အခန်း ၇၅
Vol. 6 Ch. 75
အခန်း (၇၅) မရီးနဲ့ အစ်ကိုကျန်းက ချစ်ကြရဲ့လား
ဖက်တီးလေးက ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို ကျန်းမန်ထံ ပေးအပ်ကာ ပြောလိုက်သည်။
"အစ်ကိုကျန်း ကျွန်တော့်ကို ဆက်ပြီး လမ်းညွှန်ပေးပါဦး ဒီရက်ပိုင်း ကျွန်တော် အရမ်း တိုးတက်လာသလို ခံစားရတယ်"
ကျန်းမန်က ဖက်တီးလေး၏ မျက်ကွင်းညိုနေသည်ကို ကြည့်ကာ လေးလေးနက်နက် ဖြေလိုက်၏။
"ငါလည်း ခံစားမိပါတယ်"
ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်သုံးသို့ ရောက်ရှိပါက ညဉ့်နက်သည်အထိ နေခြင်းကြောင့် ရုတ်တရက် သေဆုံးမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ဖက်တီးလေး၏ ချီသန့်စင်ခြင်း ကျင့်စဉ်က အဆင့်ငါးတွင် ရှိနေပြီဖြစ်ရာ ပို၍ပင် စိတ်ပူစရာ မလိုတော့ပေ။
သို့သော် လူအများစုက ခန္ဓာကိုယ်နှင့် စိတ်အာရုံက ထိုသို့သော ဒဏ်ကို မခံနိုင်ဟု ထင်မြင်ကြပြီး အနားယူရန် လိုအပ်သည်ဟု ယူဆကြ၏။
ကျန်းမန်ကမူ ထိုသို့ မထင်ချေ။
ညဘက် အချိန်ကောင်းကြီးကို မကျင့်ကြံဘဲ အိပ်ဖို့ ဘယ်လိုများ စိတ်ကူးရတာလဲ။
ဘယ်လိုလုပ်များ အိပ်ပျော်နိုင်တာလဲ။
တခြားလူတွေ တိုးတက်နေတဲ့ အချိန်မှာ အိပ်နေတာက ကိုယ့်ကိုယ်ကိုယ် နောက်ဆုတ်နေတာနဲ့ မတူဘူးလား။
ထို့နောက် ကျန်းမန်က ဒုတိယမြောက် စာအုပ်ကို ဖက်တီးလေးထံ ပေးကာ ဆက်လက် ကြိုးစားရန် ပြောလိုက်၏。
ချီသန့်စင်ခြင်း အဆင့်သုံးမှ အဆင့်လေးသို့ တက်ရန် ငါးလခန့် အချိန်ရသေးသည်။
အချိန်မီပါသေး၏။
ဒီအတိုင်း ဆက်ထိန်းထားဖို့ပဲ လိုတယ်။
ဒါပေမယ့်
ဒီလောက် ညအိပ်ပျက်ခံနေတာကို ဘာလို့ ပိန်မသွားရတာလဲ။
"ကျွန်တော် အစားများလို့လေ"
ဖက်တီးလေးက ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
ကျန်းမန် တိတ်ဆိတ်သွားခဲ့၏။
မကြာသေးမီက သူ ကျင့်ကြံရာတွင် ခြိုးခြံချွေတာခဲ့ရသည်များကို ပြန်တွေးကြည့်မိသည်။ သူက အစားမကြိုက်လို့လား။
မစားရက်လို့ပါ။
ဝိညာဉ်ကျောက်တုံး အများကြီး မရှိတော့ မဆာရုံလောက်ပဲ စားနိုင်တာလေ။
ထို့နောက် သူတို့နှစ်ဦး ဆဋ္ဌမမြောက် ခြံဝင်းငယ် အတွင်းသို့ အတူတကွ ဝင်သွားကြ၏။
