အခန်း ၇၆
Vol. 6 Ch. 76
အခန်း (၇၆) လူကောင်းတွေက ညအိပ်ပျက်ခံပြီး ကျင့်ကြံကြလို့လား မင်းကော ကျင့်ကြံလား
ချင်းယွင်ဆောင် ပထမရထားသူက မပြန်သေးဘဲ ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်သည်။
ထိုသို့ဆိုလျှင် ချင်းယွင်ဆောင် စတုတ္ထရထားသူက အရင် ပြန်ရဲစရာ အကြောင်း မရှိပေ။
ပထမရထားသူပင် ကြိုးစား ကျင့်ကြံနေချိန်တွင် သူက အစောကြီး ပြန်ပြီး အနားယူရဲမည် မဟုတ်ပေ။
အဆင့်သတ်မှတ်ချက် ဤမျှ နိမ့်ကျနေသည်ကို မိမိကိုယ်ကိုယ် ပြန်လည် မသုံးသပ်ဘူးလားဟု အများက တွေးကြပေမည်။
အကယ်၍ သူသာ ပြန်သွားပါက ဤသို့သော ပြစ်တင်ဝေဖန်သံများက နေရာအနှံ့မှ ထွက်ပေါ်လာလိမ့်မည်ဟု လီယွမ် ထင်မြင်မိသည်။
နောက်ဆုံးတွင် လီယွမ်က ပြန်လှည့်သွားကာ ကျင့်ကြံလိုက်တော့သည်။
ဒုတိယ ခြံဝင်းငယ်တွင် မပြန်သေးဘဲ ကျန်နေသူများက လီယွမ် ပြန်လာပြီး ကျင့်ကြံနေသည်ကို မြင်သောအခါ အတော်လေး ဇဝေဇဝါ ဖြစ်သွားကြသည်။
ဘာကြောင့် ရုတ်တရက်ကြီး ပြန်လာပြီး ကျင့်ကြံနေသနည်းဟု တွေးမိကြသော်လည်း ပထမရထားသူပင် ဤမျှ ကြိုးစားနေသည်ကို သိသောအခါ သူတို့လည်း အလွယ်တကူ မပြန်ရဲကြတော့ပေ။
အဆင့်သတ်မှတ်ချက် မမြင့်မားသော သူတို့အတွက် ပြန်ရန် အရည်အချင်းပင် မမီဟု ခံစားလိုက်ရသည်။
မူလက ချင်းယွင်ဆောင်မှ ပြန်သွားသူများကလည်း နောက်မှ ထွက်လာသူ အရေအတွက် အလွန် နည်းပါးနေသည်ကို သတိပြုမိသွားကြသည်။
ယခင်က ဤသို့ မဟုတ်ခဲ့သဖြင့် လူအများစု ဘယ်ရောက်သွားသနည်းဟု တွေးတောမိကြသည်။
အဝေးသို့ မရောက်သေးသော ကျင့်ကြံသူများက အထဲသို့ လှမ်းကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
အထူးသဖြင့် ခုနလေးတင် တံခါးဝမှ ထွက်လာသူက ရုတ်တရက် အထဲသို့ ပြန်လှည့်ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ထူးဆန်းနေတော့သည်။
ချက်ချင်းပင် ပြန်မည့်သူ အားလုံးက ဘာဖြစ်သလဲဆိုတာကို ပြန်သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
သိပ်မကြာမီမှာပင် သူတို့က ချင်းယွင်ဆောင် အတွင်းသို့ ပြန်ဝင်လာခဲ့ကြကာ ဤတစ်ကြိမ်တွင် ပိုမို ခြောက်ကပ်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သို့သော် အနားရောက်သွားသောအခါ ခြံဝင်းငယ်များထဲမှ အသံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရပြီး အထဲရှိ လူများ အားလုံး ကျင့်ကြံနေကြခြင်း ဖြစ်သည်။
တစ်နေရာတည်းသာ မဟုတ်ဘဲ မပြန်သေးသော ခြံဝင်းငယ်များ အားလုံးက ကျင့်ကြံနေကြခြင်း ဖြစ်သည်။
ထိုအရာက အပြင်တွင် ရပ်နေသော လူအနည်းငယ်ကို အတော်လေး ရှက်သွားစေခဲ့သည်။
အဆင့်သတ်မှတ်ချက် မြင့်သူများပင် အထဲတွင် ကျင့်ကြံနေကြရာ သူတို့က မည်သို့သော မျက်နှာမျိုးဖြင့် ပြန်ရဲမည်နည်းဟု စိတ်ထဲတွင် တွေးလိုက်မိကြသည်။
