အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) အကဲဖြတ်စစ်ဆေးမှု ဝင်ခွင့်ကို ဘယ်သူ ရမလဲ
စောင့်ဆိုင်းနေစဉ်အတွင်း အသက်လတ်ပိုင်း အမျိုးသားမှာ အနည်းငယ် စိုးရိမ်နေခဲ့သည်။
သူက တံခါးဝတွင် ရပ်ကာ လည်ပင်းကို ဆန့်၍ တံခါးအတွင်းသို့ လှမ်းကြည့်လိုက်၊ ကျန်းမန်ကို ကြည့်လိုက် လုပ်နေ၏။
၎င်းကို မြင်သော် ကျန်းမန်က သဘာဝကျကျပင် နောက်သို့ ဆုတ်ပေးလိုက်ပြီး မဏ္ဍပ်ထဲသို့ ဝင်ကာ ကိုယ်တစ်ပိုင်းကို အရိပ်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။
ထိုနေရာမှဆိုလျှင် အလွယ်တကူ မမြင်နိုင်သလို တံခါးပေါက်ကိုလည်း ကောင်းကောင်း မြင်နေရပေသည်။
အစောင့်တစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက် ဝင်လာခြင်း ရှိမရှိကို သေချာ ကြည့်ရှုရမည် ဖြစ်၏။
ထွက်သွားခြင်းက ကိစ္စမရှိသော်လည်း ဝင်လာခြင်းကိုတော့ တင်းကျပ်စွာ စစ်ဆေးရမည် ဖြစ်သည်။
အရိပ်ထဲမှနေ၍ ဖန်ယုံ ထွက်လာသည်ကို ကျန်းမန် မြင်တွေ့လိုက်ရ၏။
ထိုအချိန်တွင် အသက်လတ်ပိုင်း အမျိုးသားကို ပြန်ကြည့်လိုက်ရာ သူက မတ်မတ်ရပ်နေပြီး ခြေထောက် ဒဏ်ရာရထားသည့်ပုံစံ လုံးဝ မပေါ်လွင်တော့သည်ကို တွေ့လိုက်ရသည်။
အသက်လတ်ပိုင်း အမျိုးသားအနားသို့ ရောက်ရှိလာသော ဖန်ယုံ၏ မျက်နှာထားမှာ သိပ်မကောင်းလှချေ။
သူ့ပါးစပ်က အနည်းငယ် လှုပ်ရှားသွားပြီး မျက်နှာပေါ်တွင် အပြစ်တင်သည့် အရိပ်အယောင်များ ပေါ်လွင်နေကာ စကားအချို့ ပြောဆိုလိုက်သည်။
အသေးစိတ် ဘာပြောသည်ကိုမူ ကျန်းမန်က ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သေချာ နားထောင်ခြင်း မပြုခဲ့ချေ။
စောစောကမှ အသက်လတ်ပိုင်း အမျိုးသားက သူ့ကို ရှောင်ပေးရန် လိုအပ်နေခဲ့သဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာကို ငဲ့ညှာပေးရမည်မှာ သဘာဝပင်။
မည်သူ၏ ဂုဏ်သိက္ခာကို ငဲ့ညှာပေးရမည် ဆိုသည်ကိုမူ မသိနိုင်ပေ။
ထိုအချိန်၌ အသက်လတ်ပိုင်း အမျိုးသားမှာ ခေါင်းငုံ့ကာ ပြုံးပြနေပြီး ဖန်ယုံ စကားပြောပြီးမှသာ အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
ထို့နောက် ပြုံး၍ တစ်ဖက်လူထံ ကမ်းပေးလိုက်၏။
၎င်းမှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်ရပေမည်။