လမ်းတွင် ဖက်တီးလေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အစ်ကိုကျန်း အစ်ကို အိမ်ထောင်မကျသေးဘူးလို့ တခြားသူတွေ ပြောတာ ကြားတယ်"
"အိမ်ထောင်ကျပြီးပါပြီ ရွာမှာ မဟုတ်လို့ပါ"
ကျန်းမန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"ငါ ပြောပြီးပြီလေ သူက နတ်သမီးလေးလို့ ကောင်းကင်ဘုံမှာ ရှိတာ"
ဖက်တီးလေးက ပါးစပ်ဟသွားပြီး နောက်ဆုံးတွင် မေးလိုက်သည်။
"ဒါဆို မရီးနဲ့ အစ်ကိုကျန်းက ချစ်ကြရဲ့လား"
ထိုစကားကို ကြားသော် ကျန်းမန်က ဘေးရှိ ဖက်တီးလေးကို ကြည့်ကာ သဘာဝကျကျ ဖြေလိုက်၏။
"သေချာပေါက် ချစ်တာပေါ့ သူက ငါ့ကို အချိန်တိုင်း သတိရနေတာ စာပို့လာတိုင်းလည်း ငါနဲ့ တွေ့ချင်တယ်လို့ ပြောတယ်"
"ငါနဲ့ ပြန်တွေ့ဖို့ အရမ်း စောင့်မျှော်နေတာ"
"ငါသာ မတားထားရင် သူ အစောကြီးကတည်းက ရောက်နေလောက်ပြီ"
ဖက်တီးလေးက မျက်တောင်တဖြတ်ဖြတ် ခတ်ကာ သိပ်မယုံကြည်ချေ။
ကျန်းမန်လည်း ဂရုမစိုက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာက အမှန်တွေချည်းပဲ။
ယုံမယ့်သူ မရှိတာကတော့…….သူ့အပြစ်မှ မဟုတ်တာ။
အစကတည်းက သူက အမှန်အတိုင်း ပြောခဲ့တာပဲ။
လော်ဟွိုင်လီက မယုံဘူး။
ဖန်ယုံက မယုံဘူး။
ဖက်တီးလေးလည်း မယုံဘူးလေ။
ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်သောအခါ အခြားသူများ အားလုံးနီးပါး ရောက်နေကြပြီ ဖြစ်၏။
ပထမနေရာက ရောက်နေပြီဖြစ်ရာ အခြားသူများက နောက်ကျမှ ရောက်လာပါက အလွန် အာရုံစိုက်ခံရပေမည်။
ချင်းယွင် ပထမ၊ အဆောင် ခြောက်ဆောင် ဒုတိယ ဟူသော ရောင်ဝါအောက်တွင်
လူတွေကို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားအောင် လုပ်နိုင်စွမ်း ရှိပါတယ်။
ထိုအချိန်တွင် စုန်ချင့်က သူသည် ကျန်းမန်နှင့် အတူတူ လေ့ကျင့်ခဲ့ဖူးသဖြင့် ထိုအချက်ကို အသုံးချကာ ကိုယ်ရံတော် သို့မဟုတ် လေ့ကျင့်ဖော် အလုပ် ထပ်ရှာရန် အခွင့်အရေး ပိုများလာပြီဟု ခံစားနေရ၏။
ကျန်းမန်က တကယ် သဘောကောင်းသည်ဟု သူ ထင်မြင်မိသည်။
အရင်က သူ့ကို ကိုယ်ရံတော် လုပ်ဖို့ အခွင့်အရေး တစ်ကြိမ် ပေးခဲ့ပြီး အခု တစ်ကြိမ် ထပ်ပေးပြန်ပြီ။
သူသာ အဆင့်လေးကို တက်နိုင်ရင် မြို့ထဲမှာ ဆက်နေနိုင်ဖို့ အခွင့်အရေး တကယ် ရှိသွားပြီ။
