အခန်း (၈၁-၈၂)
Vol. 7 Ch. 81-82
အခန်း (၈၁) ဒုက္ခပါပဲ ငါ့ရဲ့ အားနည်းချက်ကို လာထိနေပြီ
မေးမြန်းကြည့်ပြီးနောက် ဖန်ယုံက တိတ်တဆိတ် ပစ္စည်းများ ဝယ်လှောင်ပြီး ပြန်ရောင်းသည့် အလုပ်မျိုး မလုပ်ခဲ့ကြောင်း ကျန်းမန် သိရှိသွားသည်။
ဘာကြောင့်ပါလိမ့်ဟု တွေးလိုက်မိသည်။ မယုံကြည်၍များလားဟု တွေးတောမိသည်။
ထို့နောက် ဖန်ယုံက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဆင်းရဲလို့"
ကျန်းမန် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။ သခင်လေးဖန်လည်း ဆင်းရဲတာကိုးဟု တွေးမိလေသည်။
ထို့နောက် ကျန်းမန်က ထိုလူအကြောင်း ပြောလိုက်သည်။
"သူက အထပ်သုံးထပ်က ကျင့်ကြံသူ ဆိုတာလောက်ပဲ ငါ သိတယ် ပြီးတော့ သူတို့ မိသားစုက အတော်လေး ချမ်းသာတယ် ဆိုတာလည်း သိတယ် ဒါပေမယ့် ထူးဆန်းတာက သူက ဒီရက်ပိုင်း ဆင်းရဲသားတွေနဲ့ ဆက်သွယ်နေတာ အထူးသဖြင့် စာချုပ် မရှိတဲ့ ဆင်းရဲသားတွေပေါ့"
ဖန်ယုံက အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"မင်းနဲ့ ငါ့အပြင် တခြားလူတွေကိုလည်း သူ ခေါ်ထားလောက်တယ် ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပဲ"
"ငါတို့အတွက် ကောင်းမလား ဆိုးမလား ဆိုတာကိုတော့ အချိန်တန်မှပဲ သိရမှာပေါ့"
ပြောရင်းနှင့် ဖန်ယုံက ကျန်းမန်ကို ကြည့်လိုက်သည်။
"မင်းရဲ့ ပါရမီက အရမ်း မြင့်တော့ သတိထားသင့်တယ် လော် မိသားစုလိုမျိုး ဖြစ်လာနိုင်တယ်"
လော် မိသားစုက အိမ်ပါသမက် အမြဲ ရှာနေခဲ့သည် မဟုတ်ပါလား။
"အမျိုးသမီးလား"
ကျန်းမန်က မေးလိုက်သည်။
"အင်း"
ဖန်ယုံက ခေါင်းညိတ်လိုက်သည်။
ကျန်းမန်လည်း သိပ်မအံ့ဩခဲ့သော်လည်း မဟုတ်လောက်ဟု ထင်မြင်မိသည်။ လူတိုင်းက လော် မိသားစုကဲ့သို့ မျိုးဆက်ပြတ်မည့် ပြဿနာမျိုး ရှိနေမည် မဟုတ်ပေ။ ရည်ရွယ်ချက်ကိုမူ နေရာရောက်မှသာ သိနိုင်မည် ဖြစ်သည်။
တစ်ဖက်လူက မူလဈေးဖြင့် ဆေးလုံးများ ပေးနိုင်ရသည့် အကြောင်းရင်းကိုလည်း သိမြင်နိုင်ပေသည်။ ယခင်က သူမက ဖန်ယုံကို ကြိုတင် သတိပေးခဲ့သည်ဖြစ်ရာ ကြိုတင်၍ အများအပြား ဝယ်လှောင်ထားလောက်မည် ဖြစ်သည်။
မူလက သူမအနေဖြင့် ထိုသူများ ကိုယ်တိုင် လာရှာအောင် လုံလောက်သော အကျိုးအမြတ် တစ်ခုခု ပေးရမည် ဖြစ်သော်လည်း ယခုမူ မူလဈေးဖြင့် ဆေးလုံးများ ဆိုသော စကားတစ်ခွန်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
ဆင်းရဲသော ကျင့်ကြံသူများက အခြားသူများထက် တကယ်ကို ပို၍ ခက်ခဲလှပေသည်။ ထို့အပြင် မိသားစုကြီးများ၏ ဤနည်းလမ်းက တကယ်ကို အမြစ်ပြတ်အောင် လုပ်ခြင်းပင် ဖြစ်သည်။ ကုန်ဈေးနှုန်း တက်လာခြင်းက ဂိုဏ်းဝင်ခွင့် တံခါးဝရှေ့ ရောက်နေသော ကျင့်ကြံသူများကို တကယ်ကို အသေအလဲ ဖိအားပေးနိုင်ပေသည်။
စာချုပ် လက်မှတ်မထိုးပါက ဂိုဏ်းထဲ ဝင်၍ မရနိုင်ဘဲ လက်မှတ်ထိုးပြီး ဂိုဏ်းထဲ ရောက်သွားပါကလည်း ထိုမိသားစုကြီးများ အတွက် အလုပ်လုပ်ပေးရမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် လက်မှတ်ထိုးရမည်လား မထိုးရဘူးလား ဟူသော မေးခွန်း ဖြစ်လာသည်။
အချိန်တော်တော်များများတွင် ဝိညာဉ်ကျောက်တုံး မရှိသူများအတွက် ရွေးချယ်စရာ မရှိချေ။
