အခန်း (၉၃-၉၄)
Vol. 7 Ch. 93-94
အခန်း (၉၃) လူတစ်ယောက်တည်းနဲ့ ယွင်ချန်ဌာနခွဲ တစ်ခုလုံးကို အနိုင်ယူခဲ့တယ်
ကောင်းချွင်ဖုန်း၏ ဖိတ်ကြားချက်ကို အဘိုးချန်က သေချာပေါက် လက်ခံလိုက်သည်။
သူလည်း ဤနောက်ဆုံးအကြိမ် ယှဉ်ပြိုင်လုယူပွဲတွင် မည်သူက နောက်ဆုံး အနိုင်ရသူ ဖြစ်လာမည်နည်း ဆိုသည်ကို အတော်လေး သိချင်နေခဲ့သည်။
အဓိကကတော့ ဤတစ်ခေါက် ဆုလာဘ်က အနည်းငယ် ထူးခြားနေခြင်းပင် ဖြစ်သည်။
ယှဉ်ပြိုင်လုယူရမည့် သဘောသဘာဝက အရမ်း ပြင်းထန်လွန်းသည်။
မလဲကျမချင်း သေချာပေါက် လက်လျှော့ကြမည် မဟုတ်ပေ။
ထိုလူများ ပြန်လာလျှင် သေချာပေါက် ဒဏ်ရာတွေ အပြည့်နှင့် ဖြစ်နေမည်မှာ အသေအချာပင်။
"အဘိုးချန် ဘယ်လို ခန့်မှန်းထားလဲ"
ကောင်းချွင်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဤတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲတွင် အဓိက အဖွဲ့ သုံးဖွဲ့ ရှိသည်။
ဖန် မိသားစု ဖန်ထျန်းချန်….
လီ မိသားစု လီယွမ်…
ချန် မိသားစု ချန်နင်….
သုံးယောက်စလုံး၏ အစွမ်းအစက သာမန် မဟုတ်ပေ။
အဘိုးချန်က အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။
"ဒီသုံးဖွဲ့စလုံးမှာ ကိုယ်ပိုင် အစွမ်းထက်တဲ့ သိုင်းပညာရပ်တွေ ရှိကြတယ် ဖန် မိသားစုက ခန္ဓာကိုယ်ကို အဓိကထားပြီး အနီးကပ် တိုက်ခိုက်တာ အရမ်း အစွမ်းထက်တယ်"
"လီ မိသားစုကတော့ အထောက်အကူပြုတဲ့ဘက်ကို ယိမ်းတယ် ဒါပေမယ့် လီယွမ်က အထက်တန်း တိုက်ခိုက်ရေး သိုင်းပညာရပ်ကို ရထားတော့ အချင်းချင်း အထောက်အကူပြုပြီး နိုင်နိုင်ခြေ ပိုများသွားတာပေါ့"
"ချန် မိသားစု ချန်နင် ရဲ့ အစွမ်းအစက မဆိုးဘူး အထက်တန်း ကာကွယ်ရေး သိုင်းပညာရပ်က အရမ်း အစွမ်းထက်တယ် ဒါပေမယ့် တိုက်ခိုက်မှု အားနည်းတယ်"
"တကယ်လို့ သူက ဟိုနှစ်ယောက်ကို အားကုန်သွားအောင် လုပ်နိုင်ရင် နိုင်နိုင်ခြေ မနည်းဘူး"
ပြောရင်းနှင့် အဘိုးချန်က အနည်းငယ် စဉ်းစားကာ ဆက်ပြောလိုက်သည်။
"ချန်နင်က အရမ်း ခံစစ်ဆန်လွန်းတယ် လီယွမ် ရဲ့ အစွမ်းအစက လုံလောက်တယ် ဖန်ထျန်းချန် နဲ့ အရမ်း မကပ်မိသရွေ့ နိုင်နိုင်ခြေ ပိုများတယ်"
ကောင်းချွင်ဖုန်းက ခေါင်းညိတ်လိုက်သည်။
"တကယ်ပဲ အဲဒီလိုပါပဲ ဒါဆို လီယွမ် နဲ့ ဖန်ထျန်းချန် ထဲက ဘယ်သူက အသာစီး ယူနိုင်မလဲ ဆိုတာကိုပဲ ကြည့်ရတော့မှာပေါ့ ချန်နင် ကတော့ ခက်ခဲလောက်တယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သုံးယောက် ယှဉ်ပြိုင်ရတာ ဆိုတော့ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်တယ် တကယ်လို့ သူက အဲဒီ အပြောင်းအလဲတွေကို အသုံးချနိုင်ရင် ထင်ပေါ်လာနိုင်ခြေ ရှိပါတယ်"
"ဒါပေမယ့် ဒီတစ်ခေါက်က လူအရမ်း များတော့ အပြောင်းအလဲတွေကို ကြိုမသိနိုင်ဘူး တကယ်လို့ တခြားလူတွေကို သုံးပြီး အင်အားကုန်ခမ်းအောင် လုပ်မယ်ဆိုရင် နောက်ထပ် ရလဒ် တစ်မျိုး ဖြစ်သွားနိုင်တယ်"
အဘိုးချန်က ဝင်ပြောလိုက်သည်။
ကောင်းချွင်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ကြည့်ကြတာပေါ့ အပြောင်းအလဲ များလေ မျှော်လင့်ချက် ရှိလေပဲ အချိန်လည်း မစောတော့ဘူး ရလဒ် ထွက်လာတော့မှာပါ"
————
ဖက်တီးလေးက ချင်းယွင်ဆောင် သို့ ရောက်လာခဲ့သည်။
ထို့နောက် ရင်းနှီးသော လူတစ်ယောက်မှ မတွေ့ရကြောင်း သတိထားမိလိုက်သည်။
မကြာမီ သူ တစ်ခုခုကို သတိရသွားသည်။
အဆောင် ခြောက်ဆောင် စာရင်း ကြေညာသည့် နေရာသို့ သွားကြည့်ရာ မျှော်လင့်ထားသည့်အတိုင်း စုန်ချင့်ကို တွေ့လိုက်ရသည်။
ဖက်တီးလေးက အနားသွား၍ အသားခြောက်များ ပေးလိုက်ပြီး မေးလိုက်သည်။
"ဒီတစ်ခေါက်ကော ဇာတ်လမ်း ရှိလား"
"ရှိတယ်"
