အခန်း ၇၄
Vol. 6 Ch. 74
အခန်း (၇၄) ကျွန်တော့် မိန်းမက ကျွန်တော့်ကို အိမ်ဝင်သမက် လုပ်ခွင့်မပေးဘူး
လရောင်အောက်တွင် ကျန်းမန်က အရှေ့ရှိ လူကို အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။
တစ်ဖက်လူက သူ့ကို ကမ်းလှမ်းချက် တောင်းဆိုရန် လာခဲ့ခြင်း ဖြစ်၏။
သို့သော် သူ ကမ်းလှမ်းချက် တောင်းဆိုလိုက်သောအခါ တစ်ဖက်လူက တိုက်ရိုက် ငြင်းပယ်ခဲ့သည်။
ဒါဆို ဘယ်လို ဆက်လုပ်ရမလဲ။
"မင်း ဘာလို့ အိမ်ပါသမက် မလုပ်ချင်ရတာလဲ"
လော်ဟွိုင်လီက မေးလိုက်၏。
ကျန်းမန်က အမှန်အတိုင်း ဖြေလိုက်သည်။
"ကျွန်တော်က အိမ်ထောင်ကျပြီးပြီဆိုတော့ အိမ်ပါသမက် လုပ်လို့ မရတော့ဘူးလေ"
နတ်သမီးလေး၏ နောက်ခံက ရိုးရှင်းမည် မဟုတ်သလို မိမိ၏ အစွမ်းအစကလည်း အလွန် အားနည်းလွန်းနေ၏။
အကယ်၍ ထိုကိစ္စကြောင့် တစ်ဖက်လူကို စိတ်ဆိုးသွားစေပါက မူလက ကြိုးစား၍ ရနိုင်သေးသော အသက်ရှင်သန်ခွင့်က ချက်ချင်း ပျောက်ကွယ်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေ သူက ထိုအခြေအနေအထိတော့ မရောက်သေးချေ။
လုံးဝ နည်းလမ်းမရှိတော့သည့် အခြေအနေမျိုး မဟုတ်သေးပေ။
ဝိညာဉ်ကျောက်တုံးတွေကို ဆက်ရှာလို့ ရသေးတယ်၊ မရရင်လည်း ချန်ချီဝမ်ဆီက ချေးလို့ ရသေးတာပဲ။
နည်းလမ်းတွေက အများကြီး ရှိပါတယ်။
အိမ်ပါသမက် လုပ်ခြင်းက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ချေ။
ထို့အပြင် တစ်ခါ အိမ်ပါသမက် လုပ်ပြီးပါက ထွက်ခွာရန် မလွယ်ကူတော့ချေ။
ဂိုဏ်းမှ ချထားပေးသော စာချုပ်ကို လက်မှတ်ထိုးလိုက်ပါက လူတစ်ယောက်ကို အပြီးတိုင် ချုပ်နှောင်ထားနိုင်ပေသည်။
"မင်းက ပေ့ရွာက လာတာ ငါ စုံစမ်းပြီးသွားပြီ မင်း လုံးဝ အိမ်ထောင်မကျသေးဘူး တကယ်လို့ အိမ်ထောင်ကျခဲ့ရင်တောင် ငါ သူ့ကို ဝိညာဉ်ကျောက်တုံး အလုံအလောက် ပေးပြီး မင်းနဲ့ ကွာရှင်းခိုင်းလို့ ရတယ်"
လော်ဟွိုင်လီက ကျန်းမန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။
"မင်းမှာ မာနရှိတယ် ဆိုတာကို ငါ သိပါတယ် မင်းမှာ ရည်မှန်းချက် ကြီးတယ် ဆိုတာကိုလည်း ငါ နားလည်ပါတယ်"
"ဒါပေမယ့် လော် မိသားစုက မင်းကို အရင်းအမြစ် အလုံအလောက် ပေးနိုင်တယ်"