ကျန်းမန်က ရွေးချယ်စရာ ရှိသည်ဟု ထင်ရသော်လည်း ကုန်ဈေးနှုန်း တက်လာမှု အောက်တွင် တကယ်တမ်းကျတော့ ရွေးချယ်စရာ မရှိပေ။ သူ ရှာဖွေနေသည်မှာ ပထမနေရာ ဖြစ်သည်။ သို့သော် ယခု ကုန်ဈေးနှုန်းဖြင့်ဆိုလျှင် ဝိညာဉ်ကျောက်တုံးများက လုံးဝ မလုံလောက်ပေ။ ပထမနေရာ ရချင်ပါက သေချာပေါက် ချီသန့်စင်ခြင်း အဆင့်ကိုးသို့ ရောက်မှ ဖြစ်မည်။ ထို့ကြောင့် ယခုအချိန်တွင် သူလည်း ထိုမိသားစုကြီးများကြောင့် စာချုပ် လက်မှတ်ထိုးရမည်လား ဆိုသော ထောင့်ကျဉ်းလေးထဲသို့ ရောက်နေရခြင်း ဖြစ်သည်။
ဖန်ယုံ၏ ဤလမ်းကြောင်းက အနည်းအကျဉ်း အကျိုးရှိပါစေဟုသာ မျှော်လင့်ရတော့မည် ဖြစ်သည်။
ခဏအကြာတွင် သူတို့နှစ်ဦး နေအိမ် ခြံဝင်းတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။ ဖန်ယုံက တံခါးကို စည်းချက်ကျကျ ခေါက်လိုက်သည်။ ချက်ချင်းပင် အမျိုးသမီး တစ်ဦးက တံခါးလာဖွင့်ပေးလေသည်။ တစ်ဖက်လူက အသက် ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်ခန့်သာ ရှိသေးပုံရပြီး မျက်နှာသွယ်သွယ်လေးနှင့် အပြုံးလေးတစ်ခုကို ဆင်မြန်းထားသည်။
"သခင်လေးဖန် ရောက်လာပြီလား"
တစ်ဖက်လူက ကျန်းမန်ကို တစ်ချက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
"သူငယ်ချင်း ပါလာတာလား အတော်ပဲ လူစုံသွားပြီ အထဲဝင်ကြပါ"
ပြောရင်းနှင့် သူမက အထဲဝင်ရန် လက်ဟန်ပြလိုက်သည်။
ကျန်းမန်က ဖန်ယုံနောက်မှ လိုက်ဝင်သွားခဲ့သည်။ ခြံဝင်းထဲတွင် အခြား လူသုံးယောက် ရှိနေသေးသည်။ အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦး ဖြစ်သည်။ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် ဆင်းရဲသားများမှန်း သိသာပေသည်။ ကျန်းမန်ထက် အနည်းငယ်သာ ပိုကောင်းလေသည်။
ဖန်ယုံကသာ သူတို့နှင့် သဟဇာတ မဖြစ်သလို ပုံပေါက်နေသည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်အစားများက ကြည့်ရုံဖြင့် ချမ်းသာသော မိသားစုမှ သခင်လေး ပုံစံမျိုး ဆိုတာ သိသာပေသည်။ ထိုသို့မဟုတ်ပါက ဆဋ္ဌမမြောက် ခြံဝင်းငယ်မှ လူများက မည်သို့လုပ်၍ သူ့ကို သခင်လေးဖန် ဟု ခေါ်ကြမည်နည်း။
သူတို့ကလည်း ဖန်ယုံကိုသာ စိုက်ကြည့်နေကြသည်။ ဤလူက ဆင်းရဲသား တစ်ယောက် ဟုတ်မဟုတ်ကို သေချာ မသိကြပေ။ သို့သော် ကျန်းမန်ကို မြင်လိုက်သောအခါတွင်မူ သူတို့ ခန့်မှန်းစရာ မလိုတော့ပေ။ သူတို့ကိုယ်သူတို့ပင် ပို၍ မြင့်မြတ်သည်ဟု ခံစားလိုက်ရသည်။
သို့သော် သူတို့ တစ်ယောက်မှ စကားမပြောခဲ့ကြချေ။
ကျန်းမန်နှင့် ဖန်ယုံတို့ ထိုင်ပြီးနောက် တံခါးဖွင့်ပေးသော အမျိုးသမီးကလည်း ထိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"ဒါဆို ကိုယ်တိုင် မိတ်ဆက်လိုက်ပါမယ် ငါ့နာမည်က ဝမ်ယန့် မင်းတို့ကို မူလဈေးနဲ့ ဆေးလုံးတွေ ရောင်းပေးနိုင်တဲ့ သူပေါ့"
"ငါ့မှာလည်း ရည်ရွယ်ချက် တစ်ခုခုတော့ သေချာပေါက် ရှိတယ် ဒါကြောင့် မင်းတို့ရဲ့ နာမည်တွေရယ် မင်းတို့ ရဖူးတဲ့ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်တွေကိုရယ် သိချင်ပါတယ်"
ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားသည်၊ ဤအရာက သူ၏ အားသာချက်ပင် ဖြစ်သည်ဟု တွေးမိလေသည်။
ငါးယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးက အရင် စကားပြောလိုက်သည်၊ သူမ၏ အသားအရေက ညိုမည်းနေပြီး နေပူထဲ အမြဲ နေရသည့် ပုံစံပေါက်နေသည်။
"လင်မင်မင် ကျန့်ယွဲ့အထပ် အဆင့်ဆယ့်ခြောက်"
သူမ၏ ဘယ်ဘက်ရှိ ရင့်ကျက်ပုံပေါက်သော အမျိုးသားက ဆက်ပြောလိုက်သည်။
"ကောင်းဖုန်း ကျန့်ယွဲ့အထပ် အဆင့်ဆယ့်လေး"
