← Chapters

အခန်း ၅၇

Vol. 5 Ch. 57

အခန်း ၅၇

Vol. 5 Ch. 57

အခန်း (၅၇) ငါဝပေမယ့် ဝတဲ့သူကို မကြိုက်ဘူးလေ

အခြေအနေ သုံးခုတွင် လီ မိသားစုက ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး အလုပ်လုပ်ပေးရန်၊ ချန် မိသားစုက အမျိုးသမီးတစ်ဦး ပေးပြီး ကလေးမွေးကာ ဂိုဏ်းထဲသို့ ဝင်ရောက်၍ အလုပ်လုပ်ပေးရန်၊ လော် မိသားစုကမူ လုံးဝ အိမ်ပါသမက်အဖြစ် ဝင်ရောက်ရန် ဖြစ်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက လော် မိသားစု၏ ကမ်းလှမ်းချက်မှာ လူသားဆန်မှု အရှိဆုံးဖြစ်ပြီး နောင်တွင် လော် မိသားစုဝင် ဖြစ်လာမည် ဖြစ်၏။

ထို့အပြင် ပေးမည့် အရင်းအမြစ်များမှာလည်း မနည်းလှပေ။

သို့သော် ဤမိသားစု သုံးခုစလုံးက လူကို ချုပ်နှောင်ရန် ကြိုးစားနေခြင်းပင်။

ထို့ကြောင့် စဉ်းစားနေစရာ မလိုချေ။

အထူးသဖြင့် လီ မိသားစုမှာ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ငါးထောင်ဖြင့် သူ၏ ဂိုဏ်းအတွင်း ဆယ်နှစ်တာ အချိန်နှင့် အကြွင်းမဲ့ အကူအညီ သုံးကြိမ်ကို ဝယ်ယူလိုနေ၏။

ဘယ်ကလာတဲ့ မျက်နှာသာပေးမှုက ဒီလောက်တောင် ကြီးမားနေရသနည်း။

သူက ဝိညာဉ်စုဆောင်းခြင်း ခန်းမတွင် တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ကိုးဆယ် ရရှိရာ တစ်လလျှင် နှစ်ထောင့်ခုနစ်ရာ ဖြစ်နေပြီ ဖြစ်၏။

ယခု သူက ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ဆယ့်တစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တစ်လလျှင် အများဆုံး ဝိညာဉ်ကျောက်တုံး သုံးထောင်အထိ ရှာဖွေနိုင်ပြီ ဖြစ်၏။

လီ မိသားစုကဲ့သို့ မိသားစုကြီးက အခြေအနေများကို ပေါ့ပေါ့တန်တန် ကမ်းလှမ်းခြင်းသာ ဖြစ်မည်။

တကယ် အောင်မြင်မည်ဟုလည်း သူတို့ မျှော်လင့်ထားပုံ မရချေ။

"ဘယ်လို စဉ်းစားထားလဲ"

ကျောက်လဲ့မင်က မေးလိုက်သည်။

ကျန်းမန်က ခေါင်းခါပြရင်း ဖြေလိုက်၏။

"တစ်ခုမှ မစဉ်းစားပါဘူး"

ထိုအဖြေကို ကျောက်လဲ့မင်က မအံ့ဩခဲ့ချေ။

ကျန်းမန်၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့သည်၊ မည်သို့ပင်ဆိုစေ မိစ္ဆာနတ်ဘုရား မွေးမြူနည်းကိုပင် ပေးအပ်ထားသည် မဟုတ်ပါလား။

အခြားအရာများ မရှိသော်လည်း ၎င်းမှာ စမ်းသပ်မှု တစ်ခု ဖြစ်နိုင်ပေသည်။

ဤမိသားစု သုံးခု၏ ကမ်းလှမ်းချက်များမှာ အလွန် သာမန်သာ ဖြစ်ရာ မစဉ်းစားခြင်းက ပုံမှန်ပင် ဖြစ်၏။

"တကယ်လို့ မင်းရဲ့ အဆင့်က ဆက်ပြီး တက်လာမယ်ဆိုရင် သူတို့က အခြေအနေတွေကို ပြောင်းလဲပေးလာနိုင်တယ်"

ကျောက်လဲ့မင်က စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

"အခု အကဲဖြတ်စစ်ဆေးမှုက လကုန်ပိုင်းကို ပြောင်းသွားပြီ သုံးလတစ်ကြိမ် လဝက် အနားပေးမယ် အဲဒီအချိန်က မင်းတို့ အရင်းအမြစ်တွေနဲ့ သိုင်းပညာရပ်တွေကို ယှဉ်ပြိုင်လုယူရမယ့် အချိန်ပဲ"

