တွင် စာလုံးအချို့ ရေးထားသည်။
ကျန်းမန် ကိုယ်တိုင် ဖွင့်ဖတ်ရန်…..
အပေါ်တွင် ချိပ်ပိတ်ထားသည်။
"ဒီမှာ မင်းအတွက်"
ချန်ယွီက စာအိတ်ကို ကျန်းမန်အား ကမ်းပေးလိုက်သည်။
ကျန်းမန် လှမ်းယူလိုက်ပြီး အနည်းငယ် ကြောင်အမ်းသွားသည်။
ချိပ်ပိတ်ထားသည်ကို သေချာ ကြည့်လိုက်ရာ 'ရွှမ်' ဟူသော စာလုံး ရေးထားသည်ကို တွေ့လိုက်ရသည်။
"ဒါက"
သူ နားမလည်နိုင်အောင် ဖြစ်သွားသည်။
"လော်ရွှမ် မင်းကို ပေးတဲ့စာ"
ချန်ယွီက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။
"ဘာကိစ္စနဲ့ စာအိတ်တွေ ဘာတွေ သုံးနေရတာလဲ ပြီးတော့ ဘာလို့ ငါ့ကို စာရေးရတာလဲ"
ချန်ယွီက ပခုံးတွန့်ကာ လရောင်အောက်တွင် သူမကိုယ်တိုင်လည်း သိချင်နေပုံရသည်။
"မင်း ဖွင့်ကြည့်လိုက်လေ သူ ဘာတွေ ရေးထားလဲဆိုတာ ငါလည်း တော်တော်လေး သိချင်နေတာ။"
"ငါ့ကိုတောင် ပေးမဖတ်ဘူး"
"ပြီးတော့ မင်းလက်ထဲကို အမြန်ဆုံး ထည့်ပေးခိုင်းတာ"
"လျှို့လျှို့ဝှက်ဝှက်နဲ့"
ကျန်းမန် စာအိတ်ကို ကြည့်ကာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
တစ်ဖက်လူက သူ့ကို အခက်တွေ့အောင် လုပ်ဖို့ လာတာလို့ သူ ထင်ထားခဲ့တာ။
ဒါတင်မကဘူး၊ ချန်ချီဝမ်က သူ့ရှေ့က ချန်ယွီရဲ့ လူဖြစ်နိုင်တယ်လို့ သူ အမြဲတမ်း သံသယ ဝင်ခဲ့တာ။
သူ့ကို တိုက်ခိုက်တာက သူမကို ဝင်ခွင့်နေရာ ရအောင် လုပ်ပေးဖို့အတွက်လေ။
ဒါပေမယ့် အခု ဖြစ်ပျက်နေတာတွေက သူ ထင်ထားတာနဲ့ လုံးဝ တခြားစီ ဖြစ်နေတယ်။
စာလာပို့တာ၊ အဲဒါလည်း ညဉ့်နက်သန်းခေါင်ကြီး။
ဒါတင်မကဘူး၊ စာရေးတဲ့သူက ခြံဝင်းငယ်ရဲ့ အရင်က ပထမနေရာ ရထားတဲ့ ချမ်းသာတဲ့ သခင်မလေး တစ်ယောက်တဲ့။
ဒါက...