"မင်းက လော် မိသားစုထဲကို ဝင်လာရုံနဲ့တင် လုံလောက်ပြီ"
"မင်းအတွက် ဘာအရှုံးမှ မရှိဘူး"
"လွတ်လပ်ခွင့်ကိုလည်း ငါတို့ ပေးမှာပါ ဒါပေမယ့် နောက်ပိုင်း လော် မိသားစုက မင်းရဲ့ အိမ် ဖြစ်သွားပြီလေ အချိန်တန်လို့ မင်း အောင်မြင်လာရင် ကိုယ့်အိမ် ကိုယ် ပြန်စောင့်ရှောက်ရုံပဲ"
"အဲဒီအချိန်ကျရင် ကလေး နည်းနည်းလောက် မွေးလိုက်ရင်လည်း ပြည့်စုံသွားပြီပေါ့"
"အခု မင်းရဲ့ အဆင့်တက်နှုန်းက အရမ်း မြန်နေတယ်လို့ မင်း ထင်ကောင်း ထင်လိမ့်မယ် ဒါပေမယ့် ချီသန့်စင်ခြင်း အဆင့်ကိုးကို တက်ဖို့ဆိုတာ မင်းလည်း ရိပ်မိလောက်မှာပါ"
"မင်း ထင်ထားသလောက် မလွယ်ကူဘူး ဆိုတာကိုပေါ့"
"လူတစ်ယောက်တည်း အားကိုးနေလို့ မရဘူး"
"ဂိုဏ်းထဲကို ဝင်ပြီးသွားရင်လည်း ဒီနေရာထက် အဆပေါင်းများစွာ ပိုခက်ခဲသွားလိမ့်မယ်"
တစ်ယောက်တည်း ဖြတ်သန်းရန် အလွန် ခက်ခဲလွန်းသည်ဆိုသော တစ်ဖက်လူ၏ စကားက မှန်ကန်သည်ဟု ကျန်းမန် ထင်မြင်မိ၏။
သို့သော် အိမ်ပါသမက် လုပ်ရုံသာမက သားသမီးများပါ မွေးပေးရမည် ဖြစ်သည်။
ကလေးတွေကလည်း လော် မျိုးရိုးပဲ ယူရမှာလေ။
ပြိုင်ဘက်ကင်း ပါရမီရှင် ဘဝက ဒီမှာတင် မှေးမှိန်သွားတော့မှာပေါ့။
ဟုတ်ပါတယ်၊ ဒါကလည်း ရွေးချယ်စရာ လမ်းတစ်လမ်း ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်တိုင်က မရွေးချယ်ချင်တာ။
ပြီးတော့ အဲဒီအချိန်အထိလည်း မရောက်သေးဘူးလေ။
သူက မြင့်မြတ်လွန်းလို့ မဟုတ်ဘူး၊ ရွေးချယ်စရာ လမ်းတွေ ရှိနေသေးလို့ပါ။
ပါရမီက သူ့ကို ထောက်ပံ့ပေးနေတုန်းပဲ။
ကျန်းမန်က အနည်းငယ်မျှ မတုံ့ပြန်သည်ကို မြင်သောအခါ လော်ဟွိုင်လီက ပြောလိုက်၏။
"မင်းကိုယ်မင်း အားကိုးပြီး အဝေးကြီး သွားနိုင်မယ်လို့ ထင်နေတာလား တကယ်တော့ ယွင်ချန်ဌာနခွဲ ဆိုတာက အစပဲ ရှိသေးတယ် ဂိုဏ်းထဲကို ဝင်တာကမှ အခက်ခဲဆုံး အချိန်ပဲ"
"လော် မိသားစုရဲ့ အကူအညီသာ ရှိရင် မင်းရဲ့ လမ်းခရီးက ပိုပြီး ဖြောင့်ဖြူးသွားလိမ့်မယ်"
"ဒါမှမဟုတ် လော် မိသားစု ပေးတဲ့ အရင်းအမြစ်တွေက လုံလောက်တဲ့ သစ္စာရှိမှု မရှိဘူး ထပ်လိုသေးတယ်လို့ မင်း ထင်နေတာလား"