အခြားတစ်ဖက်ရှိ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသားက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ယွီချန် ပိုင်လီအထပ် အဆင့်ဆယ့်ခြောက်"
ကျန်းမန်က ကြားပြီးနောက် အနည်းငယ် အံ့ဩသွားသည်၊ အားလုံးက အထပ်သုံးထပ်မှ လူများချည်း ဖြစ်နေသည်။ ထို့အပြင် အဆင့်ဆယ့်ငါး ဝန်းကျင်တွင် ရှိနေသည်ဆိုပါက အစွမ်းအစက ဖန်ယုံထက် ပိုမြင့်မားကြောင်း ပြသနေသည်။ အချို့သော လက္ခဏာများကို ကြည့်ခြင်းအားဖြင့် ဤလူများ အားလုံးက ချီသန့်စင်ခြင်း အဆင့်ခုနစ်များ ဖြစ်လောက်ပေသည်။ အထပ်နှင့် အဆောင် ကွာခြားချက်က ဤမျှပင် ကြီးမားသလောဟု တွေးတောမိသည်။
ထိုစဉ် အားလုံးက ဖန်ယုံကို ကြည့်လိုက်ကြသည်။
"ဖန်ယုံ ချင်းယွင်ဆောင် အဆင့်ကိုး"
သူက ဖြည်းညှင်းစွာ ဖြေလိုက်သည်။
ဖန်ယုံ၏ အဆင့်သတ်မှတ်ချက်က ဤမျှ မြန်မြန် တက်သွားသည်လားဟု ကျန်းမန် စိတ်ထဲတွင် တွေးလိုက်မိသည်။ ယခင်က သူက ဆယ့်လေးတွင် ရှိစဉ်က ဖန်ယုံက ဆယ့်ခြောက် ဆယ့်ခုနစ် ခန့်တွင် ရှိလေသည်။ ယခု ကိုးပင် ဖြစ်သွားပြီ ဖြစ်ရာ အလွန် မြန်ဆန်လှပေသည်။
ထို့နောက် ကျန်းမန် အလှည့် ရောက်လာခဲ့သည်။
"ကျန်းမန် အဆောင် ခြောက်ဆောင် ဒုတိယ"
ကျန်းမန် ပြောပြီးနောက် သူတို့ကို ကြည့်နေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုသူများ အားလုံး အနည်းငယ် အံ့ဩသွားကြသည်။ ၎င်းမှာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို မြင်လိုက်ရသည့် အမူအရာပင် ဖြစ်သည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ အနာဂတ်တွင် ပို၍ပင် အံ့ဩရဦးမည် ဖြစ်သည်။
ဝမ်ယန့်ကလည်း ကျန်းမန်ကို စူးစိုက်ကြည့်လိုက်သည်၊ အဆောင် ခြောက်ဆောင်၏ ဒုတိယနေရာမှ လူ ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ တစ်ဖက်လူက ချမ်းသာသော သခင်လေးများနှင့် တစ်ခါမှ အဆက်အသွယ် မရှိခဲ့သဖြင့် သူမလည်း ကိုယ်တိုင် သွားရောက် ဆက်သွယ်၍ မရခဲ့ချေ။ အရမ်း သိသာလွန်းနေမည် စိုး၍ ဖြစ်သည်။ သို့သော် ဖန်ယုံက သူမကို အံ့ဩစရာလေး တစ်ခု ပေးလိုက်ခြင်းပင်။ ဤအဆောင် ခြောက်ဆောင်၏ ဒုတိယ နေရာမှ လူက မည်မျှ အစွမ်းရှိသနည်း ဆိုသည်ကိုတော့ မသိသေးပေ။
ချက်ချင်းပင် ဝမ်ယန့်က အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ငါ မင်းတို့ကို ဘာတွေ ပေးနိုင်လဲ ဆိုတာကို အရင် ပြောပြမယ် အခု အပြင်မှာ ဆေးလုံး ဈေးက ငါးရာကို ရောက်သွားပြီ ငါထင်ထားတာထက် ပိုမြန်တယ်"
"အရင်နှစ်တွေက အမြင့်ဆုံးမှ ခြောက်ရာအထိပဲ တက်တာ ဒီတစ်ခေါက်တော့ ခြောက်ရာ့ငါးဆယ် အထိ ရောက်သွားဖို့ အခွင့်အရေး ရှိတယ်"
"ဒါကြောင့် အခု ငါ့ဆီကနေ ဆေးလုံး ဝယ်မယ်ဆိုရင်"
"တစ်လုံးကို ဝိညာဉ်ကျောက်တုံး နှစ်ရာ သက်သာမယ်"
"ဒါပေမယ့် ငါ မင်းတို့အတွက် ဝယ်ပေးနိုင်တဲ့ အများဆုံး ပမာဏက အလုံး သုံးဆယ်ပဲ"
"အများဆုံး ဝိညာဉ်ကျောက်တုံး ခြောက်ထောင် သက်သာအောင် လုပ်ပေးနိုင်တယ်"
"ဒါပေမယ့် ဝယ်လို့ ရမယ့် အချိန်က ဒီလ တစ်လတည်းပဲ လကုန်ရင် ငါ ထွက်သွားတော့မှာ"
ပြောရင်းနှင့် သူမက စာအုပ် ငါးအုပ်ကို ထုတ်ကာ တစ်အုပ်စီ ဝေပေးလိုက်ပြီး ပြောလိုက်သည်။
"ငါ လိုချင်တာက အရမ်း ရိုးရှင်းပါတယ် ဒါက ကျင့်စဉ် တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုပါ မင်းတို့က အထဲမှာ ပါတဲ့ ကျင့်စဉ် လည်ပတ်မှု ပုံကြမ်းကို ရေးဆွဲပေးစေချင်တယ်"
"မင်းတို့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးရုံပါပဲ"