"ဘာလို့လဲဆိုတော့ အခု အဆင့်သတ်မှတ်ချက်တွေက အများကြီး ပြောင်းလဲမှာ မဟုတ်တော့ဘူးလေ မိသားစုတွေကလည်း အရင်းအမြစ် ယှဉ်ပြိုင်လုယူမှုအပေါ်မှာပဲ ပိုပြီး အာရုံစိုက်ကြတော့မှာ"

ကျန်းမန် အတော်လေး အံ့ဩသွားသည်၊ အဆင့်သတ်မှတ်ချက်ကို ဂရုမစိုက်တော့ဘူး ဟုတ်လား။

မှန်ပါသည်၊ ကျင့်ကြံမှုအဆင့် တက်လာပြီးနောက် အဆင့်သတ်မှတ်ချက်များမှာ ပြောင်းလဲရန် ခက်ခဲသွားပြီ ဖြစ်၏။

မည်သို့ပင်ဆိုစေ အချိန်က အလွန် တိုတောင်းလွန်းလှသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် အလုပ်သစ်အကြောင်း မေးမြန်းလိုက်သည်။

ယခုအခါ သူက ဝိညာဉ်ကျောက်တုံးများ အတော်အသင့် ရှာဖွေနိုင်သော်လည်း သုံးစွဲမှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်နေသေး၏။

အရင်က တစ်ထောင် ရခဲ့ရာ နှစ်ရာ ပြန်ဆပ်ပြီးနောက် ရှစ်ရာ ကျန်ရှိနေသေးပြီး လဝက်အတွင်း ရှာဖွေထားသည်များနှင့် ပေါင်းလိုက်လျှင်။

ယခု သူ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်တစ်ရာ့ငါးဆယ် ရှိနေပြီ ဖြစ်သည်။

စားသောက်စရိတ်ကပင် တစ်လလျှင် ရာဂဏန်းခန့် ကုန်ကျရာ ကျင့်ကြံရန်အတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

လုံးဝ မလုံလောက်ပေ။

"အလုပ်သစ် ဟုတ်လား"

ကျောက်လဲ့မင်က အရှေ့ရှိ လူကို ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက် ဖြေလိုက်သည်။

"ခက်တယ် ပုံမှန်အားဖြင့် အလုပ်တွေက ကာယလုပ်အား သုံးရတာများတယ် မင်းလို လူမျိုးကို ယွင်ချန်ဌာနခွဲက ခန္ဓာကိုယ် ထိခိုက်မယ့် အလုပ်တွေ မပေးရဲဘူး"

"ဒါ့အပြင် မိသားစုကြီးတွေကို အခွင့်အရေး ပေးချင်လို့လည်း ပါတယ်"

"သူတို့က ဝင်ခွင့်အရည်အချင်း ရထားတဲ့ လူတွေကို ပိုပြီး ဆွဲဆောင်နိုင်အောင်လို့လေ"

ထိုစကားကို ကြားသော် ကျန်းမန် နားလည်သွားခဲ့သည်။

ယွင်ချန်ဌာနခွဲ ဖွင့်လှစ်ထားခြင်းက အသက်အရွယ်မီသူများကို ကျင့်ကြံခွင့် ပေးရန်ဖြစ်ပြီး ကျင့်ကြံစရိတ် အပြည့်အဝ ပေးဆောင်နိုင်ပါက အားလုံးကို လက်ခံပေးလေ့ရှိ၏။

ယွင်ချန်ဌာနခွဲတွင်လည်း ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်၊ အရင်းအမြစ် အချို့ကို ဂိုဏ်းမှ ရရှိသော်လည်း အများစုမှာ မိမိကိုယ်ကိုယ်သာ အားကိုးရသည်။

ထို့ကြောင့် စာချုပ်ချုပ်ဆိုခြင်းကလည်း မိသားစုကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တစ်မျိုးပင် ဖြစ်၏။

အားလုံးက အကျိုးအမြတ်အတွက်သာ ဖြစ်သည်။

ထို့နောက် သူက ဆက်မမေးတော့ဘဲ ကိုယ့်ဘာသာ နည်းလမ်း ရှာရန်သာ ဆုံးဖြတ်လိုက်သည်။

"ဒီကိစ္စတွေကို ငါ မင်းကိုယ်စား ငြင်းပေးလိုက်မယ် ဒါပေမယ့် သူတို့ဘက်က လူတွေ မင်းကို လာဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်"

