အခန်း (၈၃-၈၄)
Vol. 7 Ch. 83-84
အခန်း (၈၃) ကျန်းမန်၊ ငါတစ်ယောက်တည်းပဲ ကျောထောက်နောက်ခံ မရှိတာ
တူညီသော အမှတ်များ ရရှိခဲ့သော်လည်း ချန်မော့ယန်ကို ခြံဝင်းငယ်တွင် ဆက်လက် ကျင့်ကြံစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
အရင်အတိုင်း အစောကြီး ပြန်သွားခဲ့သည်။
သို့သော် ပြန်ရောက်ပြီးနောက်တွင် သူ ထပ်မံ အပြင်မထွက်တော့ချေ။
ယခင်ကဆိုလျှင် အပြင်ထွက်၍ စိတ်အပန်းဖြေခြင်း၊ ဆင်းရဲသားများကို လှောင်ပြောင်ခြင်းများ ပြုလုပ်လေ့ရှိသည်။
သို့သော် ကျန်းမန် မအိပ်ဘဲ ကျင့်ကြံနေသည်ဟူသော သတင်း ထွက်ပေါ်လာပြီးနောက် သူ တစ်ရက်မျှ အပြင်မထွက်တော့ချေ။
အဆောင် ခြောက်ဆောင်၏ ဒုတိယနေရာက အဆောင် ခြောက်ဆောင် တစ်ခုလုံး အပေါ် မိုးကုပ်စက်ဝိုင်း တစ်ခုလို ဖုံးလွှမ်းထားကာ သူတို့ကို ဖိအားများ ခံစားရစေသည်။
ဒါက အဆောင် ခြောက်ဆောင်မှာ ပထမဆုံးအကြိမ် ဒီလို ဖိအားမျိုး ခံစားရတာပဲ။
သို့သော် ဆေးလုံးများ ဈေးတက်လာခြင်းက ချမ်းသာသော ပါရမီရှင်များကို သက်ပြင်းချနိုင်စေခဲ့သည်။
ဒီလို အခြေအနေမှာ ကျန်းမန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူးလေ။
ထိုအရာများ အပေါ် ကျန်းမန်က အာရုံမစိုက်ခဲ့ချေ။
ယခုအခါ သူက ကျင့်ကြံခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။
သိုင်းပညာရပ်ကိုတောင် ခဏတာ လက်လျှော့ထားလိုက်သည်။
ဆရာဖူက သူ့ကို အကြံပေးခဲ့ဖူးသည်။
သို့သော် ကျန်းမန်က ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး သိုင်းပညာရပ်ကို ဆက်လက် မမြှင့်တင်ခဲ့ချေ။
ဆရာကျောက်ကလည်း ကြည့်နေရုံသာ ကြည့်နေပြီး အခြားစကားများ မပြောခဲ့ပေ။
ဤကာလအတွင်း ထိုမိသားစုများက ကျန်းမန်ကို ပစ်မှတ်ထား၍ အချို့သော အရာများ ပြုလုပ်ခဲ့ကြသည်။
အထူးသဖြင့် ညအိပ်ပျက်ခံ ကျင့်ကြံခြင်းကို အကြောင်းပြကာ သူ့ကို သေချာ အနားယူစေရန် ကြိုးစားခဲ့ကြ၏。
အကယ်၍ အပြစ်ပေးရန် အခန်းပိတ်လှောင်ခိုင်းခြင်းမျိုး ဆိုပါက ချင်းယွင်ဆောင်က တားဆီးပေးနိုင်ပေသည်။
သို့သော် ဤ အလုပ်နှင့် အနားယူခြင်း မျှတစေရန် ဟူသော အကြောင်းပြချက်ကိုတော့ ချင်းယွင်ဆောင်က အနည်းငယ် တွေဝေသွားခဲ့၏။
လက်ခံပြီး နားချရန်ပင် ရွေးချယ်ခဲ့သည်။
သို့သော် ဆရာကျောက်က တားဆီးပေးခဲ့၏။
ထိုအရာများ အပြင် အခြားသော ကောက်ကျစ်သည့် နည်းလမ်းများဖြင့် သူ့ကို စွပ်စွဲရန် ကြိုးစားခဲ့ကြသေးသည်။
ဥပမာအားဖြင့် ဆန်ကြမ်း နှစ်ပိဿာ ဝယ်သော်လည်း တစ်ပိဿာဖိုးသာ ပေးသည်ဟု ဆိုခြင်းမျိုး ဖြစ်၏။
ထိုမိသားစုများ၏ အကူအညီဖြင့် ဤကိစ္စက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
သို့သော် ကျန်းမန်ထံသို့ မရောက်လာမီ ဆရာကျောက်က တားဆီးပေးခဲ့၏။
ပြန်လည် နှိမ်နင်းပေးခဲ့သည်။
တစ်ကိစ္စပြီး တစ်ကိစ္စ၊ တကယ်ကို လူကို ပင်ပန်းစေခဲ့သည်။
သို့သော် တကယ်တမ်းတွင်မူ သူ့ကို မထိခိုက်စေခဲ့ပေ။
ထိုအရာများကို အစပိုင်းတွင် ကျန်းမန် မသိခဲ့သော်လည်း အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးပြီးနောက် ကျန်းမန်က ဆရာကျောက်ထံ သွားရောက်ချိန်မှသာ တစ်ဖက်လူက ပြောပြခဲ့ခြင်း ဖြစ်၏。
သူ၏ အခက်အခဲများကို ပြောပြခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ ပေးဆပ်မှုကို မှတ်သားထားပြီး လုံလောက်သော ကျေးဇူးဆပ်မှု ပေးရန် လိုအပ်ကြောင်း ကျန်းမန် နားလည်လိုက်သည်။
ကျန်းမန်က အနည်းငယ်မျှ မငြင်းဆိုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် တကယ်တမ်း ပြဿနာများ ရောက်လာပါက သူသာလျှင် အခက်တွေ့ဆုံး ဖြစ်မည်ကို သိသောကြောင့် ဖြစ်၏。