"ဗဟုသုတ တိုးလာတယ်လို့ သဘောထားလိုက်ပေါ့"
"မင်းတို့ အချိန် သုံးနာရီလောက် ရမယ်"
ဤကဲ့သို့သော ကိစ္စ လုပ်ရန်လောဟု ကျန်းမန် စိတ်ထဲတွင် အံ့ဩသွားသည်။ သို့သော် ဤသို့သော ကိစ္စ လုပ်ရန် ဆင်းရဲသားများကို ဘာကြောင့် ရှာရသနည်း။ တစ်ဖက်လူ၏ လုပ်ရပ်က အနည်းငယ် ဇဝေဇဝါ ဖြစ်စရာ ကောင်းနေသော်လည်း ကျန်းမန် အများကြီး ဆက်မမေးတော့ပေ။ ဤတစ်ကြိမ်က ဆေးလုံး ဝယ်ရန် လာခြင်း ဖြစ်သည်။ အောင်မြင်လျှင် ပြီးတာပင် ဖြစ်သည်။
ထို့နောက် သူက စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ အထက်တန်း စိတ်အာရုံကျင့်စဉ်နှင့် ဆင်တူသော စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသော်လည်း ဝေါဟာရများက မတူညီပေ၊ သို့သော် နားလည်ရ ခက်ခဲသော ခံစားချက်ကတော့ အတူတူပင် ဖြစ်သည်။
အထက်တန်းလော။
ကျန်းမန် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ဆရာကျောက်မှ တစ်ဆင့် သူ အချက်တစ်ချက်ကို နားလည်သွားခဲ့သည်။ ၎င်းမှာ အထက်တန်း ကျင့်စဉ် ဆိုသည်က အရမ်း ရခဲသည် ဆိုခြင်းပင် ဖြစ်သည်။ အရှေ့မှ လူက ယွင်ချန်ဌာနခွဲ၏ ထိပ်ဆုံး သုံးယောက်ထဲမှလော။ အထက်တန်း ကျင့်စဉ်ကို ရနိုင်သည်ပေါ့လေ။
ထို့နောက် ကျန်းမန်က အနည်းငယ် ဖတ်ကြည့်လိုက်ရာ စိတ်အာရုံကျင့်စဉ်နှင့် လုံးဝ မတူကြောင်း တွေ့လိုက်ရသည်၊ ထို့အပြင် ချီသန့်စင်ခြင်း ကျင့်စဉ်နှင့်လည်း မတူညီပေ။ မည်သို့ပင်ဆိုစေ သူက အလယ်အလတ် ချီသန့်စင်ခြင်း ကျင့်စဉ်ကို သင်ယူဖူးသည်ဖြစ်ရာ အကယ်၍ ဆင်တူသည် ဆိုပါက တစ်ခုခုတော့ သိသာမည် ဖြစ်သည်။
ထို့ကြောင့် ၎င်းမှာ အထက်တန်း သွေးကြောအင်အား ကျင့်စဉ် ပင် ဖြစ်သည်။
ဒုက္ခပါပဲ၊ ဗဟုသုတ အားအနည်းဆုံး အပိုင်း ဖြစ်နေလေသည်။ အနည်းငယ်တော့ အနိုင်ကျင့်လွန်းနေပြီ ဖြစ်သည်။
ထို့နောက် ကျန်းမန်က ကြိုးစား၍ အဆုံးထိ ဖတ်ကြည့်လိုက်သည်။ ဝေါဟာရ တော်တော်များများကို နားမလည်ကြောင်း တွေ့လိုက်ရသဖြင့် အရင်က သင်ယူခဲ့ဖူးသည်များကို အသုံးပြု၍ တွက်ချက်ကြည့်ရန်သာ ရှိတော့သည်။ ကံမကောင်းစွာဖြင့် တိုက်ရိုက် ကျင့်ကြံရခြင်း မဟုတ်ဘဲ သူ၏ ပါရမီက ကျင့်ကြံသည့် နေရာတွင်သာ ရှိပြီး သီအိုရီ ပိုင်းတွင် မရှိပေ။ မည်သို့ပင်ဆိုစေ သီအိုရီ ပိုင်းတွင် နွားဝါကြီး ရှိသေးသည် မဟုတ်ပါလား။ ကိုယ်တိုင် စဉ်းစားနေရန် အချိန်ပင် မရှိချေ။
ကျန်းမန်က ဖန်ယုံတို့ကို ခိုးကြည့်လိုက်သည်။ လူတိုင်းက အာရုံစူးစိုက်နေကြသည်။ တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ မသိသော်လည်း ကိုယ်က အညံ့ဆုံး ကျောင်းသား တစ်ယောက် ဖြစ်နေသလို ခံစားချက်မျိုးတော့ အလိုလို ဝင်နေမိသည်။
ထို့နောက် ကျန်းမန်က တွက်ချက်မှုများ စတင်ကာ ပုံကြမ်း ရေးဆွဲတော့သည်။ စမ်းကြည့်ရုံသာ ရှိတော့သည်၊ မရလျှင်လည်း ထားလိုက်တော့မည်။ မည်သို့ပင်ဖြစ်စေ အမှတ်ပေးပြီးမှ ဆေးလုံး အရေအတွက် သတ်မှတ်ပေးမည်တော့ မဟုတ်လောက်ပါဘူးလေ။
"ဒါနဲ့ အညံ့ဆုံး ရေးဆွဲတဲ့ သူက ဆေးလုံး အရေအတွက် ဆယ်လုံး လျှော့ခံရမယ် ပြီးတော့ အဲဒါကို အကောင်းဆုံး ရေးဆွဲနိုင်တဲ့ သူကို ပေးမယ်"
ဝမ်ယန့်က ရုတ်တရက် ပြောလိုက်သည်။
ကျန်းမန် ဆွံ့အသွားရသည်။
အလုံး နှစ်ဆယ်ပဲ ကျန်တော့တာလား။ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံး တစ်သောင်းသုံးထောင်က လုံးဝ အသုံးမဝင်တော့ဘူးပေါ့လေ။ အလုံး သုံးဆယ်ကို ဆက်ထိန်းထားနိုင်ရန် ကျန်းမန်က ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စတင် တွက်ချက်ရတော့သည်။