တကယ်လို့ ကျန်းမန်ရဲ့ အဆင့်က ထပ်ပြောင်းသွားပြီး အဆောင် ခြောက်ဆောင် ပထမ ဖြစ်သွားရင်
အခွင့်အရေး ပိုများသွားပြီပေါ့။
"ကျေးဇူးတင်ပါတယ်"
စုန်ချင့်က ကျန်းမန် အနားသို့ လာကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျန်းမန်ကတော့ နားမလည်နိုင် ဖြစ်သွား၏。
ထို့နောက် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးက ကျန်းမန်၏ လက်ထဲသို့ ရောက်လာသည်။
"ဒါက ကျွန်တော် ပိုက်ဆံစုပြီး ဝယ်ထားတာပါ လက်ခံပေးပါ"
ကျန်းမန်၏ အကြည့်များက စူးရှသွားပြီး လေးလေးနက်နက် ပြောလိုက်၏။
"အားနာစရာ မလိုပါဘူး ရပါတယ်"
တုံ့ပြန်မှု ရရှိသွားသဖြင့် စုန်ချင့်ကလည်း သူသည် ကျန်းမန်၏ စေတနာကို အလဟဿ မဖြစ်စေခဲ့ဘူးဟု ခံစားလိုက်ရသည်။
ဒီလူက တကယ့် လူကောင်းပဲ။
သူ ပိုပြီး ကြိုးစားရမယ်။
ဒီကျေးဇူးဆပ်တဲ့ လက်ဆောင်ကို ကျန်းမန်က ဘာမှန်းမသိဘဲ လက်ခံလိုက်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တာတော့ အမှန်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက ဒါမျိုးတွေလေ။
နောက်ဆုံး သုံးလမှာ လက်ဆောင်တွေ ရောက်လာတာကို ဘယ်သူက ငြင်းမှာလဲ။
ဒါပေမယ့် အထဲရောက်ပြီးတဲ့နောက် ချန်ချီဝမ်က သူ့ကို မကြာခဏ လှမ်းကြည့်နေတာကို သတိထားမိလိုက်တယ်။
အကြွေးတောင်းမလို့လား။
ဒါပေမယ့် နောက်ဆုံးတော့ သူ အနားကို မလာပါဘူး။
ဘာတွေ စဉ်းစားနေလဲတော့ မသိဘူး။
ဆရာဖူ ရောက်လာသည်နှင့် ကျန်းမန်ကို သိုင်းပညာရပ်နှင့် ပတ်သက်၍ မေးစရာ ရှိမရှိ မေးလိုက်၏။
"မေးစရာ နည်းနည်း ရှိသေးတယ်"
ကျန်းမန်က အမှန်အတိုင်း ဖြေလိုက်သည်။
တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး သိုင်းက အောင်မြင်သွားပြီ ဆိုပေမယ့် ဘယ်လို အကောင်းဆုံး အသုံးချရမလဲ ဆိုတာကို သူ မသိသေးဘူးလေ။
မေးခွန်းများ မေးပြီးနောက် ဆရာဖူက အနည်းငယ် အံ့ဩသွား၏။
"အကုန်လုံးက အသုံးချတဲ့ အပိုင်းတွေချည်းပဲလား တိုးတက်ဖို့ မေးစရာ မရှိဘူးလား"
ကျန်းမန် ခေါင်းခါပြလိုက်သည်။
"လောလောဆယ်တော့ မရှိသေးဘူး"
ယခုအခါ သူက အဆောင် ခြောက်ဆောင်၏ ဒုတိယ ဖြစ်နေပြီ။
ပါရမီရှင်က ပါရမီရှင် ပုံစံမျိုး ရှိရမှာပေါ့။
ဆရာဖူက ကျန်းမန်ကို စူးစိုက်ကြည့်လိုက်ပြီး အခြားစကားများ ဆက်မပြောတော့ချေ။