ကျန်းမန်က အနည်းငယ် စဉ်းစားပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။
"လော် မိသားစုရဲ့ အရင်းအမြစ်တွေ မလုံလောက်လို့ မဟုတ်ဘူး ကျွန်တော့်ရဲ့ ကိုယ်ပိုင် ပြဿနာကြောင့်ပါ"
"လောလောဆယ် ကျွန်တော်က ဘယ်သူ့ရဲ့ ချုပ်နှောင်မှုကိုမှ မခံချင်သေးဘူး နောက်တစ်ခုက ကျွန်တော် အိမ်ထောင်ကျပြီးတာက အမှန်ပါ အခုလောလောဆယ်တော့ အဲဒီလို အစီအစဉ်မျိုး မရှိသေးဘူး"
"အိမ်ပါသမက် လုပ်တာက ကျွန်တော်နဲ့ သိပ်မသင့်တော်ဘူး"
"ဒါပေမယ့် ရိုးရိုးရှင်းရှင်း ထောက်ပံ့ပေးမယ်ဆိုရင်တော့ ကျွန်တော် ဝမ်းသာအားရ လက်ခံမှာပါ"
"ဥပမာအနေနဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည် အတိုင်းအတာ အတွင်းမှာ လော် မိသားစုကို ကူညီပေးတာမျိုးပေါ့"
"လော် မိသားစုက တောင်းဆိုတာ အကုန် ရတာလား"
လော်ဟွိုင်လီက ထပ်မေးလိုက်သည်။
ကျန်းမန် ခေါင်းခါပြလိုက်၏။
ဒါကလည်း တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။
ဘာလို့လဲဆိုတော့ လော် မိသားစုက ဘာတွေ တောင်းဆိုမလဲဆိုတာ သေချာ မသိနိုင်လို့ပဲ။
ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဂိုဏ်းထဲက လော် မိသားစုဝင်တွေကို ကူညီပေးရမယ် ဆိုရင်ကော။
သူကတော့ ဒီလိုကိစ္စမျိုးကို မလုပ်နိုင်ပါဘူး။
ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားက ပွတ်တိုက်မှုတွေ ရှိလာတာပဲ။
ထို့နောက် လော်ဟွိုင်လီက ထပ်မံ၍ နားချရန် ကြိုးစားခဲ့၏။
ယုတ္တိအရဆိုလျှင် တစ်ဖက်လူက တကယ် သစ္စာရှိသော်လည်း ကျန်းမန် အားကိုးနေသည့် အရာများကို တစ်ဖက်လူက တွေးတောင် တွေးကြည့်၍ မရနိုင်ချေ။
ထို့ကြောင့် သူပြောသော အားသာချက်များက ကျန်းမန်အတွက်တော့ အစားထိုး၍ မရနိုင်သော အရာများ မဟုတ်ပေ။
သူ့မှာ ပါရမီ ရှိတယ်၊ မိစ္ဆာနတ်ဘုရား ရှိတယ်၊ ပြီးတော့ မိန်းမယူလိုက်လို့ ရလာတဲ့ ကံကြမ္မာဇယားလည်း ရှိတယ်၊ အဲဒါက နတ်သမီးလေး မိသားစုရဲ့ အမွေအနှစ် ဖြစ်လောက်တယ်။
အခုလောလောဆယ်တော့ ကျိန်စာ တစ်ခု ဖြစ်နေပေမယ့် တကယ့် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် သူက လွတ်လပ်ခွင့်ကို ပိုလိုချင်တာပါ။
မိသားစုတွေကတော့ အသာစီး ရချင်ကြတဲ့အတွက် လွတ်လပ်ခွင့်ကို မပေးနိုင်ကြပါဘူး။