အခန်း (၈၂) ကျန်းမန်က အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်ရင် အနာဂတ် မရှိတော့ဘူး
အချိန်များက အလွန် မြန်ဆန်စွာ ကုန်လွန်သွားခဲ့သည်။
အထူးသဖြင့် ကျင့်စဉ်ကို နားလည်ရန် အာရုံစူးစိုက်နေချိန်တွင် ပို၍ပင် မြန်ဆန်လှသည်။
ကျန်းမန်က ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ သွေးကြောလည်ပတ်မှု ပုံကြမ်းကို စဉ်းစားတွက်ချက်နေခဲ့သည်။
သို့သော် တိုက်ရိုက် ကျင့်ကြံခွင့် မရသဖြင့် မှန်ကန်သော သွေးကြောများကို တိကျမြန်ဆန်စွာ ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။
ယခု လုပ်ငန်းစဉ်က တကယ်ကို အလွန် ခက်ခဲလှသည်။
ပြိုင်ဘက်ကင်း ပါရမီရှင်ပင် အဟန့်အတားနှင့် ရင်ဆိုင်နေရပုံပေါ်သည်။
အထက်တန်း ကျင့်စဉ်က တကယ်ကို အရမ်း ခက်ခဲလွန်းသည်။
ထို့အပြင် ၎င်းက အစိတ်အပိုင်း တစ်ခုသာ ဖြစ်နေသေးသည်။
တကယ်တမ်းတွင် တစ်ဖက်လူက ဤမျှ သတိထားနေရန် မလိုပေ၊ အထက်တန်း ကျင့်စဉ်ကို လုံးဝ ကျင့်ကြံ၍ မရနိုင်သောကြောင့် ဖြစ်သည်။
ကြိုတင် မှတ်ပုံတင်ထားခြင်း မရှိပါက ဤကဲ့သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံခွင့် မရှိဘဲ တိတ်တဆိတ် ကျင့်ကြံပါက တစ်နေ့တွင် သေချာပေါက် သိသာသွားမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်တက်သွားသည်နှင့် ဖုံးကွယ်ထား၍ မရနိုင်တော့သောကြောင့်ပင်။
သိုင်းပညာရပ်များသာ မသုံးဘဲ နေ၍ ရသဖြင့် အနည်းအကျဉ်း ဖုံးကွယ်ထားနိုင်ပေသည်။
လရောင်က ကောင်းကင်ယံမှ ကြယ်များနှင့်အတူ မြေပြင်ပေါ်သို့ ငွေရောင် ခြုံလွှာကို ဖြန့်ကျက်ထားသည်။
သုံးနာရီ အချိန်က တိတ်တဆိတ် ကုန်လွန်သွားခဲ့၏။
"အချိန်ပြည့်ပြီ" ဝမ်ယန့်က ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားသော် အားလုံးက သက်ပြင်းချလိုက်ကြ၏။
ကျန်းမန်က သူဆွဲထားသော မပြည့်စုံသည့် သွေးကြောလည်ပတ်မှု ပုံကြမ်းကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ဒီလောက် ခေါင်းစားခံပြီး စဉ်းစားတာတောင် မဆွဲနိုင်ဘူးပဲ။
အခြေခံက အားနည်းလွန်းပြီး ဒီလိုမျိုးတွေနဲ့ ပတ်သက်လို့ နားလည်မှုက အရမ်း နည်းလွန်းတယ်။
ပြီးတော့ ကိုယ့်ရဲ့ အခြေအနေကို အခြေခံပြီး တွက်ချက်လို့လည်း မရဘူး။
ငါ့ရဲ့ ပါရမီ လမ်းကြောင်းနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။
အခြေခံ ဗဟုသုတတွေကို ပြန်ဖြည့်တင်းပြီး အကုန်လုံးကို နားလည်အောင် လုပ်ဖို့ဆိုတာကလည်း အချိန် အရမ်း ပေးရဦးမယ်။
ဝမ်ယန့်က စာအုပ် ငါးအုပ်ကို ပြန်သိမ်းလိုက်ပြီးနောက် အစကတည်းက မိတ်ဆက်ခဲ့သော လင်မင်မင်ကို ကြည့်ကာ ပြောလိုက်သည်။
"နင် ငါ့နောက်က အရင် ဝင်ခဲ့"
ချက်ချင်းပင် သူတို့နှစ်ဦး အထဲသို့ ဝင်သွားကြ၏။
ကျန်ရှိနေသော လေးယောက်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ထို ဝမ်ယန့် ဆိုသူက ဘာလုပ်မလဲ ဆိုတာကိုတော့ မသိကြချေ။
ခဏအကြာတွင် လင်မင်မင် ပြန်ထွက်လာပြီး အသက် နှစ်ဆယ့်ခုနစ်နှစ်၊ နှစ်ဆယ့်ရှစ်နှစ်ခန့် ရှိပုံရသော ကောင်းဖုန်း ဝင်သွားသည်။
"သူက နင့်ကို ခေါ်သွားပြီး ဘာလုပ်ခိုင်းတာလဲ" ယွီချန်က မေးလိုက်၏။
"ငါ ဘယ်လို စဉ်းစားလဲ ဆိုတာကို မေးတာပါ"
လင်မင်မင်က အမှန်အတိုင်း ဖြေလိုက်သည်။
မကြာမီ ကောင်းဖုန်း ပြန်ထွက်လာခဲ့၏။
ထို့နောက် ယွီချန်၊ ထို့နောက် ဖန်ယုံ….
