အခန်း ၅၂
Vol. 5 Ch. 52
အခန်း (၅၂) ပထမနေရာဆိုတာ နင်ထင်ထားတာထက် ပိုအန္တရာယ်များတယ်
ကြည်ညိုလေးစားကြောင်း စာတစ်စောင်….
ထိုစကားလုံး အနည်းငယ်ကြောင့် မည်သည့် ခံစားချက်မျှ မရှိသော လော်ရွှမ်မှာ ချက်ချင်းပင် အံ့ဩမှင်တက်သွားရသည်။
ထို့ထက် ပို၍ မယုံနိုင်စရာ ကောင်းနေ၏။
ချန်ယွီ ဘာတွေ လုပ်ခဲ့သလဲဆိုတာ သူမ မသိချေ။
သို့သော် ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဝင်ခွင့်အရည်အချင်း ရရန်အတွက်သာ ဖြစ်ရမည်။
သို့သော် ဝင်ခွင့်အရည်အချင်းအတွက် အဘယ်ကြောင့် စာရေးသည့်အလုပ်ကို လုပ်ရသနည်း။
"အလှမယ် အကြံအစည်ဆိုတာ နင် မကြားဖူးဘူးလား"
ချန်ယွီက အရှေ့ရှိ လူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"အလှမယ် အကြံအစည်ကို ကောင်းကောင်း အသုံးချတတ်ရင် အဲဒီလူတွေကို ငါ ကြိုက်သလို ခြယ်လှယ်လို့ ရတယ် အဲဒီအချိန်ကျရင် ငါ ဝင်ခွင့်အရည်အချင်း ရဖို့ ခက်ဦးမလား"
"နှမြောစရာကောင်းတာက ရှုံးသွားတယ် ငါ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ ရှုံးသွားတာပဲ"
ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လော်ရွှမ်က ဂရုမစိုက်ချေ၊ ဤစာကို မည်သူ့ထံ ရေးခဲ့ပြီး အကြောင်းအရာက ဘာလဲဆိုတာကိုသာ သိချင်နေသည်။
ချန်ယွီက အပေါ်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ငါတို့ ခြံဝင်းငယ်က ပထမနေရာဆီကိုပေါ့"
"ကျန်းမန်လား"
လော်ရွှမ်က ချက်ချင်း မေးလိုက်သည်။
"အကြောင်းအရာကကော"
ချန်ယွီက တစ်လုံးချင်းစီ ရွတ်ပြရုံသာ ရှိတော့သည်။
"စာကို မြင်ရင် လူကို မြင်ရသလို"
"မရွတ်နဲ့တော့ ချရေးပြ"
လော်ရွှမ်က ချက်ချင်း ပြောလိုက်သည်။
သူမ ကြားရတာတင် ကြက်သီးထနေပြီ ဖြစ်၏။
သို့သော် အကြောင်းအရာကို မြင်လိုက်ရသောအခါ လော်ရွှမ်က လေးလေးနက်နက် ပြောလိုက်သည်။
"သွားပြီး ရှင်းပြလိုက် စာကို နင်ရေးတာလို့ သွားပြောလိုက်"
"နင်ကလည်း လောလောဆယ်ဆယ်"
ချန်ယွီက ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"သူ အထင်လွဲသွားတော့ ဘာဖြစ်လဲ သူက ပထမနေရာလေ လပိုင်းလောက် ကျင့်ကြံပြီး ပထမနေရာ ရထားတဲ့သူက နင်နဲ့ မတန်လို့လား"
လော်ရွှမ်က ခေါင်းခါပြရင်း ပြန်ပြောလိုက်၏။
"ကိစ္စ နှစ်ခုက မတူဘူး အထင်လွဲတာက အထင်လွဲတာ တခြားကိစ္စက တခြားကိစ္စပဲ"
"နင်က တကယ်ကို ရိုးသားလွန်းတယ် အမှားကို အမှားအတိုင်း ဆက်လုပ်သွားလိုက်လေ တကယ်လို့ သူ့မှာ စိတ်ဝင်စားမှု ရှိတယ်ဆိုရင် နင့်အတွက် အများကြီး အကျိုးရှိမှာပဲ"
ချန်ယွီက ခေါင်းခါ၍ သက်ပြင်းချရင်း ပြောလိုက်သည်။