စုန်ချင့်က အသားခြောက်များကို လှမ်းယူရင်း ဖြေလိုက်သည်။
"ဒီတစ်ခေါက်တော့ ငါ့ကို လက်ခံတဲ့သူ ရှိလာပြီ"
ထိုစကားကို ကြားသော် ဖက်တီးလေး အတော်လေး အံ့ဩသွားပြီး ယုံနိုင်စရာ မရှိသလို ဖြစ်သွားသည်။
"တကယ်လား"
"တကယ်ပါ ဒါပေမယ့် ငါ့ကို သစ္စာခံမှု ပြတဲ့အနေနဲ့ ကျန်းမန်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့ သတင်း တစ်ခု သွားရှာခိုင်းတယ်"
စုန်ချင့်က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
"ငါ ငြင်းလိုက်ရတော့တာပေါ့"
"မင်း အရမ်း ရိုးအလွန်းတယ် ကျန်းမန်ဆီကနေ ဝယ်လို့ ရတာပဲ သူ သေချာပေါက် သဘောတူမှာ"
ဖက်တီးလေးက မှတ်ချက်ချလိုက်သည်။
စုန်ချင့် အတော်လေး အံ့ဩသွားသည်။
"အဲဒီလိုလည်း ရတာလား"
"သေချာပေါက် ရတာပေါ့"
ဖက်တီးလေးက ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်သည်။
စုန်ချင့်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ထားလိုက်ပါတော့ ကျန်းမန်က ငါ့အပေါ် ကျေးဇူး ရှိပါတယ် အရင်ကလည်း အခွင့်အရေးတွေ အများကြီး ရှာပေးခဲ့တယ် ငါကိုယ်တိုင်က အသုံးမကျလို့သာပါ"
"သူက လူကောင်း တစ်ယောက်ပါ သူ့ရဲ့ စေတနာကို ငါ စော်ကားလို့ မရဘူး"
"ချီသန့်စင်ခြင်း အဆင့်လေး ကို ရောက်မှ ထပ်စမ်းကြည့်တော့မယ် အခွင့်အရေး ရှိလောက်သေးပါတယ်"
"ဒီတစ်ခေါက် ကျန်းမန်ရဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်ရမယ် တကယ်လို့ အဆောင် ခြောက်ဆောင် ပထမ ဆိုရင် ငါက အဆောင် ခြောက်ဆောင် ပထမ နဲ့ ခြံဝင်းငယ် တစ်ခုတည်းမှာ နေတာ ဆိုတော့ တခြားလူတွေ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်လောက်တယ်"
"ငါ့ရဲ့ အခြေခံကလည်း မဆိုးဘူး ဆိုတော့ မျှော်လင့်ချက် ရှိသေးတယ်"
"ဒါပေမယ့် ဖက်တီးလေး မင်းလည်း ကြိုးစားရတော့မယ် မင်း မိသားစုက မဆင်းရဲဘူး ဆိုရင်တောင် အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားရမယ်"
"အချိန်တန်လို့ မင်းလက်ထဲ ရောက်လာတဲ့ အခါ မင်း မထိန်းသိမ်းနိုင်ရင် မလွယ်ဘူး"
"ငါက အေးအေးချမ်းချမ်း နေချင်တာ ဆိုတော့ နည်းနည်း ပိုလွယ်တယ် အဆိုးဆုံး ဆိုရင်တောင် ရွာပြန်သွားရုံပဲ"
"မင်းကတော့ မတူဘူး တကယ်လို့ အရမ်း အသုံးမကျဘူး ဆိုရင် နောက်ပိုင်း ဘဝက အရမ်း ဆိုးရွားသွားလိမ့်မယ်"
"ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး အချိန်တန်ရင် မင်း ငါ့ဆီ လာခဲ့လေ ငါ မင်းကို ထမင်းတစ်လုပ်တော့ ကျွေးနိုင်မှာပါ"
"ငါ ရွာပြန်သွားရင် သေချာပေါက် ထူးချွန်တဲ့ လယ်လုပ်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမှာ"
ဖက်တီးလေးက အသားခြောက် စားရင်း ပြောလိုက်သည်။
"မင်း ငါ့ကို အဲဒီလို ကျိန်စာတိုက်နေတာ ငါက မင်းကို ကျေးဇူးတင်ရဦးမှာလား"
စုန်ချင့်က ပြုံး၍ မေးလိုက်သည်။
"မင်း ဒီရက်ပိုင်း ညအိပ်ပျက်ခံပြီး ကျင့်ကြံသေးလား"
"မကျင့်ပါဘူး ငါ အိမ်ပြန်ရင် ဘယ်တော့မှ မကျင့်ကြံဘူး"
ဖက်တီးလေးက ဖြေလိုက်သည်။
စုန်ချင့်က ဖက်တီးလေး၏ မျက်ကွင်းညိုများကို စိုက်ကြည့်နေလိုက်သည်။
"ဒါလား"
ဖက်တီးလေးက မျက်ကွင်းညိုများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ငါ့အဖေက ငါ့ကို မိန်းမရှာပေးမလို့တဲ့ အဲဒါ ညဘက်ဆို အိပ်လို့မရဘူး ပူပန်နေရလို့"
ပြောရင်းနှင့် ဖက်တီးလေးက အသားခြောက် တစ်ဖဲ့ကို စုန်ချင့်ထံ ထပ်ပေးလိုက်သည်။
တစ်ဖက်လူက အသားခြောက်ကို လှမ်းယူပြီးနောက် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
"တကယ်ကို ပူပန်စရာ ကောင်းတဲ့ ကိစ္စပါပဲ မင်းမှာ မျက်ကွင်းညိုတွေ ရှိနေတာ အံ့ဩစရာ မရှိပါဘူး"
ဖက်တီးလေးလည်း ခေါင်းညိတ်ပြကာ သူ တကယ် ပူပန်နေရကြောင်း ပြသလိုက်သည်။
