အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) ပထမနေရာ ရမယ်ဆိုရင် လော်ရွှမ်ကို ယူဆိုရင်တောင် ယူရဲတယ်
တစ်ညတာလုံး ကျန်းမန် ကျင့်ကြံနေခဲ့သည်။
မိုးလင်းခါနီးမှသာ ခဏတာ အနားယူဖြစ်လေသည်။
ယနေ့မှစ၍ သူ အဓိကလုပ်ရမည့် အရာနှစ်ခုသာ ရှိတော့သည်။
ပထမတစ်ခုမှာ ဆဋ္ဌမမြောက် ဘူးသီးခြောက်ဘူးကို အပြည့်ဖြည့်ရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ သိုင်းပညာရပ်များကို မြှင့်တင်ရန် ဖြစ်၏။
အနည်းဆုံးတော့ ရမှတ် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်နှင့် ခြောက်ဆယ်တို့ဖြင့် လေ့လာနိုင်သော သိုင်းပညာရပ်များအားလုံးကို အပြီးသတ် ကျင့်ကြံရပေမည်။
ထိုသို့ဆိုလျှင် လော်ရွှမ်တို့၌ အခြားသော အစွမ်းထက် သိုင်းပညာရပ်များ ရှိနေလျှင်တောင် သူက ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ခြံဝင်းငယ်သို့ ရောက်ရောက်ချင်းမှာပင် ဆရာဖူ ရောက်လာခဲ့သည်။
"နိုဝင်ဘာလတောင် ကုန်တော့မယ်"
ဖူရီတန်က ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းအတွက် အချိန်က အရမ်းကို နည်းနေပြီ သိုင်းပညာရပ်တွေကို ငါထုတ်လာခဲ့တယ် မင်း ဘယ်ဟာကို သင်ချင်လဲဆိုတာ ရွေးလိုက် ငါ အခု သင်ပေးလို့ ရသေးတယ်"
သူမလက်ထဲမှ သိုင်းပညာရပ် စာအုပ်လေးအုပ်ကို ကျန်းမန်ထံသို့ ကမ်းပေးလိုက်၏။
၎င်းတို့မှာ ရမှတ် သုံးဆယ်မှ ခြောက်ဆယ်အထိ ထုတ်ယူခွင့်ရှိသော သိုင်းပညာရပ်များပင် ဖြစ်သည်။
အသီးသီးမှာ သုံးဆယ်မှတ်တန် နဂါးနှိမ်နင်းရေး ကျင့်စဉ်…..
ချီကို အသုံးပြု၍ နဂါးကို မွေးမြူရခြင်းဖြစ်ကာ အဆင့်ကိုး ရောက်လျှင် နဂါးကိုးကောင် ဖြစ်လာမည်ဖြစ်ပြီး သီးသန့် တိုက်ခိုက်ရေး သိုင်းပညာရပ်တစ်ခု ဖြစ်သည်။
လေးဆယ်မှတ်တန် ရေစီးကြမ်း သိုင်း……
ခြေထောက်နှစ်ဖက်၌ ချီကို စုစည်းကာ ဝိညာဉ်စွမ်းအင်၏ အလေးချိန်ကို ထုတ်ဖော်ပြသရခြင်းဖြစ်ပြီး ခြေတစ်လှမ်း ချလိုက်သည်နှင့် ပေါင်တစ်ထောင်ခန့် အလေးချိန်ရှိကာ အောက်သို့ ဆင်းသော ခြေလှမ်းက အစွမ်းအထက်ဆုံး ဖြစ်သည်။
ငါးဆယ်မှတ်တန် မီးခိုးငွေ့ နိဒါန်း
ခန္ဓာကိုယ်ကို မီးခိုးငွေ့အသွင် ပြောင်းလဲ၍ အနီးကပ် ရှောင်တိမ်းရသော သိုင်းပညာရပ်ဖြစ်ပြီး ရုတ်တရက် အားအင်သုံးရန် ကောင်းမွန်သော်လည်း အချိန်အကြာကြီး မခံနိုင်ချေ။ ၎င်း၌ နောက်ဆက်တွဲ အပိုင်းများ ရှိသေးသည်ဟု ဆိုကြပြီး ချီသန့်စင်ခြင်း အဆင့်တွင်သာ သုံးနိုင်သည် မဟုတ်ပေ။
ခြောက်ဆယ်မှတ်တန် အခြေခံ ဓားသိုင်း