"ရှင်းပြနေစရာလည်း မလိုပါဘူး ဒီစာကို ငါရေးတယ်ဆိုတာ သူ သိပ်မကြာခင် သိသွားမှာပါ ငါကလည်း နင့်အတွက် သတို့သမီးဝတ်စုံ တကယ် လုပ်ပေးဖို့မှ မဟုတ်တာ"
"နောက်ဆုံးတော့ သူ့ကို ငါ့ရဲ့ လက်အောက်ခံ ဖြစ်လာအောင် သိမ်းသွင်းချင်တာ ငါ့အတွက် မီးထဲ ရေထဲ ဝင်ရဲတဲ့သူ ဖြစ်လာအောင်လို့လေ"
"ငါ့လက်ထဲက ချွန်ထက်တဲ့ ဓားတစ်လက် ဖြစ်လာအောင်ပေါ့"
လော်ရွှမ် မျက်မှောင်ကြုတ်သွား၏။
"ဘာတွေပြောနေမှန်းကို မသိဘူး သူက ပထမနေရာလေ နင်ထင်ထားတာထက် ပိုအန္တရာယ်များတယ်"
ချန်ယွီက ရယ်မောလိုက်သည်။
"နင် ထင်ထားသလောက် အလွန်အကျွံ မဟုတ်ပါဘူး ယုတ္တိအရဆိုရင် ငါ အောင်မြင်နိုင်ပါတယ် ဘယ်လူငယ်ကများ လှပတဲ့ အရာတွေကို မမက်မောဘဲ နေမှာလဲ နင်က လူတိုင်းရဲ့ မျက်စိထဲမှာ အလှပဆုံး အရာပဲလေ"
"အထူးသဖြင့် ကျန်းမန်လို ဆင်းရဲတဲ့ နောက်ခံကလာတဲ့ သူဆိုရင် ပိုပြီး ခံစားလွယ်တယ်"
"နင့်ရဲ့ ကြည်ညိုလေးစားမှုကို သူက သေချာပေါက် စိတ်လှုပ်ရှားစွာနဲ့ တုံ့ပြန်မှာပဲ အတုမှန်း သိရင်တောင် နည်းနည်းတော့ ယုံကြည်မိမှာပဲ"
"တကယ်လို့ အစစ်ဖြစ်နေခဲ့ရင်ကော"
ချန်ယွီက ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
"ဒါကြောင့် သံသယရှိရင်တောင် တစ်ခုခုတော့ လုပ်လိမ့်မယ်"
"ဥပမာအနေနဲ့ နင့်ရဲ့ အကြီးမားဆုံး ရန်သူ ဖန်ယုံကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပေးတာမျိုးပေါ့"
"ပြီးတော့ ချန်ချီဝမ်က နင့်ကို ဒဏ်ရာရအောင် လုပ်မယ် အဲဒီအခါကျရင် ငါက နောက်ဆုံး အနိုင်ရတဲ့သူ ဖြစ်သွားပြီလေ"
"နောက်ဆုံးကျမှ ဒီစာက ငါရေးတာဆိုတာ သူ့ကို သိခိုင်းလိုက်မယ်"
"မိန်းကလေး ရှက်တတ်လို့ တခြားသူရဲ့ နာမည်ကို သုံးရတာပါလို့ ပြောလိုက်မှာပေါ့"
"အရာအားလုံးက ပြည့်စုံသွားပြီ"
"ဝင်ခွင့်အရည်အချင်းလည်း ရပြီ လူကလည်း ငါ့ရဲ့ စကတ်အောက်မှာ ဒူးထောက်သွားပြီ"
လော်ရွှမ်က အရှေ့ရှိ လူကို ကြည့်ကာ အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ စကားတစ်ခွန်းဖြင့် ထိုးနှက်လိုက်သည်။
"နောက်ဆုံးတော့ နင်က ဖန်ယုံရဲ့ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရပြီး မြေကြီးပေါ်မှာ အရှက်တကွဲ လဲကျသွားတာပဲ ဘယ်သူကမှလည်း လှည့်မကြည့်ကြဘူး"
ချန်ယွီက နှမြောတသသော မျက်နှာထားဖြင့် ပြန်ပြော၏။
"ဟုတ်တယ် ရှုံးသွားပြီ အရင်းအမြစ်တွေလည်း အများကြီး လျော့သွားပြီဆိုတော့ ကိုယ်ရံတော်တောင် မထားနိုင်တော့ဘူး"
ထို့နောက် သူမက ထပ်မေးလိုက်သည်။
"နင်ကော"
"ငါ့ကံကြမ္မာက အစောကြီးကတည်းက သတ်မှတ်ပြီးသားပါ"
လော်ရွှမ်က မျက်လွှာချကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် အိမ်ပါသမက် ခေါ်တာရယ် တခြားမိသားစုနဲ့ လက်ထပ်တာရယ်ပဲ"