ဝိညာဉ်ကျောက်တုံးများကို ယူပြီးနောက် ဖန်ယုံက ဘာဆက်ပြောသည်မသိ၊ ဤတစ်ကြိမ်တွင်မူ သူက စကားတစ်ခွန်း ပိုပြောလိုက်သည်။
ကျန်းမန်ကတော့ ကြည့်နေရုံသာ ကြည့်နေခဲ့၏။
ထို့နောက် ဖန်ယုံက အတွင်းသို့ ပြန်ဝင်သွားပြီး လှည့်ထွက်သွားချိန်တွင် သတိပေးစကားတစ်ခုခုကို ထပ်မံ ပြောဆိုလိုက်ပုံရသည်။
အသက်လတ်ပိုင်း အမျိုးသားကတော့ ခေါင်းညိတ်ကာ ပြုံးပြနေဆဲပင်။
ထို့နောက် သူက ဖန်ယုံ ထွက်သွားသည်ကို ခြေဖျားထောက်ကာ ကြည့်နေပြီးနောက်မှသာ ခြေထောက်ကို ဖြေလျော့လိုက်သည်။
နာကျင်နေသော အမူအရာက မျက်နှာပေါ်တွင် ပေါ်လာ၏။
ကျန်းမန်က အရိပ်ထဲမှ ထွက်လာကာ မဏ္ဍပ်ထဲတွင် ထိုင်ရင်း အသက်လတ်ပိုင်း အမျိုးသားကို လက်ယပ်ခေါ်လိုက်သည်။
တစ်ဖက်လူက အနားသို့ လာထိုင်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ချင်းယွင်ဆောင်မှာ ဘာပြဿနာတွေ ဖြစ်နေလို့လဲ"
ကျန်းမန် နားမလည်နိုင် ဖြစ်သွားသည်။
"ဘာလို့ ဒီလိုမေးတာလဲ"
"သခင်လေးက သေချာ မနားရဘူး ထင်တယ် စကားတောင် သိပ်မပြောဘဲ ကပျာကယာနိုင်နေလို့ပါ"
အသက်လတ်ပိုင်း အမျိုးသားက ခဏရပ်ပြီးနောက် ကျန်းမန်ကို ကြည့်ကာ ရိုသေစွာ ပြောလိုက်သည်။
"ကျွန်တော်က သခင်လေးတို့ရဲ့ မျိုးရိုးနာမည်ကို ယူထားပြီး ဖန် လို့ ခေါ်ပါတယ် အကုန်လုံးက ကျွန်တော့်ကို အိမ်တော်ထိန်း ဖန် လို့ ခေါ်ကြပါတယ် အစောင့်လူကြီးမင်းကကော..."
"ကျွန်တော်က ကျန်း ပါ"
ကျန်းမန်က ပြောလိုက်သည်။
တစ်ဖက်လူ ပြောသည့်ကိစ္စနှင့် ပတ်သက်၍မူ ၎င်းမှာ ဖန်ယုံအတွက်လည်း အချိန်မရှိတော့သောကြောင့်ပင်။
သူကိုယ်တိုင်လည်း မနား၊ လော်ရွှမ်လည်း မနားရာ ဖန်ယုံက ဘယ်လိုအကြောင်းပြချက်နဲ့ နားရမည်နည်း။
သူကော နားရဲပါ့မလား။
သို့သော် ကျန်းမန်က ခေါင်းခါရုံသာ ခေါင်းခါလိုက်ပြီး အရှေ့ရှိ လူကို အမှန်တရားကို မပြောပြခဲ့ချေ။
"ပြန်တော့မလို့လား" ကျန်းမန်က ကောင်းကင်ကို ကြည့်ကာ မေးလိုက်သည်။
"ဒီနားလေးမှာ ခဏနားပြီး မိုးလင်းတာနဲ့ ပြန်မှာပါ"
ပြောရင်းနှင့် အိမ်တော်ထိန်း ဖန်က အိတ်ထဲမှ အကောင်းဆုံး ပေါက်စီတစ်လုံးကို ထုတ်ယူကာ ကျန်းမန်ထံ ကမ်းပေးလိုက်ပြီး မျက်နှာချိုသွေး၍ ပြောလိုက်သည်။
"အစောင့်ကျန်း စားမလား"
ကျန်းမန်က ဂျုံကြမ်းဖြင့် လုပ်ထားသော ပေါက်စီကို ကြည့်ကာ လက်လှမ်းယူလိုက်ပြီး မေးလိုက်သည်။