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ကာ ချင်းယွင်ဆောင်မှ ပြန်သူ အရေအတွက်က တစ်ရက်ထက်တစ်ရက် ပိုနည်းလာခဲ့သည်။
သုံးရက် ကြာပြီးနောက် ညနေစောင်း အချိန်တွင် မူလက လူသုံးလေးယောက် စုဝေးနေတတ်သော ချင်းယွင်ဆောင် တံခါးဝက ရုတ်တရက် ခြောက်ကပ်သွားခဲ့သည်။
ထွက်လာသူ တစ်ယောက်မှ မတွေ့ရတော့သဖြင့် အခြား အဆောင်များကို အတော်လေး အံ့ဩသွားစေခဲ့သည်။
ငါးရက် ကြာပြီးနောက် ချင်းယွင်ဆောင်မှ ကောလာဟလ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ညဘက်ဆိုသည်မှာ ကျင့်ကြံရန်အတွက်သာ ဖြစ်ပြီး အိပ်ရန်အတွက် လုံးဝ မဟုတ်ကြောင်းနှင့် ဤမျှ ငယ်ရွယ်ချိန်တွင် မည်သို့ အိပ်ပျော်နိုင်မည်နည်း ဟူသော စကားများ ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် အခြား အဆောင်များက ချင်းယွင်ဆောင်တွင် လမ်းလွဲနေသည့် အလေ့အထများ ပျံ့နှံ့နေသည်ဟု ထင်မြင်သွားကြသည်။
သို့သော် ချင်းယွင်ဆောင် ပထမနှင့် အဆောင် ခြောက်ဆောင် ဒုတိယ နေရာရထားသော ကျင့်ကြံသူက ဦးဆောင်ပြီး မအိပ်မနေ ကြိုးစား ကျင့်ကြံနေကြောင်းကို သိရှိသွားချိန်တွင်တော့ ကျင့်ကြံသူ အသီးသီးက သူတို့ကိုယ်သူတို့ သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းလွန်းသည်ဟု ခံစားသွားကြရသည်။
ကျန်ရှိနေသော အဆောင် ငါးဆောင်ရှိ လူတိုင်းက ထျန်းယွမ်ဆောင်၏ ပထမ ခြံဝင်းငယ်မှ ချန်မော့ယန်ကို ဝိုင်းကြည့်နေကြရာ အဘယ်ကြောင့်ဆိုသော် သူက အဆောင် ခြောက်ဆောင်၏ ပထမနေရာ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သူ ဘယ်အချိန် ပြန်မည်ကို စောင့်နေကြပြီး သူပြန်မှသာ လူတိုင်း ပြန်ရဲကြမည် ဖြစ်သည်။
ချန်မော့ယန် ဆွံ့အသွားရသည်။
တစ်စက္ကန့်အတွင်းမှာပင် သူက မီးကင်ခံရတော့မည့် အခြေအနေကို ရောက်သွားသလို ခံစားလိုက်ရသည်။
အကယ်၍ သူသာ ပထမနေရာကို ဆက်ထိန်းထားနိုင်လျှင် ပြန်ချင်သည့် အချိန် ပြန်၍ ရသော်လည်း နောက်တစ်ခါကျမှ ပထမနေရာက အခြားလူဆီ ရောက်သွားပါက သူ မကြိုးစား၍ဟု အပြစ်တင်ကြမည်မှာ သေချာပေသည်။
ထိုသို့မဟုတ်ပါက ဒုတိယက မည်သို့လုပ်၍ ပထမ ဖြစ်သွားမည်နည်း။
သူက မအိပ်မနေ ကြိုးစားပြီး ကျင့်ကြံနေ၍ ဖြစ်မည်ဟု ကောက်ချက်ချကြမည် ဖြစ်သည်။
ပထမနေရာ ရထားပြီး မကျင့်ကြံဘဲ ပျင်းရိနေသဖြင့် ကျင့်ကြံမှုအဆင့်များ ကျဆင်းသွားသည်ဟု ပြောကြမည်ဖြစ်ပြီး ဤအတောအတွင်း မည်မျှပင် တိုးတက်စေကာမူ အဆင့်သတ်မှတ်ချက် ကျသွားပါက ကျင့်ကြံမှုအဆင့် ကျဆင်းသွားသည်ဟုပင် သတ်မှတ်ကြမည် ဖြစ်သည်။
ယန်ဖုန်းက ချန်မော့ယန်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးချန် ဘယ်လိုလုပ်မလဲ"