ထိုအချိန်တွင် သူတို့ အရှေ့သို့ လူတစ်ယောက် ရောက်လာပြီး အောက်မှ လူများကို အော်ပြောလိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
"အဆောင် ခြောက်ဆောင် စာရင်း ကြေညာတာကို ဖျက်သိမ်းလိုက်ပြီ ဗဟိုရင်ပြင်ကို သွားပြီး ယွင်ချန်ဌာနခွဲ စာရင်းကို သွားကြည့်ကြတော့"
ထိုစကားကို ကြားသော် အားလုံး အတော်လေး အံ့ဩသွားကြသည်။
ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်ရတာလဲ။
မူလက စောင့်ဆိုင်းနေသော လူများက ဗဟိုရင်ပြင်သို့ ရွှေ့ပြောင်းသွားကြသည်။
သို့သော် ရောက်ရောက်ချင်းမှာပင် လူများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အထပ်သုံးထပ် စာရင်း ထွက်လာရတာလဲ အရင်တုန်းက ယွင်ချန်ဌာနခွဲ စာရင်းပဲ ထွက်တာ မဟုတ်ဘူးလား"
"မသိဘူးလေ ရုတ်တရက်ကြီး အထပ်သုံးထပ် စာရင်း ဆိုပြီး ပိုလာတယ်"
ထိုသို့သော စကားများက အခြားသူများကို နားမလည်နိုင် ဖြစ်သွားစေသည်။
အဆောင် ခြောက်ဆောင်က စာရင်း ဖျက်သိမ်းလိုက်လို့ ဒီကို လာခဲ့ရတာ။
ဒီက လူတွေကကျတော့ အထပ်သုံးထပ် စာရင်း ထွက်တယ်လို့ ပြောနေကြတယ်။
ဘယ်လို ဖြစ်တာလဲ။
"အဆောင် ခြောက်ဆောင်က စာရင်း ကြေညာဖို့တောင် မတန်တော့လို့များလား အထပ်သုံးထပ် လို လူတွေမှ အသေးစိတ် စာရင်း ရှိဖို့ ထိုက်တန်တာလား"
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲမှာ အဆောင် ခြောက်ဆောင်က လူ တစ်ရာကျော်လုံး ဒီလောက်တောင် ညံ့သွားကြတာလား"
ထိုသို့ ပြောကြသော်လည်း အားလုံးက အခြားစကားများ ဆက်မပြောကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် အထပ်သုံးထပ်၏ အစွမ်းထက်မှုကို လူတိုင်း သိထားသောကြောင့် ဖြစ်သည်။
မယှဉ်နိုင်သည်မှာလည်း သဘာဝကျပေသည်။
ထိုအချိန်တွင် စာရင်း ကပ်မည့်သူက စင်မြင့်ပေါ်သို့ ရောက်လာခဲ့သည်။
လုံးဝ မတွေဝေဘဲ စာရင်းကို ကပ်လိုက်သည်။
"ငါ ဆယ့်ငါး ကနေ စကြည့်မယ်"
ဖက်တီးလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်း ငါး ကနေ အောက်ကို ဆင်းကြည့်"
"အိုကေ"
စုန်ချင့်က ချက်ချင်း ဖြေလိုက်သည်။
သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်၊ အဆောင် ခြောက်ဆောင် စာရင်း မထွက်ခြင်းက အဆောင် ခြောက်ဆောင် ပထမ ဟူသော ဂုဏ်ပုဒ် ပျောက်ကွယ်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ယွင်ချန်ဌာနခွဲ စာရင်းထဲ ဝင်နိုင်ပါကလည်း ရပေသည်။
ဤစာရင်းက ပို၍ တန်ဖိုးရှိပေသည်။
ထို့နောက် ဖက်တီးလေးက ဆယ့်ငါး နေရာကို ချက်ချင်း ကြည့်လိုက်သည်။
ယွင်ချန်ဌာနခွဲ ဆယ့်ငါး ယဲ့မင်ဆောင် ယန်လင်း။
ဖက်တီးလေး အနည်းငယ် အံ့ဩသွားသည်၊ ဆယ့်ငါး က အဆောင် ခြောက်ဆောင် ရဲ့ တတိယ လား။
ထို့နောက် သူက အပေါ်သို့ ဆက်ကြည့်လိုက်သည်။
ယွင်ချန်ဌာနခွဲ ဆယ့်လေး ထျန်းယွမ်ဆောင် ချန်မော့ယန်…..
ဤ ဆယ့်လေး နေရာက ဖက်တီးလေးကို တုန်လှုပ်သွားစေသည်၊ အရင်တုန်းက အဆောင် ခြောက်ဆောင် ပထမ လေ။
ဒါဆို အစ်ကိုကျန်း ကကော။
သူက ဆယ့်သုံး ဆယ့်နှစ် ဆယ့်တစ် နေရာများကို ချက်ချင်း ကြည့်လိုက်သည်။
မရှိဘူး။
ထိပ်ဆုံး ဆယ်ယောက်လား။
အဆင့်ဆယ် မရှိဘူး။
အဆင့်ကိုး လည်း မရှိဘူး။
"စုန်ချင့် မင်း ဘယ်ရောက်နေပြီလဲ"
"အဆင့်ဆယ် ရောက်နေပြီ ကျန်းမန် ကို မတွေ့ဘူး"
"ငါလည်း ဆယ် ရောက်နေပြီ အစ်ကိုကျန်း ကို မတွေ့ဘူး"
သူတို့နှစ်ဦး အနည်းငယ် စိုးရိမ်လာသည်၊ ငါး မှ ဆယ့်ငါး အထိ မရှိပေ။
အောက်ရောက်သွားတာတော့ မဖြစ်နိုင်ပါဘူးနော်။
သူတို့နှစ်ဦး ခေါင်းချင်းဆိုင် တိုင်ပင်ပြီးနောက် လေး မှ စ၍ အပေါ်သို့ ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
တကယ်လို့များလေ…….