ကျင့်ကြံရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် လိုအပ်ပေသည်။
ဒီလူတွေရဲ့ အဆက်မပြတ် နှောင့်ယှက်မှုတွေကို ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းမန်၏ ဆေးလုံးများကလည်း တဖြည်းဖြည်း နည်းပါးလာခဲ့သည်။
ဈေးကြီးပေးပြီးတောင် ဆေးလုံးတွေ ဝယ်ခဲ့ရသေးတယ်။
မေလကုန်တွင်
ကျန်းမန်၏ ဆေးလုံးများ အားလုံး ကုန်ခမ်းသွားခဲ့ပြီး ဝိညာဉ်ကျောက်တုံးများပင် ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ထို့ကြောင့် သူက အဋ္ဌမမြောက် ဘူးသီးကို တစ်ချက် ကြည့်လိုက်ရာ ကိုးဆယ့်ရှစ် ရာခိုင်နှုန်း ပြည့်နေပြီ ဖြစ်သည်။
နောက်ထပ် ဆေးလုံး တစ်လုံး စားလိုက်ပါက ပြည့်လုနီးပါး ဖြစ်သွားမည် ဖြစ်၏။
သို့သော် တစ်လုံးကို ခြောက်ရာ့လေးဆယ် ဖြစ်နေပြီ။
မဝယ်နိုင်တော့ဘူး။
ဒါဆို ဖြေရှင်းဖို့ နည်းလမ်း ရှာရတော့မှာပေါ့။
ဇွန်လလယ်သို့ ရောက်ရန် ဆယ့်ငါးရက်သာ လိုတော့သည်။
"ရှုံးပြီလား"
နွားဝါကြီးက အနားရောက်လာပြီး မေးလိုက်၏。
ကျန်းမန်က ခေါင်းခါပြလိုက်သည်။
"ပါရမီက ဒီမှာ ရှိနေတာပဲ ငါက ဘယ်လိုလုပ် ရှုံးမှာလဲ"
"အဲဒါ ဆင်းရဲသွားတာပေါ့"
နွားဝါကြီးက ခေါင်းငုံ့၍ မြက်စားရင်း ပြောလိုက်၏。
ကျန်းမန်က တကယ်ပဲ ဆင်းရဲသွားခဲ့သည်။
ယခုအခါ ဝိညာဉ်စုဆောင်းခြင်း ခန်းမတွင် မီးသွားထွန်းလျှင်ပင် ဆေးလုံး တစ်လုံး ဝယ်ရန် ခုနစ်ရက် အချိန်ယူရမည် ဖြစ်၏။
အဟန့်အတားကို ကျော်လွှားနိုင်ရန် စိတ်အာရုံကိုလည်း မြှင့်တင်ရန် လိုအပ်သေးသည်။
လိုအပ်သည့် ဆေးလုံးကလည်း တစ်လုံး၊ နှစ်လုံးတည်း မဟုတ်ပေ။
သူတောင် ဒီလောက် လိုအပ်နေတာ၊ တခြား ဆင်းရဲသားတွေဆို ပိုတောင် ဆိုးဦးမှာပေါ့။
ဖန်ယုံ ပြောစကားအရဆိုလျှင် လူအများအပြားက စာချုပ်များ လက်မှတ်ထိုးပြီးသွားကြပြီ ဖြစ်၏။
အရင်က ဝမ်ယန့်ဆီ အတူတူ သွားခဲ့တဲ့ ငါးယောက်ထဲမှာ ငါတို့ နှစ်ယောက်ပဲ မိသားစုတွေနဲ့ စာချုပ် လက်မှတ်မထိုးရသေးတာ။
ဇွန်လ တစ်ရက်နေ့…..
ဆဋ္ဌမမြောက် ခြံဝင်းငယ်၏ အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာခဲ့သည်။
ပထမနေရာ ကျန်းမန်၊ အမှတ် ကိုးဆယ်။
ဒုတိယနေရာ ဖန်ယုံ၊ အမှတ် ခုနစ်ဆယ့်ငါး။
ခုနစ်ဆယ့်ငါးမှတ် ဆိုသည်မှာ ချီသန့်စင်ခြင်း အဆင့်ခုနစ် ကို ဆိုလိုခြင်း ဖြစ်၏。
မိသားစု၏ အကူအညီ မပါဘဲ အဆင့်ခုနစ်သို့ တက်လှမ်းနိုင်ခြင်းက ကျန်းမန်ကို ဝမ်ယန့် အား ပြန်လည် သတိရသွားစေခဲ့သည်။
ဒီလိုဆိုရင်တော့။
ဖန်ယုံက သူမဆီက အကူအညီ ရထားတာပဲ။
ဘယ်လို စာချုပ်မျိုးလဲ ဆိုတာတော့ မသိဘူး။
ယခုအခါ ဆင်းရဲသားများထဲတွင် ကျန်းမန် တစ်ယောက်တည်းသာ မိသားစု သို့မဟုတ် လျှို့ဝှက် အဖွဲ့အစည်း တစ်ခုခုသို့ ဝင်ရောက်ခြင်း မရှိသေးပေ။
"ကိုးဆယ်မှတ် ငါ တွေးတောင် မတွေးရဲဘူး"
အမှတ်ကို ကြည့်ရင်း ဖက်တီးလေးက သက်ပြင်းချလိုက်၏。
ယခုအခါ ဖက်တီးလေး၏ မျက်လုံးတစ်ဝိုက်တွင် ညိုမည်းနေပြီး တစ်ကိုယ်လုံး အခြေအနေလည်း သိပ်မကောင်းလှချေ။
အချိန်မရွေး လဲကျသွားနိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။
သို့သော် သူ၏ ကျင့်ကြံမှုအဆင့်ကတော့ အတော်လေး တိုးတက်လာခဲ့၏။
အမှတ်က သိပ်ပြီး မပြောင်းလဲသွားသော်လည်း နောက်ဆုံးကနေ ရေတွက်လျှင် ပဉ္စမနေရာ မဟုတ်တော့ပေ။
ချီသန့်စင်ခြင်း အဆင့်လေးသို့ ရောက်သွားပါက ထိပ်ဆုံး ဆယ့်ငါးယောက်စာရင်းသို့ ဝင်ရန် ဖြစ်နိုင်ခြေ ရှိပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက တခြားသူတွေထက် ညအိပ်ပျက်ခံတာ ပိုများတာကိုး။