ချန်ယွီ၏ မျက်လုံးများက အရောင်လက်သွား၏။
"အိမ်ပါသမက် ခေါ်မယ် ဟုတ်လား ဒါဆိုရင် ငါတို့ ခြံဝင်းငယ်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူ နှစ်ယောက် ရှိတယ်လေ ကျန်းမန်နဲ့ ဖန်ယုံ"
လော်ရွှမ်က မျက်လွှာချနေပြီး ခဏအကြာတွင် နားရွက်နားမှ လွင့်ပျံနေသော ဆံစများကို ပွတ်သပ်ကာ လေတိုက်ရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် ဘာတွေ တွေးတောနေသနည်း ဆိုသည်ကို မသိနိုင်ချေ။
ဒီအရာတွေ အားလုံးက သူမ လိုချင်တဲ့ အရာတွေ မဟုတ်လောက်ဘူးဆိုတာ သေချာပါသည်။
အခြားတစ်ဖက်တွင်မူ လော်ဟွိုင်လီလည်း သတင်းအချက်အလက် အချို့ကို ရရှိခဲ့သည်။
ရွာအသီးသီးမှ လူများစွာ ထွက်ပေါ်လာခဲ့သော်လည်း ဝင်ခွင့်အရည်အချင်း ရရှိသူ အလွန်နည်းပါးလှသည်။
ထိုလူများထဲတွင် ထောက်ပံ့မှု မရရှိသူက ပို၍ပင် နည်းပါးလှသေး၏။
သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် လော်ရွှမ်ရှိနေသော ခြံဝင်းငယ်၌ ထိုသို့သောသူ နှစ်ဦး ရှိနေသည်။
ထိုနှစ်ဦးမှာ သူ၏ သမီးကို ဝင်ခွင့်အရည်အချင်း မရအောင် တွန်းထုတ်ခဲ့သူများပင် ဖြစ်၏။
"သူရဲကောင်းဆိုတာ လူငယ်တွေထဲက ထွက်ပေါ်လာတာပဲ"
သူက အတော်လေး ခံစားချက် ထွေပြားသွားမိသည်။
သို့သော်လည်း အနည်းငယ် အကူအညီမဲ့နေသလို ခံစားရ၏။
သို့သော် ထိုလူများနှင့် အရင်ဆုံး တွေ့ဆုံကြည့်ရန် လိုအပ်ပေသည်။
————
ဝိညာဉ်စုဆောင်းခြင်း ခန်းမ….
တာဝန်ခံ မြောင်က အလွန်အမင်း ဖော်ရွေနေခဲ့သည် အရင်က ကျန်းမန် အောင်မြင်လာမည့် လက္ခဏာများ ရှိသည်ဟုသာ သူမ ခံစားခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ တစ်ဖက်လူက ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှု ဝင်ခွင့်အရည်အချင်းကို အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်၏။
နောက်ပိုင်းတွင်လည်း အရင်ကကဲ့သို့ ချောမွေ့နေမည်ဆိုပါက ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။
ထို့ကြောင့် တစ်ဖက်လူက ဝိညာဉ်ကျောက်တုံး ကြိုတင်ထုတ်ယူလိုသော ကိစ္စအတွက် သူမက ပြတ်သားစွာ ရွေးချယ်လိုက်သည်
"မရဘူး"
တာဝန်ခံ မြောင်က ကျန်းမန် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ချက်ချင်း ဆက်ပြောလိုက်သည်။
"ဒီလိုလုပ်ရင် မင်း ဒီမှာ အလုပ်လာလုပ်ရမှာပေါ့ ကျင့်ကြံဖို့ အချိန်တွေ နှောင့်နှေးသွားရင် မကောင်းဘူး"
"ဒီဝိညာဉ်ကျောက်တုံး နှစ်ရာကို ငါ့ကိုယ်ပိုင် ငွေနဲ့ ချေးပေးမယ် ပြန်ဆပ်စရာ မလိုဘူး"
"စိတ်အေးအေးထားပြီး သုံးသာသုံး"
ကျန်းမန် အတော်လေး စိတ်လှုပ်ရှားသွားမိသည်။