ထို့နောက် သူတို့က စတုတ္ထ နေရာကို တွေ့လိုက်ရသည်။
ယွင်ချန်ဌာနခွဲ စတုတ္ထ ပိုင်လီအထပ် ဖန်ထျန်းချန်။
ယွင်ချန်ဌာနခွဲ တတိယ ကျင့်ချန်အထပ် ချန်နင်။
ယွင်ချန်ဌာနခွဲ ဒုတိယ ကျန့်ယွဲ့အထပ် လီယွမ်။
နောက်ဆုံးတွင် သူတို့နှစ်ဦး၏ အကြည့်က ထင်ရှားသော ပထမဆုံး စာကြောင်းပေါ်သို့ ပြိုင်တူ ကျရောက်သွားသည်။
ယွင်ချန်ဌာနခွဲ ပထမ ချင်းယွင်ဆောင် ကျန်းမန်
ဤစာကြောင်းကို မြင်လိုက်ရသည့် အချိန်မှာပင် သူတို့နှစ်ဦး၏ ခေါင်းထဲတွင် ရုတ်တရက် ဗလာကျင်းသွားခဲ့သည်။
တစ်ခဏမျှ ဤစာကြောင်းကို မည်သည့် ခံစားချက်ဖြင့် ရှုမြင်ရမည်ကို မသိဖြစ်သွားကြသည်။
အခြားသူများကမူ နားမလည်နိုင် ဖြစ်နေကြသည်။
"ချင်းယွင်ဆောင် ကျန်းမန် လား ဘယ်သူလဲ"
"ညဘက် မအိပ်ဘဲ ညအိပ်ပျက်ခံ ကျင့်ကြံနေတဲ့ တစ်ယောက် မဟုတ်ဘူးလား"
ထိုစကားကို ကြားသော် အားလုံး တိတ်ဆိတ်သွားကြသည်။
လမ်းလွဲနေတဲ့ အလေ့အထကြီးက ယွင်ချန်ဌာနခွဲ တစ်ခုလုံးကို လွှမ်းမိုးသွားပြီလား။
ထိုအချိန်တွင် စာရင်း ကပ်သူက အောက်မှ လူများကို ကြည့်ကာ စာရင်း အပေါ်တွင် စာရေးရန် ပြင်လိုက်သည်။
အောက်ဘက်တွင် ရှိနေသော ချန်ယွီက ဘေးရှိ လော်ရွှမ်ကို တိုးတိုးလေး ပြောလိုက်သည်။
"မှတ်ချက် ရေးမလို့လား အရမ်း ထူးချွန်တဲ့ ပထမ နေရာကိုမှ စာရင်းပေါ်မှာ မှတ်ချက် ရေးပေးတတ်တယ်လို့ ကြားဖူးတယ်"
လော်ရွှမ်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်၊ ယွင်ချန်ဌာနခွဲ ပထမ နေရာအတွက် သူမလည်း အတော်လေး တုန်လှုပ်နေမိသည်။
ယခင်က ခြံဝင်းငယ်၏ အောက်ဆုံး နေရာမှ လူက သူတို့ မော့ကြည့်ရမည့် အနေအထားသို့ ရုတ်တရက် ခုန်တက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
————
ကောင်း မိသားစု အိမ်တော်…
ကောင်းချွင်ဖုန်း နှင့် အဘိုးချန် တို့ စကားပြောနေကြဆဲ ဖြစ်သည်။
စာရင်း ထွက်လောက်ပြီဟု ထင်နေကြသည်။
မျှော်လင့်ထားသည့်အတိုင်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်ချိန်မှာပင် အပြင်မှ လူတစ်ယောက် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
သတင်းပို့သည့် အစေခံ ပင် ဖြစ်သည်။
အလျင်စလို ဝင်လာပြီး ရိုသေစွာ အရိုအသေပေးပြီးနောက် ပြောလိုက်သည်။
"သခင်ကြီး စာရင်း ထွက်လာပါပြီ"
"အင်း"
ကောင်းချွင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
"အဆောင် ခြောက်ဆောင် အကြောင်း အရင် ပြောပြ အဆောင် ခြောက်ဆောင် ပထမက ဘယ်သူလဲ"
"အဆောင် ခြောက်ဆောင်က စာရင်း ကြေညာတာ ဖျက်သိမ်းလိုက်ပါတယ်"
အစေခံက ဖြေလိုက်သည်။
ထိုစကားကို ကြားသော် ကောင်းချွင်ဖုန်း အနည်းငယ် အံ့ဩသွားသည်။
"တစ်ခါမှ မမြင်ဖူးဘူး ဒါပေမယ့် ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲက အစကတည်းက ထူးခြားနေတော့ မကြေညာတာလည်း ပုံမှန်ပါပဲ ဒါဆို ယွင်ချန်ဌာနခွဲ အကြောင်း ပြောပြ တတိယ နေရာက ဘယ်သူလဲ"
အဘိုးချန် ကလည်း အများကြီး မတွေးတော့ဘဲ လက်ဖက်ရည် သောက်ရင်း တိတ်တဆိတ် နားထောင်နေလိုက်သည်။
တတိယ မှ စ၍ ဆိုလျှင် ရှုံးနိမ့်သူများကို အရင် နားထောင်ရမည် ဖြစ်သည်။
"ယွင်ချန်ဌာနခွဲ တတိယ ကျင့်ချန်အထပ် ချန်နင် ပါ"
အစေခံက ချက်ချင်း ဖြေလိုက်သည်။
ထိုစကားကို ကြားသော် ကောင်းချွင်ဖုန်းက ခေါင်းခါကာ သက်ပြင်းချလိုက်သည်၊ ပထမဆုံး ပြုတ်သွားသူက ချန် မိသားစု မှ လူ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အင်း သခင်ကြီး ခန့်မှန်းထားတာနဲ့ သိပ်မကွာပါဘူး မူလကတည်းက တတိယ နေရာမှာ ရှိနေတဲ့ သူမက အခြေခံ နည်းနည်း အားနည်းနေတာကိုး"
အဘိုးချန် က ဝင်ပြောလိုက်သည်။
