အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) အခုတော့ သူက အစစ်အမှန် ပထမနေရာ ဖြစ်သွားပြီ
"ခန္ဓာကိုယ် ချို့ယွင်းပေမယ့် စိတ်ဓာတ် ကြံ့ခိုင်တယ်" ဟူသော စကားလုံးများကို တာဝန်ခံ မြောင် ကောင်းကောင်း မှတ်မိနေဆဲ ဖြစ်သည်။
ခြံဝင်းငယ်၏ နောက်ဖေးတွင် ရမှတ် သုညသာ ရရှိထားသော ကျင့်ကြံသူမှာ ထက်ဝက်မျှ ဒုက္ခိတ ဖြစ်နေသည်နှင့် မခြားနားပေ။
ထိုစဉ်က အခြားသူများကို လှုံ့ဆော်ရန်အတွက် သူ့အား စံပြနမူနာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်သုံးတွင် ရှိစဉ်က လှုံ့ဆော်မှုတစ်ခုဟု သတ်မှတ်၍ ရနိုင်သေး၏။
ဘာပဲဖြစ်ဖြစ် တကယ်ပင် တိုးတက်မှု ရှိလာခဲ့သည် မဟုတ်ပါလား။
၎င်းကို ဝိညာဉ်စုဆောင်းခြင်း ခန်းမ၏ ကောင်းမှုဟု ပြောလျှင်လည်း လုံးဝ ပြဿနာမရှိချေ။
ရမှတ် နှစ်ဆယ်ကျော် ရထားသူတစ်ယောက်မျှသာ ဖြစ်သဖြင့် ဘာမှ အရေးမပါလှပေ။
မည်မျှ မြန်ဆန်သည်ဖြစ်စေ ကြီးမားသော အဓိပ္ပာယ် မရှိလှချေ။
အထူးသဖြင့် ချီသန့်စင်ခြင်း ကနဦးအဆင့်တွင် တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ ထိုမျှသာ ဖြစ်သည်။
တစ်ခါတစ်ရံ ကံတရားအပေါ် မူတည်သလို တစ်ခါတစ်ရံ ငွေကြေးဓနအပေါ်တွင်လည်း မူတည်တတ်ပေသည်။
အားလုံးက ဖြစ်နိုင်ချေ ရှိ၏။
သို့သော်...
ချီသန့်စင်ခြင်း အဆင့်ခြောက်နှင့် ခြံဝင်းငယ်၏ ပထမနေရာ….
ဤအရာကတော့ လှုံ့ဆော်မှုအဖြစ် သတ်မှတ်၍ မရနိုင်တော့ချေ။
ဤသို့သော လူမျိုးသည် ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှု ဝင်ခွင့်အရည်အချင်းကို ရရှိတော့မည် ဖြစ်သည်။
မြူတိမ်ဂိုဏ်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်း အတိုင်းအတာတစ်ခုအထိ ရှိနေ၏။
တစ်ဖက်လူ ဂိုဏ်းထဲသို့ ရောက်ရှိသွားပြီး သတိပြန်ဝင်လာမည့် အချိန်…..