သို့သော် အခြားသူများက ညဘက် ပြန်ရောက်လျှင် ခိုးပြီး ကျင့်ကြံခြင်း ရှိမရှိ မေးသောအခါ ဖက်တီးလေးက လုံးဝ မရှိကြောင်း ကျိန်တွယ်၍ ပြောဆိုလေ့ရှိ၏။
စုန်ချင့်က ဖက်တီးလေး၏ မျက်ကွင်းညိုများကို ကြည့်ကာ တစ်ခုခု ပြောချင်သော်လည်း မျိုသိပ်ထားလိုက်သည်။
နောက်ဆုံးတွင် ဘာစကားမှ မပြောခဲ့ချေ။
"အစ်ကိုကျန်း ဒါက ဒီလအတွက် ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေပါ"
ဖက်တီးလေးက ကျန်းမန်ကို လစဉ် သင်ကြားခကို ပေးအပ်လိုက်၏။
ကျန်းမန်က တကယ်တော့ အနည်းငယ် နောင်တရမိသည်၊ အရင်တုန်းက ဘာလို့ ဝိညာဉ်ကျောက်တုံး တောင်းခဲ့တာလဲ။
တိုက်ရိုက် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တောင်းခဲ့ရမှာ။
အခု ဝိညာဉ်ကျောက်တုံးတွေက ဆေးလုံး ဘယ်လောက်မှ ဝယ်လို့ မရတော့ဘူး။
ထို့နောက် ကျန်းမန်က တတိယမြောက် စာအုပ်ကို ဖက်တီးလေးထံ ပေးလိုက်၏။
ဒီလောက်ဆို လုံလောက်ပြီ။
"သေချာ ကြိုးစားပြီး ကျင့်ကြံ၊ တစ်နေ့တော့ အောင်မြင်လာမှာပါ"
ကျန်းမန်က အားပေးစကား ဆိုလိုက်သည်။
ဒီအချိန်မှာမှ လက်လျှော့လိုက်ရင် အိမ်ပြန်ပြီး မိသားစု အလုပ်ကို ဆက်ခံရတော့မှာလေ။
သူ့သူငယ်ချင်းလေး ဒီလို ဆုတ်ယုတ်သွားတာကို သူ မမြင်ရက်ဘူး။
ညအိပ်ပျက်ခံပြီး ကြိုးစားတာကမှ တကယ့် လမ်းမှန်ပဲ။
ဖက်တီးလေးက စာအုပ်ကို အလွန် ဝမ်းသာအားရ လက်ခံလိုက်ပြီးနောက် ပြောလိုက်၏။
"အစ်ကိုကျန်း ကြားရသလောက်တော့ အစ်ကိုတို့ ရွာက ပါရမီရှင်က ပြီးခဲ့တဲ့လကတင် ယွင်ချန်ဌာနခွဲရဲ့ သင်ခန်းစာတွေကို အောင်မြင်သွားလို့ ဂိုဏ်းက ကြိုပြီး လာခေါ်သွားတယ်တဲ့"
"ကြားရသလောက် သူနဲ့အတူ လူတစ်ယောက်ကိုလည်း ဂိုဏ်းဆီ ခေါ်သွားသေးတယ်တဲ့"
"အဲဒီ ခေါ်သွားခံရတဲ့ လူက တကယ် ကံကောင်းတာပဲ"
"အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်စရာ မလိုဘဲ ဂိုဏ်းထဲကို လအနည်းငယ် ကြိုပြီး သွားကျင့်ကြံလို့ ရတာလေ"
ထိုစကားကို ကြားသော် ကျန်းမန် အတော်လေး အံ့ဩသွား၏။
"ယွင်ချန်ဌာနခွဲရဲ့ သင်ခန်းစာတွေကို ကြိုပြီး ပြီးသွားတာလား"
ဒီလိုကိစ္စမျိုး ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဖက်တီးလေးက ခေါင်းညိတ်ကာ လေးလေးနက်နက် ပြောလိုက်၏။
"ဟုတ်တယ် ကြားရသလောက် တစ်နှစ်အတွင်း ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး၊ သွေးကြောအင်အား ကျင့်စဉ် အဆင့်ကိုး၊ စိတ်အာရုံကျင့်စဉ် အဆင့်ကိုး ကို အောင်မြင်သွားတာတဲ့"
အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်ခြောက် ရှိလောက်တယ် ဟု ကျန်းမန် စိတ်ထဲတွင် တွေးလိုက်မိသည်။
တကယ်ကို အစွမ်းထက်တာပဲ။
ပေ့ရွာမှာ ဒီလောက် အစွမ်းထက်တဲ့ ပါရမီရှင် ရှိသေးတာလား။
ကျန်းမန် အတော်လေး အံ့ဩသွား၏။
အရင်တုန်းက အကြောင်းတွေကို ပြန်တွေးကြည့်ပေမယ့် ဘယ်သူလဲ ဆိုတာကို စဉ်းစားလို့ မရဘူး။
အဲဒီတုန်းက ကိုယ်က အ လိုလို၊ န လိုလို ဖြစ်နေတာ၊ တစ်ခါတလေ လာအနိုင်ကျင့်တဲ့ သူတွေကိုတောင် မှတ်မိတာ မဟုတ်ဘူး။
အသက်အရွယ် တူတဲ့ သူတွေထဲမှာလည်း တကယ်ကို အမှတ်ရစရာ မရှိဘူး။
ဒါပေမယ့် နှစ်အနည်းငယ် ကြာသွားပြီ ဆိုတော့၊ ငယ်ငယ်တုန်းက တွေ့ဖူးရင်တောင် အခုချိန်မှာ မှတ်မိတော့မှာ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာတုန်းက အကုန်လုံးက ညိုမည်းပြီး ပိန်ပိန်ပါးပါးတွေချည်းပဲလေ၊ အပြင်ရောက်တော့မှ အသားတွေ ဖြူလာကြတာ။
စိတ်ဓာတ်နဲ့ အသွင်အပြင် ကလည်း လုံးဝ ကွာခြားသွားပြီ။
ပြန်မှတ်မိဖို့ ဆိုတာ အရမ်း ခက်ခဲသွားပြီ။
