← Chapters

အခန်း ၅၅

Vol. 5 Ch. 55

အခန်း ၅၅

Vol. 5 Ch. 55

အခန်း (၅၅) အိမ်ပါသမက်လား မဖြစ်ဘူး ငါက အိမ်ထောင်သည်

သူတို့နှစ်ဦးက တံခါးဝတွင် ခဏစောင့်နေပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။

ထိုသူမှာ ယှဉ်ပြိုင်လုယူပွဲ ပြီးခါစဖြစ်သော ဖန်ယုံပင် ဖြစ်သည်။

ယခုအခါ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိထား၏။

သူက သေချာစွာ ကုသမှု ခံယူရန် ရည်ရွယ်ထားသော်လည်း လူလာရှာသည်ဟု အကြောင်းကြားခံရသဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူက အဝတ်အစားများကို ဆွဲဆန့်ကာ ဒဏ်ရာများကို အမှတ်တမဲ့ ဖုံးကွယ်ရင်း တံခါးဝသို့ လျှောက်လာခဲ့သည်။

တံခါးဝရှိ လူနှစ်ဦးကို မြင်သောအခါ သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။

ထို့နောက် သူတို့အနားသို့ ရောက်လာပြီး အသံနှိမ့်၍ ပြောလိုက်သည်။

"ဘာလို့ လာကြတာလဲ ဝိညာဉ်ကျောက်တုံး ပေးရမယ့် အချိန် မရောက်သေးဘူးလေ"

"ဒီတိုင်း လာကြည့်တာပါ"

အမျိုးသမီးက အားနာသောအသံဖြင့် ပြောလိုက်သည်။

"ငါတို့ ပစ္စည်းနည်းနည်း လာရောင်းတာ ဝိညာဉ်ကျောက်တုံး ငါးရာ ရတယ် အဲဒါ မင်းကို လာပေးတာ"

ပြောရင်းနှင့် သူမက ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်၏။

ဝိညာဉ်ကျောက်တုံးများကို မြင်သော် ဖန်ယုံ၏ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။

"ဒါက ရွာက နှစ်သစ်ကူးအတွက် သုံးမယ့် ဝိညာဉ်ကျောက်တုံးတွေ မဟုတ်လား ကျွန်တော် ပြောထားတယ်လေ ဘာဝိညာဉ်ကျောက်တုံးပဲဖြစ်ဖြစ် အကုန်လုံး ကျွန်တော့်ကို ပေးစရာ မလိုပါဘူးလို့ နည်းသွားရင် နည်းတဲ့အလျောက် နောက်ကျရင် နောက်ကျတဲ့အလျောက် ကျွန်တော့်ဘာသာ အဆင်ပြေအောင် ကြည့်လုပ်ပါ့မယ်"

"ယွင်ချန်ဌာနခွဲမှာ ကျွန်တော့်ရဲ့ ပုံရိပ်ကို မထိခိုက်သရွေ့ ရပါပြီ"

"ငါတို့က တခြားရည်ရွယ်ချက် မရှိပါဘူး"

ဖန် အိမ်တော်ထိန်းက အလျင်အမြန် ဝင်ပြောလိုက်၏။

"တိုက်တိုက်ဆိုင်ဆိုင် ဝိညာဉ်ကျောက်တုံးလေး ရလာလို့ပါ များနေရင်လည်း သုံးလို့ကုန်တာမှ မဟုတ်တာ မင်းသာ ယူထားလိုက်ပါ"

ပြောရင်းနှင့် သူက ဝိညာဉ်ကျောက်တုံးများကို ဖန်ယုံ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် ထပ်မံ ပြောဆိုလိုက်၏။

"ဝိညာဉ်ကျောက်တုံး ကိစ္စအတွက် မင်း စိတ်ပူစရာ မလိုဘူး ငါတို့ နည်းလမ်းရှာပါ့မယ် မင်းက အထဲမှာ သေချာ ကျင့်ကြံနေဖို့ပဲ အရေးကြီးတယ် ငါတို့လည်း ခဏခဏ လာမှာ မဟုတ်ပါဘူး"

"တခြားသူတွေလည်း မသိနိုင်ပါဘူး ဘာမှ မထိခိုက်စေရပါဘူး"

အမျိုးသမီးကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ် ကောင်းကင်က ဒီလောက် မှောင်နေတာကို ဒီမှာ ဘယ်သူမှ မရှိပါဘူး"

ဖန်ယုံက လက်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို ဆုပ်ကိုင်ရင်း အရှေ့တွင် အနေခက်နေသော လူနှစ်ဦးကို ကြည့်လိုက်သည်။

စကားတစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ထွက်မလာခဲ့ချေ။

"ဒါဆို ဘာကိစ္စမှ မရှိရင် ငါတို့ ပြန်တော့မယ်"

ဖန် အိမ်တော်ထိန်းက ပြောလိုက်သည်။

ဖန်ယုံက ထိုနှစ်ဦးကို ကြည့်ကာ ချက်ချင်း ပြောလိုက်၏။

"ကျွန်တော် ဝင်ခွင့်အရည်အချင်း ရသွားပြီ"

ထိုစကားကို ကြားသော် သူတို့နှစ်ဦးစလုံး ကြောင်အမ်းသွားကြသည်။

ဖန်ယုံက ထပ်မံ ပြောလိုက်၏။

"ကျွန်တော် ဂိုဏ်းရဲ့ အကဲဖြတ်စစ်ဆေးမှု ဝင်ခွင့်အရည်အချင်း ရသွားပြီ"

ထိုစကားကို ကြားသောအခါ သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြသည်။

ဖန် အိမ်တော်ထိန်းက ပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဘယ်နေရာထားရမှန်း မသိဖြစ်ကာ အဝတ်အစားများဖြင့်သာ ပွတ်သပ်နေမိသည်။

သူ၏ မျက်ဝန်းများ အနည်းငယ် စိုစွတ်လာပြီး တီးတိုး ရေရွတ်လိုက်၏။

"ကောင်းလိုက်တာ ကောင်းလိုက်တာ ရသွားရင် ပြီးတာပါပဲ"

အမျိုးသမီးကလည်း မျက်လုံးများ နီရဲလာကာ ပြောလိုက်သည်။

"အောင်မြင်သွားပြီ အောင်မြင်သွားပြီ"

"မင်း သေချာ ကျင့်ကြံပါ ဝိညာဉ်ကျောက်တုံးကို ငါတို့ နည်းလမ်းရှာပေးမယ် မင်းအတွက် ပြဿနာ လုံးဝ မရှာပါဘူး"

ဖန် အိမ်တော်ထိန်းက ပြောလိုက်သည်။

ထိုစကားကို ကြားသော် ဖန်ယုံ၏ မျက်မှောင်များ ထပ်မံ ကြုတ်သွားပြီး တင်းမာသော လေသံဖြင့် ပြောလိုက်၏။

"မလိုပါဘူး ကျွန်တော် ပြောပြီးပြီပဲ ပုံမှန် ဝိညာဉ်ကျောက်တုံးလောက်ဆို ရပါပြီ ခင်ဗျားတို့ အများကြီး လုပ်လေ ကျွန်တော့်အတွက် ပြဿနာ ပိုများလေပဲ"

"ကျွန်တော် ကျင့်ကြံဖို့ အရမ်း အနှောင့်အယှက် ဖြစ်တယ်"

ဖန် အိမ်တော်ထိန်းက အားနာပါးနာ ပြုံး၍ ပြောလိုက်သည်။

"မင်း စိတ်မပူပါနဲ့ ငါတို့ မင်းအတွက် ပြဿနာ မရှာပါဘူး ငါတို့ အခုပဲ ပြန်တော့မယ်"

ဖန်ယုံ ပါးစပ်ဟလိုက်သော်လည်း သူတို့က ထွက်ခွာသွားကြပြီ ဖြစ်သည်။

သူတို့၏ ကုန်းကိုင်းနေသော ကျောပြင်များကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်ကာ အနည်းငယ် နောင်တရသွားမိ၏။

သူက သူတို့ကို အပြစ်တင်လိုသော သဘော မရှိခဲ့သော်လည်း စကားပြောလိုက်သည်နှင့် အကြောင်းပြချက်မရှိဘဲ ဤသို့ ဖြစ်သွားရသည်။

စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ စိတ်အိုက်လာမိ၏။

သူက သူတို့ကို ဝိညာဉ်ကျောက်တုံးများ ချန်ထားကာ ပိုမို ကောင်းမွန်စွာ နေထိုင်စေချင်ပြီး တောင်တက်ရေဖြတ်ကာ မလာစေချင်တော့ချေ တစ်ခေါက်လာရသည်မှာ အလွန် ပင်ပန်းလွန်းလှသည်။

သို့သော် စကားပြောလိုက်သည်နှင့် အပြစ်တင်သကဲ့သို့ ဖြစ်သွားခဲ့သည်။

"သခင်လေးဖန် ဘာကြည့်နေတာလဲ"

ရုတ်တရက် ဖန်ယုံ၏ နောက်ကျောမှ အသံတစ်သံ ထွက်ပေါ်လာ၏။

ဖန်ယုံက သတိထားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

ကျန်းမန်က ဘယ်အချိန်ကတည်းက သူ၏ အနောက်တွင် ရပ်နေသနည်းဆိုသည်ကို မသိလိုက်ချေ။

ရောက်လာသူကို ဂရုမစိုက်ဘဲ ဖန်ယုံက အထဲသို့ လှမ်းဝင်သွားခဲ့သည်။

ကျန်းမန်က တစ်ဖက်လူက သူ့ကို တစ်ခုခု မြင်လိုက်သလားဟု မေးမြန်းပြီး ယခင်ကကဲ့သို့ ထပ်မံ သတိပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

ယခုမူ ပထမနေရာ ပြောင်းလဲသွားပြီဖြစ်ရာ တစ်ဖက်လူက မေးခွန်းထုတ်ခြင်း မရှိတော့သလို သတိပေးခြင်းလည်း မပြုတော့ချေ။

အဆင့်အတန်းများ ပြောင်းလဲသွားသောကြောင့်ပင်။

သို့သော် သူ ဤနေရာသို့ လာရခြင်းမှာ ယနေ့ ဝိညာဉ်ကျောက်တုံးများ ပြန်ဆပ်စဉ် ထိုနေရာမှ အစောင့်မှာ ကိစ္စရှိသည်ဟု ဆိုသဖြင့် တစ်ညကို ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ဖြင့် အစားထိုး ဝင်ရောက်ပေးရန် ရောက်လာခြင်း ဖြစ်သည်။

ယခင်က ညလေးညအတွက် တစ်ရာသာ ရရှိခဲ့၏။

ယခုမူ တစ်ညကို ရှစ်ဆယ် ဖြစ်သွားလေသည်။

၎င်းမှာ ပထမနေရာ ရရှိသွားခြင်းကြောင့်သာမက ဝင်ခွင့်အရည်အချင်း ရရှိသွားခြင်းကြောင့် ပို၍ ဖြစ်ပေသည်။

ယခုအခါ သူက ချင်းယွင်ဆောင်၏ အဆင့်ဆယ့်လေး ဖြစ်နေပြီ မဟုတ်ပါလား။

နောက်တစ်ကြိမ် အကဲဖြတ်စစ်ဆေးမှုတွင် ဒီထက်မကတော့ချေ။

ဖန်ယုံက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ရုတ်တရက် နောက်လှည့်ကာ မေးလိုက်သည်။

"မင်း အရင်က လော်ရွှမ် ပျိုးထောင်ပေးခဲ့တာဆိုတော့ အခု လော် မိသားစုရဲ့ အိမ်ပါသမက် လုပ်တော့မလို့လား"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ထပ်မံ ရှင်းပြလိုက်၏။

"ငါ့ရဲ့ အခုအောင်မြင်မှုက လော်ရွှမ်နဲ့ ဘာမှ မဆိုင်ဘူး"

"ဒါဆို မင်း အိမ်ပါသမက် လုပ်မှာလား"

ဖန်ယုံက မေးလိုက်သည်။

"မင်းက လုပ်ချင်လို့လား"

ကျန်းမန်က လေးလေးနက်နက် ပြောလိုက်၏။

"စိတ်မပူပါနဲ့ ငါ မင်းလမ်းကို ဝင်မရှုပ်ပါဘူး"

"မင်းက လုပ်မှာ မဟုတ်ဘူးလား"

"သေချာပေါက် မလုပ်ဘူးပေါ့"

"မင်းမှာ မင်းရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိနေလို့လား ပါရမီရှင် တစ်ယောက်ရဲ့ ယုံကြည်ချက်ကြောင့်လား"