ကျန်းမန် ဒီလိုကိစ္စမျိုး ပထမဆုံးအကြိမ် ကြုံဖူးတာပဲ။
တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပါပဲ။
"သူ ဘာတွေရေးထားလဲဆိုတာ မင်း မသိဘူးလား"
ကျန်းမန်က ချန်ယွီကို ကြည့်ကာ မေးလိုက်သည်။
"နည်းနည်းတော့ ခန့်မှန်းမိတယ် အဲဒါကြောင့် မင်း အတည်ပြုပေးဖို့ လိုတာပေါ့ မြန်မြန် ဖွင့်ကြည့်လေ မရရင် ငါ ကူဖွင့်ပေးမယ်"
ချန်ယွီက အလောတကြီး ပြောလိုက်သည်။
သူမကလည်း အထဲက အကြောင်းအရာတွေကို အရမ်း သိချင်နေပြီ ဖြစ်သည်။
ကျန်းမန် အနည်းငယ် တွေဝေသွားပြီးနောက် စာအိတ်ကို ဖွင့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့လေးကို ရလိုက်သည်။
ဒါက လော်ရွှမ်ရဲ့ ခြံဝင်းထဲက ရနံ့မျိုးပဲ။
အရင်က အဲဒီဘက်ကို အလုပ်သွားလုပ်တုန်းကလည်း မကြာခဏ ရဖူးတယ်။
ထို့နောက် သူက စာကို ဖွင့်ဖတ်လိုက်သည်။
အပေါ်မှ လက်ရေးက သပ်ရပ်လှပပြီး ဖိအားက ပေါ့ပါးသော်လည်း သူ့အနှစ်သာရနှင့်သူ ရှိနေသည်။
မင်ရောင်ကလည်း အတော်အသင့် ဖြစ်ကာ စတင် ရေးသားစဉ်က အနည်းငယ် တွေဝေသွားသည့်ဟန် ရှိပြီး ထို့နောက် တိမ်တွေ၊ ရေတွေ စီးဆင်းသွားသလို ချောမွေ့စွာ ရေးသားထားကာ ကွေ့ကောက်သည့် နေရာများတွင်လည်း အားအင် မပျက်သွားပေ။
လက်ရေးလှတာပဲ၊ ကျန်းမန် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
ယခုအခါ လူတိုင်းက ကျင့်ကြံရေးကိုသာ အာရုံစိုက်နေကြသည်။
လက်ရေး အခြေခံ ကောင်းကောင်း ရှိတဲ့သူက အရမ်း ရှားပါးတယ်။
"စာကို မြင်ရင် လူကို မြင်ရသလိုပဲ
စာရေးဖို့ ကလောင်ကို ကိုင်လိုက်တဲ့အခါ စိတ်ထဲမှာ နည်းနည်းတော့ တွေဝေပြီး စိုးရိမ်မိတယ်၊ ဘယ်ကစပြီး ရေးရမှန်း မသိဘူး။
ပထမဆုံး တွေ့တုန်းက ရှင်က ချင်းယွင်ဆောင်ကို ဝင်လာတုန်းကပေါ့၊ နွားဝါကြီး တစ်ကောင်ကို ဆွဲပြီးတော့၊ အဲဒီတုန်းက ရှင်က နားလည်ရခက်တဲ့ လူတစ်ယောက်ပါ။
ဒုတိယအကြိမ် ပြန်တွေ့တော့ ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာပေါ့။
ခြံဝင်းငယ်တစ်ခုဆိုတာကလည်း မသိနိုင်တဲ့ ရေစက်တစ်ခု ဖြစ်နိုင်ပါတယ်။
နှစ်နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ရှင်က လူအုပ်ထဲကနေ ထွက်လာပြီး တောင်ပေါ်ကို တက်သွားတယ်။
ရှင့်ရဲ့ ဇွဲလုံ့လတွေက ကျွန်မကို ရှင့်ကို ကူညီချင်စိတ် ပေါက်သွားစေတယ်၊ ဒါပေမယ့် ရှင့်ကို မနှောင့်ယှက်ချင်လို့ ဝိညာဉ်ကျောက်တုံးတွေကို ကြားခံထားပြီး ငှားရမ်းခဲ့ရတယ်။
တောင်ပေါ်တက်တဲ့လမ်းက ကြမ်းတမ်းတယ်၊ ရှင့်ရဲ့ အနာဂတ် ခရီးလမ်းက အခက်အခဲတွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ။
ဒါပေမယ့် ကျွန်မ ရှင့်ကို မော့ကြည့်ရမယ့် အခြေအနေ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။
စကားအများကြီး မပြောရဲဘူး၊ စကားလည်း မပြောရဲဘူး၊ ကိုယ့်ရင်ထဲက ခံစားချက်ကိုလည်း တိုက်ရိုက် မရင်ဆိုင်ရဲဘူး။
တကယ်လို့ ရေစက်သာ ပါခဲ့မယ်ဆိုရင် ဝင်ခွင့်နေရာ ရပြီးတဲ့နောက်မှာ စာအိတ်လေး တစ်အိတ်နဲ့ ချိန်းဆိုပြီး အိုတူသေမကွဲ ပေါင်းဖက်ကြတာပေါ့"
ဒါက စာထဲမှာ ပါသမျှ အားလုံးဖြစ်ပြီး အောက်ဆုံးမှာ လက်မှတ် မထိုးထားပေ။
ဒါပေမယ့်...