ယခင်က သူတို့က ကျန်းမန်ကို လှောင်ပြောင်ခဲ့သော်လည်း ယခုအခါ တစ်ဖက်လူက ဘာမှ လုပ်စရာ မလိုဘဲ သူတို့ကို ကြီးမားသည့် ဖိအားများ ပေးနိုင်နေပြီ ဖြစ်သည်။
ကျင့်ကြံခြင်းကလည်း လူကို ဤမျှ ကြောက်စရာကောင်းသော ဖိအားမျိုး ပေးနိုင်ကြောင်းကို ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး ချန်မော့ယန် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ယခုအခါ သူက ကျင့်ကြံလျှင်လည်း အဆင်မပြေ မကျင့်ကြံလျှင်လည်း အဆင်မပြေ ဖြစ်နေကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယန်လင်းကော ဘယ်လိုနေလဲ"
ထိုအခါ ယန်ဖုန်းက ပြန်ဖြေလိုက်သည်။
"သူက တတိယလေ သူက အရည်အချင်း မမီဘူးတဲ့ သူ့သဘောက အဲဒီလိုပဲ"
ချန်မော့ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"လောလောဆယ်တော့ အရမ်း ဂရုစိုက်နေစရာ မလိုသေးဘူး လီ မိသားစုက လက်မစွမ်းပြသေးဘူးလေ ငါတို့လည်း အရင်အတိုင်းပဲ ဆက်လုပ်ရုံပဲ ကြည့်ရသေးတာပေါ့ လီ မိသားစုက သူ့ကို အထိနာအောင် လုပ်နိုင်မလား ဆိုတာ နောက်တစ်ခုက ချီသန့်စင်ခြင်း အဆင့်ရှစ်က လူတော်တော်များများရဲ့ အမြင့်ဆုံး အဆင့်ပဲ ထပ်တက်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲလဲ ဆင်းရဲသား ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး"
သူ့လက်ထဲမှ ပထမနေရာကို လုယူရန်မှာ မလွယ်ကူကြောင်း တွေးလိုက်မိသည်။
ထို့နောက် ချန်မော့ယန်က ဦးဆောင်ပြီး ပြန်သွားတော့သည်။
တစ်ခဏအတွင်းမှာပင် အဆောင် ခြောက်ဆောင်ထဲတွင် ချင်းယွင်ဆောင်မှလွဲ၍ ကျန်ရှိနေသော အဆောင်များ၏ လေထုက ပြိုကွဲသွားတော့သည်။
ယန်ဖုန်းကို နှုတ်ဆက်ပြီးနောက် ချန်မော့ယန် ပြန်လာခဲ့ပြီး စတင် ကျင့်ကြံတော့ကာ သူ မအိပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
အပြင်တွင်တော့ သူက တည်တည်ငြိမ်ငြိမ်ဖြင့် အဆောင် ခြောက်ဆောင် ဒုတိယနေရာ၏ ကျင့်ကြံမှုကို လျစ်လျူရှုထားနိုင်ပေသည်။
သို့သော် အိမ်ပြန်ရောက်ချိန်တွင်တော့ သူ သေချာပေါက် ရပ်နား၍ မရဘဲ အမြဲတမ်း ကျင့်ကြံနေမှ ရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက နောက်ကျကျန်ခဲ့မည် ဖြစ်ပြီး ပထမနေရာ ဟူသော ဂုဏ်ပုဒ်ပါ ပျောက်ဆုံးသွားနိုင်ပေသည်။
ဆင်းရဲသားများအတွက် အဆင့်တက်ရန် ခက်ခဲသည် ဆိုသော်လည်း မတော်တဆ ဖြစ်လာမည်ကို ကြောက်ရသေးပြီး သူက ဤမျှ အရှက်ကွဲခံနိုင်မည် မဟုတ်ပေ။
ပို၍ ကြိုးစားရမည်ဖြစ်ကာ ဝိညာဉ်ကျောက်တုံးများ ပိုမို အသုံးပြုရမည်ဖြစ်ပြီး ထိုသို့မှသာ ကျင့်ကြံမှု လေထုကို သူ လိုသလို ဖျက်ဆီးရဲမည် ဖြစ်သည်။
တစ်ည ကုန်လွန်သွားပြီးနောက် ချန်မော့ယန် အတော်လေး ပင်ပန်းနွမ်းနယ်စွာ ရပ်နားလိုက်ပြီး သူ၏ စိတ်ထဲတွင် သံသယတစ်ခု ဝင်လာခဲ့သည်။