"မိုးလင်းတာနဲ့ ပြန်မှာလား"
"မိုးလင်းတာနဲ့ ပြန်မှာပါ"
အိမ်တော်ထိန်း ဖန်က ပြုံး၍ ခေါင်းညိတ်ပြသည်။
ဤနေရာမှာ အစောင့်များ၏ နေရာဖြစ်ပြီး မည်သူမဆို လာရောက် နားခိုခွင့် ရှိသည်တော့ မဟုတ်ချေ။
"ဒါဆိုရင်လည်း မဏ္ဍပ်ထဲမှာ ခဏ ထိုင်နေပါ မိုးလင်းမှ ပြန်ပေါ့"
ပြောရင်းနှင့် ကျန်းမန်က ပေါက်စီကို စားကာ မဏ္ဍပ်ထဲမှ ထွက်သွားလိုက်သည်။
ကျင့်ကြံရန် ပြင်ဆင်လိုက်၏။
နောက်ကွယ်မှ တစ်ဖက်လူ၏ ကျေးဇူးတင်စကားများ ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းမန်က မဏ္ဍပ်ဘက်သို့ ပြန်ကြည့်လိုက်ရာ တစ်ဖက်လူမှာ ကိုယ်ကို ကွေးကာ မြေပြင်ပေါ်တွင် ထိုင်ရင်း ဘေးဘက်ကို မှီ၍ အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။
လက်ကတော့ ရိက္ခာအိတ်ကို အမြဲ ဆုပ်ကိုင်ထားပြီး စားစရာများ ပြုတ်ကျသွားမည်ကို စိုးရိမ်နေပုံရ၏။
တကယ်တော့ ကျန်းမန် ထွက်လာခဲ့သော နေရာတွင် အခင်းတစ်ခု ရှိနေသည်။
တစ်ဖက်လူက ထိုအပေါ်တွင် မထိုင်ရဲခဲ့ချေ။
ကျန်းမန်က အနည်းငယ် ဝေးရာသို့ သွား၍ စတင် ကျင့်ကြံတော့သည်။
ဤတစ်ကြိမ်တွင် သူက ချီသန့်စင်ခြင်း ကျင့်စဉ်ကို လည်ပတ်ကာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်လေသည်။
သူက ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးကို တမင်တကာ စားသောက်လိုက်သည်၊ သို့မှသာ ပိုမို မြန်ဆန်စွာ တိုးတက်နိုင်မည် ဖြစ်၏။
ထိုသို့မဟုတ်ပါက အချိန်ဖြုန်းနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
မိုးလင်းသည်အထိပင်။
ထိုအချိန်တွင် အိမ်တော်ထိန်း ဖန်က ချက်ချင်း နိုးလာပြီး သူထိုင်ခဲ့သော နေရာကို အဝတ်ဖြင့် သုတ်သင်ရှင်းလင်းလိုက်သည်။
ထို့နောက် ထွက်ခွာရန် ပြင်ဆင်လေ၏။
ကျန်းမန်က အစောကြီးကတည်းက နိုးနေခဲ့ပြီး ကျန်ရှိနေသော ပေါက်စီတစ်ဝက်ကို စားရင်း မေးလိုက်သည်။
"အခု ပြန်တော့မလို့လား"
"အစောင့်ကျန်း"
အိမ်တော်ထိန်း ဖန်က ရိုသေစွာ အရိုအသေပေးလိုက်သည်။
"အစောင့်လူကြီးမင်းကို နှောင့်ယှက်မိသလို ဖြစ်သွားပြီ မိုးလင်းပြီဆိုတော့ ကျွန်တော် အချိန်မီ ပြန်ရဦးမယ်"
ကျန်းမန်က လက်ထဲမှ ပေါက်စီကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
"ပေါက်စီက အရသာ မဆိုးပါဘူး"