တစ်ခါတစ်ရံ တချို့ကိစ္စတွေက အများကြီး ပြောနေစရာ မလိုဘဲ အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်။
ဒီစာက လော်ရွှမ်ဆီက လာတာပဲ။
ဘာပဲဖြစ်ဖြစ် ချန်ယွီက ခုနက ရှင်းရှင်းလင်းလင်း ပြောပြီးသားလေ။
ဒါပေမယ့် ကျန်းမန်ရဲ့ စိတ်ထဲမှာတော့ သံသယတွေ အများကြီး ရှိနေသေးတယ်။
သူက ရှေ့က ချန်ယွီကို ကြည့်ကာ မေးလိုက်သည်။
"သူ ဘာဆိုလိုတာလဲ"
ခုနက ချန်ယွီက ခြေဖျားထောက်ပြီး စာအိတ်ထဲက အကြောင်းအရာတွေကို မြင်ပြီးသွားပြီ။
ဒီအချိန်မှာတော့ သူမက မျက်နှာကို ဖုံးကာ ရှက်သွေးဖြာဟန်ဖြင့် ပြောလိုက်သည်။
"ဒီလောက် ရှက်စရာကောင်းတဲ့ အကြောင်းအရာတွေကိုတောင် မင်း နားမလည်ဘူးလား"
ချန်ယွီက သက်ပြင်းချရင်း ပြောလိုက်သည်။
"သူက မင်းကို အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာ အခုတော့ သူ့စိတ်ထဲမှာ လှုပ်ရှားနေပြီး မင်းကို သဘောကျနေပြီ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မပြောရဲဘူးလို့ ပြောနေတာ"
"တကယ်လို့ မင်းတို့ နှစ်ယောက် အတူတူ ဝင်ခွင့်နေရာ ရမယ်ဆိုရင် နောက်ထပ် စာတစ်စောင် ရေးပြီး နေရာ ချိန်းမယ်တဲ့"
"ပြီးရင် အိုတူသေမကွဲ ပေါင်းဖက်ကြမယ်တဲ့"
ပြောရင်းဖြင့် ချန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်းရဲ့ လက်တွေ့တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုလဲ ဖန်ယုံကို နိုင်ဖို့ ယုံကြည်ချက် ရှိလား သူ့ကို တွေ့တာနဲ့ အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်"
"အဲဒါဆို လော်ရွှမ်အတွက် သေချာသွားပြီ"
ကျန်းမန်က စိတ်မပါသလို ဖြစ်နေတာကို မြင်တော့ ချန်ယွီက သူ့မျက်နှာရှေ့မှာ လက်ကို ဝှေ့ယမ်းကာ မေးလိုက်သည်။
"ငါပြောတာ နားထောင်နေရဲ့လား"
ကျန်းမန်က ခေါင်းညိတ်ပြလိုက်သည်။
"နားထောင်နေပါတယ်"
"အဲဒါဆိုလည်း ပြီးတာပါပဲ မင်း သေချာ ကြိုးစားနော် ငါတို့ လော်ရွှမ်ကို စိတ်ပျက်အောင် မလုပ်နဲ့"
ပြောပြီးသည်နှင့် ချန်ယွီက လှည့်ထွက်သွားသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူမက နောက်ပြန်လှည့်ကာ ပြောလိုက်သည်။
"တကယ်လို့ မင်းမှာ အရင်းအမြစ် မရှိရင် ဒါမှမဟုတ် အလုပ်ရှာရ ခက်နေရင် ငါ ကူညီပေးနိုင်တယ်"
"လော်ရွှမ်က ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေ သူ့ကိုတော့ သေချာပေါက် ကူညီရမှာပေါ့"
ကျန်းမန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်ယွီက လှည့်ထွက်သွားခဲ့သည်။