တစ်ယောက်စီတိုင်းက အလွန် မြန်ဆန်ကြသည်။
ကျန်းမန်ကတော့ နောက်ဆုံးမှ ဖြစ်၏။
မိမိကိုယ်ကိုယ် မိတ်ဆက်ခဲ့သည့် အစဉ်လိုက်အတိုင်း ဝင်ရခြင်း ဖြစ်သည်။
"ထိုင်"
အထဲရောက်ပြီးနောက် ဝမ်ယန့်က ကျန်းမန် ဆွဲထားသော သွေးကြောလည်ပတ်မှု ပုံကြမ်းကို ကြည့်ကာ ပြောလိုက်သည်။
"မင်း ဘယ်လို စဉ်းစားလဲ ဆိုတာ ပြောပြပါဦး"
ကျန်းမန်က အမှန်အတိုင်း ရှင်းပြလိုက်၏။
ဒါတွေ အကုန်လုံးက အလယ်အလတ် ချီသန့်စင်ခြင်း ကျင့်စဉ်နဲ့ အထက်တန်း စိတ်အာရုံကျင့်စဉ်ကို အခြေခံပြီး တွက်ချက်ထားတာလေ။
ဟုတ်ပါတယ်၊ သူက အဖြေကိုပဲ ပြောပြခဲ့တာဖြစ်ပြီး အထက်တန်း စိတ်အာရုံကျင့်စဉ် ဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။
ထို့နောက် ဝမ်ယန့်က ခေါင်းညိတ်လိုက်၏။
ပြီးနောက် ကျန်းမန်ကို အပြင်တွင် သွားစောင့်ရန် ပြောလိုက်သည်။
လူထွက်သွားပြီးနောက် သူမက ကျန်းမန်၏ စာအုပ်ကို ပိတ်လိုက်ပြီး အပေါ်တွင် 'ခုနစ်' ဟု ရေးလိုက်၏。
"နည်းနည်းတော့ ပိုကောင်းပါတယ် ဒါပေမယ့် သာမန်ပါပဲ ဒီလောက် နားလည်နိုင်စွမ်းနဲ့ သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက လုံးဝ အချိုးမညီဘူး"
"ယုတ္တိအရဆိုရင် သူ ဒီထက်ပိုပြီး နားလည်သင့်တာ"
"ဒီလိုဆိုရင် သူ့ပါရမီက ဝိညာဉ်စွမ်းအင် အပေါ်မှာပဲ ရှိနေတာ ဒါမှမဟုတ် တိတ်တဆိတ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး စားထားတာ ဖြစ်ရမယ်"
ဝမ်ယန့်က စားပွဲကို ခေါက်ကာ စိတ်ထဲတွင် မှန်းဆကြည့်လိုက်သည်။
"အဲဒီအထဲမှာ အထက်တန်း စိတ်အာရုံကျင့်စဉ်ရဲ့ စဉ်းစားပုံကို သုံးသွားတာ တွေ့ရတယ် ဒါကို ကြည့်ခြင်းအားဖြင့် သူ အထက်တန်း စိတ်အာရုံကျင့်စဉ်နဲ့ အဆက်အသွယ် ရှိခဲ့ဖူးတာ သေချာတယ် အရင်တစ်ခေါက် စမ်းသပ်ပွဲမှာ ပါဝင်ခဲ့ဖူးလောက်တယ်"
"ဒါဆို အရင်းအမြစ်တွေ အများကြီး စားထားတယ် ဆိုတဲ့ ဖြစ်နိုင်ခြေလည်း ရှိတာပဲ"
"ပါရမီက ရှိပေမယ့် ပြသနေသလောက်တော့ မမြင့်မားဘူး"
"ဂိုဏ်းထဲ ရောက်သွားရင် အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး"
"ဝိညာဉ်စွမ်းအင်ကို ရိုးရိုးရှင်းရှင်း စုပ်ယူရုံလောက်နဲ့ပဲ ချီသန့်စင်ခြင်း အဆင့်ကို ကျော်သွားပြီးရင် ဘယ်လိုလုပ် အမြန် တက်နိုင်တော့မှာလဲ"
"မျှော်လင့်ထားတာ များသွားတယ်"
"ကြည့်ရတာ သူ့ကို ကူညီပေးစရာ မလိုတော့ပါဘူး"
"ယွင်ချန်ဌာနခွဲမှာ ဘယ်လောက်ပဲ တောက်ပနေပါစေ တန်ဖိုးက သိပ်မရှိပါဘူး"
"အရင် တစ်ယောက်နဲ့ ယှဉ်လိုက်ရင် ကွာဟချက်က အရမ်း ကြီးမားလွန်းတယ်"
ဆုံးဖြတ်ချက်ချပြီးနောက် ဝမ်ယန့် မတ်တပ်ရပ်လိုက်၏။
စားပွဲပေါ်ကို တစ်ချက် ကြည့်လိုက်သည်။
ထိုအချိန်တွင် စားပွဲပေါ်၌ စာအုပ် ငါးအုပ်ကို အစဉ်လိုက် စီထား၏။
ပထမစာအုပ်တွင် 'ခြောက်' ဟု ရေးထားသည်။
ဒုတိယစာအုပ်တွင် 'ငါး' ဟု ရေးထားသည်။
တတိယစာအုပ်တွင် 'ခြောက်' ဟု ရေးထားသည်။
ပဉ္စမမြောက် စာအုပ်ဖြစ်သော ကျန်းမန်၏ စာအုပ်တွင် 'ခုနစ်' ဟု ရေးထားသည်။
စတုတ္ထစာအုပ်တွင်တော့ အကြီးကြီးဖြင့် 'ကိုး' ဟု ရေးထားသည်ကို တွေ့ရသည်။
ခြံဝင်းထဲတွင် ကျန်းမန်တို့က ဝမ်ယန့် ထွက်လာသည်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီး သူမက ပြုံး၍ ပြောလိုက်၏။
"အကြာကြီး စောင့်လိုက်ရပြီ"