ပြန်သွားရင်တောင် တစ်ရွာလုံးနဲ့ သဟဇာတ ဖြစ်မှာ မဟုတ်တော့ဘူး။
ရွာက အရမ်း ဆင်းရဲတော့ လူကို ကောင်းကောင်း မမွေးမြူနိုင်ဘူးလေ။
"အစ်ကိုကျန်းသာ အရှေ့ ခြံဝင်းငယ်မှာ ဒီလောက် အစွမ်းထက်ရင် ဂိုဏ်းထဲကို ကြိုပြီး သွားလို့ ရမှာ"
ဖက်တီးလေးက အနည်းငယ် နှမြောတသစွာဖြင့် ပြောလိုက်၏。
"မင်းကို အတူတူ ခေါ်သွားလို့ ရလား"
ကျန်းမန်က မေးလိုက်သည်။
"မရဘူးလေ လူခေါ်သွားလို့ ရတယ် ဆိုပေမယ့် အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်ခုနစ် ရှိမှ ရတာ"
ဖက်တီးလေးက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
"ကြားရသလောက်တော့ ဒီတစ်ခေါက် လိုက်သွားတာက ဝမ် ဆိုတဲ့ မိသားစု အသေးလေးက လူတဲ့"
"ဝမ် လို့ နာမည်ရလား"
ကျန်းမန် အနည်းငယ် သိချင်သွားသည်။
"ဘယ်သူလဲ"
"မသိဘူး"
ဖက်တီးလေးက ခေါင်းခါပြလိုက်၏။
ကျန်းမန်ကတော့ သေချာပေါက် ဝမ်ယန့်ကို ပြန်သတိရသွားသည်။ သူမကလည်း ဧပြီလကုန်၊ မေလဆန်းလောက်မှာ ထွက်သွားမယ်လို့ ပြောခဲ့တယ်လေ။
ကိုက်ညီနေတယ်။
ဒါဆို ဖန်ယုံက အဲဒီ ပါရမီရှင်ရဲ့ မျက်စိကျခြင်းကို ခံလိုက်ရတာလား။
သူ့မှာလည်း ကျောထောက်နောက်ခံ ရှိသွားပြီပေါ့၊ ဒါကြောင့်လည်း အဆင့်ခုနစ်ကို ဒီလောက် မြန်မြန် တက်နိုင်တာကိုး။
ဒါက အစပဲ ရှိသေးတယ်၊ ဂိုဏ်းထဲ ရောက်သွားရင် လမ်းခင်းပေးမယ့်သူ ရှိလောက်တယ်။
ဒါပေမယ့် ဒါတွေ အကုန်လုံးက ယာယီပါပဲ။
မကြာခင်မှာ ငါ သူတို့ကို ကျော်တက်သွားမှာပါ၊ ကျန်တာကတော့ ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာဇယား အတိုင်းပဲ၊ အရင်ဆုံး ငါ့ရဲ့ နောက်ကျောကိုပဲ မြင်ရမယ်၊ နောက်တော့ လုံးဝ မြင်ရတော့မှာ မဟုတ်ဘူး။
ထိုစဉ် ဆရာကျောက် ရုတ်တရက် ဝင်လာခဲ့၏။
ဆဋ္ဌမမြောက် ခြံဝင်းငယ်က ချက်ချင်း တိတ်ဆိတ်သွားသည်။
သူ ရောက်လာသည်နှင့် ကျန်းမန်နှင့် ဖန်ယုံတို့ကို ကြည့်ကာ ပြောလိုက်၏။
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲမှာ အပြောင်းအလဲ အသစ်တွေ ရှိတယ် သိုင်းပညာရပ်နဲ့ ကျင့်စဉ် စာရင်းတွေ ထွက်လာပြီ မင်းတို့ ဖတ်ကြည့်လိုက်ကြဦး"
ပြောရင်းနှင့် သူက စာအိတ် နှစ်အိတ်ကို လှမ်းပေးလိုက်သည်။
ကျန်းမန် ကြောင်အမ်းသွားသည်၊ ဒီလောက် မြန်တာလား။
အရင်တုန်းကဆိုရင် ဆယ့်ခြောက်၊ ဆယ့်ခုနစ်ရက်နေ့လောက်မှ စာအိတ် ရောက်လာတာလေ။
အခုမှ တစ်ရက်နေ့ပဲ ရှိသေးတာ။
အခန်း (၈၄) ကျန်းမန်၊ မင်းက တကယ်ကော ဆင်းရဲသား ဟုတ်သေးရဲ့လား
ဒါက ဒီနှစ်အတွက် နောက်ဆုံးအကြိမ် ယှဉ်ပြိုင်လုယူပွဲ ဖြစ်ပြီး မမျှော်လင့်ထားသော အခြေအနေများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသည်။
ကုန်ဈေးနှုန်းကဲ့သို့ပင် ပြောင်းမည်ဆိုပါက ချက်ချင်း ပြောင်းလဲသွားတတ်ပေသည်။
ထို့အပြင် ဒီနှစ် ဂိုဏ်းမှ လူလာရောက်မှု ခပ်စိပ်စိပ် ဖြစ်နေပြီး ကြိုတင် ခေါ်ဆောင်သွားခံရသော ပါရမီရှင် တစ်ယောက်ပင် ထွက်ပေါ်လာသေးသည်။
ထို့ကြောင့် ဤတစ်ခေါက် အပြောင်းအလဲ ရှိနိုင်ခြေက ပိုများနေပေသည်။
သို့သော် ကျန်းမန်ကတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မလုပ်ရသေးချေ။
ဤအပြောင်းအလဲက ကုန်ဈေးနှုန်းကို မထိခိုက်ရန်သာ မျှော်လင့်ရတော့သည်။
ထို့နောက် ကျန်းမန်က စာအိတ်ကို ကြည့်လိုက်သည်။
အထဲတွင် ကျင့်စဉ် သုံးခု ရေးထားသည်။
အလယ်အလတ် စိတ်အာရုံကျင့်စဉ်
အလယ်အလတ် သွေးကြောအင်အား ကျင့်စဉ်
ထို့နောက် တတိယတစ်ခုက အထက်တန်း ချီသန့်စင်ခြင်း ကျင့်စဉ် ဖြစ်သည်။
တတိယအကြိမ် ယှဉ်ပြိုင်လုယူပွဲတွင် အထက်တန်း ချီသန့်စင်ခြင်း ကျင့်စဉ် ပါလာသည်ကို ကျန်းမန် အတော်လေး အံ့ဩသွားခဲ့သည်။