ဒီအချိန်မှာတော့ သူမရဲ့ အပြုံးထဲမှာ လှောင်ပြောင်မှု တစ်ခု ပါဝင်နေသည်။
'လူငယ်လေးရဲ့ သဘာဝ၊ လူငယ်လေးရဲ့ စိတ်နေစိတ်ထား၊ လူငယ်လေးရဲ့ ဖြူစင်မှု။'
'မျှော်လင့်ထားတဲ့အတိုင်းပဲ ဘယ်ဆင်းရဲသား လူငယ်လေးကမှ ဒီလို ချစ်သဝဏ်လွှာမျိုးကို ခံနိုင်ရည် မရှိပါဘူး။'
'ဒီလို လူငယ်လေးမျိုးကို သေချာ သွေးပေးရင် အသုံးတည့်တဲ့ ဓားတစ်လက် ဖြစ်လာမှာပဲ။'
ကျန်းမန်က ထွက်သွားသော ချန်ယွီကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် ဘေးနားရှိ နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။
"အဝါကြီး ငါ့ကို သဘောကျမယ့်လူ ရှိမယ်လို့ မင်းထင်လား"
နွားဝါကြီးက ကျန်းမန်ကို တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်ပြီး ဘာမှ မပြောပေ။
ကျန်းမန်က ကိုယ့်ဘာသာ ဆက်ပြောလိုက်သည်။
"သူ ငါ့ကို ဘာသဘောကျတာလဲ နွားဆွဲပြီး ပညာသင်တာကို သဘောကျတာလား ငါ့ကိုယ်က ချွေးနံ့တွေ ထွက်နေတာကို သဘောကျတာလား ဒါမှမဟုတ် ငါ့နွားကို သဘောကျတာလား"
နောက်ဆုံးတစ်ခုကတော့ နည်းနည်း ဖြစ်နိုင်ချေ ရှိတယ်လို့ ကျန်းမန် ထင်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နွားဝါကြီးက မိစ္ဆာနတ်ဘုရားတစ်ပါးလေ။
နွားဝါကြီးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"တစ်ခါတစ်ရံ အခြေအနေက မင်းမြင်ရသလိုမျိုး မဟုတ်ဘူး"
ကျန်းမန် နားမလည်နိုင်အောင် ဖြစ်သွားသည်။
နွားဝါကြီးက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
"ကျင့်ကြံပါ မဟုတ်ရင် ရက်ပေါင်းသုံးရာက မင်း အသက်ဆက်ဖို့ လောက်မှာ မဟုတ်ဘူး"
ပဟေဠိ ဝှက်ပြန်ပြီလား။
ဒါပေမယ့် သူ ဆက်မတွေးတော့ဘဲ စတင် ကျင့်ကြံတော့သည်။
ယခုအခါ သူက အချိန်အကြာကြီး အိပ်ဖို့ မလိုတော့ပေ။
ညဘက်မှာလည်း ဆက်တိုက် ကျင့်ကြံနိုင်ပြီ။
ဆက်တိုက် ကျင့်ကြံနေသမျှ ကာလပတ်လုံး ဆက်တိုက် အစွမ်းထက်လာမှာပဲ။
ဒါ့အပြင် တခြား သိုင်းပညာရပ်တွေကိုလည်း သွားယူရဦးမည်။
ဒါတင်မကသေးဘူး အစောင့်ဌာနကို သွားပြီး ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်လေ့ကျင့်ဘက်အဖြစ် ငှားလို့ရမရ သွားကြည့်ရဦးမည်။
လော်ရွှမ်ရဲ့ စာကိစ္စကိုတော့…..
သူ စာတစ်လုံးမှ မယုံဘူး။
အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် သူ့အတွက်တော့ အတူတူပါပဲ။
ဝိညာဉ်ကျောက်တုံး အကြောင်း တစ်လုံးမှ မဟဘူးလေ။
ဘယ်လိုလုပ် ယုံရမှာလဲ။
အရင်တုန်းကဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်တော့ ရသေးတယ်။