သူမက ထိုင်လိုက်ပြီး အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"ငါ လိုချင်တဲ့ အရာကို ရပါပြီ အခု မင်းတို့ အလှည့် ရောက်ပြီ"
"နောက်တစ်ခုက ဒီတစ်ခေါက် သွေးကြောလည်ပတ်မှု ပုံကြမ်းထဲမှာ ဖန်ယုံက ပိုပြီး အသေးစိတ်ကျတယ် ကောင်းဖုန်းကတော့ နည်းနည်း ကြမ်းတမ်းတယ်"
"ဒါကြောင့် ဖန်ယုံက အလုံး လေးဆယ် ဝယ်လို့ရမယ် ကောင်းဖုန်းက အလုံး နှစ်ဆယ် ကျန်တဲ့သူတွေက အလုံး သုံးဆယ် စီ ဝယ်လို့ရမယ်"
ဤသတင်းက ဘာသက်ရောက်မှုမှ မရှိခဲ့ချေ။
ကျန်းမန်ကတော့ အတော်လေး အံ့ဩသွားသည်၊ လျှော့ခံရတဲ့ သူတွေက ဝမ်းမနည်းကြဘူးလား။
"ငါ ဆယ့်ငါးလုံးပဲ လိုချင်တယ်" ကောင်းဖုန်းက တိုက်ရိုက် ပြောလိုက်၏။
ကျန်းမန် ဆွံ့အသွားရသည်။
မေ့သွားတာပဲ၊ သူတို့က မချမ်းသာကြဘူးလေ။
ထို့နောက် ကျန်းမန် သတိထားမိလိုက်သည်မှာ ထိုသူများ အားလုံးက ဆယ့်ငါးလုံး၊ ဆယ့်ရှစ်လုံး၊ နှစ်ဆယ့်တစ်လုံး ဝန်းကျင်လောက်သာ ဝယ်ယူကြခြင်း ဖြစ်သည်။
ဖန်ယုံက အလုံး နှစ်ဆယ်ဟု ပြောလိုက်ချိန်တွင် ကျန်းမန်က အမှန်တရား တစ်ခုကို နားလည်သွားခဲ့၏။
ကိုယ်က သူတို့ထက် ပိုချမ်းသာနေတာပဲ။
သို့သော် သူက အနည်းငယ် စဉ်းစားပြီးနောက် ဖန်ယုံကို ကြည့်ကာ မေးလိုက်သည်။
"မင်း နောက်ပိုင်း ဆက်ဝယ်ဦးမှာလား"
အဘယ်ကြောင့်ဆိုသော် ကန့်သတ်ချက် ကျန်နေသေးပါက ဒီလထဲတွင် ထပ်လာဝယ်လို့ ရသေးသောကြောင့် ဖြစ်၏။
ဖန်ယုံက အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"အများဆုံး နောက်ထပ် ဆယ်လုံးလောက်ပဲ ဝယ်နိုင်တော့မယ်"
ထိုအခါ ကျန်းမန်က ချက်ချင်း ပြောလိုက်၏။
"ဒါဆို ဒီတစ်ခေါက် အလုံး သုံးဆယ် ဝယ်လိုက်"
အဓိပ္ပာယ်ကတော့ ရှင်းပါတယ်၊ သူ့အတွက် ဆယ်လုံး ပိုဝယ်ပေးဖို့ တောင်းဆိုတာပါ။
ဖန်ယုံ ကြောင်အမ်းသွားပြီး ပြောလိုက်သည်။
"ငါ တစ်လုံး ယူမယ်"
ကျန်းမန်ကလည်း စကားမများတော့ဘဲ ချက်ချင်း လက်ခံလိုက်၏။
"သဘောတူတယ်"
ထို့နောက် သူက အလုံး သုံးဆယ် ဝယ်ရန် ရွေးချယ်လိုက်သည်။
အားလုံးပေါင်း အလုံး လေးဆယ်၊ စုစုပေါင်း တန်ဖိုး ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင် ဖြစ်၏。
တစ်ထောင်လောက် ကျန်သေးတယ်၊ ကံမကောင်းတာက ဆက်ဝယ်လို့ မရတော့တာပဲ။
"မင်းမှာ ဝိညာဉ်ကျောက်တုံး ဒီလောက် အများကြီး ဘယ်က ရလာတာလဲ"
ဖန်ယုံက သိချင်စိတ်ဖြင့် မေးလိုက်၏။
အခြားသူများလည်း အံ့ဩသွားကြသည်။
"ချေးလာတာ မင်း ငါ့ကို ချေးမလို့လား ငါ ဂိုဏ်းထဲ ရောက်သွားရင် သုံးထောင်ကို သုံးထောင့်သုံးရာ ပြန်ဆပ်မယ်"
ကျန်းမန်က ဖန်ယုံကို ကြည့်ကာ မေးလိုက်သည်။
ဖန်ယုံက ကျန်းမန်ကို လျစ်လျူရှုထားလိုက်၏။
အခြားသူများလည်း တိတ်ဆိတ်နေကြသည်။
ဝမ်ယန့်ကတော့ ပြုံးရုံသာ ပြုံးနေခဲ့၏။
ကျန်းမန်က ဂိုဏ်းထဲကို ဝင်နိုင်မှာ သေချာတယ် ဆိုပေမယ့် ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် အကုန်ခံပြီး စွန့်စားစရာ မလိုပါဘူး။
အခုချိန်မှာ အားလုံးက စားပွဲဝိုင်း တစ်ခုတည်းမှာ ထိုင်နေကြတာ မှန်ပါတယ်။
ဒါပေမယ့် ဂိုဏ်းထဲ ရောက်သွားရင်တော့ တစ်ယောက်က ကောင်းကင်၊ တစ်ယောက်က မြေကြီး ဖြစ်သွားမှာပါ။
ဆေးလုံးများ ပေးပြီးနောက် သူမက အားလုံးကို ပြန်လွှတ်လိုက်၏。