ထို့နောက် လော်ဟွိုင်လီ ပြန်ထွက်သွားခဲ့၏။
မျက်နှာထား သိပ်မကောင်းလှချေ၊ ကျန်းမန်က အခြေအနေကို နားမလည်ဘူးဟု ထင်မြင်သွားပုံရသည်။
ထိုအပေါ် ကျန်းမန်လည်း ဘာမှ မပြောနိုင်ခဲ့ချေ။
တကယ်ပဲ အခြေအနေကို နားမလည်တာပါ။
သို့သော် အရင်က စကားအတိုင်းပင် လော် မိသားစုက ပြိုင်ဘက်ကင်း ပါရမီရှင် အကြောင်းကို ဘာမှ မသိသေးခြင်းသာ ဖြစ်၏။
"အဝါကြီး သူတို့က ဘာလို့ သံယောဇဉ် တွယ်အောင် ရိုးရိုးရှင်းရှင်း ထောက်ပံ့မပေးနိုင်ရတာလဲ"
ကျန်းမန်က မေးလိုက်သည်။
နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"မင်း ဆင်းရဲတုန်းက နေရာတချို့ကို ဝင်ဖို့ ဝိညာဉ်ကျောက်တုံး မရှိလို့ တခြားသူတွေကို လမ်းပြခိုင်းပြီး နောက်မှ ကျေးဇူးဆပ်ပါ့မယ်လို့ ပြောဖူးလား"
ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားခဲ့သည်။
ပထမဆုံးအကြိမ် ကိုယ်ရံတော် ဌာနကို သွားခဲ့စဉ်က ကိစ္စကို သတိရသွား၏။
"တကယ်လို့ ရှိခဲ့ရင် မင်း နောက်မှ ကျေးဇူးဆပ်တဲ့ လက်ဆောင် ပေးခဲ့လား"
နွားဝါကြီးက မျက်ခုံးအနည်းငယ် ပင့်ကာ ကျန်းမန်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"လူသားတွေက မေ့တတ်ကြတယ် အထူးသဖြင့် ကျေးဇူးတရား ဆိုတဲ့ ကိစ္စမျိုးမှာပေါ့"
"ခဏတာ ကျေးဇူးတင်တာကတော့ အစစ်အမှန်ပါပဲ ဒါပေမယ့် အဲဒီ ကျေးဇူးတင်စိတ်က သိပ်မကြာပါဘူး"
"လုံးဝ မေ့သွားရင်တောင် တော်သေးတယ်"
"အကြောက်ဆုံးက အချိန်ကြာလာပြီး ပြန်မဆပ်နိုင်တော့ရင် တစ်ဖက်လူကို ပိုပြီးတော့တောင် မကြည့်ချင် မမြင်ချင် ဖြစ်လာတာပဲ"
"အဲဒီအချိန်ကျရင် သူ့ကို ထောက်ပံ့ပေးဖို့ ငါမှ မတောင်းဆိုခဲ့တာလို့တောင် ပြောလာဦးမယ်"
"ကြာလာတော့ ကျေးဇူးကနေ ရန်ငြိုး ဖြစ်သွားတာပဲ"
ကျန်းမန်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။
"ဒါဆို အဲဒီ မိသားစုတွေ အတွက်က ကျေးဇူး ရှိတာ၊ မရှိတာ အရေးမကြီးဘူး၊ ရန်ငြိုး မဖြစ်ရင် ရပြီပေါ့"
နွားဝါကြီးက ဆက်မပြောတော့ချေ။
နွားဝါကြီး ပြောတာ ယုတ္တိရှိတယ်လို့ ကျန်းမန် ထင်မိတယ်၊ ဆန်တစ်ပြည် ပေးရင် ကျေးဇူးရှင်၊ ဆန်တစ်တင်း ပေးရင် ရန်သူ ဖြစ်သွားတတ်တာကိုး။