တကယ့် အခြေခံ ဓားသိုင်းဖြစ်ကာ မည်သည့်အစွမ်းမှ မရှိသော်လည်း ပျံသန်းရေး ဓားသိုင်း၏ အခြေခံ ဓားသိုင်း ဖြစ်သည်။
အသုံးအဝင်ဆုံး ဖြစ်သလို အသုံးမဝင်ဆုံးလည်း ဖြစ်၏။
ကျန်းမန်က ထိုသိုင်းပညာရပ်များကို ကြည့်ရင်း အနည်းငယ် စဉ်းစားကာ အဆင့်လိုက် သင်ယူရန် ဆုံးဖြတ်လိုက်သည်။
အရင်ဆုံး နဂါးနှိမ်နင်းရေး ကျင့်စဉ်ကို သင်ယူရမည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်းတွင် ဆရာဖူက နဂါးနှိမ်နင်းရေး ကျင့်စဉ်ကို သင်ပေးခဲ့သည်။
တခြားသူများကလည်း မည်သို့မျှ မကန့်ကွက်ကြချေ။
ချီသန့်စင်ခြင်း အဆင့်လေး ရောက်လျှင် အခြေခံအားဖြင့် သင်ယူနိုင်ပြီဖြစ်ကာ မသင်နိုင်သေးသူများကလည်း အတုခိုး၍ ရပေသည်။
နောက်ပိုင်း သင်ယူနိုင်လာသောအခါ အချိန်များစွာ သက်သာသွားပေမည်။
သီအိုရီများကို များများ လေ့လာထားပါက ကြုံလာသည့်အခါ ဖြေရှင်းနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ဆရာဖူ သင်ပေးပြီးနောက် ကျန်းမန် စတင် ကျင့်ကြံတော့သည်။
သို့သော် အဆင့်ငါးအထိသာ တက်နိုင်သေး၏။
ထို့နောက်တွင်တော့ လော်ရွှမ်နှင့် ယှဉ်ပြိုင်လေ့ကျင့်ရသည်။
မနေ့ညက စာကိစ္စကြောင့် တစ်ဖက်လူ မည်သို့သော မျက်နှာထားမျိုး ရှိနေမည်ကို သူ အတော်လေး သိချင်နေခဲ့သည်။
သို့သော် မည်သည့် မျက်နှာထား ပြောင်းလဲမှုကိုမျှ မတွေ့ရချေ။
အရင်ကဲ့သို့ပင် ရည်မွန်ပြီး တည်ငြိမ်နေဆဲ ဖြစ်သည်။
ထိုစာ ရှိမှန်း လုံးဝ မသိသည့်ပုံစံပင်။
ထို့ကြောင့် သူက ချန်ယွီဘက်သို့ လှည့်ကြည့်မိသွားရာ တစ်ဖက်လူကလည်း လော်ရွှမ်ကဲ့သို့ပင် မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ သူ့ကိုပင် လုံးဝ အာရုံမစိုက်ကြောင်း တွေ့လိုက်ရသည်။
မနေ့ညက ကိစ္စမှာ အိပ်မက်တစ်ခုနှယ် ခံစားလိုက်ရလေသည်။
ထို့နောက် ကျန်းမန် ဆက်မတွေးတော့ချေ။
ခဲရာခဲဆစ် ရလာသော ယှဉ်ပြိုင်လေ့ကျင့်ခွင့် ဖြစ်သဖြင့် အတွေ့အကြုံများ တိုးပွားအောင် ပြုလုပ်ရမည်။
လော်ရွှမ်ကလည်း ကျန်းမန်၏ တိုက်ခိုက်မှု အလေ့အထများကို သိရှိရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
ကျန်းမန်နှင့် ယှဉ်ပြိုင်လေ့ကျင့်ရခြင်းက သူမအတွက် အတွေ့အကြုံနှင့် နည်းစနစ်ပိုင်း တိုးတက်ရန် မဖြစ်နိုင်ပေ။
သို့သော် တစ်ဖက်လူ၏ လမ်းကြောင်းများကိုမူ ခန့်မှန်းနိုင်လေသည်။
ဤသို့သော ယှဉ်ပြိုင်လေ့ကျင့်မှုမျိုးက ကြီးမားလှသော အကျိုးကျေးဇူး ရှိ၏။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၏ အကြီးမားဆုံး ရန်သူမှာ ကျန်းမန် ဖြစ်နေသောကြောင့်ပင်။