လမ်းတွင် ကျန်းမန်က ဆေးလုံး သုံးဆယ့်ကိုးလုံးကို သိမ်းထားလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ချီသန့်စင်ခြင်း အဆင့်ကိုး ရောက်ဖို့ မျှော်လင့်ချက် ရှိလာပြန်ပြီ။
မလုံလောက်သေးဘူး ဆိုပေမယ့်လည်း နီးကပ်လာပါပြီ။
စိတ်ထဲက ကျောက်တုံးကြီး တစ်လုံး ကျသွားသလိုပါပဲ။
လမ်းတွင် ဖန်ယုံက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မေးလိုက်၏။
"မင်း အထဲဝင်သွားတုန်းက တစ်ဖက်လူက မင်းကို ဘာများ ပေးလိုက်သေးလဲ"
ကျန်းမန် အတော်လေး အံ့ဩသွားသော်လည်း နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။
"မပေးပါဘူး"
ဖန်ယုံလည်း ဆက်မမေးတော့ချေ။
ထိုအခါ ကျန်းမန်လည်း ထပ်မမေးတော့ပါဘူး၊ ဖန်ယုံကတော့ ရွေးချယ်ခံလိုက်ရပြီလို့ တွေးမိသည်။
အဲဒီ မိသားစုတွေရဲ့ စာချုပ်တွေနဲ့ ဆင်တူလောက်တယ်။
ဒါပေမယ့် ပိုပြီးတော့ လွတ်လပ်ခွင့် ရှိလောက်တယ်။
ကိုယ့်ကို ဘာလို့ မရွေးချယ်ခဲ့သလဲ ဆိုတဲ့ အကြောင်းရင်းကတော့ ကျန်းမန်အတွက် အရမ်း ရိုးရှင်းပါတယ်။
တစ်ဖက်လူက အမြင်ကျဉ်းမြောင်းလို့လေ။
ဒါက တစ်ဖက်လူရဲ့ အပြစ်တော့ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ မိစ္ဆာနတ်ဘုရား နွားဝါကြီးတောင် သူ့ရဲ့ ပါရမီ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို မမြင်နိုင်ခဲ့ဘူးလေ။
ဖန်ယုံကို နှုတ်ဆက်ပြီးနောက် ကျန်းမန်က မြင်းတင်းကုပ်သို့ ပြန်လာခဲ့ပြီး ကျင့်ကြံခြင်းကို စတင်တော့၏။
အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။
နေ့စဉ်နေ့တိုင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများကို ပါးစပ်ထဲ သွင်းနေခဲ့၏။
သုံးရက် ကြာပြီးနောက် အဋ္ဌမမြောက် ဘူးသီးက နောက်ဆုံးတော့ ဆယ်ရာခိုင်နှုန်း ပြည့်သွားခဲ့သည်။
ခုနစ်ရက် အကြာတွင် နှစ်ဆယ်ရာခိုင်နှုန်း
ဆယ့်ငါးရက် အကြာတွင် လေးဆယ်ရာခိုင်နှုန်း
မေလ တစ်ရက်နေ့
ဒီနေ့ အပြင်မှာ ဆေးလုံး ဈေးက ခြောက်ရာ့တစ်ဆယ် အထိ တက်သွားခဲ့ပြီ ဖြစ်၏။
ယွင်ချန်ဌာနခွဲ မှ လူအများစုက မဝယ်နိုင်ကြတော့ချေ။
ထိုမိသားစုများကို ဝင်ရောက်သွားသူများကတော့ ဤကဲ့သို့သော သောကမျိုး မရှိဘဲ ဆေးလုံးများကို အဆက်မပြတ် စားသုံးကာ ကျင့်ကြံနေကြ၏။
ဖက်တီးလေး၏ မျက်ကွင်းညိုများက ပို၍ ဆိုးရွားလာသည်။
လူကလည်း အတော်လေး ပိန်ချုံးသွား၏။
ကျန်းမန်က သူ့ကို ဆက်လုပ်ရန် အားပေးလိုက်သည်။
ဖက်တီးလေးလို ချမ်းသာတဲ့ သခင်လေးတွေက ဒုက္ခခံဖို့ လိုတယ်၊ မဟုတ်ရင် ကိုယ့်စိတ်ထဲမှာ မသက်မသာ ဖြစ်နေမှာ။
သို့သော် ကျန်းမန်လည်း အနားယူရန် ရည်ရွယ်ချက် မရှိဘဲ ချင်းယွင်ဆောင် ကို ဦးဆောင်ကာ အဆက်မပြတ် ကျင့်ကြံနေခဲ့၏။
လကုန် အကဲဖြတ်စစ်ဆေးမှုတွင် ချင်းယွင်ဆောင် တစ်ခုလုံး သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
ပြဿနာက လူတော်တော်များများ စိတ်အာရုံ ချို့တဲ့နေတာပဲ။
ဆရာတချို့ကတောင် သူတို့ကို အနားယူခိုင်းနေရပြီ။
ဒါပေမယ့်
တခြားလူတွေကမှ မနားတာကိုး။
အကဲဖြတ်စစ်ဆေးမှုတွင် ကျန်းမန်၏ အမှတ်က ကိုးဆယ် ဖြစ်၏။
ချင်းယွင်ဆောင် တွင် ပထမ ဖြစ်နေဆဲပင်။
ဤတစ်ကြိမ်တွင် အခြား အဆောင်များကလည်း ကျန်းမန်၏ အမှတ်ကို အာရုံစိုက်နေကြသည်။
ထို့နောက် သူတို့ တွေ့ရှိသွားသည်မှာ ကျန်းမန်၏ အမှတ်က ထျန်းယွမ်ဆောင် မှ ချန်မော့ယန် နှင့် တူညီသွားခြင်းပင် ဖြစ်သည်။