ပြောရင်းနှင့် သူက ကိုယ်ပေါ်တွင် စမ်းသပ်ရှာဖွေလိုက်ပြီး ဆေးကပ်တစ်ခုကို ပစ်ပေးလိုက်ကာ ပြောလိုက်၏။
"မင်းအတွက် ကျေးဇူးတင်လက်ဆောင်"
၎င်းမှာ ပြင်ပဒဏ်ရာများကို ကုသပေးသော ဆေးကပ် ဖြစ်သည်။
ဆေးကပ်ကို ဖမ်းယူရရှိသော အိမ်တော်ထိန်း ဖန်က ကမန်းကတန်း ငြင်းဆန်ရန် ပြင်လိုက်သည်။
သို့သော် ကျန်းမန်က သူ့အား လက်လှမ်းပြကာ နှုတ်ဆက်လိုက်ပြီ ဖြစ်၏။
သူကလည်း တစ်ဖက်လူကို မလွန်ဆန်ရဲချေ။
နောက်ဆုံးတွင် ကျေးဇူးတင်စကားကို လေးလေးနက်နက် ပြောကြားပြီးမှသာ ကိုယ်ဖော့ပညာကို အသုံးပြု၍ ထွက်ခွာသွားတော့သည်။
ထိုသို့ဖြင့် ကျန်းမန်က ပေါက်စီကို စားရင်း ချင်းယွင်ဆောင်၏ ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ထွက်ခွာလာခဲ့သည်။
ပထမနေရာ ရထားသူ တစ်ယောက်အနေဖြင့် ခြံဝင်းငယ်ကို ဦးဆောင်၍ ဆက်လက် ကျင့်ကြံရဦးမည် ဖြစ်၏။
အသွားတွင် ဖက်တီးလေးထံမှ ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးအချို့ကိုလည်း ငှားရမ်းခဲ့သည်။
ဤတစ်ကြိမ်တွင် ဖက်တီးလေးက ဆေးလုံး ငါးလုံး ငှားရမ်းပေးခဲ့၏။
နောက်ဆုံး ဆယ်ရက်အတွင်း ကျန်းမန်က ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများကို ဆက်တိုက် စားသုံးကာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်မည် ဖြစ်သည်။
သူ၏ ဝိညာဉ်ကျောက်တုံး အားလုံးကိုလည်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
စုစုပေါင်း ဆယ်လုံး ရရှိ၏။
ထိုသို့ဆိုလျှင် ဆယ့်ငါးလုံး ရရှိသွားပြီ ဖြစ်သည်။
အဆင့်ကိုး ချီသန့်စင်ခြင်း ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ပါက အဆင့်တက်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ချေ။
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။
ကျန်းမန်၏ ကျင့်ကြံမှုအဆင့်မှာလည်း မရပ်မနား တိုးတက်နေခဲ့၏။
ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများစွာ ရှိနေသဖြင့် ဆဋ္ဌမမြောက် ဘူးသီးအတွင်းမှ ရေမှာ မျက်မြင်ကိုယ်တွေ့ပင် တက်လာခဲ့သည်။
တစ်ရက် ကြာပြီးနောက်….
နှစ်ဆယ်ရာခိုင်နှုန်း….
နှစ်ရက် ကြာပြီးနောက်…
သုံးဆယ်ရာခိုင်နှုန်း….
လေးရက် ကြာပြီးနောက်
ငါးဆယ်ရာခိုင်နှုန်း….
ခုနစ်ရက် ကြာပြီးနောက်
ခုနစ်ဆယ်ရာခိုင်နှုန်း….