သူမ တာဝန်ခံ မြောင်၏ အကျိုးဆက်ကိုတော့ ကြိုတင် ခန့်မှန်းနိုင်ပေသည်။
"တာဝန်ခံ မြောင်အနေနဲ့ ဝိညာဉ်စုဆောင်းခြင်း ခန်းမက လူတွေကို ဆက်ပြီး လှုံ့ဆော်ပေးဖို့ လိုအပ်သေးလား"
ကျန်းမန်က ရုတ်တရက် လှမ်းမေးလိုက်သည်။
ဤတစ်ကြိမ်တွင် အဆမတန် တိုးပွားလာမည့် ဝိညာဉ်ကျောက်တုံး မည်မျှ ရရှိနိုင်မည်နည်း။
ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်လောက် ရမလား။ မီးအိမ်တစ်လုံး ပိုထွန်းနိုင်လျှင် ဝိညာဉ်ကျောက်တုံး ဆယ်တုံး တိုးမည်လား။
တစ်ညလုံး လုပ်ဆောင်ပါက ဝိညာဉ်ကျောက်တုံး တစ်ရာ ရှာဖွေနိုင်ရန် မခက်ခဲပေ။
အဆမတန် တိုးပွားပါက နှစ်ရာ ဖြစ်သွားမည်။
တစ်ရက်တည်းနှင့်ပင် အရင်က သုံးရက်စာနှင့် ညီမျှနေ၏။
၎င်းက အစောပိုင်းကာလ၏ ခုနစ်ရက်စာထက်ပင် ပိုမိုများပြားသေးသည်။
တာဝန်ခံ မြောင်၏ ကျောပြင်တွင်မူ ချွေးစေးများ စိမ့်ထွက်နေပြီ ဖြစ်သည်။
၎င်းက သူမကို ပညာပေးနေခြင်းပင်။
သူမက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မျက်နှာအမူအရာမပျက်ဘဲ ပြောလိုက်သည်။
"ပထမနေရာ ရတာက ငါတို့ ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ ဂုဏ်ယူစရာပဲ၊ ဒီနေ့အတွက် လှုံ့ဆော်တဲ့ ကိစ္စကို ထားလိုက်ပါတော့ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်ကိုပဲ လုပ်ကြတာပေါ့ ငါက ဝိညာဉ်စုဆောင်းခြင်း ခန်းမကို ကိုယ်စားပြုပြီး မင်းရဲ့ ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံး ငါးရာ ချီးမြှင့်မယ် ဒါက အောင်မြင်မှု ရရှိတဲ့ ကျင့်ကြံသူတွေအပေါ် ငါတို့ ခန်းမရဲ့ အသိအမှတ်ပြုမှုနဲ့ ပံ့ပိုးမှုပဲ"
"ငါတို့ ဝိညာဉ်စုဆောင်းခြင်း ခန်းမမှာ အလုပ်လုပ်ကတည်းက သဘာဝကျကျပဲ မင်းက ငါတို့ ခန်းမရဲ့ လူပဲပေါ့"
"ဒီလို အောင်မြင်မှု ရတာက ဝိညာဉ်စုဆောင်းခြင်း ခန်းမအတွက် အကြီးမားဆုံး အသိအမှတ်ပြုမှုပဲ"
"ဒါ့အပြင် ငါကိုယ်တိုင်လည်း ဝိညာဉ်ကျောက်တုံး ငါးရာ စိုက်ထုတ်ပြီး ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ ဂုဏ်ဆောင်ကို ပံ့ပိုးပေးမယ်"
သူမက ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထုတ်ယူ၍ ကျန်းမန်ထံသို့ ကမ်းပေးရင်း ဆက်ပြောလိုက်သည်။
"ကဲ... သိမ်းထားလိုက်ပါ ဒီဝိညာဉ်ကျောက်တုံးတွေကို ကောင်းကောင်းသုံးပြီး ဆက်ကြိုးစားပါ"
"ငါ အစကတည်းက ပြောခဲ့သားပဲ တစ်ယောက်ယောက် အောင်မြင်မယ်ဆိုရင် အဲဒါ မင်းပဲ ဖြစ်ရမယ်လို့"
"ဒါက ငါ့ရဲ့ အမြင် မမှားဘူးဆိုတာ သက်သေပြလိုက်တာပဲ"
ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို သိမ်းဆည်းလိုက်သော ကျန်းမန်မှာ အလွန်ပင် ခံစားချက် ထွေပြားသွားရသည်။
ပထမနေရာ၏ သက်ရောက်မှုက ဤမျှအထိ ပြင်းထန်လှသည်လား။
သူ အနည်းငယ် နှမြောမိသွားသည်။ ရမှတ် သုည ရစဉ်က လူများစွာနှင့် ပိုမို တွေ့ဆုံခဲ့သင့်ပြီး ၎င်းတို့၏ အထင်သေးသော အကြည့်များနှင့် စကားလုံးများကို ခံစားခဲ့သင့်သည်။
ယခုအချိန်မှ သွားရောက် တွေ့ဆုံပါက သေချာပေါက် အကျိုးအမြတ်တစ်ခုခု ရရှိနိုင်မည် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ တွေ့ဆုံခဲ့သူ အလွန် နည်းပါးလွန်းခြင်းပင်။
လူမှုဆက်ဆံရေးကတော့ လိုအပ်နေဆဲ ဖြစ်သည်။
ထို့နောက်မှ ဝင်လာသော လမ်းညွှန် မိန်းကလေးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ထူးဆန်းအံ့ဩနေခဲ့သည်။
အချို့စကားများကို သူမ သေချာ မကြားလိုက်ရသော်လည်း တာဝန်ခံ မြောင်က ကျန်းမန်အား ဝိညာဉ်ကျောက်တုံးများ ပေးအပ်နေသည်ကိုမူ မြင်တွေ့လိုက်ရသည်။
သူမ အလွန် အံ့ဩသွားသော်လည်း မမေးရဲချေ။
ထို့နောက်တွင်တော့ တာဝန်ခံ မြောင်က အစောင့်အလုပ်ကို စီစဉ်ပေးခဲ့သည်။
ဒီဇင်ဘာလကျမှသာ တရားဝင် တာဝန်စားထိုး လုပ်ဆောင်ရမည် ဖြစ်၏။
စုစုပေါင်း လေးရက် ဖြစ်သည်။
ထိုအရာများကို သေချာ နားလည်ပြီးနောက် ကျန်းမန်က မိမိကိုယ်ကိုယ် ငှားရမ်းမည့် ကိစ္စကို မေးမြန်းလိုက်သည်။
ဥပမာအားဖြင့် အတူတူ လေ့ကျင့်ပေးမည့်သူ လိုအပ်ခြင်း ရှိမရှိ ကဲ့သို့သော အရာမျိုး ဖြစ်သည်။
တာဝန်ခံ မြောင်က ထိုသို့သော ကိစ္စမျိုး ရှိသော်လည်း လိုအပ်ချက်အပေါ်တွင်မူ မူတည်ကြောင်း ပြောပြသည်။
တကယ်လို့ သင့်တော်မည့်အရာ ရှိပါက သူ့ကို အကြောင်းကြားပေးမည် ဖြစ်၏။
ကျန်းမန်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် ယခုအခါ သူ့၏ တန်ဖိုး မည်မျှ ရှိသည်ကို မေးမြန်းလိုက်သည်။
သူက ဝိညာဉ်စုဆောင်းခြင်း ခန်းမ၌ "မီးအိမ်ထွန်းခြင်း" အလုပ်ကို ဆက်လက် လုပ်ကိုင်လိုသောကြောင့်ပင် ဖြစ်သည်။
ကျန်းမန် အဘယ်ကြောင့် ဆက်လုပ်ချင်ရသည်ကို တစ်ဖက်လူ နားမလည်သော်လည်း အမှန်အတိုင်းပင် ပြောပြခဲ့သည်။
ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ဖြစ်ပြီး မီးအိမ် ခုနစ်လုံး ထွန်းရမည်၊ တစ်လုံး ပိုထွန်းနိုင်ပါက ဝိညာဉ်ကျောက်တုံး ဆယ်တုံး တိုးမည် ဖြစ်သည်။
ကျန်းမန်က တွက်ချက်ကြည့်လိုက်ရာ တစ်ရက်လျှင် မီးအိမ် ရှစ်လုံး ထွန်းပါက ကိုးဆယ် ရရှိမည် ဖြစ်သည်။
အရင်ကထက် နှစ်ဆယ် ပိုမိုများပြားလာခြင်း ဖြစ်၏။
