အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) လမ်းလွဲပြီး နှစ်ဆယ် သုံးဆယ်လောက် အချိန်မကုန်ခံနဲ့
ကျန်းမန်၏ မေးခွန်းကို ကြားရသောအခါ လော်ရွှမ်လည်း အတော်လေး ခံစားရခက်သွားလေသည်။
ပုံမှန် ယှဉ်ပြိုင်မှုဆိုလျှင် သူမ နိုင်နိုင်ခြေ မရှိသည်တော့ မဟုတ်ချေ။ ကျန်းမန်၏ တိုက်ကွက်များက အနည်းငယ် လွန်ကဲနေသော်လည်း ဖြေရှင်းရန် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။ ဖန်ယုံကတော့ မမျှော်လင့်ထားဘဲ အထိနာသွားခြင်းသာ ဖြစ်၏။
သို့သော် သူမက ချန်ယွီ၏ အကြံအစည်ထဲသို့ ကျရောက်ကာ အပြင်းအထန် ဒဏ်ရာရရှိထားပြီး ဖြစ်ရာ သူမထက် ရမှတ်ပိုများသော ကျန်းမန်ကို ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
လက်ရှိတွင် ဖန်ယုံကို နိုင်နိုင်ခြေ ရှိမရှိသာ စမ်းသပ်ကြည့်နိုင်တော့၏။ သူတို့နှစ်ဦးစလုံးက အပြင်းအထန် ဒဏ်ရာရထားကြသူများ ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူကို အနားယူရန် အချိန်မပေးပါက အခွင့်အရေး မရှိသည်တော့ မဟုတ်ချေ။
ထို့ကြောင့် သူမက အရှုံးပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ကို လူတိုင်းက နားလည်ပေးနိုင်ကြ၏။ ထို့ကြောင့် နောက်ဆုံး ယှဉ်ပြိုင်မှုမှာ ဖန်ယုံနှင့် လော်ရွှမ်တို့ကြားတွင် ဖြစ်လာတော့သည်။
ကျောက်လဲ့မင်က ကျန်းမန် အဆင့်တက်ကြောင်း ကြေညာပြီးနောက် လော်ရွှမ်ကို မေးလိုက်သည်။
"စိန်ခေါ်ဦးမလား"
လော်ရွှမ်က ပြောလိုက်သည်။
"ငါ ဖန်ယုံကို စိန်ခေါ်မယ်"
ထိုစကားကို ကြားသော် ကျောက်လဲ့မင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် နောက်တစ်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်သည်။ အနားယူသည်မှာ သိပ်မကြာသေးသော ဖန်ယုံမှာ ခြံဝင်းအလယ်သို့ ထပ်မံ ထွက်လာရန် ဖိအားပေးခံလိုက်ရသည်။ တစ်ဖက်လူက သူ့ကို အသက်ရှူရန် အချိန် အနည်းငယ်မျှပင် မပေးခဲ့ချေ။ တကယ်တော့ ၎င်းမှာ ပုံမှန်ပင် ဖြစ်၏။ သူကိုယ်တိုင်ဆိုလျှင်လည်း ထိုသို့ပင် ပြုလုပ်မည် ဖြစ်သည်။
ဝင်ခွင့်အရည်အချင်း ရရန်သာ အဓိကဖြစ်ပြီး အခြားအရာများကို ဂရုစိုက်နေမည် မဟုတ်ချေ။ ရန်သူ အားနည်းနေချိန်တွင် အပြတ်ရှင်းရမည်မှာ သဘာဝပင်။ ကျန်းမန်က ဘေးဘက်သို့ ပြန်ဆုတ်သွားသည်။
ဖက်တီးလေးက ကွင်းထဲကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အစ်ကိုကျန်း အစ်ကို့အထင် ဘယ်သူ နိုင်မလဲ"
ကျန်းမန်က သူတို့နှစ်ယောက်စလုံး အစွမ်းထက်သည်ဟု ထင်မြင်မိသည်။
ဖက်တီးလေးက ဆက်ပြောလိုက်သည်။
"ငါ့အထင်တော့ လော်ရွှမ် နိုင်မယ်"
ကျန်းမန်က မေးလိုက်သည်။
"ဘာလို့လဲ"
ဖက်တီးလေးက ပြောလိုက်သည်။
"နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရထားပေမယ့် လော်ရွှမ်က အကြာကြီး နားထားရတယ်လေ ပြီးတော့ သူ့ဆီမှာ ခွန်အားပြန်ပြည့်စေမယ့် ဆေးလုံးတွေလည်း အများကြီး ရှိဦးမှာပဲ"
စုန်ချင့်က မေးလိုက်သည်။
"တကယ်လို့ လော်ရွှမ် ရှုံးသွားရင် ငါ သူ့ရဲ့ ကိုယ်ရံတော် ဖြစ်ခွင့် ရနိုင်ဦးမလား"
ကျန်းမန်ကတော့ အလွန် ခက်ခဲမည်ဟု ထင်မြင်မိ၏။
ဖက်တီးလေးက ပြောလိုက်သည်။
"မင်းက အစ်ကိုကျန်းရဲ့ နေရာကို လုနေတာ မဟုတ်ဘူးလား"
စုန်ချင့်က လေးလေးနက်နက် ပြောလိုက်သည်။
"အဲဒီအချိန်ကျရင် ငါက အစ်ကိုကျန်း ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ"
ထို့နောက် သူက သက်ပြင်းချကာ ဆက်ပြောလိုက်၏။
"နှမြောစရာကောင်းတာက အစ်ကိုကျန်းက ငါ့ကို အခွင့်အရေး တစ်ကြိမ် ပေးခဲ့ပေမယ့် ငါ မဆုပ်ကိုင်နိုင်ခဲ့ဘူး"
ကျန်းမန်က ထပ်မံ ရှင်းပြလိုက်သည်။
"ငါက ကိုယ်ရံတော် မဟုတ်ပါဘူး"
သို့သော် အများကြီးတော့ မရှင်းပြဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လော်ရွှမ်တို့ စတင် တိုက်ခိုက်နေကြပြီ ဖြစ်သောကြောင့်ပင်။
ဖက်တီးလေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ချန်ယွီကော"
စုန်ချင့်က မေးလိုက်သည်။
"မင်းက သူ့ကို ကိုယ်ရံတော် လုပ်ချင်လို့လား"
ဖက်တီးလေးက သူ့ကိုယ်သူ ကောင်းစွာ သိရှိထား၏။
"ငါက မတန်ပါဘူး"
စုန်ချင့်က စေတနာဖြင့် အကြံပေးလိုက်သည်။
"တစ်ခါတစ်ရံမှာ တန်တာ မတန်တာထက် ကိုယ်က ဘယ်လောက် ကြိုးစားယူသလဲဆိုတဲ့ အပေါ်မှာ မူတည်တယ် တကယ်လို့ သူတို့က မျက်နှာပူပြီး လက်ခံလိုက်ရင်ကော ဘယ်လိုပဲဖြစ်ဖြစ် မြို့ထဲမှာ အခြေတကျ နေခွင့်ရသွားမှာပဲ"
ဘုန်းခနဲ အသံနှင့်အတူ ကွင်းထဲမှ တိုက်ပွဲက သူတို့၏ စကားဝိုင်းကို အနှောင့်အယှက် ဖြစ်သွားစေသည်။ ထိုအခိုက်အတန့်တွင် ဖန်ယုံနှင့် လော်ရွှမ်တို့၏ တိုက်ခိုက်မှုများက အလွန် ပြင်းထန်နေသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်စလုံး၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိထားပြီး ဖြစ်သည်။ လုံးဝ ဒဏ်ရာချင်း လဲလှယ်သော တိုက်ကွက်များဖြင့် တိုက်ခိုက်နေကြခြင်းပင်။
ဘယ်သူ အရင် လဲကျမလဲဆိုတာကို စောင့်ကြည့်ရုံသာ ရှိတော့သည်။ သူတို့နှစ်ယောက်စလုံးက မရှုံးချင်ကြသဖြင့် တိုက်ပွဲကြာလာသည်နှင့်အမျှ သူတို့၏ လှုပ်ရှားမှုများကလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။ ကိုယ်ပေါ်မှ သွေးကွက်များကလည်း ပိုမို များပြားလာ၏။ မိမိ၏ သွေးများရော အခြားသူ၏ သွေးများပါ ရောနှောနေသည်။