ဒီဇင်ဘာလ ဆယ့်လေးရက်နေ့
ကိုးဆယ့်ကိုးရာခိုင်နှုန်း…
ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများ ကုန်သွားခဲ့ပြီ။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အဆင့်မှာလည်း အဆင့်လေးသို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။
"ဘူးသီး" ရေပြည့်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ချီသန့်စင်ခြင်း အဆင့်ခုနစ်သို့ တက်လှမ်းရန် သတ်မှတ်ချက် အားလုံး ပြည့်စုံသွားပြီ ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်ခြောက်၊
ခန္ဓာကိုယ် အဆင့်လေး၊
စိတ်အာရုံ အဆင့်တစ်
သို့သော် ထိုကာလအတွင်း သိုင်းပညာရပ်များကိုလည်း ကျန်းမန်က လက်လွှတ်မခံရဲခဲ့ချေ။
ဆရာဖူက အမြဲတမ်း သင်ကြားပေးနေပြီး သိုင်းပညာရပ်များကို အဓိကထား၍ လေ့ကျင့်စေခဲ့သည်။
ဆရာကျောက်၏ စာသင်ချိန်များပင် လျော့နည်းသွားခဲ့၏။
လက်ရှိတွင် ထုတ်ယူထားသော သိုင်းပညာရပ်များ အားလုံးကို ကျန်းမန်က အဆင့်ကိုးအထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် အသုံးပြုမှု ကျွမ်းကျင်မှုတွင်မူ လိုအပ်ချက်များ ရှိနေသေး၏။
လက်တွေ့ တိုက်ခိုက်မှု လေ့ကျင့်ခန်းများ လိုအပ်နေခြင်းပင်။
သူက တာဝန်ခံ မြောင်ကို အကြိမ်ကြိမ် သွားရောက် ရှာဖွေခဲ့သည်။
သို့သော် အတူတူ လေ့ကျင့်ပေးမည့်သူမှာလည်း လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ကျန်းမန်က လော်ရွှမ်တို့ကိုသာ လေ့ကျင့်ဖော်အဖြစ် အသုံးပြုရတော့သည်။
ကံမကောင်းသည်မှာ ထိုသူများ အားလုံးက သူ့ကို တိုက်ကွက်များ ကျွေးရုံသာ လုပ်ပေးကြခြင်းပင်။
မိမိတို့၏ အစစ်အမှန် စွမ်းရည်ကို ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် လုံးဝ မရှိကြချေ။
တိုက်ခိုက်ရမည်ဆိုလျှင် ကျန်းမန်တွင် ယုံကြည်ချက် အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်။
မည်သို့ပင်ဆိုစေ သူက အဆင့်ကိုး ချီသန့်စင်ခြင်း ကျင့်စဉ်ဖြင့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူထားသည် မဟုတ်ပါလား။
ဝိညာဉ်စွမ်းအင်၏ စွမ်းအားမှာ သူတို့နှင့် လုံးဝ တစ်တန်းတည်း မဟုတ်ချေ။
သို့သော် တစ်ခါတစ်ရံတွင် ခွန်အားကြီးရုံမျှဖြင့် မလုံလောက်ပေ၊ ရန်သူထက် ခွန်အား အများကြီး ပိုကြီးမနေလျှင်ပေါ့။
"အစ်ကိုကျန်း စိတ်မလှုပ်ရှားဘူးလား"
ခြံဝင်းငယ်အတွင်း ဖက်တီးလေးက ကျန်းမန်အနားသို့ လာကာ မေးလိုက်သည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေသည်။
ကျန်းမန်က တစ်ဖက်လူကို အံ့ဩစွာ ကြည့်ကာ ပြန်မေးလိုက်သည်။
"မင်းက စိတ်လှုပ်ရှားနေတာလား"
"မလှုပ်ရှားဘဲ နေမလား မနက်ဖြန်ဆိုရင် အကဲဖြတ်စစ်ဆေးမှု အသစ်ဖြစ်တဲ့ ဝင်ခွင့်လုပွဲ စတော့မှာလေ"