အမြန်ဆုံး ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်၏။
ထို့အပြင် ဖက်တီးလေးထံတွင်လည်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး ဆယ်လုံးခန့် အကြွေးတင်နေသေးသည်။
ထိုအကြွေးကိုတော့ ပြန်ဆပ်ရန် မလွယ်ကူလှချေ သို့သော် ရှစ်လ အချိန်ရသေးသည် မဟုတ်ပါလား။
ဝိညာဉ်ကျောက်တုံး ရှာဖွေပြီး ပြန်ဆပ်ရန် အချိန်ရနိုင်မည် ဖြစ်၏။
ထို့နောက် ကျန်းမန်က သိုင်းပညာရပ် ဖြန့်ဝေရေး ဌာန၏ ကိစ္စကို မေးမြန်းလိုက်သည်။
တကယ်ပင် သုံးယောက် တစ်ဖွဲ့ ဖြစ်၏။
အချိန်ကျရောက်လာပါက နောက်ဘက်တောင်ပေါ်ရှိ သိုင်းပညာရပ် ဖြန့်ဝေရေး နေရာသို့ သွားရောက်ရမည် ဖြစ်ပြီး ထိုနေရာတွင် ဝိညာဉ်စွမ်းအင် နယ်မြေ သွေးကြောအင်အား နယ်မြေ စိတ်အာရုံ နယ်မြေနှင့် သိုင်းပညာရပ် နယ်မြေများ ရှိသည်။
ဘာလိုချင်လဲဆိုတာ ကိုယ်တိုင် သွားလုယူရမည် ဖြစ်၏။
ဘယ်သူ ရသလဲဆိုတာ သူ့အပိုင်ပဲ ဖြစ်သည်။
ကန့်သတ်ချက် တစ်ခုကတော့ သုံးယောက်စလုံး အတူတူ သွားရမည် ဖြစ်၏။
ထိုသို့မဟုတ်ပါက မည်သည့်အရာမျှ ရရှိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ရည်ရွယ်ချက်က တူညီနေရန် လိုအပ်ပေသည်။
အဖြေကို ရရှိပြီးနောက် ကျန်းမန် ဆွံ့အသွားခဲ့သည်။
တကယ်ကို ပြဿနာပင် ဖြစ်၏။
တစ်ဖက်လူက ချီသန့်စင်ခြင်း ကျင့်စဉ်ကို မလိုအပ်သလို သူကလည်း စိတ်အာရုံကျင့်စဉ်ကို မလိုအပ်ချေ။
ကျန်းမန်က နှစ်ခုစလုံး လုယူ၍ ရမရ မေးမြန်းကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် မရနိုင်ချေ။
ထို့အပြင် အခြားအဖွဲ့များ ရရှိသွားပါကလည်း ကုန်သွားမည် ဖြစ်သည်။
ထို့ကြောင့် ချင်းယွင်ဆောင်ရှိ လူဆယ့်ကိုးယောက်အတွက် အဖွဲ့ခုနစ်ဖွဲ့ ရှိသည်။
အဖွဲ့သုံးဖွဲ့သာ ကျင့်စဉ်များကို ရရှိနိုင်မည်ဖြစ်ပြီး ကျန်သောအဖွဲ့များကတော့ သိုင်းပညာရပ်များကိုသာ လုယူရမည် ဖြစ်၏။
လူနှစ်ယောက် လိုနေသော ကိစ္စကိုမူ တာဝန်ခံ မြောင်က အခြားလူများ လာရောက် ဖြည့်တင်းပေးမည်ဟု ပြောပြသည်။
ကျန်းမန်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် နေအိမ်သို့ ပြန်လာခဲ့သည်။
ယခုတော့ အဆင်ပြေသွားပြီ အဆင့်မတက်လို့ မရတော့ချေ။
နောက်တစ်နေ့
နောက်ဘက်တောင်ခြေ
အရင်က ကျန်းမန်ကို အမှတ်အသား ပေးခဲ့သော မိန်းကလေးက အမျိုးသားတစ်ဦး၏ ဘေးတွင် ရပ်ကာ ရိုသေစွာ ပြောလိုက်သည်။
"အဲဒီ ကျန်းမန်က ငါတို့ရဲ့ ရွေးချယ်မှုကို သိပ်ဘဝင်မကျတဲ့ ပုံပဲ သူက မြို့ပြင်က ရွာတစ်ရွာက လာတာဆိုတော့ ချီသန့်စင်ခြင်း ကျင့်စဉ်ကို ပိုပြီး အလေးထားနေပုံရတယ်"
မိန်းကလေး၏ အမည်မှာ ယန်ဟွေ့မင် ဖြစ်ပြီး ချင်းယွင်ဆောင် ဒုတိယ ခြံဝင်းငယ်၏ တတိယနေရာ ရထားသူ ဖြစ်သည်။