ရွှေရောင် နဂါးများ ထွက်ပေါ်လာပြီး အချင်းချင်း တိုက်မိသွားကြကာ ကျန်းမန် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီးမှ ပြန်လည် ရပ်တည်နိုင်ခဲ့သည်။
"ခွင့်လွှတ်ပေးပါဦး"
လော်ရွှမ်က ခပ်တိုးတိုး ပြောလိုက်သည်။
ကျန်းမန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သူသည် လော်ရွှမ်နှင့် ယှဉ်ပါက များစွာ ကွာဟနေသေးကြောင်း သဘောပေါက်သွားသည်။
အဆင့်တူတူတွင် ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် မထုတ်သုံးနိုင်ပါက လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
နည်းစနစ်နှင့် ကျွမ်းကျင်မှုပိုင်း ကွာဟချက်ပင် ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်၌ အနီးကပ် တိုက်ရမည်ဖြစ်ရာ အခြေခံ လက်သီးသိုင်းနှင့် အခြေခံ လက်ဝါးသိုင်းများကို သင်ယူရမည်ဖြစ်ပြီး အခြေခံ ကိုယ်ဖော့ပညာကိုလည်း လေ့လာရဦးမည် ဖြစ်သည်။
ယှဉ်ပြိုင်လေ့ကျင့်မှု ပြီးဆုံးသော် ကျင့်ကြံရမည့် အချိန် ရောက်လာခဲ့သည်။
ဤသည်မှာ ကျန်းမန်၏ အဓိက စင်မြင့်ပင်။
လူတိုင်းက သူနှင့်အတူ လိုက်ပါ ကျင့်ကြံရမည်ဖြစ်ပြီး သူ မပြန်သရွေ့ မည်သူမျှ ပြန်၍ မရနိုင်ချေ။
ပထမနေရာက ကိုယ်တိုင် စံပြ လုပ်ပြနေခြင်း ဖြစ်၏။
ကျန်ရှိနေသူများမှာ ပထမနေရာ၏ ခြေလှမ်းနောက်သို့သာ ကပ်၍ လိုက်ကြရသည်။
အရင်က ညည်းညူသူများ၊ ခပ်တိုးတိုး မကျေမနပ် ပြောသူများ ရှိခဲ့ဖူးသည်။
ယခုတော့ ပထမနေရာ ပြန်သွားမှသာ ညည်းညူခွင့် ရှိတော့သည်။
တစ်ရက်ထက် တစ်ရက် ပိုဆိုးလာခဲ့သည်။
လော်ရွှမ်၊ ဖန်ယုံ၊ ဤလူများ အားလုံး အသံတစ်သံမျှ မထွက်ဘဲ ကျန်းမန်နှင့်အတူ လိုက်ပါ ကျင့်ကြံနေကြသည်။
အရင်ကဆိုလျှင် သူတို့၌ ဤသို့သော လေထုကို ချိုးဖျက်နိုင်သည့် အရည်အချင်း ရှိကြ၏။
ယခုမူ ထိုအရည်အချင်း ဆုံးရှုံးသွားကြပြီ ဖြစ်သည်။
အထူးသဖြင့် ယနေ့ ချန်ချီဝမ်၏ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ဆိုးရွားသွားသည်။
ပထမနေရာ၏ သြဇာအာဏာမှာ ခိုင်မာစွာ ရပ်တည်လျက် ရှိသည်။
ကောင်းကင်ကြီး မှောင်သွားမှသာ ကျန်းမန် ခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။
သို့သော် သိပ်မကြာခင်မှာပင် ဖက်တီးလေးက နောက်မှ လိုက်ပါလာခဲ့၏။
"အစ်ကို နောက်တစ်ခါ စောစောလေး သိမ်းလို့ ရမလား"
ဖက်တီးလေးက ချွေးသံတရဲရဲဖြင့် ကျင့်ကြံရလွန်း၍ အားနည်းနေပြီ ဖြစ်သည်။
"စောစောပြန်ပြီး တိတ်တိတ်လေး ကျင့်ကြံဖို့လား"
ကျန်းမန်က မေးလိုက်သည်။
ဖက်တီးလေး "..."