ဖက်တီးလေးက ပြောလိုက်သည်။
"မင်း ထိပ်ဆုံးငါးယောက်စာရင်း ဝင်သွားလို့လား"
ကျန်းမန်က သိပ်မသေချာလှဘဲ မေးလိုက်သည်။
မကြာသေးမီက ကျင့်ကြံခြင်းကို အလွန်အမင်း အာရုံစိုက်နေခဲ့သဖြင့် ဖက်တီးလေးကို သေချာ မလေ့လာဖြစ်ခဲ့ချေ။
"မဝင်ပါဘူး ဒါပေမယ့် မနက်ဖြန်က ကျွန်တော် ဝင်ခွင့်စာရင်းကနေ ပြုတ်သွားမယ့် အကဲဖြတ်စစ်ဆေးမှုလေ"
ဖက်တီးလေးက သက်ပြင်းချရင်း ပြောလိုက်သည်။
"အဲဒီနောက်ပိုင်းကျရင် ကျွန်တော်က မြူတိမ်ဂိုဏ်းနဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး"
"ဒီဘဝမှာ ဒီလိုအခွင့်အရေးမျိုး နောက်ထပ် ရနိုင်တော့မှာ မဟုတ်ဘူး"
"မနက်ဖြန်ကစပြီး ဘဝလမ်းကြောင်း အသစ်ကို လျှောက်ရတော့မယ့် သဘောပဲ"
"ချင်းယွင်ဆောင်မှာ နောက်ထပ် ခြောက်လလောက် ဆက်ပြီး လေ့လာခွင့် ရဦးမယ်ဆိုပေမယ့် ဂိုဏ်းရဲ့ လမ်းကြောင်းက ကျွန်တော်တို့လို လူတွေနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး"
ကျန်းမန်က ခေါင်းညိတ်လိုက်သည်၊ ၎င်းမှာလည်း မှန်ပေသည်။
မနက်ဖြန်မှစ၍ ကံကြမ္မာ၏ အလှည့်အပြောင်းကို ရင်ဆိုင်ရတော့မည် ဖြစ်၏。
စိတ်လှုပ်ရှားသည်မှာ သဘာဝပင်။
သူလည်း ထိုနည်းတူပင် ဖြစ်သည်၊ အရင်က ပထမနေရာ ရထားသော်လည်း ဤလအတွင်း မည်သူကမျှ ရပ်တန့်နေမည် မဟုတ်ချေ။
တစ်စုံတစ်ယောက်က ထပ်မံ တိုးတက်သွားကောင်း သွားနိုင်ပေသည်။
အဆုံးအဖြတ် မကျသေးသရွေ့ ပေါ့ဆ၍ မရနိုင်ချေ။
"အစ်ကိုကျန်း အစ်ကို့အပြင် ဒုတိယမြောက် ဝင်ခွင့်နေရာ ရမယ့်သူက ဘယ်သူဖြစ်မယ် ထင်လဲ"
ဖက်တီးလေးက ရုတ်တရက် မေးလိုက်သည်။
ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"ချန်ချီဝမ် ဖြစ်နိုင်ခြေ အနည်းဆုံးပဲ"
ကျန်းမန်က သူနှင့် ယှဉ်ပြိုင်ဖူးသည်၊ သိုင်းပညာရပ်များ လေ့လာထားသည်မှာ မဆိုးလှသော်လည်း ထိုအဆင့်မျှသာ ဖြစ်သည်။
လော်ရွှမ်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာဟလှ၏။
ဖန်ယုံ၏ ရှေ့တွင်လည်း လုံလောက်မှု မရှိချေ။
လော်ရွှမ်မှာ အရင်က ပထမနေရာ ရထားသူဖြစ်ရာ ယုတ္တိအရဆိုလျှင် အဖြစ်နိုင်ဆုံးပင်။
သို့သော်...ချန်ချီဝမ်၏ နောက်ကွယ်တွင် လူတစ်ယောက် ရှိနေပြီး ထိုလူမှာ ချန်ယွီ ဖြစ်နိုင်ခြေ အလွန်များပြားသည်။
ထိုသို့ဆိုလျှင် ကွင်းပြင်ပမှ တမင်တကာ ပစ်မှတ်ထားမှုအောက်တွင် ကွင်းအတွင်းရှိ အရှုံးအနိုင်မှာလည်း သက်ရောက်မှု ရှိနိုင်ပေသည်။
ထို့ကြောင့် ချန်ယွီ နိုင်နိုင်ခြေလည်း အလွန်များပြား၏။
ဆန့်ကျင်ဘက်အနေဖြင့် ဖန်ယုံကတော့ အနည်းငယ် ရိုးရှင်းလွန်းနေပြီး နိုင်နိုင်ခြေ အနည်းဆုံး ဖြစ်နေသည်။
ထို့အပြင် ကျန်းမန်က သူကိုယ်တိုင်ပင် အချို့သူများ၏ အကြံအစည်များထဲတွင် ပါဝင်နေမည်လားဟု စိုးရိမ်ပူပန်နေမိတော့သည်။