အားလုံးကို ခြုံငုံတွက်ချက်ပါက တစ်လလျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ခုနစ်ရာ ဝင်ငွေ ရှိမည် ဖြစ်သည်။
၎င်းက ဝင်ငွေမြင့်မားသော လူတန်းစားထဲသို့ ရောက်ရှိသွားခြင်းပင် ဖြစ်၏။
သို့သော် သာမန် ချီသန့်စင်ခြင်း အဆင့်ခြောက် ကျင့်ကြံသူများသည် ဤနေရာသို့ လာမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းကို ထိခိုက်ရုံသာမက ခန္ဓာကိုယ်ကိုပါ ပျက်စီးစေသောကြောင့် ဖြစ်သည်။
ကျင့်ကြံမှုအဆင့် မြင့်မားလာပါက ခန္ဓာကိုယ် မထိခိုက်အောင် ထိန်းသိမ်းရန် သတ်မှတ်ချက်များက ပိုမို တင်းကျပ်လာမည် ဖြစ်သည်။
သွေးကြောအင်အား ကျင့်စဉ်နှင့် စိတ်အာရုံကျင့်စဉ် အဆင့်နှစ်ခုလုံး မြင့်မားနေရမည်။
ကျန်းမန်ကိုယ်တိုင်ပင် ယနေ့အထိ ကိုးလုံးမြောက် မီးအိမ်ကို မထွန်းရဲသေးချေ။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် သေချာပေါက် ထိခိုက်ပျက်စီးသွားမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
၎င်းက ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုမို ကြီးမားသွားပေလိမ့်မည်။
ထို့နောက်တွင်တော့ ကျန်းမန်က ဝိညာဉ်စုဆောင်းခြင်း ခန်းမသို့ ဦးတည်လိုက်သည်။
သူသည် ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံလိုပေ။
တစ်ရက်လျှင် ကိုးဆယ်……
ဤမျှ ကောင်းမွန်သော အခွင့်အရေးမျိုး ဘယ်အချိန်တွင် ရနိုင်ဦးမည်နည်း။
လက်လွတ်ခံလိုက်ပါက အိပ်ရာဝင်သည့်အခါ နှမြောတသ ဖြစ်နေရပေလိမ့်မည်။
ကျန်းမန် ထွက်ခွာသွားပြီးနောက်မှသာ တာဝန်ခံ မြောင်က ဘေးနား၌ နားမလည်နိုင် ဖြစ်နေသော လမ်းညွှန် မိန်းကလေးကို လှည့်ကြည့်လိုက်သည်။
တစ်ဖက်လူက သိချင်စိတ်ဖြင့် မေးလာခဲ့၏။
"ဘာကိစ္စ ရှိလို့လဲ"
"စောစောက လူကို မင်း မှတ်မိလား"
တာဝန်ခံ မြောင်က မေးလိုက်သည်။
တစ်ဖက်လူက ခေါင်းညိတ်ပြသည်။
"သူက ခြံဝင်းငယ်မှာ ပထမနေရာ ရထားတာ"
တာဝန်ခံ မြောင်က ပြောလိုက်၏။
ထိုစကားကို ကြားသော် လမ်းညွှန် မိန်းကလေးကလည်း မအံ့ဩဘဲ ပြန်ပြောသည်။
"နောက်ဆုံး ပထမလေ ကျွန်မတို့ အကုန်လုံး သိကြတာပဲ"
တာဝန်ခံ မြောင်က အနားသို့ လျှောက်သွားကာ တစ်ဖက်လူ၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"အဲဒါက လွန်ခဲ့တဲ့ သုံးလကလေ အခုတော့ သူက အစစ်အမှန် အပေါ်ဆုံး ပထမ ဖြစ်သွားပြီ"
ပြောပြီးနောက် တာဝန်ခံ မြောင်က အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။
လမ်းညွှန် မိန်းကလေး တစ်ယောက်တည်းသာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့လေ၏။
ညပိုင်းတွင်…..