ခဏရပ်ပြီးနောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ချန်ချီဝမ် ရှုံးသွားတာလား ဒါပေမယ့် သူတို့ပြောတော့ အစ်ကိုက သိုင်းပညာရပ်တွေကို သိပ်မကျင့်ကြံရသေးဘူး ဆို"
ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ပါရမီကြောင့်လေ"
ဖက်တီးလေး ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
"အဲဒီ ပါရမီက ဘယ်က ရတာလဲ"
ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
"မင်း မိန်းမတစ်ယောက်လောက် ယူကြည့်ပါလား"
ထိုစကားကို ကြားသောအခါ ဖက်တီးလေး သက်ပြင်းချရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ကျွန်တော့်ကိုသာ ဒီလို ပါရမီမျိုး ရစေမယ်ဆိုရင် ပထမနေရာ ရစေမယ်ဆိုရင် စောစောစီးစီး မိန်းမယူခိုင်းရင်တောင် ယူမယ် လော်ရွှမ်ကို ယူဆိုရင်တောင် ယူရဲတယ်"
ထိုစကားကို ကြားလိုက်ရသော် ကျန်းမန် အံ့ဩသွားပြီး မေးလိုက်သည်။
"သူ့ကို ယူတာ မင်းအတွက် နစ်နာတယ်လို့များ ထင်နေတာလား"
"ဒါပေါ့"
ဖက်တီးလေးက လေးလေးနက်နက် ပြောလိုက်သည်။
"သူက ပါရမီ ထူးချွန်သလို မာနကလည်း ကြီးတယ် ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ပါရမီရှင် တစ်ယောက်ယောက်ကိုပဲ ယူမှာ သေချာတယ်"
"ဒီလို မိန်းကလေးမျိုးကို ကျွန်တော် ယူလိုက်ရင် သူ့အတွက် စော်ကားရာ မကျဘူးလား"
"အဲဒီအခါကျရင် သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို သတ်ပစ်လောက်တယ်"
"သူ့ကို ယူတာက သေတွင်းထဲ တိုးတာနဲ့ ဘာမှ မကွာဘူး"
"ကျွန်တော်ကတော့ ချန်ယွီလိုမျိုး ယဉ်ကျေးသိမ်မွေ့တဲ့ အေးချမ်းတဲ့ ပြုံးလိုက်ရင် နွေဦးလေညင်းလေးလို ခံစားရတဲ့ မိန်းကလေးမျိုးကိုပဲ သဘောကျတယ်"
"တကယ်ကို ပေါ့ပါးလွတ်လပ်ပြီး သက်သောင့်သက်သာ ဖြစ်စေတယ်"
"အထူးသဖြင့် သူ စကားပြောတာက နားထောင်လို့ ကောင်းတယ် နောက်ပြီး ကျွန်တော်တို့လို ရမှတ်နည်းတဲ့သူတွေကိုလည်း အထင်မသေးဘူးလေ"
"သေချာတာပေါ့ ကျွန်တော်က သူနဲ့ မတန်ပါဘူး ဒီလို အိပ်မက်မျိုးလည်း မမက်ရဲပါဘူး"
"တကယ်လို့ ဒီလိုလူမျိုးက ကျွန်တော့်အနားကို ရုတ်တရက် ချဉ်းကပ်လာရင် သေချာပေါက် အကြံအစည် တစ်ခုခု ရှိလို့ပဲ ဖြစ်မယ်"
"ကျွန်တော်ကတော့ ခပ်ဝေးဝေးကနေပဲ လေးစားနေမှာပါ"