ကျောက်လဲ့မင်က သတိပေးလိုက်သည်။

ကျန်းမန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ကျန်းမန် ထွက်လာခဲ့သည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ပြန်ရောက်သောအခါ ဖန်ယုံကို ကျောက်လဲ့မင်ထံ သွားရန် ပြောလိုက်၏။

၎င်းမှာ ကျောက်လဲ့မင်က သူ့ကို မှာလိုက်ခြင်း ဖြစ်သည်။

သူနှင့် အတူတူပင် ဖြစ်လောက်ပေသည်။

ဘယ်နှအိမ်က သူ့ကို လာရှာမလဲ၊ ဘယ်လောက် ပေးမလဲ ဆိုတာကိုတော့ မသိရသေးချေ။

သိချင်စရာပင်။

လဝက် အနားယူပြီးနောက် လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မဆိုးလှချေ။

လော်ရွှမ်က အရင်အတိုင်းပင် တည်ငြိမ်အေးချမ်းနေပြီး ချန်ယွီကလည်း သူမ၏ ဘေးတွင် ပြုံးရွှင်စွာ စကားပြောနေသည်။

ချန်ချီဝမ်ကတော့ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်၊ သူ၏ ဒဏ်ရာများက လဝက်ကြာသည်အထိ မပျောက်သေးချေ။ ဒီလောက်အထိ အသက်ပေးပြီး တိုက်ခိုက်ခဲ့တာ သူ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ရခဲ့သလဲဆိုတာတော့ မသိရပေ။

"အစ်ကိုကျန်း အစ်ကို ရောက်လာပြီပဲ ငါတော့ သွားပါပြီ"

ဖက်တီးလေးက ကျန်းမန် အနားသို့ လာကာ ပြောလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန် နားမလည်နိုင် ဖြစ်သွား၏။

"ထမင်းစားစရာ မရှိတော့လို့လား"

"အဲဒီလောက်တော့ မဟုတ်ပါဘူး"

ဖက်တီးလေးက ညှိုးငယ်စွာဖြင့် ဖြေလိုက်သည်။

"ငါ့ရလဒ်က အရမ်းဆိုးနေတော့ မိသားစုက ငါ့ကို စွန့်လွှတ်တော့မလို့ အခု ငါ့ကို ရွေးချယ်စရာ နှစ်ခု ပေးထားတယ်"

"ပထမတစ်ခုက အိမ်ထောင်ပြုပြီး မိသားစုအတွက် သားသမီး မွေးပေးဖို့ ဒါပေမယ့် သူတို့ ရွေးပေးတဲ့လူတွေကို ငါ တစ်ယောက်မှ မကြိုက်ဘူး သူတို့က ငါနဲ့ တူတူလောက် ဝတဲ့သူကို ရွေးပေးတာ"

"ငါဝပေမယ့် ဝတဲ့သူကို မကြိုက်ဘူးလေ"

အစပိုင်းတွင် ကျန်းမန်က တစ်ဖက်လူ လာကြွားနေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝသည်ဆိုသော စကားကို ကြားလိုက်ရသောအခါ သူက လေးလေးနက်နက် ဖြေသိမ့်လိုက်သည်။

"မိဘတွေရဲ့ အစီအစဉ်က တစ်ခါတစ်လေကျရင် ငါတို့အတွက် ကောင်းဖို့ပါပဲ"

"ဥပမာ ငါဆိုရင် နတ်သမီးလေးလို လှတဲ့ မိန်းမကို လက်ထပ်ခဲ့ရတာ အဲဒါလည်း မိသားစုက စီစဉ်ပေးတာပဲ ငါလည်း ဘာမှ မငြင်းခဲ့ပါဘူး အားလုံးက မိသားစုရဲ့ မျှော်လင့်ချက်တွေပဲလေ"

"မင်းအတွက် ရွေးပေးတာက ပိုပြီး ကျက်သရေရှိတဲ့ ပုံစံမျိုး ဖြစ်မှာပါ"

ဖက်တီးလေးက ကျန်းမန်ကို ကြည့်ကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

"ဒုတိယ ရွေးချယ်စရာကို ပြောပြပါဦး"

ကျန်းမန်က ပြုံး၍ မေးလိုက်သည်။

ဖက်တီးလေးလည်း အများကြီး မစဉ်းစားတော့ဘဲ ပြောလိုက်၏။

"ဒုတိယတစ်ခုကတော့ သေချာ ကျင့်ကြံဖို့ပဲ သူတို့က လုံလောက်တဲ့ အရင်းအမြစ်တွေ ပေးမယ် ယွင်ချန်ဌာနခွဲက မထွက်ခင် ချီသန့်စင်ခြင်း အဆင့်လေးကို ရောက်မယ်ဆိုရင် အလုပ်တစ်ခု ရှာပေးမယ်တဲ့"

"မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆက်တိုးတက်အောင် လုပ်ဖို့ပေါ့"

"ဘယ်သူ့ကို လက်ထပ်မလဲဆိုတာလည်း ငါကိုယ်တိုင် ဆုံးဖြတ်ခွင့် ရမယ်တဲ့"

ကျန်းမန် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ဖက်တီးလေးက သူ့ကို ပြောပြနေခြင်းလား၊ သေချာ မကျင့်ကြံပါက အိမ်ပြန်ပြီး အိမ်ထောင်ပြုရမည်ဖြစ်ကာ ဘဝအတွက် ပူပန်စရာ မလိုတော့ဘူးဟု ဆိုလိုခြင်းလား။

သေချာ ကျင့်ကြံပါက မိသားစု အမွေကို ဆက်ခံရမည်လား။

ဆိုးသွမ်းလှတဲ့ ဆွေမျိုးရင်းချာတွေပဲ။

"ဒါကြောင့် အစ်ကိုကျန်း ကျွန်တော့်ကို ကူညီပါ ဘယ်လို ကျင့်ကြံရမလဲဆိုတာ သင်ပေးပါ"

ဖက်တီးလေးက တောင်းဆိုလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန် အနည်းငယ် အံ့ဩသွား၏။

"ဆရာကျောက် နဲ့ ဆရာဖူ က ဒီကိစ္စမှာ ပိုပြီး ကျွမ်းကျင်တာ မဟုတ်ဘူးလား"

"အဲဒါကတော့ သေချာတာပေါ့ ဒါပေမယ့် သူတို့က အညံ့ဆုံး ကျောင်းသားတွေကို နားလည်ပေးဖို့ မကျွမ်းကျင်ဘူးလေ"

ဖက်တီးလေးက ဖြေလိုက်သည်။

ကျန်းမန် ကြောင်အမ်းသွား၏။

အတော်လေး ယုတ္တိရှိသည်ဟု သူ ထင်မြင်မိသည်၊ နောက်ဆုံးကနေ ဒုတိယလူကို မည်သူက နားလည်ပေးချင်မည်နည်း။

သို့သော် အနည်းငယ် ကြိုးစားလိုက်ပါက ဖက်တီးလေး ချီသန့်စင်ခြင်း အဆင့်သုံးသို့ ရောက်ရန် မခက်ခဲလှချေ။

"အစ်ကိုကျန်းသာ သင်ပေးမယ်ဆိုရင် တစ်လကို ဝိညာဉ်ကျောက်တုံး ငါးရာနဲ့ ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံး ပေးမယ်"

ဖက်တီးလေးက သွားကြိတ်ကာ ပြောလိုက်သည်။

ကျန်းမန် ကြောင်အမ်းသွားပြီးနောက် လေးလေးနက်နက် မျက်နှာထားဖြင့် ပြောလိုက်၏။

"ငါတို့က သူငယ်ချင်းကောင်းတွေပဲ ငါ မင်းကို သေချာပေါက် ကူညီမှာပေါ့"

ထိုသို့ ပြောလိုက်သော်လည်း ဖက်တီးလေးကို မည်သို့ သင်ပေးရမည်နည်း ဆိုသည်ကို သူ အကြံဉာဏ် မရှိသေးပေ။

အချိန်ကျလျှင် အဝါကြီးကို မေးကြည့်ရမည်၊ သူက အတွေ့အကြုံ များသည် မဟုတ်ပါလား။

အကြံဉာဏ် အချို့တော့ ပေးနိုင်လောက်ပေသည်။

ထိုသို့ဆိုလျှင် သူ၏ အရင်းအမြစ်များ ပိုမို များပြားလာမည် ဖြစ်၏။

ယနေ့တွင်လည်း ဆရာဖူ၏ သိုင်းပညာရပ် သင်ခန်းစာ ရှိသည်။

ဤတစ်ကြိမ်တွင် သူမက ရေစီးကြမ်း သိုင်း၏ အခြားအသုံးဝင်မှုများကို ရှင်းပြနေခြင်း ဖြစ်၏။

သိုင်းပညာရပ်များကို တိုက်ခိုက်ရန် တစ်ခုတည်းအတွက်သာ အသုံးမပြုနိုင်ပေ၊ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများက ကာကွယ်မှုလည်း ဖြစ်လာနိုင်ပေသည်။