တကယ်ပဲ မအိပ်ဘဲ အမြဲတမ်း ကျင့်ကြံနေနိုင်သည့် လူ ရှိသလားဟု တွေးမိခြင်း ဖြစ်သည်။
ထိုသို့လုပ်ခြင်းက စိတ်အာရုံကို စူးစိုက်၍ မရစေဘဲ တိုးတက်မှု အရှိန်ကို ပိုနှေးသွားစေမည် မဟုတ်ပါလား။
သို့မဟုတ် ကျန်းမန်က တကယ်တမ်းတွင် ခိုးပြီး ခဏအိပ်ကာမှ ပြန်ကျင့်ကြံနေခြင်းများလားဟု တွေးတောနေမိသည်။
ကံမကောင်းစွာဖြင့် သူ အဖြေရှာ၍ မရနိုင်သဖြင့် အချိန်တန်မှသာ ကြည့်ရန် ဆုံးဖြတ်လိုက်ရသည်။
ယခုလောလောဆယ်တွင် ပုံမှန်အတိုင်း ဆက်လက် သင်ယူပြီး အိမ်စောစောပြန်ကာ လူကွယ်ရာတွင် ကျင့်ကြံရမည် ဖြစ်သည်။
ဆင်းရဲသားများကို လှောင်ပြောင်သည့် ကိစ္စမျိုးကို ခေတ္တ ရပ်နားထားရမည်ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ကာ ပထမနေရာကို ထိန်းသိမ်းရန်က ပိုအရေးကြီးနေပေသည်။
အခြားတစ်ဖက်တွင် ယန်ဖုန်း အနားယူရာ နေရာမှ ထွက်လာချိန်တွင် ဘေးခန်း၌ နေသော ယန်လင်းနှင့် ဆုံတွေ့လိုက်သည်။
ယန်လင်းက သမ်းဝေရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ပြောနေသည်ကို မြင်လိုက်ရသည်။
"မနေ့ညက အိပ်လို့ တကယ် ကောင်းတာပဲ"
ထို့နောက် သူက နောက်သို့ လှည့်ကာ ယန်ဖုန်းကို မေးလိုက်သည်။
"ရှောင်ယန် မနေ့ညက အိပ်လို့ ကောင်းရဲ့လား"
ယန်ဖုန်းက ယန်လင်း၏ သွေးကြောများ နီရဲနေသော မျက်လုံးများကို ကြည့်ကာ ပြန်မေးလိုက်သည်။
"မင်း မျက်လုံးတွေ ဘာဖြစ်နေတာလဲ"
ယန်လင်းက မျက်လုံးကို ပွတ်ရင်း ဖြေလိုက်သည်။
"မနေ့ညက ကျင့်ကြံတာ နည်းနည်း လွဲသွားလို့ ရှောင်ယန် မင်းလည်း ကြည့်ရတာ လူက လန်းဆန်းနေပုံ မပေါ်ပါဘူး"
ယန်ဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အိပ်တာ များသွားလို့ပါ"
ယန်လင်းက ပြုံး၍ ပြောလိုက်သည်။
"မင်း မနေ့ညက ခိုးပြီး ညအိပ်ပျက်ခံ ကျင့်ကြံနေတာတော့ မဟုတ်ပါဘူးနော် မင်းတို့ ပြန်သွားတာ အရမ်း မြန်တော့ ကိုယ့်ကျင့်ကြံမှု အရှိန်ကို ဖျက်မယ့် ပုံစံမျိုး မဟုတ်ဘူးလို့ မှတ်မိနေတယ်"
ယန်ဖုန်းက ပြန်လည် ချေပလိုက်သည်။
"ငါက ဘာလို့ ညအိပ်ပျက်ခံပြီး ခိုးကျင့်ကြံရမှာလဲ မင်းကော လုပ်လို့လား"
ယန်လင်းက ချက်ချင်း ငြင်းဆိုလိုက်သည်။
"ငါကတော့ သေချာပေါက် မလုပ်ဘူး ဘယ်သူက အဲဒီလို လုပ်မှာလဲ ဆင်းရဲသားတွေပဲ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို အဲဒီလို ညှဉ်းပန်းနှိပ်စက်တာ မင်းက ဆင်းရဲသားမို့လို့လား"
ယန်ဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သေချာပေါက် မဟုတ်ဘူးပေါ့ဟ ဆင်းရဲသားတွေရဲ့ အကျင့်ကို လိုက်လုပ်စရာ မလိုဘူး"
သူတို့နှစ်ဦး အများကြီး ဆက်မပြောတော့ဘဲ ကိုယ့်လမ်းကိုယ် ထွက်သွားကြတော့သည်။