"ဒါ့အပြင် တခြားသူကို ယူမယ်ဆိုရင် ကျွန်တော်က အများကြီး ယူလို့ရတယ်လေ လှလည်းလှ သဘောလည်းကောင်းတဲ့ သူတွေချည်းပဲ"
ကျန်းမန်က ဖက်တီးလေးကို ကြည့်ကာ အချိန်အကြာကြီး တိတ်ဆိတ်နေမိသည်။
အထူးသဖြင့် အများကြီး ယူလို့ရတယ် ဆိုသည့် စကားကို ကြားလိုက်ရသော အချိန်တွင် ဖြစ်၏။
ဟူး……..အပြစ်များသော ချမ်းသာသည့် သခင်လေးများပင်။
ထို့အပြင် ဖက်တီးလေး၏ အမြင်၌ လော်ရွှမ်ဆိုသည်မှာ မိုးကြိုးပစ်ခံရခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော် ချန်ယွီကတော့ သူ့အမြင်၌ အလွန်ကောင်းမွန်သော လူတစ်ယောက် ဖြစ်နေ၏။
သို့သော် အမှန်တရားက တကယ်ပင် ထိုသို့ ဖြစ်ပါသလား။
ကျန်းမန် မသိချေ။
သို့သော် သတိတော့ ထားရပေမည်။
မနေ့ညက စာထဲတွင် နွားအကြောင်းလေး ထည့်ရေးထားလျှင် ကောင်းမည်၊ ထိုသို့ဆိုလျှင် ဖက်တီးလေးကို ပေးလိုက်၍ ရမည် ဖြစ်သည်။
သူ့ခမျာ နေ့စဉ်နှင့်အမျှ ထိတ်လန့်နေရမည်မှာ အမှန်ပင်။
ဖက်တီးလေးနှင့် လမ်းခွဲပြီးနောက် ကျန်းမန်က အစောင့်ဌာနသို့ ပြန်ရောက်လာခဲ့ပြီး ဤတစ်ကြိမ်တွင် အရင်ဆုံး အစောင့်နှစ်ယောက်ကို သွားရှာလိုက်သည်။
တာဝန်စားထိုး လုပ်ပေးမည့် ကိစ္စမှာ သူတို့ ပြောခဲ့ခြင်း ဖြစ်၏။
အသက်လတ်ပိုင်း အစောင့်က ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။
"အားပြီလား"
"အင်း"
ကျန်းမန်က ခေါင်းညိတ်လိုက်သည်။
"နောက်ရက်တွေ အားပါတယ်"
တာဝန်စားထိုး လုပ်ပေးမည့် ဝိညာဉ်ကျောက်တုံးများကို ယူထားပြီးဖြစ်ရာ မလုပ်ပေး၍ မရချေ။
တံခါးစောင့်ရခြင်း ဖြစ်သော်လည်း သိပ်မခက်ခဲလှဘဲ နေရာ၌ပင် ကျင့်ကြံ၍ ရပေသည်။
ဆိုးရွားသော ကိစ္စဟု မဆိုနိုင်ပေ။
လမ်းဖြတ်သွားသော သူများ တွေ့သွားတတ်သည်လေးသာ ရှိ၏။
တစ်ခုတည်းသော အားနည်းချက်မှာ ဝိညာဉ်စုဆောင်းခြင်း ခန်းမနှင့် ယှဉ်လျှင် ဝိညာဉ်ကျောက်တုံး ရသည်မှာ နည်းပါးသွားခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဘေးနားမှ နောက်ထပ် အစောင့်တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အခု ခြံဝင်းငယ်မှာ မင်းရဲ့ အဆင့် ပြောင်းသွားပြီလား"
"မပြောင်းပါဘူး"
ကျန်းမန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
"ပထမနေရာပဲ"
အရင်တစ်ကြိမ်က နောက်ဆုံး ပထမ၊ ယနေ့တော့ အပေါ်ဆုံး ပထမ ဖြစ်သည်။
အားလုံးက ပထမချည်းပင်…….