သူမ၏ ဘေးရှိ အမျိုးသားမှာ အရပ် ခုနစ်ပေခန့် ရှိပြီး သွေးကြောအင်အားများ ပြည့်ဖြိုးနေကာ ကြေးဝါရောင် အသားအရေက သံမဏိတံတိုင်းကဲ့သို့ မာကျောနေပုံရ၏။
ထိုအချိန်တွင် သူက ဘေးရှိလူကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သူ့ရဲ့ အဆင့်က ဘယ်လောက်လဲ"
ဤသို့သော လူများ၏ အတွေးအမြင်ကို သူ ဂရုမစိုက်ချေ နှစ်စဉ်နှစ်တိုင်း ဤသို့ပြောဆိုသူများ ရှိတတ်သည် မဟုတ်ပါလား။
အထူးအဆန်း မဟုတ်တော့ချေ။
သူတို့၏ မျက်လုံးထဲတွင် ချီသန့်စင်ခြင်း ကျင့်စဉ် တစ်ခုတည်းသာ ရှိပြီး အမြင်ကျယ်မှု မရှိကြချေ။
အများကြီး အပြစ်တင်နေ၍ မရနိုင်ပေ။
လူတစ်ယောက်နှင့် တစ်ယောက် ကွာခြားချက် ရှိစမြဲပင်။
သူတို့၏ အမှား မဟုတ်ပေ။
သူတို့ကို နားလည်ပေးပြီး သူတို့၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ကာ အတိတ်က အသိပညာ နည်းပါးမှုများကို သိမြင်လာစေရမည်။
ထိုသို့ဆိုလျှင် မည်သည့်အရာက အမှန်တရား ဖြစ်ကြောင်း သူတို့ သိရှိလာမည် ဖြစ်၏။
"ချီသန့်စင်ခြင်း အဆင့်ခြောက်ပါ ကျွန်မထက် အဆင့်နှစ်ဆင့် နိမ့်တယ်"
ယန်ဟွေ့မင်က ခဏရပ်ပြီးနောက် ထပ်ပြောလိုက်သည်။
"ချင်းယွင်ဆောင်မှာတော့ အဆင့်ဆယ့်လေးပါ"
"ဒါဆို သူ ချီသန့်စင်ခြင်း အဆင့်ခုနစ် ရောက်ဖို့ အများကြီး လိုသေးတာပေါ့"
အမျိုးသားက ခေါင်းခါရင်း ပြောလိုက်သည်။
"အရမ်းကြီး ဂရုစိုက်မနေပါနဲ့ ခဏနေရင် သေချာ ရှင်းပြလိုက်ရင် ဘာလို့ စိတ်အာရုံကျင့်စဉ်ကို လုယူရတယ်ဆိုတာ သူ နားလည်သွားလိမ့်မယ်"
ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
"သူက ဆဋ္ဌမမြောက် ခြံဝင်းငယ်ကလား"
"ဟုတ်ပါတယ်"
ယန်ဟွေ့မင်က ခေါင်းညိတ်လိုက်သည်။
"အဲဒါ လော် မိသားစုက သခင်မလေး ရှိတဲ့ ခြံဝင်းငယ် မဟုတ်ဘူးလား"
အမျိုးသား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"လော် မိသားစုက သခင်မလေးက အဆင့်ဘယ်လောက်လဲ"
"သူ ပြုတ်သွားပြီ"
ယန်ဟွေ့မင်က ဖြေလိုက်သည်။
အမျိုးသား အံ့ဩသွား၏။
"ဆဋ္ဌမမြောက် ခြံဝင်းငယ်မှာ တခြား ချမ်းသာတဲ့ သခင်လေးတွေ သခင်မလေးတွေ ရှိသေးလို့လား"
ယန်ဟွေ့မင် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"နောက်တစ်ယောက်က ဖန်ယုံ တဲ့"
"ဖန် မိသားစုမှာ ဒီလိုလူ ရှိလို့လား"
အမျိုးသား အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်၏။
"ဘယ်သူလဲဆိုတာ မှတ်မိပြီ ချန် သခင်လေး နောက်က အမြဲတမ်း လိုက်နေတဲ့ သခင်လေး အတုပဲ"
ထို့နောက် တစ်ဖက်လူက ဆက်လက် မတွေးတောတော့ဘဲ မေးလိုက်သည်။
"အချိန်တောင် ရောက်နေပြီ သူ မလာသေးဘူးလား"