နောက်ပိုင်းတွင် ယုံကြည်ချက် တစ်ခုတည်းဖြင့် ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဖိနှိပ်ကာ အလဲမခံရန် ကြိုးစားနေကြတော့၏။
နောက်ဆုံးတွင် လော်ရွှမ်က အရင် လဲကျသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ချန်ချီဝမ်၏ ခြေကန်ချက်က အလွန် ပြင်းထန်လွန်းခဲ့သည်။ အသက်နှင့် ရင်း၍ ကန်လိုက်သော ခြေကန်ချက်ပင်။ ထိုသို့မဟုတ်ပါက သူမ အနိုင်ရရန် မျှော်လင့်ချက် ရှိနေသေး၏။
ဆရာဖူက သက်ပြင်းချလိုက်ပြီး လော်ရွှမ်ကို ကုသရန် ခေါ်ဆောင်သွားတော့သည်။ နောက်ဆုံးတွင် ဖန်ယုံ အနိုင်ရရှိသွားခဲ့၏။ မကြာမီမှာပင် သူလည်း လဲကျသွားတော့သည်။
ပြိုင်ပွဲဝင် ငါးဦးတွင် ကျန်းမန် တစ်ဦးတည်းသာ အကောင်းပကတိ ရပ်နေနိုင်ခဲ့သည်။
ဖက်တီးလေး အနည်းငယ် မယုံနိုင် ဖြစ်သွားရသည်။
"အစ်ကိုကျန်း အစ်ကိုက တကယ်ပဲ ကံကောင်းနေတာလား"
လူတိုင်း အပြင်းအထန် ဒဏ်ရာရထားချိန်တွင် ကျန်းမန်ကတော့ ဘာမှ မဖြစ်ခဲ့ချေ။
ကျန်းမန်က တည်ငြိမ်စွာ ဖြေလိုက်သည်။
"စွမ်းရည်ကြောင့်လေ"
ဖက်တီးလေး နားမလည်နိုင် ဖြစ်သွားပြီး အစွမ်းထက်လာစေမည့် လျှို့ဝှက်ချက်များ တကယ် ရှိမရှိ စဉ်းစားနေမိသည်။ တကယ်တော့ ကျန်းမန်က တစ်ဖက်လူကို ပြောပြခဲ့ပြီး ဖြစ်သော်လည်း သူက မယုံကြည်ခဲ့ခြင်းသာ ဖြစ်၏။
နတ်သမီးလေးကို လက်ထပ်လိုက်ပါက လမ်းလွဲပြီး နှစ်ဆယ် သုံးဆယ်လောက် အချိန်ကုန်ခံရန် မလိုတော့သည်မှာ သေချာပေါက် ဖြစ်နိုင်ချေ ရှိပေသည်။ အောင်မြင်ပါက အလွန် လျင်မြန်စွာ တိုးတက်လာမည် ဖြစ်၏။ ရှုံးနိမ့်ပါက သုံးရက်အတွင်း မြေကြီးထဲ ရောက်သွားမည်။ နှစ်တစ်ရာကြာမှ မြေကြီးထဲ ရောက်မည့်အစား ဆယ်စုနှစ်အနည်းငယ်လောက် စောသွားခြင်းပင်။ ၎င်းကိုလည်း လမ်းလွဲပြီး အချိန်မကုန်ခံတော့ဘူးဟု သတ်မှတ်၍ ရနိုင်ပေသည်။
ထို့နောက် ကျောက်လဲ့မင်က ဝင်ခွင့်နေရာ ရရှိသူများကို အတည်ပြု ကြေညာလိုက်သည်။
ပထမနေရာ ကျန်းမန်
ဒုတိယနေရာ ဖန်ယုံ
အခြားသူများ အားလုံး ကျရှုံးသည်။
စုန်ချင့်က သက်ပြင်းချရင်း ပြောလိုက်၏။
"လော်ရွှမ်က နည်းနည်းလေးပဲ လိုတော့တာ နိုင်ခါနီးလေး"
ဖက်တီးလေးကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
"လော်ရွှမ်က ပထမနေရာမှာ ဒီလောက်ကြာကြာ နေခဲ့ပြီးမှ ရှုံးသွားလိမ့်မယ်လို့ မထင်ထားဘူး ယုတ္တိအရဆိုရင် သူ နိုင်ဖို့ မျှော်လင့်ချက် အများကြီး ရှိခဲ့တာ"
"ချန်ချီဝမ်သာ ရုတ်တရက် မပေါက်ကွဲလာခဲ့ရင်လေ"
"ပြောရရင် အဲဒါက ချန် မိသားစုရဲ့ သိုင်းပညာရပ်နဲ့ ဆေးလုံးတွေ မဟုတ်ဘူးလား"
"သူက ဘယ်ကနေ ရလာတာလဲ"
ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"ချန်ယွီ ပေးတာ နေမှာပေါ့"
ထိုစကားကို ကြားသော် ဖက်တီးလေးက အနည်းငယ် မယုံနိုင် ဖြစ်သွားရ၏။