ယခု သူသုံးနေသည်က အလယ်အလတ် အဆင့်သာ ရှိသေးသည်။
သို့သော် ဤသည်က သူလိုချင်သည့်အရာ မဟုတ်ပေ။
ထို့နောက် သူ ဆက်ဖတ်ကြည့်လိုက်သည်။
အချို့မှာမူ သိုင်းပညာရပ်များ ဖြစ်ကြသည်။
ထိုအထဲတွင် တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး သိုင်း ပါဝင်နေသည်။
တတိယအကြိမ်တွင်ပင် ပါနေသေးသည်ကို ကျန်းမန် အနည်းငယ် အံ့ဩမိသည်။
ထို့နောက် သူ ဆက်ဖတ်လိုက်သည်။
နဂါးဟောက် တံဆိပ်တုံး
အလင်းဖေးမ သိုင်း
ရေစီးကြမ်း လက်ဝါး
ထို့နောက် ကျန်းမန်က အဆုံးထိ ဖတ်ကြည့်လိုက်သည်။
နောက်ဆုံး စာကြောင်းတွင် အရာနှစ်ခု ရေးထားသည်ကို တွေ့လိုက်ရသည်။
အရှေ့တွင် ကောင်းကင် နှလုံးသား တံဆိပ်တုံး
အနောက်တွင် ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ဝင်ခွင့်
ကျန်းမန် နားမလည်နိုင် ဖြစ်သွားသည်။
ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ဝင်ခွင့် ဆိုသည်မှာ ဘာလဲ ဟု တွေးမိသည်။
ဖန်ယုံ ဖတ်ပြီးသွားချိန်တွင်လည်း နားမလည်နိုင် ဖြစ်သွားသည်။
ဆရာကျောက်က သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"ဖတ်လို့ ပြီးပြီလား"
"ဆရာကျောက်က နောက်ဆုံး စာကြောင်းကို ပြောချင်တာလား"
ကျန်းမန်က မေးလိုက်သည်။
အခြားအရာများဆိုလျှင် အပြောင်းအလဲ အကြီးကြီးဟု မသတ်မှတ်နိုင်ပေ။
ထိုသို့ဆိုလျှင် ပြဿနာက လျှို့ဝှက်နယ်မြေပင် ဖြစ်သည်။
"နောက်ဆုံး စာကြောင်းမှာ သိုင်းပညာရပ် တစ်ခုနဲ့ ဝင်ခွင့် တစ်ခု ပါတယ် ဘယ်ဟာက ပိုထူးခြားလဲ"
ဖန်ယုံကလည်း မေးလိုက်သည်။
ဆရာကျောက်က တည်ငြိမ်စွာ ဖြေလိုက်သည်။
"ကောင်းကင် နှလုံးသား တံဆိပ်တုံး က သာမန် သိုင်းပညာရပ် မဟုတ်ဘူး"
စကားတစ်ခွန်းတည်းဖြင့် ကျန်းမန်နှင့် ဖန်ယုံတို့ မျက်လုံးအိမ်များ ကျုံ့ဝင်သွားစေခဲ့သည်။
ချီသန့်စင်ခြင်း အဆင့်တွင် သာမန်အဆင့်ကို ကျော်လွန်သော အရာများ မရှိသလောက် ရှားပါးလှသည်။
သိုင်းပညာရပ် ဖြစ်စေ ကျင့်စဉ် ဖြစ်စေ အမြင့်ဆုံးက သာမန်အဆင့် အထက်တန်းသာ ဖြစ်သင့်သည်။
လော့ယွင်မြို့ တွင်သာ ဤသို့ ဖြစ်သည် မဟုတ်ပေ။
အခြားနေရာများတွင်လည်း အတူတူပင် ဖြစ်သည်။
သို့သော် ရုတ်တရက် ပေါ်လာသော ဤ ကောင်းကင် နှလုံးသား တံဆိပ်တုံး က ဘယ်လို ဖြစ်ရသနည်း။
"ပိုနေတဲ့ အကြောင်းအရာတွေကိုတော့ မင်းတို့ဘာသာမင်းတို့ သွားစုံစမ်းကြတော့ ငါ ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ဝင်ခွင့် အကြောင်းပဲ ပြောပြမယ် ဒီ လျှို့ဝှက်နယ်မြေက အခြေခံတည်ဆောက်ခြင်း အဆင့်နဲ့ သက်ဆိုင်တယ်"
ဆရာကျောက်က လေးလေးနက်နက် ပြောလိုက်သည်။
ပိုလျှံသော စကားများ မရှိခဲ့ချေ။
အခြေခံတည်ဆောက်ခြင်း ဆိုသော စကားလုံး နှစ်လုံးကပင် လုံလောက်သော အလေးချိန်ကို ပြသနေပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူကြီးများ ဆိုသည်မှာ ယွင်ချန်ဌာနခွဲမှ ကျင့်ကြံသူများ စိတ်ကူးပင် မယဉ်ဝံ့သော အရာများ ဖြစ်သည်။
ထို လျှို့ဝှက်နယ်မြေက အခြေခံတည်ဆောက်ခြင်း အဆင့်နှင့် သက်ဆိုင်နေသည်ဆိုရာ မည်မျှ တန်ဖိုးကြီးမည်ကို သိမြင်နိုင်ပေသည်။
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲက အရမ်း ပြင်းထန်လောက်တယ်"
ဖန်ယုံက ပြောလိုက်သည်။
ကျန်းမန် မျက်လွှာချလိုက်ပြီး ကြည့်ရသည်မှာ ဤတစ်ခေါက် အခြေအနေက ယခင်ကထက် ပို၍ ခက်ခဲလောက်မည်ဟု တွေးလိုက်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့်နှင့် သက်ဆိုင်သော ဝင်ခွင့်ဆိုသည်မှာ မည်သည့်အရာမှန်း မသိသော်လည်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်အနေဖြင့် သေချာပေါက် ရယူရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား ကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