ချက်ချင်းပင် ကောင်းချွင်ဖုန်းက အစေခံကို ကြည့်ကာ မေးလိုက်သည်။
"ဒုတိယ ကကော"
အစေခံက ခေါင်းငုံ့ကာ အမှန်အတိုင်း ဖြေလိုက်သည်။
"ယွင်ချန်ဌာနခွဲ ဒုတိယ ကျန့်ယွဲ့အထပ် လီယွမ်ပါ"
"လီယွမ်လည်း ရှုံးသွားတာလား"
ကောင်းချွင်ဖုန်းက အနည်းငယ် ဝမ်းသာသွားသည်။
"ကြည့်ရတာ ကောင်း မိသားစုလည်း ဝင်ခွင့် တစ်နေရာလောက်တော့ ရနိုင်မယ် ထင်တယ်"
"ဒါဆို သခင်ကြီး ကို ဂုဏ်ပြုပါတယ်"
အဘိုးချန်က လက်ဖက်ရည်ခွက်ကို ချကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
"ဖန်ထျန်းချန် ပထမ ရတာလည်း တကယ်တော့ ယုတ္တိရှိပါတယ် ဒါပေမယ့် အဖြစ်အပျက်တွေ ဘယ်လို ဖြစ်သွားလဲ ဆိုတာ မသိရတာ နည်းနည်း နှမြောစရာပါပဲ"
ကောင်းချွင်ဖုန်းက ဟားဟား ရယ်မောလိုက်ပြီး အစေခံကို ပြောလိုက်သည်။
"ဆင်းပြီး ဆုကြေး သွားယူချေတော့"
သို့သော် အစေခံက ထွက်မသွားခဲ့ပေ။
"ဘာဖြစ်လို့လဲ"
ကောင်းချွင်ဖုန်း မျက်မှောင်ကြုတ်သွားသည်။
"ပထမက ဖန်ထျန်းချန် မဟုတ်ပါဘူး ဖန်ထျန်းချန်က စတုတ္ထပါ"
အစေခံက တိုးတိုးလေး ပြောလိုက်သည်။
ဤစကားကြောင့် ကောင်းချွင်ဖုန်း နှင့် အဘိုးချန် တို့ တုန်လှုပ်သွားကြသည်။
"ပထမက ဖန် မိသားစု မဟုတ်ဘူးလား ဒါဆို ပထမက ဘယ်သူလဲ"
ကောင်းချွင်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အခြား အစွမ်းထက်သူ ရှိနေသေးလိမ့်မည်ဟု သူ မည်သို့မျှ မထင်ထားခဲ့ပေ။
အစေခံက မနှောင့်နှေးရဲဘဲ ချက်ချင်း ပြောလိုက်သည်။
"ယွင်ချန်ဌာနခွဲ ပထမက ချင်းယွင်ဆောင် ကျန်းမန် ပါ"
ထိုစကားကို ကြားသော် ကောင်းချွင်ဖုန်းက ဝုန်း ခနဲ မတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။
"ဘယ်သူ"
အစေခံက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်၊ ဤတစ်ကြိမ်တွင် အသံကို ပိုကျယ်လိုက်သည်။
"ယွင်ချန်ဌာနခွဲ ပထမက ချင်းယွင်ဆောင် ကျန်းမန် ပါ"
ကောင်းချွင်ဖုန်း နေရာမှာတင် မှင်တက်သွားသည်။
အဘိုးချန် လည်း အံ့ဩသွားသော်လည်း ပြောလိုက်သည်။
"သူက ပထမ နေရာ ရရုံလေး ဖြစ်နိုင်ပါတယ် ဝင်ခွင့် ရသွားတာက တခြားလူ ဖြစ်လောက်တယ်"
"နောက်တစ်ခု ရှိပါသေးတယ်"
အစေခံက ဆက်ပြောလိုက်သည်။
"ဒီတစ်ခေါက် စာရင်းမှာ မှတ်ချက် ပါပါတယ် ပထမ နေရာ အတွက် ရေးပေးထားတဲ့ မှတ်ချက်ပါ"
"ပြောစမ်း"
ကောင်းချွင်ဖုန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချကာ တစ်ဖက်လူကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
အစေခံက ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသော်လည်း ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"လူတစ်ယောက်တည်းနဲ့ ယွင်ချန်ဌာနခွဲ တစ်ခုလုံးကို အနိုင်ယူခဲ့တယ် တဲ့"
တစ်ခဏအတွင်းမှာပင် ကောင်းချွင်ဖုန်း ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားပြီးနောက် အော်ပြောလိုက်သည်။
"အိမ်တော်ထိန်း"
အသံတွင် ဝိညာဉ်စွမ်းအင် ပါဝင်နေသဖြင့် အလွန် အဝေးအထိ ရောက်ရှိသွားသည်။
သိပ်မကြာမီမှာပင် အိမ်တော်ထိန်းက ဧည့်ခန်းသို့ ရောက်လာခဲ့သည်။
"သခင်ကြီး"
လူကို မြင်သည်နှင့် ကောင်းချွင်ဖုန်းက ချက်ချင်း မေးလိုက်သည်။
"စာအုပ်တွေကော သခင်လေး ရဲ့ စာအုပ်တွေကော"
"မီးရှို့နေပါပြီ"
အိမ်တော်ထိန်းက ချက်ချင်း ဖြေလိုက်သည်။
ထိုစကားကို ကြားသော် ကောင်းချွင်ဖုန်း တစ်ယောက် သွေးတက်သွားသလို ခံစားလိုက်ရသည်။
"မီးငြှိမ်း မြန်မြန် မီးသွားငြှိမ်း မြန်မြန်"
အခန်း (၉၄) နွားဝါကြီး - မင်းရဲ့ မိန်းမ ရောက်လာပြီ
ယှဉ်ပြိုင်လုယူပွဲ ပြီးဆုံးသွားပြီ။
အရာအားလုံးက အတည်ဖြစ်သွားပြီ။
နောက်ဘက်တောင်က လူတွေက တောင်အောက်ကို တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြတယ်။