ကျန်းမန်က နေအိမ်သို့ ပြန်ရောက်လာပြီး မြက်စားနေသော နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။
"အဝါကြီး... ဒီနေ့ စာလာသေးလား"
နွားဝါကြီးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေသည်။
"ငါ အစွမ်းကုန် ပြန်ကောင်းအောင် လုပ်နေတယ် ဒါမှ မင်း စာပြန်လို့ရမှာ"
ထိုစကားကို ကြားသော် ကျန်းမန်က သဘောကျစွာ ရယ်မောရင်း ပြောလိုက်သည်။
"မင်းရဲ့ အစွမ်းတွေကို သိမ်းဆည်းထားတာက ပိုကောင်းပါတယ် ဒါမှ မင်းကို မိန်းမယူပေးလို့ ရမှာ"
နွားဝါကြီးက မြက်ကို ဆက်လက် စားနေရင်းမှ ရုတ်တရက် အသံပြုလာခဲ့၏။
"မင်း သိုင်းပညာရပ် ဘယ်နှစ်ခု ထုတ်ယူခဲ့လဲ"
ကျန်းမန်က အမှန်အတိုင်းပင် ပြောပြလိုက်သည်။
ခဏအကြာတွင် နွားဝါကြီးက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ပြောလေသည်။
"မင်း အချက်တစ်ခုကို မေ့နေတယ်"
ကျန်းမန် နားမလည်နိုင် ဖြစ်သွားရသည်။
"မင်းက ချီသန့်စင်ခြင်း အဆင့်ခြောက်ကို ရောက်နေပြီ"
နွားဝါကြီးက ပြောလိုက်၏။
ထိုစကားကို ကြားရသော်လည်း ကျန်းမန်မှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။
နွားဝါကြီးက ခေါင်းငုံ့ကာ မြက်ကို ဆက်စားရင်း ခပ်ပေါ့ပေါ့ပင် ဆက်ပြောလိုက်သည်။
"အထက်တန်း စိတ်အာရုံကျင့်စဉ်က မှားယွင်းနေတာ"
ထိုစကားကို ကြားလိုက်ရသော် ကျန်းမန်မှာ ဆွံ့အသွားရတော့သည်။
မေ့သွားခြင်းပင် ဖြစ်သည်။
သူသည် သာမန် အခြေခံ စိတ်အာရုံကျင့်စဉ်ကို သွားရောက် ထုတ်ယူခဲ့ခြင်း မရှိပေ။
အကဲခတ်လိုသူတစ်ဦးဦးက သေချာ စုံစမ်းကြည့်ပါက သူသည် ထိုကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကြောင်း သိရှိသွားနိုင်သည်။
သူ့ကို ကျင့်ကြံရန် ခွင့်ပြုခဲ့ကြသော်လည်း အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကြောင်း သိရှိသွားပါက သာမန်ကိစ္စတစ်ခု မဟုတ်တော့ချေ၊ ဂိုဏ်းမှ လူများက စုံစမ်းစစ်ဆေးခြင်း ပြုမပြု မသိနိုင်ပေ။
တကယ်လို့ မိစ္ဆာနတ်ဘုရား နွားဝါကြီးကိုပါ စုံစမ်းမိသွားပါက မကောင်းနိုင်ချေ။
ဂိုဏ်းမှ လူများ ပြန်လည် ထွက်ခွာသွားပြီးမှဆိုလျှင်တော့ ပြဿနာ အလွန်အမင်း ကြီးမားမည် မဟုတ်ပေ။
"အဝါကြီး... နောက်တစ်ခါကျရင် တိုက်ရိုက်ပဲ ပြောပါ"
ကျန်းမန်က ပြောလိုက်သည်။
နွားဝါကြီးက ကျန်းမန်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး ခေါင်းငုံ့ကာ မြက်ကို ဆက်စားနေတော့၏။
ကျန်းမန် စိတ်ထဲမှ ညည်းတွားမိသည်၊ စကားကို လျှို့ဝှက်ချက်နှယ် ထားခြင်းက ဝဋ်လိုက်တတ်သည်မှာ အမှန်ပင်။
ထို့နောက်တွင်တော့ ကျန်းမန်က မိမိ၏ ပိုင်ဆိုင်မှုများကို စတင် တွက်ချက်တော့သည်။
ချန်ချီဝမ်ထံမှ ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ ရရှိခဲ့ပြီး ဝိညာဉ်စုဆောင်းခြင်း ခန်းမမှ တစ်ထောင် ရရှိခဲ့ကာ မိမိကိုယ်တိုင် ရှာဖွေနိုင်ခဲ့သည်က ကိုးဆယ် ဖြစ်သည်။