သတ်မှတ်ထားသော ရက် သုံးရာကလည်း သိပ်မကျန်တော့ပေ။
ကြည့်ရသည်မှာ နည်းလမ်းများ အများကြီး ထပ်စဉ်းစားမှ ရတော့မည်။
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲက ထင်ထားတာထက် အများကြီး ပိုပြီး ပြင်းထန်လိမ့်မယ် တကယ်လို့ မင်းတို့ မပါဝင်ချင်ဘူး ဆိုရင် မကြာခင်မှာပဲ မင်းတို့ကို လာရှာတဲ့သူတွေ ရှိလာလိမ့်မယ် တကယ်လို့ မင်းတို့ ပါဝင်ချင်တယ် ဆိုရင်တော့ မြန်မြန် ပြင်ဆင်ထားကြတော့"
ဆရာကျောက်က ပြောလိုက်သည်။
တကယ်တော့ ကျန်းမန် ဝင်ရောက် ယှဉ်ပြိုင်မည်လား ဆိုသည်ကို သူကိုယ်တိုင်လည်း သေချာ မသိချေ။
ချီသန့်စင်ခြင်း အဆင့်ရှစ် နှင့် ယှဉ်ပြိုင်၍ မရနိုင်ပေ။
သို့သော် ချီသန့်စင်ခြင်း အဆင့်ကိုးသို့ တက်လှမ်းရန်ကလည်း မဖြစ်နိုင်သလောက် ရှိနေသည်။
သို့သော် သတိပေးသင့်သည်များ အားလုံး သတိပေးပြီးပြီ ဖြစ်သည်။
ကျန်သည်ကတော့ ကျန်းမန် ကိုယ်တိုင် အပေါ်တွင်သာ မူတည်တော့သည်။
ဖန်ယုံကတော့ သိပ်ပြီး ဖိအားမရှိပေ သူမှ ဝင်လု၍ မရနိုင်သောကြောင့် ဖြစ်သည်။
ကျန်းမန်ကတော့ ခေါင်းငုံ့ကာ ယွင်ချန်ဌာနခွဲက လူများကို အတော်လေး အကျပ်ရိုက်အောင် လုပ်တတ်သည်ဟု ခံစားလိုက်ရသည်။
ထိုသို့ဆိုလျှင် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးက ခြောက်ရာ့ငါးဆယ်ဖြင့် ရပ်နေမည် မဟုတ်တော့ပေ။
ခုနစ်ရာ အထိ တက်သွားလောက်သည်။
ဆင်းရဲခြင်းက သူ့ကို ထမင်းပင် မစားနိုင်အောင် လုပ်နေပြီ ဖြစ်သည်။
စိတ်ကို ပြန်စုစည်းလိုက်ပြီး ကျန်းမန်က ဘေးရှိ ဖန်ယုံကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"သခင်လေးဖန် ဆေးလုံးတွေ ကျန်သေးလား"
"ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တော့ မရှိတော့ဘူး စိတ်တည်ငြိမ် ဆေးလုံး ပဲ ရှိတော့တယ် မင်း ဝယ်မလို့လား"
ဖန်ယုံက ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။
"သူငယ်ချင်းကောင်း အချင်းချင်း ဝယ်တယ်လို့ ဘယ်ပြောမလဲ ငါ ချေးတာပါ ဂိုဏ်းထဲ ရောက်ရင် ပြန်ဆပ်မယ်"
ကျန်းမန်က ပြောလိုက်သည်။
"တစ်လုံးကို ခြောက်ရာ့ငါးဆယ် မူလဈေးကို ဝိညာဉ်ကျောက်တုံး တွက်ပြီး ငါ့ကို ပြန်ဆပ်"
ဖန်ယုံက ပြောလိုက်သည်။
ကျန်းမန်က ဖန်ယုံကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။
"ငါတို့က သူငယ်ချင်းတွေလေ သူငယ်ချင်းကောင်းတွေလေ"
"ခြောက်ရာ့သုံးဆယ်"
ဖန်ယုံက တည်ငြိမ်စွာ ဖြေလိုက်သည်။
ရပြီ ယခု မင်းက ငါ့ရဲ့ ရန်သူပဲဟု ကျန်းမန် စိတ်ထဲတွင် ဖန်ယုံကို တံဆိပ်တပ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
"သဘောတူတယ် မင်းဆီမှာ ဘယ်နှစ်လုံး ရှိလဲ"
"ငါးလုံး"
ဖန်ယုံက ပြောလိုက်သည်။
ကျန်းမန် အံ့ဩသွားသည် တကယ်ကို ချမ်းသာပေသည်။
ယခုတော့ သူ့အပိုင် ဖြစ်သွားပြီ ဖြစ်သည်။
ဖန်ယုံထံမှ ချေးပြီးနောက် ကျန်းမန်က ချန်ချီဝမ် အနားသို့ သွားလိုက်သည်။
ချန်ချီဝမ် ဆွံ့အသွားရသည်။
"ကျန်သေးလား ထုံးစံအတိုင်းပဲလေ"
ကျန်းမန်က တိုးတိုးလေး မေးလိုက်သည်။
"ငါ့ဆီမှာ ဆေးလုံးတွေပဲ ကျန်တော့တယ် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး ဆယ်လုံး သွေးကြောအင်အား ဆေးလုံး ငါးလုံး စိတ်တည်ငြိမ် ဆေးလုံး ငါးလုံး ရှိသေးတယ်"
ချန်ချီဝမ်က အကူအညီမဲ့စွာဖြင့် ဖြေလိုက်သည်။
ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားပြီး ချန်ချီဝမ်ကို မယုံနိုင်သလို ကြည့်လိုက်သည်။
မင်းက တကယ်ကော ဆင်းရဲသား ဟုတ်သေးရဲ့လားဟု တွေးမိသည်။
ကျန်းမန်ရဲ့ အကြည့်ကို မြင်သောအခါ ချန်ချီဝမ်က မေးလိုက်သည်။
"မင်း ဘယ်လို ကြည့်နေတာလဲ"
"လေးစားလို့ပါ ဘာလို့ မင်းဆီမှာ ဒီလောက် ဆေးလုံးတွေ အများကြီး ရှိနေသေးတာလဲ"
ကျန်းမန်က ပြောလိုက်ပြီး သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည်။
"အရင်တုန်းက ဝယ်ထားတာ မိဘတွေဆီ ပြန်ပို့ပေးမလို့ ဒါပေမယ့် ဈေးတက်သွားတော့ ပြန်ရောင်းမလို့ စဉ်းစားထားတာ"
ချန်ချီဝမ်က အမှန်အတိုင်း ဖြေလိုက်သည်။
မင်း မိဘတွေက မင်းလို သားကောင်း တစ်ယောက်ကို မွေးထားတာ တကယ် ကံကောင်းတာပဲဟု ကျန်းမန် စိတ်ထဲတွင် ချီးကျူးလိုက်ပြီး ပြောလိုက်သည်။
"ငါ တစ်လုံးကို ခြောက်ရာနဲ့ ချေးမယ် အားလုံးပေါင်း ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင် ဖြစ်မယ် မင်းကို တစ်သောင်းလေးထောင် ပြန်ဆပ်မယ်"
ပြောပြီးသည်နှင့် သူကိုယ်တိုင်ပင် ကြောင်အမ်းသွားခဲ့သည်။
ခြောက်ထောင်တန် ဆေးလုံးများကို တစ်သောင်းလေးထောင် ပေးပြီး ဝယ်ရသည်လားဟု တွေးမိသည်။
အခြား ဆင်းရဲသားများ မခံနိုင်သည်မှာ အံ့ဩစရာ မရှိပေ။
သူလို ပြိုင်ဘက်ကင်း ပါရမီရှင်ပင် မခံနိုင်တော့ချေ။
ဆေးလုံးများ ရရှိပြီးနောက် ကျန်းမန်က အခြားလူ တစ်ယောက်ထံ သွားရောက် ချေးငှားရန် ပြင်ဆင်လိုက်ချိန်တွင် ချန်ချီဝမ်က ချက်ချင်း တားလိုက်ပြီး ပြောလိုက်သည်။
"ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ကျန်သေးတယ် ထုံးစံအတိုင်းပဲ"
ကျန်းမန်က ချန်ချီဝမ်ကို အလွန် အံ့ဩစွာဖြင့် ကြည့်လိုက်သည်။
မယုံနိုင်စရာပဲ အရင်တုန်းက အသက်ပေးပြီး တိုက်ခိုက်ခဲ့တာ ဘယ်လောက်တောင် ရလိုက်သလဲဟု တွေးလိုက်သည်။
ချန်ယွီက သူ့ကို ဒီလောက် အများကြီး ပေးလိုက်တာလားဟု စိတ်ထဲ မှန်းဆမိသည်။
"ငါ ချေးလာတာ ခြောက်ထောင်ကို ခြောက်ထောင့်ငါးရာ ပြန်ဆပ်ရမယ် သခင်မလေးချန် ဆီကနေ ချေးလာတာ မင်းကို ချေးပေးမယ် ဆိုတာ သိလို့ သူက ငါ့ကို ချေးပေးလိုက်တာ"
ချန်ချီဝမ်က လေးလေးနက်နက် ဖြေလိုက်သည်။
ကျန်းမန်က သက်ပြင်းချလိုက်သည်။
"မင်း တကယ် သတ္တိရှိတာပဲ"
ဤသည်မှာ အားလုံးပေါင်း ဘယ်လောက် ရှိသွားပြီလဲ။
သူက ဝိညာဉ်ကျောက်တုံး နှစ်သောင်းရှစ်ထောင် ပြန်ဆပ်ရတော့မည် ဖြစ်သည်။
ချန်ချီဝမ်က မကြောက်ဘူးလား။
တကယ့် လောင်းကစားသမားပဲ။
ငါလို ပြိုင်ဘက်ကင်း ပါရမီရှင်နဲ့သာ မတွေ့ရင် မင်းတော့ ဒုက္ခရောက်ပြီဟု တွေးလိုက်သည်။
ထို့နောက် ကျန်းမန်က ဖက်တီးလေးကို သွားရှာလိုက်သည်။
တစ်ဖက်လူက ပြုံးရွှင်စွာဖြင့် ကျန်းမန် စကားစမည့် အချိန်ကို စောင့်နေခဲ့ကြောင်း ပြောသည်။
ထို့နောက် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး နှစ်ဆယ်လုံး ထုတ်ပေးကာ ပြောလိုက်သည်။
"ဒါက ဒီလပိုင်းတွေမှာ ကျွန်တော် တမင် စုထားတာ ကျွန်တော့် မိသားစုက လူတွေ ပြောတာ ကြားတယ် အစ်ကိုကျန်းတို့လို လူတွေက နောက်ပိုင်းကျရင် သေချာပေါက် အရမ်း ခက်ခဲလိမ့်မယ်တဲ့ အဲဒါကြောင့် ကြိုပြီး စုထားလိုက်တာ အခုတော့ အစ်ကိုကျန်း အပြင်းအထန် ကြိုးစားဖို့ပဲ လိုတော့တယ် နောက်ပိုင်း ကျွန်တော် အပြင်ရောက်ရင် ပြောလို့ ရတာပေါ့ ကျွန်တော်က အစ်ကို့ကို နှစ်နှစ်လောက် အဆင့်သတ်မှတ်ချက်နဲ့ ဖိထားနိုင်ခဲ့တယ်လို့ အဲဒါကလည်း အစွမ်းထက်သူ တစ်ယောက်ပဲလေ နှမြောစရာ ကောင်းလောက်အောင် ရှုံးနိမ့်သွားတာလို့ ပြောလို့ ရတာပေါ့"