လူတော်တော်များများက ဒဏ်ရာအပြင်းအထန် ရထားတဲ့ အခြေအနေနဲ့ ဆင်းလာကြတာ။
ချန်မော့ယန်တို့လည်း ဒီအတိုင်းပဲ။
"ကျန်းမန် နိုင်သွားတာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လမ်းတွင် အရပ်ပုပု ယန်ဖုန်း က ယခုတိုင် ယုံနိုင်စရာ မရှိသေးပေ။
အထူးသဖြင့် မြင်းတင်းကုပ် မှာတုန်းက တစ်ဖက်လူက ယွင်ချန်ဌာနခွဲ ကနေတောင် နှင်ထုတ်ခံရတော့မလို ဖြစ်နေခဲ့တာကို ပြန်တွေးကြည့်မိတော့ ပိုဆိုးတယ်။
လအနည်းငယ်လေး အတွင်းမှာတင် လူတစ်အုပ်ကြီးကို အနိုင်ယူသွားတာ။
ဆင်းရဲသား တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်လာတာလဲ။
"အဆင့်သတ်မှတ်ချက်ကို အရင် သွားကြည့်ရအောင်"
ချန်မော့ယန်က ပြောလိုက်တယ်။
စိတ်ထဲမှာတော့ အကြမ်းဖျင်း ခန့်မှန်းမိနေပေမယ့် သွားကြည့်ချင်သေးတယ်။
သိပ်မကြာခင်မှာပဲ စာရင်း ကပ်ထားတဲ့ နေရာမှာ သူတို့က ယွင်ချန်ဌာနခွဲ ရဲ့ အဆင့်သတ်မှတ်ချက်ကို တွေ့လိုက်ရတယ်။
မျှော်လင့်ထားတဲ့ အတိုင်းပဲ ဘာအံ့ဩစရာမှ မရှိဘူး။
ပထမနေရာမှာ ကျန်းမန်ရဲ့ နာမည်ကို ထင်ထင်ရှားရှား ရေးထားပြီး နောက်မှာ မှတ်ချက် တစ်ခုလည်း ပါသေးတယ်။
စကားလုံး အနည်းငယ်လေးပါပဲ။
ဒါပေမယ့် အဲဒီလူရဲ့ တက်ကြွမှုနဲ့ ပြိုင်ဘက်ကင်းတဲ့ အစွမ်းအစတွေကို အပြည့်အဝ ဖော်ပြနေသလိုပါပဲ။
"လူတစ်ယောက်တည်းနဲ့ ယွင်ချန်ဌာနခွဲ တစ်ခုလုံးကို အနိုင်ယူခဲ့တယ်"
ချန်မော့ယန် က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တယ်။
ကျန်းမန်က ယွင်ချန်ဌာနခွဲ ရဲ့ ထိပ်ဆုံး ငါးယောက်ထဲ ဝင်နိုင်ရင် သူရှုံးတာက သဘာဝကျတယ်။
ထိပ်ဆုံး သုံးယောက်ထဲ ဝင်နိုင်ရင် သူရှုံးပေမယ့်လည်း ဂုဏ်ယူစရာပဲ။
အခုတော့ ယွင်ချန်ဌာနခွဲ ရဲ့ ပထမ ဖြစ်နေပြီဆိုတော့ သူလည်း ဂုဏ်ယူမိပါတယ်။
သူ ပထမနေရာ ပျောက်သွားတာကို ဘယ်သူမှ ပြောကြတော့မှာ မဟုတ်ဘူး။
သူက တစ်ချိန်တုန်းက ကျန်းမန်ကို ဖိထားနိုင်ခဲ့ဖူးတယ်လို့ပဲ ထင်ကြတော့မှာ။
မိသားစု အတွင်းမှာတောင် သူ့ကို အာရုံစိုက်ကြတော့မှာ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့ အထပ်သုံးထပ်ကနေ တိုက်ရိုက် ရှုံးနိမ့်သွားတဲ့ လူတွေ ရှိနေလို့လေ။
အဲဒါကမှ လူတိုင်း အာရုံစိုက်မယ့် ကိစ္စပဲ။
သူကတော့ အရင်က စော်ကားမိခဲ့တာတွေကို ဘယ်လို ပြန်ချေဖျက်ရမလဲ ဆိုတာကို စဉ်းစားရုံပဲ။
တစ်ခါ လှောင်ပြောင်ခဲ့ဖူးတာ နည်းနည်း လွန်သွားခဲ့တယ်။
တခြားလူတွေက ဘယ်လောက် ပေးလဲ ဆိုတာတော့ မသိဘူး။
နောက်တစ်ခုက ဒဏ်ရာတွေကို အရင် ကုသရမယ်၊ ပြီးမှ အရင်တုန်းက အတူတူ အဖမ်းခံခဲ့ရတဲ့ ဖန်ယုံ နဲ့ ချန်ချီဝမ် တို့ကို သွားမေးကြည့်ရမယ်။
————
တောင်အောက် ဆင်းတဲ့ လမ်းမှာ ကျန်းမန်က နာကျင်မှုကို ကြိတ်မှိတ်ခံရင်း ရှေ့ကနေ လျှောက်သွားနေတယ်။
လီယွမ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သိချင်စိတ်ဖြင့် မေးလိုက်တယ်။
"တကယ်လို့ ဒီနေ့ ငါသာ ရောက်မလာခဲ့ရင် မင်း ဘယ်လို လုပ်မလို့လဲ"
ဒီမေးခွန်းကို သူ အကြာကြီး စဉ်းစားခဲ့ပေမယ့် အဖြေ မရခဲ့ပါဘူး။
ထိုစကားကို ကြားသော် ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါ အရင်ကလည်း မင်းတို့ကို ပြောခဲ့ဖူးပါတယ် ငါ လိုချင်တာက ယွင်ချန်ဌာနခွဲ ရဲ့ ပထမပဲ"
"ပထမက မရတဲ့ အရာကို တခြားလူတွေက ရနိုင်မလား"
စကားတစ်ခွန်းတည်းနဲ့တင် ယန်ဟွေ့မင် ကို ကြောင်အမ်းသွားစေပြီး ချက်ချင်း ဒီနေ့ အခြေအနေကို သတိရသွားကာ မှန်းဆကြည့်လိုက်တယ်။
"ဒါဆို အဲဒီအချိန်ကျရင် ဘယ်သူမှ လျှို့ဝှက်နယ်မြေ ဝင်ခွင့်ကို ရမှာ မဟုတ်ဘူးပေါ့"