"မဟုတ်ဘူး ငါ အိမ်ထောင်ကျပြီးလို့"

ထိုစကားကို ကြားသော် ဖန်ယုံ ကြောင်အမ်းသွားခဲ့သည်။

အနည်းငယ် မယုံနိုင်ဖြစ်နေပုံရ၏။

သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်များစွာ ရှိခဲ့သော်လည်း တစ်ဖက်လူက ဤသို့သောအဖြေမျိုး ပေးလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ချေ။

သူ သိပ်မယုံကြည်ပေ။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့သူ ဘယ်မှာ ရှိလို့လဲ။

ဒီလောက် မစောနိုင်ပါဘူး။

ရွာထဲမှာမှ မဟုတ်တာ။

သို့သော် သူ အများကြီး ထပ်မမေးတော့ဘဲ ပြောလိုက်၏။

"လော် မိသားစုတင် မဟုတ်ဘူး တခြား မိသားစုတွေကလည်း မင်းကို အိမ်ပါသမက်အဖြစ် လာခေါ်နိုင်တယ်"

တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို သိမ်းသွင်းရန် အလွယ်ကူဆုံး နည်းလမ်းမှာ အိမ်ပါသမက်အဖြစ် ခေါ်ယူခြင်းပင် ဖြစ်သည်။

ထိုစကားကို ပြောပြီးနောက် ဖန်ယုံ ထွက်ခွာသွားတော့၏။

ကျန်းမန်က ဂရုမစိုက်ခဲ့ချေ။

ယောကျ်ားကောင်း တစ်ယောက် ကမ္ဘာမြေပေါ်မှာ မွေးဖွားလာမှတော့ ဘယ်လိုလုပ် သူများလက်အောက်မှာ အချိန်ကြာကြီး နေနိုင်မှာလဲ။

အိမ်ပါသမက် လုပ်ရမယ်။

ဒါက သူ့ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် လမ်းကြောင်းကို ပိတ်ဆို့နေတာ မဟုတ်ဘူးလား။

နတ်သမီးလေးကတောင် သူ့ကို ယူထားတာ ဒီမိသားစုတွေက ဘယ်လိုလုပ်ပြီး သူ့ကို အိမ်ပါသမက် လာလုပ်ခိုင်းနိုင်မှာလဲ။

ထို့နောက် ကျန်းမန်က သူ၏ နေရာသို့ သွားကာ ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

သို့သော် မကျင့်ကြံမီ ပတ်ဝန်းကျင်ကို အရင် စစ်ဆေးကြည့်လိုက်၏။

မည်သည့် ထူးခြားမှုမျှ မတွေ့ရချေ။

ထို့ကြောင့် အများကြီး ဆက်မတွေးတော့ပေ။

ချီသန့်စင်ခြင်း ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်တော့သည်။

ဇန်နဝါရီလ တစ်ရက်နေ့ သင်ခန်းစာသစ်များ မစတင်မီ ချီသန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ဆယ့်တစ်အထိ ရောက်အောင် တွန်းတင်ရမည် ဖြစ်၏။

ထို့နောက်မှ ဝိညာဉ်စွမ်းအင်များ စုဆောင်းရသည်မှာ အများကြီး ပိုမို မြန်ဆန်လာမည် ဖြစ်သည်။

ယခုအခါ သူ၏ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်ခုနစ် ခန္ဓာကိုယ် အဆင့်လေးနှင့် စိတ်အာရုံ အဆင့်သုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

လေးလတာ ကာလတိုလေး အတွင်းမှာပင် အခြားသူများ သုံးနှစ်ကြာမှ မော့ကြည့်ရမည့် အောင်မြင်မှုမျိုးကို ရရှိခဲ့ပြီ ဖြစ်သည်။

အနာဂတ်က မျှော်လင့်ချက် ရှိနေ၏။

သို့သော် မတ်လ၏ ယှဉ်ပြိုင်လုယူပွဲအတွက်လည်း သူ ပြင်ဆင်ရမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူက သိုင်းပညာရပ်ကို လုယူရမည် ဖြစ်၏။