သူတို့က အဆောင် တစ်ခုတည်းတွင် သင်ယူနေကြခြင်း မဟုတ်ပေ။
အခြားတစ်ဖက်တွင် မြင်းတင်းကုပ် ခြံဝင်း၌ ကျန်းမန်က သမ်းဝေလိုက်ကာ မျက်လုံးများ အနည်းငယ် ကျိန်းစပ်နေသည်ကို ခံစားလိုက်ရသည်။
"ထူးဆန်းတယ် ချီသန့်စင်ခြင်း အဆင့်ရှစ်တောင် ရောက်နေပြီ ဘာလို့ စိတ်အာရုံ ကုန်ခမ်းတာ ပိုများလာသလို ခံစားရတာလဲ ကြည့်ရတာ စိတ်အာရုံကို အရင် မြှင့်တင်မှ ဖြစ်မယ်"
ကျန်းမန်က သက်ပြင်းချရင်း ပြောလိုက်သည်။
နွားဝါကြီးက ရုတ်တရက် မေးလိုက်သည်။
"မင်း ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ"
ကျန်းမန်က ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
နွားဝါကြီးက ဖြေလိုက်သည်။
"ညဘက် မင်းကို လာချောင်းကြည့်နေတဲ့ လူ တော်တော်များများ ရှိတယ် မိုးလင်းတော့မှ ပြန်သွားကြတာ"
ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ချက်ချင်း အဖြေထွက်သွားကာ ပြောလိုက်သည်။
"ငါ တကယ်ပဲ ညဘက် မအိပ်တာ ဟုတ်မဟုတ် ဆိုတာကို လာကြည့်ကြတာ ဖြစ်မယ်"
နွားဝါကြီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သူတို့က ဘာလို့ အဲဒါကို သေချာအောင် လာလုပ်နေရတာလဲ"
ကျန်းမန်က တည်ငြိမ်စွာ ခေါင်းခါပြရင်း ဖြေလိုက်သည်။
"ငါက သူတို့ကို လိမ်နေတယ်လို့ ထင်လို့ နေမှာပေါ့ ဒီလို အကျင့်ကောင်းမျိုးကို လိမ်နေစရာ လိုလို့လား ဒါပေမယ့် အခုတော့ သံသယ ဝင်တော့မှာ မဟုတ်ပါဘူး"
နွားဝါကြီး တိတ်ဆိတ်သွားခဲ့သည်။
ကျန်းမန်လည်း ဂရုမစိုက်တော့ဘဲ ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ သွားရန် ပြင်ဆင်လိုက်ပြီး ဆက်လက် ကျင့်ကြံရမည် ဖြစ်သည်။
စာသင်ချိန်ဖြစ်စေကာမူ သူက အမြဲတမ်း ကျင့်ကြံနေခဲ့သည်။
အချိန်က တကယ်ကို မမီတော့သဖြင့် အစွမ်းအစကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေပေသည်။
သို့သော် ခြံဝင်းထဲမှ ထွက်လာသည်နှင့် လီယွမ်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ မျက်နှာထားက သိပ်မကောင်းလှဘဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။
သို့သော် သူက စိတ်ကို တင်းထားကာ ပြောလိုက်သည်။
"အရင်တုန်းက ငါ့ရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် မင်းရဲ့ ကိစ္စတွေကို ဖျက်ဆီးမိမလို ဖြစ်သွားတယ် တကယ်တော့ နည်းနည်း တဇွတ်ထိုး ဆန်သွားလို့ပါ ဒါက ငါ့ရဲ့ တောင်းပန်တဲ့ လက်ဆောင်ပါ"
ပြောရင်းနှင့် သူက ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကို ထုတ်ပေးလိုက်သည်။
ကျန်းမန် အနည်းငယ် အံ့ဩသွားကာ ကပ်စေးနဲလှသော သခင်လေးက ယနေ့ မည်သို့လုပ်၍ ဤမျှ သဘောကျယ်နေသနည်း တကယ်ပဲ ပြဿနာ မရှိနိုင်ဘူးလားဟု တွေးတောမိလိုက်သည်။