"မဖြစ်နိုင်ပါဘူး ချန်ချီဝမ်က ချန်ယွီရဲ့ ဝယ်ယူမှုကို ခံလိုက်ရတာလား"
တစ်ခဏတာမျှ ဖက်တီးလေး ချက်ချင်း လက်မခံနိုင်ခဲ့ချေ။ ချန်ယွီက သိမ်မွေ့ပြီး သဘောကောင်းကာ လူတိုင်းအပေါ် နွေးထွေးစွာ ဆက်ဆံတတ်သူ မဟုတ်ပါလား။
ကျန်းမန်က ဖက်တီးလေး၏ ပခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"နောက်ဆိုရင် လှတဲ့ မိန်းကလေးတွေကို တွေ့ရင် သတိထားပါ လှတဲ့ မိန်းကလေးတွေက ပိုပြီး လိမ်တတ်ကြတယ်"
ဖက်တီးလေး ဆွံ့အသွားခဲ့သည်။
ထိုအချိန်တွင် ကျောက်လဲ့မင်က လှမ်းခေါ်လိုက်သည်။
"ကျန်းမန် ငါ့နောက် လိုက်ခဲ့"
ထို့နောက် အခြားသူများကို လှည့်ကြည့်ကာ ဆက်ပြောလိုက်၏။
"မင်းတို့လည်း ကိုယ့်ဘာသာကိုယ် ယှဉ်ပြိုင်ကြည့်ကြ မနက်ဖြန် အဆင့်သတ်မှတ်ချက် လာယူပြီးရင် လဝက် နားမယ်"
"ဇန်နဝါရီလကျရင် ဆက်ပြီး ကျင့်ကြံကြမယ် နောက်ဆုံး ကျန်တဲ့ ခြောက်လကျော် အချိန်ကို သေချာ အသုံးချကြ"
အခြားသူများမှာ ခံစားချက် ထွေပြားသွားကြပြီး အနည်းငယ်လည်း အကူအညီမဲ့နေသလို ခံစားလိုက်ကြရသည်။ နောက်ဆုံးတော့ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းက အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ သို့သော် မည်သည့် အနာဂတ် မျှော်လင့်ချက်မျှ မရှိသကဲ့သို့ ခံစားနေရသည်။ ထွက်ပေါက်ကို ကြိုးစားရှာဖွေရန်သာ ရှိတော့၏။ ထို ခြောက်လကျော် အချိန်ကလည်း သူတို့ကို ထွက်ပေါက် ရှာဖွေရန် ပေးထားခြင်း ဖြစ်သည်။
မကြာမီပင် ကျန်းမန်က ကျောက်လဲ့မင်၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။
ကျန်းမန်က အရိုအသေပေး နှုတ်ဆက်လိုက်သည်။
"ဆရာကျောက်"
ကျောက်လဲ့မင်က အရှေ့ရှိ လူကို ကြည့်ရင်း ရင်ထဲတွင် အံ့ဩနေဆဲပင်။
သြဂုတ်လတုန်းက ကျင့်ကြံစရိတ်ကိုပင် မသွင်းနိုင်ခဲ့သူက ယခု လေးလတာ ကာလလေး အတွင်းမှာ ဝင်ခွင့်အရည်အချင်း ရရှိသွားရုံသာမက ဆဋ္ဌမမြောက် ခြံဝင်းငယ်၏ ပထမနေရာကိုပါ ရယူနိုင်ခဲ့သည်။ ထို့အပြင် အထက်တန်း စိတ်အာရုံကျင့်စဉ်ကိုပါ တတ်မြောက်သွားပုံရ၏။ ဝိညာဉ်စွမ်းအင်များက ပြည့်ဖြိုးနေပြီး အသေးစိတ် ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေ၏။
ကျိန်းသေပေါက် နောက်ကွယ်မှ လူများက သူ့ကို ရွေးချယ်ထားခြင်း ဖြစ်ရမည် ထိုသို့မဟုတ်ပါက မိမိ၏ အခြေခံကို မည်သို့ အလွယ်တကူ ထိခိုက်ခံမည်နည်း။ သူ့အမြင်က ကျဉ်းမြောင်းလွန်းသွားခဲ့ခြင်းပင်။ ကျန်းမန် လုပ်သမျှ အရာအားလုံးက အကြောင်းပြချက်နှင့် ခိုင်လုံသော နောက်ခံ ရှိနေခဲ့သည်။
ကျောက်လဲ့မင်က မေးလိုက်သည်။
"ချင်းယွင်ဆောင် ခုနစ်ခုမှာ မင်း ဘယ်အဆင့် ရှိတယ်ဆိုတာ မင်း သိလား"