လော် မိသားစု ခေါင်းဆောင်က ရိုးရိုးရှင်းရှင်း ထောက်ပံ့ပေးဖို့ ကိစ္စကို တစ်ခွန်းမှ မဟတာ မဆန်းပါဘူး။
ဒီလိုကိစ္စမျိုးမှာ အထိနာဖူးတဲ့ သူတွေ ရှိလောက်တယ်။
ဒီလိုကြောင့် အကျိုးအမြတ် အများကြီး ရသွားတဲ့သူ မရှိဘူးလား။
ထို့နောက် ကျန်းမန်က စတင် ကျင့်ကြံတော့၏။
ယခုအခါ သူ၏ ချီသန့်စင်ခြင်း အဋ္ဌမမြောက် ဘူးသီးက လွတ်ဟာနေဆဲ ဖြစ်သည်။
ဝိညာဉ်စွမ်းအင်များ စုဆောင်းရန် အလွန် ခက်ခဲလှ၏။
ပိုမိုများပြားသော ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများ လိုအပ်ပေသည်။
ဒုတိယအချက်မှာ ခန္ဓာကိုယ်နှင့် စိတ်အာရုံ ဖြစ်၏။
ထိုနှစ်ခု တိုးတက်လေလေ ကျင့်ကြံမှု အဟန့်အတား နည်းပါးလေလေ ဖြစ်သည်။
ဧပြီလ တစ်ရက်နေ့
ကျန်းမန်က သမ်းဝေရင်း ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ သွားခဲ့သည်။
မနေ့ညကလည်း မအိပ်ခဲ့ရချေ။
တကယ်ကို အိပ်မပျော်လို့ပါ။
ဒါပေမယ့် လော် မိသားစုက လူတွေ လာသွားပြီဆိုတော့ လီ မိသားစုက လူတွေ ဘယ်တော့ ရောက်လာမလဲ မသိဘူး။
ယုတ္တိအရဆိုလျှင် ဒီနှစ်မိသားစုပဲ သူ့ကို လာရှာလောက်ပေသည်။
အများကြီး ဆက်မတွေးတော့ဘဲ ကျန်းမန်က ဆဋ္ဌမမြောက် ခြံဝင်းငယ် အတွင်းသို့ ဝင်လာခဲ့၏။
လမ်းတွင် လူအများအပြားကို တွေ့ခဲ့ရသော်လည်း သူ့ကို အာရုံစိုက်သူ သိပ်မရှိခဲ့ချေ။
ချင်းယွင်ဆောင် ပထမ ဆိုသော်လည်း သူတို့က သူ့ကို မသိကြသောကြောင့် ဖြစ်၏。
သို့သော် အနားရောက်လာချိန်တွင် ကျန်းမန်က ဖန်ယုံကို တွေ့လိုက်ရသည်။
သူ့ကို စောင့်နေသကဲ့သို့ပင်….
"သခင်လေးဖန် ကျွန်တော့်ကို ရှာနေတာလား"
ကျန်းမန်က မေးလိုက်၏။
အရှေ့ရှိ လူအတွက်တော့ သူ စိတ်ပူစရာ ဘာမှ မရှိတော့ချေ။
ယခုအခါ သူတို့ကြားတွင် ပြိုင်ဆိုင်မှု မရှိတော့ပေ။
တစ်ယောက်က ချီသန့်စင်ခြင်း အဆင့်ရှစ်၊ နောက်တစ်ယောက်က ချီသန့်စင်ခြင်း အဆင့်ခြောက်ဆိုတော့ ဘယ်လိုလုပ် ပြိုင်ဆိုင်မှု ရှိနိုင်တော့မှာလဲ။
"မင်း အိမ်ပါသမက် လုပ်လိုက်ပြီလား" ဖန်ယုံက တိုက်ရိုက် မေးလိုက်သည်။
ကျန်းမန် အံ့ဩသွားပြီး ပြန်မေးလိုက်၏။
"မင်းကော အိမ်ပါသမက် လုပ်လိုက်ပြီလား"
ဖန်ယုံက ခေါင်းခါပြလိုက်သည်။
"မလုပ်ဘူး"