မူလက နှစ်ဆယ် ကျန်ရှိနေသေး၏။
မကြာသေးမီက စားသောက်စရိတ်များကို နှုတ်လိုက်လျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ငါးရာ ရှစ်ဆယ် ကျန်ရှိနေသေးသည်။
တကယ်ကို ကြွယ်ဝချမ်းသာလှသော်လည်း ဖက်တီးလေးထံတွင်မူ ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး ခြောက်လုံး ကြွေးတင်နေဆဲ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး တစ်ထောင့်ရှစ်ရာကို နှုတ်လိုက်ပါက ခုနစ်ရာ ရှစ်ဆယ်သာ ကျန်တော့မည် ဖြစ်၏။
ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး နှစ်လုံးစာနှင့်ပင် ကုန်ဆုံးသွားနိုင်သည်။
ကြည့်ရသည်မှာ အလျင်စလို ပြန်ဆပ်ရန် မလိုအပ်သေးဟု ထင်ရပေသည်။
အခြားတစ်ဖက်တွင်မူ ပြတင်းပေါက်မှတစ်ဆင့် လရောင်သည် စားပွဲတင်မျက်နှာပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။
ဘေးနားရှိ ချန်ယွီက မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန် ရှိ၏။
"ချီသန့်စင်ခြင်း ကျင့်ကြံသူတွေက တကယ်ပဲ အိပ်စက်ခြင်းမရှိဘဲ ဆက်တိုက် ကျင့်ကြံနိုင်ကြတာလား"
ကျန်းမန် ပြောခဲ့သော စကားတစ်ခွန်းကြောင့် သူမတင်မကပါချေ။
လော်ရွှမ်နှင့် ဖန်ယုံတို့ပင်လျှင် ကြိုးစား အကောင်အထည်ဖော်နေကြသည်။
၎င်းမှာ တစ်ညတာလုံး ကျင့်ကြံခြင်းပင်။
မအိပ်မနေဘဲ ကျင့်ကြံရန် ဖြစ်၏။
သို့သော် သူမအနေဖြင့် ယနေ့အထိ မကျော်လွှားနိုင်သေးပေ။
အနားယူရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေဆဲ ဖြစ်ပြီး ထိုသို့မဟုတ်ပါက ခန္ဓာကိုယ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားလိမ့်မည်။
၎င်းက ဒုတိယနေ့၏ ကျင့်ကြံခြင်းကိုပါ ပြန်လည် ထိခိုက်စေနိုင်သည်။
အလုပ်နှင့် အနားယူခြင်းကို မျှတအောင် ပြုလုပ်ခြင်းကသာ မှန်ကန်သောအရာဟု သူမ ထင်မြင်မိသည်။
သို့သော်လည်း...
လူတိုင်းက ကြိုးစားနေကြသဖြင့် သူမလည်း နောက်ကနေ လိုက်ပါနေရုံသာ ရှိတော့သည်။
"အဲဒီစာရဲ့ သက်ရောက်မှုက ဘယ်လိုရှိလဲမသိဘူး နောက်ရက်အနည်းငယ်ကြာရင် သူ့ဆီသွားပြီး နှုတ်ဆက်ရင်း စာပြန်ခိုင်းရမယ်"
"သူ ဘယ်လို အကြောင်းအရာမျိုး ပြန်ရေးမလဲဆိုတာ မသိဘူး"
ဤအရာများကို တွေးတောမိသောအခါ ချန်ယွီက အနည်းငယ် မျှော်လင့်မိသွားရသည်။
ဤအသစ်တက်လာသော ပထမနေရာ၏ စိတ်နှလုံးထဲတွင် မည်သို့သော သံယောဇဉ်တရားနှင့် နူးညံ့မှုမျိုး ရှိနေမည်ကို သိရှိလိုခြင်း ဖြစ်၏။
တစ်ဖက်လူကို ပိုမို နားလည်လေလေ၊ စည်းရုံးသိမ်းသွင်းရန် ပိုမို လွယ်ကူလေလေ ဖြစ်သည်။
အချို့သော ပါရမီထူးချွန်သူများသည် လောကအမြင် မကြွယ်ဝကြဘဲ လောကဝတ်များကို နားမလည်တတ်ကြချေ။
ကြည့်ရသည်မှာ မော့ကြည့်ရလောက်အောင် မြင့်မားသည်ဟု ထင်ရသော်လည်း အမှန်တကယ်၌ အနားသို့ ချဉ်းကပ်လိုက်ပါက တစ်ဖက်လူက မိမိ၏ မာနများကို လျှော့ချလာမည်သာ ဖြစ်သည်။
အတွေ့အကြုံများပြားလာမှသာ ပိုမို လက်ပေါက်ကပ်လာမည် ဖြစ်၏။