ကျန်းမန်က ခေါင်းခါပြလိုက်၏။
ကျောက်လဲ့မင်က ဆက်ပြောလိုက်သည်။
"ယွင်ချန်ဌာနခွဲ အောက်မှာ သုံးထပ်ဆောင်နဲ့ ခြောက်ဆောင် ရှိတယ် အဲဒီထဲက ချင်းယွင်ဆောင်အတွက် ဝင်ခွင့်နေရာ ဆယ့်ကိုးနေရာ သတ်မှတ်ထားတယ် အခု မင်းရဲ့ အဆင့်က ဆယ့်လေးပဲ"
"အရင်နှစ်တွေကဆိုရင် ဂိုဏ်းထဲကို ဝင်နိုင်တဲ့သူတွေက အဆင့်ငါး ဒါမှမဟုတ် အဆင့်သုံး အတွင်းမှာ ရှိကြတယ်"
"တချို့ အပြောင်းအလဲတွေတော့ ရှိတတ်တာပေါ့"
"ဒါကြောင့် မင်း ဂိုဏ်းထဲကို ဝင်ချင်ရင် မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်"
"ဒါပေမယ့် အဲဒါက ဂိုဏ်းရဲ့ အညံ့ဆုံး နေရာကို သွားရမှာနော်"
"နေရာကောင်းကို သွားချင်တယ်ဆိုရင်တော့ အရင်းအမြစ် ကောင်းကောင်း ရဖို့ အဆင့်မြင့်လေ ပိုကောင်းလေပဲ"
"ဒါ့အပြင် အခြားသူတွေ လဝက် နားနေတဲ့ အချိန်မှာ မင်းနဲ့ ဖန်ယုံက ယွင်ချန်ဌာနခွဲရဲ့ သိုင်းပညာရပ် ယှဉ်ပြိုင်လုယူပွဲမှာ ပါဝင်ရမယ်"
"ချီသန့်စင်ခြင်း ကျင့်စဉ် သွေးကြောအင်အား ကျင့်စဉ် စိတ်အာရုံကျင့်စဉ် တွေ အားလုံးက အလယ်အလတ်အဆင့် ရနိုင်တဲ့ အခွင့်အရေး ရှိတယ်"
"ဒါ့အပြင် အထက်တန်း သိုင်းပညာရပ်တွေကိုလည်း ရနိုင်ခြေ ရှိသေးတယ်"
"ဒီရက်ပိုင်းအတွင်းမှာ သိုင်းပညာရပ် ဖြန့်ဝေရေး ဌာနက မင်းကို အကြောင်းကြားလိမ့်မယ် ယွင်ချန်ဌာနခွဲကနေ ထွက်မသွားနဲ့ဦး"
ကျန်းမန် အတော်လေး အံ့ဩသွားသည်။ သိုင်းပညာရပ် ဆုကြေးများ ရှိနေသေးမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အလယ်အလတ်အဆင့် သိုင်းပညာရပ်ဆိုသည်မှာ အဆင့်ဆယ့်တစ်အထိ ပါဝင်၏။ ကျင့်ကြံမှု အရှိန်ကို အဆင့်နှစ်ဆင့်ခန့် မြှင့်တင်ပေးနိုင်သည်။ ရနိုင်လျှင်တော့ အကောင်းဆုံးပင်။ အထက်တန်းအဆင့် ရနိုင်လျှင်တော့ ပိုကောင်းပေမည်။
အခြားကိစ္စအချို့ကို မေးမြန်းပြီးနောက် ကျန်းမန် ထွက်လာခဲ့သည်။ အသုံးဝင်မည့် သတင်းအချက်အလက်များကိုတော့ မရရှိခဲ့ချေ။ သို့သော် ယှဉ်ပြိုင်မှုမှာ အတော်လေး ပြင်းထန်ပုံရသဖြင့် ထိုအချိန်ရောက်လျှင် သတိထားရန် လိုအပ်ပေသည်။
နှစ်ရက် ကြာပြီးနောက် ကုသရေးဌာနတွင် အနားယူနေသော လော်ရွှမ် နိုးလာခဲ့သည်။ သူမက စောင့်ရှောက်ပေးနေသော ဆရာများနှင့် စကားအနည်းငယ် ပြောပြီးနောက် ယွင်ချန်ဌာနခွဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
ယခုအခါ သူမက ဝင်ခွင့်အရည်အချင်းကို မရရှိခဲ့သဖြင့် မိဘများကို ပြန်လည် အသိပေးရမည် ဖြစ်၏။ ထို့နောက် အစီအစဉ်များကို စောင့်ဆိုင်းရမည်။ သူမသည် သခင်မလေး တစ်ဦး ဖြစ်သော်လည်း ဝင်ခွင့်အရည်အချင်း မရရှိပါက လွတ်လပ်ခွင့် ဆိုသည်မှာ နောက်ထပ် မရှိနိုင်တော့ချေ။