သူတို့နှစ်ယောက်မှာ ပြောစရာစကား ဆွံ့အသွားကြသည်။
ကျန်းမန် ပထမဆုံးနေ့ ရောက်စဉ်က စံပြအဖြစ် လုပ်ခံရသည်ကို သူတို့ သိထားကြသည်။
ထိုအရာက ရမှတ် သုည ဖြစ်၏။
ရမှတ် သုညမှာ အလွန် သိသာလွန်းလှသဖြင့် မသိချင်၍ပင် မရချေ။
ပါရမီရှင် ပေါ်လာသည်ဟူသော သတင်းထက်ပင် ပို၍ မြန်မြန် ပျံ့နှံ့သေးသည်။
အနည်းဆုံးတော့ အစောင့်ဌာန၌ ထိုသို့ ဖြစ်နေခြင်း ဖြစ်သည်။
သို့သော် ရမှတ် သုည ရထားသည်တိုင် မိမိကိုယ်ကိုယ် ပထမဟု ပြောရဲခြင်းကတော့ အစောင့်နှစ်ယောက်ကို အထင်ကြီးသွားစေသည်။
မစော်ကားရဲချေ၊ တကယ်လို့ သူသာ တကယ် အောင်မြင်သွားလျှင်ကော။
ဤသို့ အစွန်းရောက်သော လူမျိုးကို လေးစားထားခြင်းက မည်သည့် အမှားအယွင်းမျှ မရှိနိုင်ပေ။
ထို့နောက် ကျန်းမန်က အထဲသို့ ဝင်သွားကာ တာဝန်ခံ မြောင်ကို သွားရှာလိုက်သည်။
အသေးစိတ်ကိုမူ တာဝန်ခံ မြောင် စီစဉ်သည့်အတိုင်းသာ လုပ်ရမည် ဖြစ်၏။
တာဝန်ခံ မြောင်က လက်ထဲမှ စာရွက်ကို ကြည့်၍ ကျန်းမန်ကို မေးလိုက်သည်။
"ဒါက မင်းလား"
"ဟုတ်ပါတယ်"
ကျန်းမန်က ခေါင်းညိတ်ပြလိုက်သည်။
တာဝန်ခံ မြောင်က ထပ်မေးလိုက်ပြန်သည်။
"ဒါက တကယ် မင်းပဲလား"
"ဒါက တကယ် ကျွန်တော်ပါပဲ"
ကျန်းမန်က ထပ်၍ ဖြေလိုက်သည်။
တာဝန်ခံ မြောင် တိတ်ဆိတ်သွားခဲ့သည်။
စာရွက်ပေါ်ရှိ ပထမနေရာ ဆိုသည့် စာလုံးကြီးကို ကြည့်ကာ သူမ မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
သူ တကယ်ပင် အောင်မြင်သွားခဲ့လေပြီ၊ သိပ်တော့ မကောင်းလှပေ။
အရင်တုန်းက မိမိ၏ ဆက်ဆံရေးမှာ သိပ်မကောင်းခဲ့သလားဟု သူမ တွေးတောနေမိလေတော့သည်။
(စာစဉ် ၅ က စပြီး တစ်အုပ်ကို အပိုင်း ၂၀ ပါပါမယ်ဗျ)