ထိုစကားကို ကြားသော် ကျန်းမန် အတော်လေး အံ့ဩသွား၏။
"သခင်လေးဖန် ဘာလို့ အိမ်ပါသမက် မလုပ်တာလဲ"
"မင်းနဲ့ ငါ့ရဲ့ အခြေအနေက သေချာပေါက် ကွာခြားပါတယ် အိမ်ပါသမက် လုပ်ဖို့ အကောင်းဆုံး အခြေအနေက လော် မိသားစုပဲ မင်းကို ပေးမယ့် လွတ်လပ်ခွင့်ကလည်း အမြင့်ဆုံးပဲ ဒါပေမယ့် ငါ့ရဲ့ အဆင့်သတ်မှတ်ချက်က မမြင့်တော့ လွတ်လပ်ခွင့်က အရမ်း နည်းလွန်းတယ်"
ဖန်ယုံက တည်ငြိမ်စွာ ဖြေလိုက်၏။
"ငါ လက်မခံနိုင်တဲ့ အခြေအနေ တစ်ခု ရှိနေလို့ အိမ်ပါသမက် လုပ်ဖို့ မရွေးချယ်ခဲ့တာ"
ဒီစကားတွေ အားလုံးက ဖန်ယုံ အိမ်ပါသမက် လုပ်ရန် သေချာ စဉ်းစားခဲ့ကြောင်းကို ပြသနေသည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်တာပေါ့။
ကိုယ်ကတော့ တကယ်ကို မစဉ်းစားခဲ့ဘူး။
အစကတည်းက အိမ်ပါသမက် လုပ်ဖို့ ဒါမှမဟုတ် တခြား မိသားစုအတွက် အလုပ်လုပ်ပေးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။
"မင်းကော"
ဖန်ယုံက မေးလိုက်၏။
ကျန်းမန်က ပခုံးတွန့်လိုက်သည်။
"ငါ အိမ်ထောင်ကျပြီးပြီ ငါ့မိန်းမက ငါ့ကို တခြားလူဆီ အိမ်ပါသမက် လုပ်ခွင့်မပေးဘူး"
ဖန်ယုံ မျက်မှောင်ကြုတ်သွား၏။
သို့သော် ဆက်မမေးတော့ချေ။
အဘယ်ကြောင့်ဆိုသော် ပေ့ရွာ က ကျန်းမန် လုံးဝ အိမ်ထောင်မကျသေးကြောင်း လော် မိသားစုမှ လူများ ပြောသည်ကို သူ ကြားခဲ့ရသောကြောင့်ပင်။
မရှိတဲ့ မိန်းမကို အကြောင်းပြနေတာပဲ။
"လီ မိသားစုက လူတွေ မင်းကို လာရှာလိမ့်မယ်လို့ သခင်လေးချန် ပြောတာ ကြားတယ်"
ဖန်ယုံက သတိပေးစကား ဆိုပြီးနောက် ဝင်သွားတော့၏။
ဖက်တီးလေးက နောက်မှ လျှောက်လာပြီး ကျန်းမန်၏ ဘေးသို့ ရောက်လာကာ လေးစားစွာဖြင့် မေးလိုက်သည်။
"အစ်ကိုကျန်း ဘယ်လိုလုပ်လိုက်တာလဲ တစ်ချက်တည်းနဲ့ အဆောင်ခြောက်ဆောင်ရဲ့ ဒုတိယတောင် ဖြစ်သွားတာ"
ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ဖြေလိုက်၏။
"ကြိုးစားလို့လေ ခြံဝင်းငယ်မှာ ကျင့်ကြံရုံတင် မကဘူး အိမ်ပြန်ရောက်ရင်လည်း ခိုးပြီး ကျင့်ကြံနေတာ"
ဖက်တီးလေး ဆွံ့အသွားရသည်။
ဒါက ငါ ကြားချင်တဲ့ စကားမှ မဟုတ်တာ၊ ငါ ကြားချင်တာက မင်းရဲ့ ပါရမီကြောင့်ဆိုတဲ့ စကားမျိုး။