သခင်လေးလီတို့ ဘာလုယူမည်ဆိုတာကိုတော့ မသိရသေးချေ။

ရည်ရွယ်ချက်ချင်း သွေဖည်သွားမည်လား မသိနိုင်ပေ။

ကံကောင်းစွာဖြင့် သုံးလ အချိန်ရသေးရာ တစ်ဖက်လူကို ကျော်တက်နိုင်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

လော် မိသားစု အိမ်တော်။

လော်ရွှမ်က မျက်နှာချင်းဆိုင်မှ လူကို ကြည့်ကာ ပြောလိုက်သည်။

"နင် ငါ့ဆီမှာ တစ်နေကုန်နေပြီကို မပြန်ချင်သေးဘူးလား"

ချန်ယွီက ပခုံးတွန့်ကာ ပြုံး၍ ပြောလိုက်၏။

"ငါ ဒီရက်ပိုင်း လုပ်ခဲ့တဲ့ ကိစ္စတွေကို ရှင်းပြနေတာ နင်လည်း အရသာခံပြီး နားထောင်နေတာပဲ မဟုတ်ဘူးလား"

သူမက ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဒါနဲ့ နင့်စိတ်ထဲမှာ ရွေးချယ်စရာ ရှိနေပြီလား"

"ဘာကိုလဲ"

လော်ရွှမ်က မေးလိုက်၏။

"အိမ်ပါသမက် ခေါ်မှာလား တခြား မိသားစုနဲ့ လက်ထပ်မှာလား"

ချန်ယွီက မေးလိုက်သည်။

လော်ရွှမ်က ပြန်မဖြေဘဲ ပြောလိုက်၏။

"ကျန်းမန်ဆီမှာ ဘာလို့ ရှုံးသွားတာလဲဆိုတာ နင် ငါ့ကို မပြောရသေးဘူး"

ထိုစကားကို ကြားသော် ချန်ယွီက ပြုံး၍ ပြောလိုက်သည်။

"ငါက နင့်နာမည်သုံးပြီး သူ့ကို ကြည်ညိုလေးစားကြောင်း စာရေးခဲ့တယ် နောက်တော့ အကြောင်းပြန်စာ တောင်းဖို့ သူ့ဆီ သွားခဲ့တယ်"

"သူ ဘာရေးမလဲဆိုတာ သိချင်လို့လေ"

"သူ ဘာရေးလိုက်လဲ"

လော်ရွှမ်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဘာမှမရေးဘူး"

ချန်ယွီက ခေါင်းခါ၍ ပြုံးရင်း မေးလိုက်သည်။

"ဘာလို့လဲဆိုတာ နင် သိလား"

"ဘာလို့လဲ"

လော်ရွှမ် အမှန်တကယ်ပင် သိချင်နေခဲ့၏။

"သူက အိမ်ထောင်ကျပြီးပြီတဲ့"

ချန်ယွီက ပြန်ဖြေလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လော်ရွှမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်းပင် ဖြစ်၏။

ချန်ယွီလည်း မယုံကြည်ပေ။

ဝမ်းနည်းစရာကောင်းသည်မှာ သူမတို့အား မည်သူကမျှ အဖြေမပေးနိုင်ခြင်းပင်။

ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ရလဒ်ကတော့ အတူတူပင် ဖြစ်သည်။

ထိုအကြောင်းအရာများကို ပြောပြီးနောက် ချန်ယွီက တွန့်ကြေနေသော အဝတ်အစားများကို ပွတ်သပ်ကာ ပြောလိုက်၏။

"ငါ ပြန်တော့မယ်"

"ဒီလောက် ညဉ့်နက်နေပြီကို"

လော်ရွှမ် နားမလည်နိုင် ဖြစ်သွားသည်။

"အင်း အရမ်းကြီးတော့ မနက်သေးပါဘူး"

ချန်ယွီက ပြုံး၍ နှုတ်ဆက်လိုက်၏။

ထို့နောက် သူမက လော် မိသားစု အိမ်တော်မှ ထွက်ခွာပြီး ချန် မိသားစု အိမ်တော်သို့ ပြန်လာခဲ့သည်။

ချန် မိသားစု အိမ်တော် အပေါက်ဝတွင် သူမ အချိန်အတော်ကြာ ရပ်နေပြီးနောက် နောက်ဆုံးတွင် အသက်ပြင်းပြင်း တစ်ချက်ရှူကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။

All Chapters