သင်ကြားပြသမှုကို စတင်လိုက်သည်။
အခြားသူများလည်း လိုက်၍ နားထောင်ကြ၏。
တစ်ခါမှ မမြင်ဖူးသော်လည်း နားထောင်ရုံဖြင့်ပင် ဤသိုင်းပညာရပ်၏ ခက်ခဲမှုကို ခံစားနိုင်ပေသည်။
သူတို့ သင်ယူနေသည်များနှင့် လုံးဝ တစ်ဆင့်တည်း မဟုတ်ချေ။
ဆရာဖူက သရုပ်ပြရင်း ရှင်းပြလိုက်၏။
"သိုင်းပညာရပ် အသုံးချတဲ့ နေရာမှာ အချိန်အခါက အရေးကြီးတယ် နောက်တစ်ခုက တခြားလူနဲ့ တိုက်ခိုက်နေချိန်မှာ ဘယ်လှုပ်ရှားမှုကမှ မင်းရဲ့ သိုင်းပညာရပ် လည်ပတ်မှုကို အနှောင့်အယှက် မဖြစ်စေရဘူး"
"ရပ်သွားမှ စပြီး လည်ပတ်တာမျိုး မလုပ်နဲ့"
"အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေအောင် သင်ယူထားရမယ် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ပြီး ဝိညာဉ်စွမ်းအင်ကို တိတိကျကျ လည်ပတ်နိုင်ရင် အဖိနှိပ်ခံနေရရင်တောင် သိုင်းပညာရပ်က ချောချောမွေ့မွေ့ လည်ပတ်နိုင်တယ်"
"ဒါက ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို စမ်းသပ်တာပဲ အထူးသဖြင့် စိတ်အာရုံပေါ့"
"ဘာလို့လဲဆိုတော့ စိတ်အာရုံက မင်း သိုင်းသုံးနေချိန်မှာ ဖြတ်တောက်ခံရမလား ဆိုတာကို ဆုံးဖြတ်ပေးလို့ပဲ"
ကျန်းမန်က ရွေ့လျားရင်း သိုင်းပညာရပ်ကို လည်ပတ်ကြည့်လိုက်၏။
အလွန် ချောမွေ့လှသည်။
တိုက်ခိုက်ခံရလျှင်ပင် တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး တံဆိပ်တုံးကို လွယ်ကူစွာ လည်ပတ်နိုင်ပေသည်။
သို့သော် တိုက်ခိုက်မှု အရမ်း ပြင်းထန်ပါက အနည်းငယ် ခက်ခဲနိုင်၏။
"အကောင်းဆုံး အချိန်ကို ရှာပြီး အမြန်ဆုံး လည်ပတ်ရမယ်"
ဆရာဖူက ဆက်လက် ရှင်းပြနေခဲ့သည်။
အခြားသူများလည်း အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြ၏။
အရင်ကလည်း ဒီသီအိုရီတွေကို ပြောဖူးပေမယ့် ဒီနေ့လောက် အသေးစိတ် မပြောခဲ့ဖူးဘူးလေ။
တိုက်ရိုက် သရုပ်ပြတာတောင် ပါသေးတယ်။
ဒါက ကျန်းမန်အတွက် အထူး သီးသန့် သင်ပေးနေတာ ဖြစ်လောက်တယ်။
အဆောင် ခြောက်ဆောင် ဒုတိယ ဆိုတဲ့ နာမည်က ထင်ထားတာထက် ပိုပြီး အသုံးဝင်နေတာပဲ။
ရှင်းပြပြီးနောက် ဆရာဖူက ဝိညာဉ်ဆေးပင်များ ကိုင်တွယ်ပုံကို ထပ်မံ ရှင်းပြလိုက်၏။
ပါရမီ ရှိပါက ဤဘက်သို့ ရွေးချယ်နိုင်ပေသည်။