ပြောရင်းနှင့် ဆရာဖူက ခြေတစ်လှမ်း ချလိုက်ရာ သူမ၏ နောက်ကျောတွင် မြေဆူးများ ထွက်ပေါ်လာပြီး နောက်ကျောမှ တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူမက ပြောလိုက်၏။

"ကျန်တဲ့ အချိန်တွေမှာတော့ အချင်းချင်း လေ့ကျင့်ကြ နောက်ရက်တွေကျရင် ဝင်ခွင့်အရည်အချင်း ရထားတဲ့ သူတွေအတွက် သီးသန့် လာသင်ပေးမယ့် ဆရာအသစ် ရောက်လာလိမ့်မယ် မင်းတို့လည်း အများကြီး လေ့လာထားကြ"

လေ့ကျင့်ရေးတွင် ကျန်းမန်၏ ပြိုင်ဘက်က လော်ရွှမ် ဖြစ်နေဆဲပင်။

တစ်ဖက်လူက အရင်ကကဲ့သို့ သခင်မလေး ပုံစံဖြင့်ပင် ကျက်သရေရှိနေဆဲ ဖြစ်သည်။

ဝင်ခွင့်အရည်အချင်း မရရှိခဲ့ခြင်းကြောင့် စိတ်ခံစားမှု ပြောင်းလဲသွားပုံ မပေါ်ချေ။

နောက်ကွယ်တွင် မည်သို့သော အကြံအစည်များ ကြံစည်နေသနည်း ဆိုသည်ကိုတော့ မသိနိုင်ပေ။

မွန်းလွဲပိုင်း လေ့ကျင့်ရေးတွင် ဆဋ္ဌမမြောက် ခြံဝင်းငယ်က အရင်အတိုင်းပင် အတူတကွ လေ့ကျင့်ခဲ့ကြသည်။

ညနေစောင်းမှသာ အနားရခဲ့၏။

ချန်ယွီက လော်ရွှမ်နှင့် အတူတူ ထွက်လာခဲ့သည်။

"ဒီ ကျန်းမန် က တကယ်ပဲ အိပ်စရာ မလိုဘူးလား"

သူမက လော်ရွှမ်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အဲဒီစာကို နင်ရေးတာဆိုတာ သူ ဘယ်တော့မှ သိမှာလဲ"

လော်ရွှမ်က ထိုအချက်ကိုသာ ဂရုစိုက်နေခဲ့သည်။

သူမက ဤသို့ အထင်လွဲခံရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

"သိပ်မကြာတော့ပါဘူး"

ချန်ယွီက ပြုံး၍ ပြောလိုက်၏။

"သူ သိသွားရင် ဘယ်လို ခံစားရမလဲဆိုတာ နင် စဉ်းစားကြည့်ပါဦး"

လော်ရွှမ်က တစ်ဖက်လူကို လှည့်ကြည့်ကာ တည်ငြိမ်စွာ ဖြေလိုက်သည်။

"ပထမနေရာကို အရူးလုပ်တာဆိုတော့ ဆုံးမခံရမှာပေါ့"

ချန်ယွီကတော့ ဂရုမစိုက်ချေ။

————

ကျန်းမန်က ဆဋ္ဌမမြောက် ခြံဝင်းငယ်မှ ထွက်လာခဲ့သည်။

ထွက်လာပြီး မကြာမီမှာပင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့၏။

"ငါက လီ မိသားစုက လူပါ"

သက်လတ်ပိုင်း အမျိုးသားက ကျန်းမန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းပုံစံ ကြည့်ရတာ သိပ်ချမ်းသာတဲ့ ပုံမပေါ်ဘူး တခြားလူတွေရဲ့ အကူအညီ မပါဘဲ ယွင်ချန်ဌာနခွဲမှာ ထူးချွန်လာဖို့ဆိုတာ အလွန် ခက်ခဲတယ်"

"ပထမဆုံး သိုင်းပညာရပ် ယှဉ်ပြိုင်လုယူပွဲမှာ မင်း ဘာမှ မခံစားရသေးဘူး ဖြစ်လိမ့်မယ်"

"ဒါပေမယ့် ဒုတိယအကြိမ် ရောက်တဲ့အခါ မင်းက သူတို့နဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီဆိုတာကို တွေ့ရလိမ့်မယ်"

"တခြားလူတွေက မင်းကို အခြေအနေကောင်းတွေ ပေးကောင်း ပေးနိုင်တယ် ဒါပေမယ့် သူတို့ အားလုံးက လီ မိသားစုလောက် အနာဂတ် မရှိဘူး"

All Chapters