ကျန်းမန် အတော်လေး စိတ်လှုပ်ရှားသွားသည်။
"ငါတို့က တကယ့် သူငယ်ချင်းကောင်းတွေပဲ"
ယနေ့ မပြီးဆုံးမီ စုန်ချင့်က သူ့ထံ လာရောက်ခဲ့သည်။
သူက ဆင်းရဲသော်လည်း အနည်းအကျဉ်းတော့ ကူညီနိုင်မည်ဟု ထင်ကြောင်း ပြောသည်။
ထို့နောက် ကျန်းမန်ကို ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး နှစ်လုံး ပေးလိုက်သည်။
"ဒီတစ်ခေါက်က ချေးတာနော်"
ကျန်းမန်က ဝမ်းသာအားရ လက်ခံလိုက်သည်။
ဆပ်မည် သေချာပေါက် ဆပ်မည်။
တစ်ထောင့်လေးရာ ပြန်ဆပ်မည် ဖြစ်သည်။
ဤတစ်ကြိမ်တော့ တကယ်ကို အကျိုးအမြတ် ရသွားပြီ ဖြစ်သည်။
ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး သုံးဆယ့်နှစ်လုံး သွေးကြောအင်အား ဆေးလုံး ငါးလုံး စိတ်တည်ငြိမ် ဆေးလုံး ဆယ်လုံး ဝိညာဉ်ကျောက်တုံး ခြောက်ထောင်။
လုံလောက်သွားပြီ ဖြစ်သည်။
ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးများကို စိတ်တည်ငြိမ် ဆေးလုံးများ အဖြစ် ပြောင်းလဲပြီး စိတ်အာရုံ အဆင့်ကို အစွမ်းကုန် မြှင့်တင်ကာ အဟန့်အတားကို ဖောက်ထွက်ရမည်။
————
ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် ချန်ယွီနှင့် လော်ရွှမ်တို့ အတူတကွ ပြန်လာခဲ့ကြသည်။
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲက တကယ်ပဲ အရင်ကနဲ့ မတူဘူး ထင်တယ် ကျန်းမန်က နေရာအနှံ့ လိုက်ပြီး ဝိညာဉ်ကျောက်တုံးတွေ ချေးနေတယ် လော် သခင်မလေးက မချေးပေးဘူးလား"
ချန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
လော်ရွှမ်က ခေါင်းခါပြလိုက်သည်။
"သူ မပြောဘူးလေ"
"ကိုယ်က အရင် သွားချေးပေးရမှာပေါ့ တစ်ခါတလေ လူငယ်လေးတွေက မျက်နှာပူတတ်တယ် ကိုယ်တိုင် မပြောရဲဘူးလေ မိန်းကလေးတွေက နည်းနည်းလေးတော့ ကိုယ်က စပြီး လှုပ်ရှားပေးသင့်တယ် သံယောဇဉ် မရှိရင်တောင် အကျိုးအမြတ်အတွက် ကိုယ်က စပြီး လှုပ်ရှားသင့်တယ်"
ချန်ယွီက ပြုံး၍ ပြောလိုက်သည်။
"နင်ကော ဘာလို့ မချေးပေးတာလဲ"
လော်ရွှမ်က ချန်ယွီကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ငါက ဉာဏ်များပြီး နေရာရဖို့ ကြိုးစားရင်းနဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန် သုံးပစ်လိုက်ပြီလေ"
ချန်ယွီက ပခုံးတွန့်လိုက်သည်။
လော်ရွှမ်က ရှေ့ရှိ လူကို ကြည့်ကာ ခေါင်းခါလိုက်သည်။
"နောက်ဆုံးတော့ ဘာမှ မရခဲ့ဘူးလေ"
"အဲဒီလိုလည်း ပြောလို့ မရပါဘူး ငါက ဉာဏ်များတဲ့ မိန်းမ အဆင့်အတန်း မရှိတဲ့ မိန်းမ ဆိုတဲ့ နာမည်တော့ ရလိုက်ပါတယ် နောက်တစ်ခုက ငါ ချန်ချီဝမ်ကို ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ချေးပေးလိုက်တယ် သူက အဲဒါကို ကျန်းမန်ကို ပြန်ချေးပေးလိမ့်မယ်"
ချန်ယွီက ပြုံး၍ ပြောလိုက်သည်။
"ဘာလို့ ကျန်းမန်ကို တိုက်ရိုက် မချေးပေးတာလဲ"
လော်ရွှမ် မျက်မှောင်ကြုတ်သွားသည်။
"အဲဒီလို လုပ်လိုက်ရင် ကျန်းမန်က အစွမ်းထက်လာပြီး ပြန်မဆပ်ရင်တောင် ချန်ချီဝမ်က ငါ့ကို ပြန်ဆပ်ရမှာလေ ပြီးတော့ ငါက ချန်ချီဝမ်ကို ငါ့ဆီက ချေးလာတာ ဆိုတာ ပြောဖို့ မှာထားတယ် ဒါကလည်း စေတနာပြတာ တစ်မျိုးပဲလေ အမြတ်ပဲ ထွက်မယ် လုံးဝ မရှုံးဘူး အန္တရာယ်ကို လွှဲပြောင်းလိုက်တာပဲ"
ချန်ယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ဈေးပေါတာလေးတွေ လိုချင်တယ် ဉာဏ်များတယ်"
လော်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချန်ယွီကလည်း ဂရုမစိုက်ဘဲ မေးလိုက်သည်။
"ဒါဆို နောက်ဆုံး နင်တို့ မိသားစုက ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"