သို့သော် သင်ယူပြီးပါကလည်း ဤအလုပ်မျိုး ရနိုင်မည်ဟု မသေချာချေ။
အဘယ်ကြောင့်ဆိုသော် အားလုံးက နေရာယူထားပြီး ဖြစ်သောကြောင့်ပင်။
လော့ယွင်မြို့ လို နေရာမျိုးတွင် ဒီလို အလုပ်မျိုးက အပြင်လူတွေဆီ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။
ဆရာဖူ ထွက်သွားပြီးနောက် ကိုယ်ပိုင် ကျင့်ကြံရမည့် အချိန် ရောက်လာခဲ့သည်။
ဆဋ္ဌမမြောက် ခြံဝင်းငယ်က အရင်လိုပဲ ကြိုးကြိုးစားစားနဲ့ ဇွဲမလျှော့ဘဲ ဆက်လက် ကျင့်ကြံနေကြ၏။
ပထမနေရာက မပြန်သရွေ့ ဘယ်သူမှ ဒီလေထုကို မဖျက်ဆီးရဲကြဘူး။
အခြားတစ်ဖက်တွင် ချင်းယွင်ဆောင် ဒုတိယ ခြံဝင်းငယ်တွင် လီယွမ်က ကျင့်ကြံပြီးနောက် ပြန်ရန် ပြင်ဆင်လိုက်၏。
သူတို့ နေရာက လူတွေလည်း တကယ်တော့ အရမ်း ကြိုးစားကြပါတယ်။
အားလုံးက မိုးချုပ်တော့မယ့် အချိန်ရောက်မှ ပြန်ကြတာချည်းပဲ။
သို့သော် အပြင်ရောက်သည်နှင့် အခြား ခြံဝင်းငယ်များမှ လူများက ပြန်ထွက်သွားပြီးမှ အထဲသို့ ပြန်လှည့်ဝင်လာကြသည်ကို လီယွမ် တွေ့လိုက်ရ၏။
သူက လူတစ်ယောက်ကို ချက်ချင်း တားကာ ဘာဖြစ်လို့လဲဟု မေးလိုက်သည်။
သူ မေးလိုက်သူမှာ တိုက်တိုက်ဆိုင်ဆိုင် ကျန်းမန်၏ အခြေအနေကို မေးခဲ့ဖူးသူ ဖြစ်နေ၏။
ထိုလူက လီယွမ်ကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။
ထိုအခါ လီယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက ချင်းယွင်ဆောင် စတုတ္ထပဲ"
တစ်ဖက်လူ ကြောင်အမ်းသွားပြီး ခေါင်းငုံ့သွားခဲ့သည်။
စိတ်ထဲတွင် ကံဆိုးလိုက်တာ ဟု တိုးတိုးလေး ကျိန်ဆဲလိုက်ပြီးနောက် ပြောလိုက်၏။
"ဆဋ္ဌမမြောက် ခြံဝင်းငယ်ကို သွားကြည့်လိုက်ရင် မင်း သိပါလိမ့်မယ်"
လီယွမ် ဇဝေဇဝါ ဖြစ်သွားသည်။
နောက်ဆုံးတွင် ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ သွားကြည့်လိုက်ရာ ထိုနေရာမှ လူများက တစ်ယောက်မှ ပြန်မသွားသေးကြောင်း တွေ့လိုက်ရ၏။
ခေါင်းဆောင်လုပ်နေတဲ့သူက ပိုပြီးတော့တောင် အာရုံစိုက်ပြီး ကျင့်ကြံနေသေးတယ်။
တကယ်လို့ ဒီလူက သာမန်လူ တစ်ယောက် ဆိုရင်တော့ ကိစ္စမရှိပါဘူး။
ဒါပေမယ့်
သူက ချင်းယွင်ဆောင် ပထမ လေ။
လီယွမ် ဆွံ့အသွားရ၏။
ဒါက ဘယ်သူ့ကို ဖိအားပေးနေတာလဲ။