"တကယ်လို့ ဝင်ခွင့်ကို ဆက်ပြီး ချပေးမယ် ဆိုရင်လည်း သေချာပေါက် ပထမ ဆီပဲ ရောက်လာမှာပဲ မဟုတ်ဘူးလား"
လီယွမ် လည်း အတော်လေး အံ့ဩသွားတယ်၊ ဆိုလိုတာက ကျန်းမန်က အစကတည်းက လူတိုင်းကို အနိုင်ယူဖို့ စဉ်းစားထားတာပေါ့။
သူ မရတဲ့ အရာကို အသစ် ပြန်စီစဉ်ရမယ်။
ဒါမှမဟုတ် အသစ် ပြန်ပြီး အဖွဲ့ဖွဲ့ရမယ်။
နောက်ဆုံးတော့ သူပဲ ရမှာပဲ။
ဒါမှမဟုတ် ယွင်ချန်ဌာနခွဲ က တိုက်ရိုက် ဖျက်သိမ်းလိုက်မယ်။
ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေက အရမ်း နည်းပါတယ်။ ဝင်ခွင့် နေရာ သုံးခုကို ယွင်ချန်ဌာနခွဲ က သေချာပေါက် ပေးရမှာလေ။
ဒါက ယွင်ချန်ဌာနခွဲ အတွက်လည်း အရမ်း အရေးကြီးတဲ့ ကိစ္စပဲ။
ဒီလို ဝင်ခွင့် နေရာမျိုးက အရင်က မရှိခဲ့ဘူး၊ အခုမှ ရှိလာတာဆိုတော့ အလကား ဖြစ်သွားအောင် လုပ်မှာ မဟုတ်ဘူး။
ကျန်းမန်က အံ့ဩနေတဲ့ လီယွမ် ကို ဂရုမစိုက်တော့ဘဲ တောင်အောက်ကို ဆက်ဆင်းလာခဲ့တယ်။
သူတို့ အံ့ဩနေတာက လူကို စိတ်ကျေနပ်မှု ဖြစ်စေပေမယ့် ခန္ဓာကိုယ်က သိပ်ပြီး မခံနိုင်တော့ဘူးလေ။
ဆက်နေရင် ပြိုင်ဘက်ကင်း ပါရမီရှင် ရဲ့ ပုံရိပ်ကို ထိခိုက်သွားလိမ့်မယ်။
ညနေစောင်း ကျန်းမန် တစ်ယောက်တည်း မြင်းတင်းကုပ် ကို ပြန်ရောက်လာခဲ့တယ်။
လူက အတော်လေး ပင်ပန်းနွမ်းနယ်နေပြီး အခန်းထဲ ရောက်တော့ ဖြည်းညှင်းစွာ ထိုင်ချလိုက်တယ်။
ခန္ဓာကိုယ်က အလိုအလျောက် တုန်ယင်နေတယ်။
သွေးတွေကလည်း နည်းနည်းချင်းစီ ကျလာပြီး ဒဏ်ရာကို ဖိနှိပ်ထားလို့ မရတော့ဘူး။
"အားအင်တွေ အလွန်အကျွံ သုံးလိုက်တော့ ခန္ဓာကိုယ်က အားနည်းပြီး မခံနိုင်တော့တာပဲ"
နွားဝါကြီးက တည်ငြိမ်စွာ ပြောလိုက်တယ်။
"ပြဿနာ အကြီးကြီးတော့ မဟုတ်ပါဘူး သေချာ အနားယူလိုက်ရင် ကောင်းသွားမှာပါ ဒါပေမယ့် မင်းလို အခြေအနေမျိုးက တကယ်ကို ရှားပါတယ်"
"ပုံမှန် ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်စွမ်းအင်နဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ထားနိုင်တဲ့သူ အရမ်း ရှားတယ်"
"ပါရမီ က ဒီလို ဖြစ်နေတော့လည်း မတတ်နိုင်ဘူးလေ"
ကျန်းမန်က ဖြည်းညှင်းစွာ ပြောလိုက်တယ်။
နွားဝါကြီးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် အခန်းထဲက ထွက်သွားတော့တယ်။
ကျန်းမန်က ခေါင်းခါလိုက်တယ်၊ နွားဝါကြီး ပြောင်းလဲသွားပြီ၊ စကားသိပ်မပြောတော့ဘူး။
ဒါပေမယ့် ဒီတစ်ခေါက် နိုင်သွားတာက ကံကောင်းတာလည်း တစ်စိတ်တစ်ပိုင်း ပါပါတယ်။
လူတိုင်းကို အနိုင်ယူဖို့ ဆိုတာ တကယ်တော့ သိပ်မဖြစ်နိုင်ဘူး၊ ကိုယ်က အားနည်းနေသေးတယ်။
ဆက်ပြီး တိုးတက်အောင် လုပ်ရဦးမယ်။
ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေနဲ့ ကံကောင်းမှု မရှိရင်တောင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်ရမယ်လေ။
ထို့နောက် ကျန်းမန်က အနည်းငယ် သက်သာသွားပြီး အရင်ဆုံး အနားယူရန် ဆုံးဖြတ်လိုက်တယ်။
သန်းခေါင်ယံ ရောက်မှ ပြန်ထပြီး ကျင့်ကြံတော့မယ်။
ဒီ ညဦးပိုင်းလေးမှာတင် ကျန်းမန် ရဲ့ နာမည်က မိသားစု အသီးသီးရဲ့ နားထဲကို ရောက်သွားခဲ့ပြီ။
ကျန်းမန်က ဘယ်သူ့လူလဲ ဆိုတာကို အတော်လေး သိချင်နေကြတယ်။
ဒါပေမယ့် စုံစမ်းကြည့်တော့ ဘယ်သူ့လူမှ မဟုတ်ဘူး။
လူတော်တော်များများက နောင်တရနေကြတယ်၊ အရင်တုန်းက ဈေးနည်းနည်းလေး ပေးခဲ့မိလို့ပဲ။
ဒါကြောင့်လည်း ပြန်အငြင်းခံရတာကိုး။
ကျန်းမန်ကို အကြိမ်ကြိမ် သွားရှာခဲ့ဖူးတဲ့ အဘိုးကျင်း ကတော့ တစ်ညလုံး မအိပ်နိုင်ဘဲ ပူပန်နေခဲ့တယ်။
သူ စော်ကားခဲ့တာ နည်းနည်း လွန်သွားပြီလေ။
နောက်တစ်နေ့ ကျန်းမန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တယ်။
ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တယ်။
ကောင်းကင် နှလုံးသား တံဆိပ်တုံးကို နွားဝါကြီးဆီ ပေးထားပြီးပြီ၊ ခဏနေရင် သူ့ဆီကနေ သင်ယူလို့ ရပြီ။
သံပြား အမှတ်အသား ကိုလည်း နွားဝါကြီး ဆီမှာပဲ အပ်ထားလိုက်တယ်။
ဒီအရာ နှစ်ခုအတွက် သူ ဝိညာဉ်ကျောက်တုံး တွေ အများကြီး အကြွေးတင်သွားခဲ့တယ်။
သေချာ တွက်ကြည့်ပြီး အကြွေးတွေ စတင် ဆပ်ရတော့မယ်။
ခဏအကြာ ကျန်းမန်က လက်ထဲက စုတ်တံကို ချလိုက်တယ်။
အတော်လေး ယုံနိုင်စရာ မရှိ ဖြစ်သွားတယ်။
ရိုးရိုးလေး တွက်ကြည့်တာတောင် စုစုပေါင်း အကြွေးက လေးသောင်းသုံးထောင် တောင် ရှိနေတယ်။
ဒါတောင်မှ ဖက်တီးလေး နောက်မှ ပေးတဲ့ ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး နှစ်ဆယ်ကို သုံးရာ နဲ့ တွက်ထားတာနော်။
တကယ်လို့ အဲဒီအချိန်က ဈေးနဲ့ တွက်မယ် ဆိုရင် ငါးသောင်းတောင် ရှိလိမ့်မယ်။
"ပြန်ဆပ်နိုင်ဖို့ မလွယ်တော့ဘူး"
ယုတ္တိအရဆိုရင် သူ ဂိုဏ်းထဲ မဝင်ခင် ဒီအကြွေးတွေ အကုန်လုံးကို ပြန်ဆပ်ရမှာ။
ဒါပေမယ့် နှစ်လကျော် အချိန်လေး အတွင်းမှာ ခြောက်ထောင် ခုနစ်ထောင် လောက်ပဲ ရှာနိုင်မှာ။
ပထမ ဆိုတဲ့ နာမည်နဲ့ မိသားစု တချို့ဆီ သွားချေးလို့တော့ မရဘူးလေ။
အဲဒီလို ဆိုရင် ကျေးဇူးကြွေးတွေ ပိုတင်သွားမှာပေါ့။
မိသားစုတွေက စာချုပ် မရှိဘဲ ပါရမီရှင် ဆင်းရဲသားတွေကို မကူညီချင်တာ အံ့ဩစရာ မရှိပါဘူး၊ အကြွေးဆပ်ရမယ့် အချိန်ကျရင် လိမ်ချင်စိတ် ပေါ်လာတတ်တာကိုး။
ပြန်ရမယ့် အချိန်က အဝေးကြီး ဖြစ်နေတော့ အလွယ်တကူ ရန်ငြိုးဖွဲ့မိတတ်တယ်။
ချေးတုန်းက ခံစားရတဲ့ ကျေးဇူးတရားက အစစ်အမှန် ဖြစ်ပေမယ့် အခက်အခဲကို ကျော်ဖြတ်ပြီးသွားရင် ကျေးဇူးကို မမှတ်မိတော့ဘူးလေ။
—
ကျန်းမန်က သက်ပြင်းရှည်ကြီး ချလိုက်တယ်။
အကြွေးဆပ်ဖို့ ကိစ္စကို သူ အမြဲတမ်း မှတ်ထားပါတယ်၊ အထူးသဖြင့် ယွင်ချန်ဌာနခွဲ ရဲ့ ပထမ ဖြစ်လာပြီးနောက် ပထမဆုံး လုပ်ရမယ့် ကိစ္စက အကြွေးဆပ်ဖို့ပါပဲ။
ဒါပေမယ့် လေးငါးသောင်း ဆိုတော့ သူလည်း တကယ်ပဲ ဘာနည်းလမ်းမှ မရှိပါဘူး။
"မင်းက ပြိုင်ဘက်ကင်း ပါရမီရှင် မဟုတ်ဘူးလား ဝိညာဉ်ကျောက်တုံး လေးငါးသောင်း ကိုတောင် နည်းလမ်း မရှိတော့ဘူးလား"
နွားဝါကြီးက တိုးတိုးလေး ပြောလိုက်တယ်။
"ငါ့ရဲ့ ပါရမီက ကျင့်ကြံတဲ့ နေရာမှာလေ၊ နည်းလမ်း မရှိတာက သဘာဝကျပါတယ် နည်းလမ်း ရှိရင်တောင် ဟိုဘက် ဒီဘက် လှည့်ပြီး ဖြေရှင်းရမှာပဲ" ကျန်းမန်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။
ကိုယ်က ကျင့်ကြံတဲ့ နေရာမှာသာ ပါရမီရှင် ဖြစ်တာ၊ ဝိညာဉ်ကျောက်တုံး ရှာတဲ့ နေရာမှာ ပါရမီရှင်မှ မဟုတ်တာ။
အဓိကကတော့ ကျင့်ကြံမှုအဆင့် မမြင့်သေးလို့ပါ။
မြင့်လာရင် အရာအားလုံး အလိုလို ဖြေရှင်းသွားလိမ့်မယ်။
ဒါပေမယ့် အချိန် အဲဒီလောက် အများကြီး မရှိသေးဘူးလေ။
ဒါပေမယ့် သိပ်တော့ အလောတကြီး မဟုတ်သေးပါဘူး၊ အချိန် စောပါသေးတယ်။
နည်းလမ်း ရှိလာမှာပါ။
အခုတော့ ကောင်းကင် နှလုံးသား တံဆိပ်တုံး အကြောင်းကို အရင် လေ့လာပြီး ကျင့်ကြံကြည့်ရမယ်။
စာအုပ်ထဲမှာ သေချာ ရေးထားတယ်၊ ကောင်းကင် နှလုံးသား တံဆိပ်တုံးက ယွင်ချန်ဌာနခွဲ မှာ သင်ကြားပေးလို့ မရဘူးတဲ့။
ဂိုဏ်းထဲ ရောက်မှ သင်ယူရမှာတဲ့။
ဒါပေမယ့် ကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်ပြီး သင်ယူလို့တော့ ရပါတယ်။
အသုံးပြုတာကို ဘာမှ မထိခိုက်ပါဘူး။
ဒါက ရုတ်တရက် ပေါ်လာတဲ့ သိုင်းပညာရပ်ပါ၊ ယွင်ချန်ဌာနခွဲ မှာ အမြဲတမ်း ရှိနေတာ မဟုတ်ပါဘူး။
ဒါကြောင့် ဆရာဖူ တို့တောင် ကျင့်ကြံဖူးချင်မှ ကျင့်ကြံဖူးမှာပါ။
ဒါပေမယ့် သူတို့ကို မေးကြည့်လို့တော့ ရပါတယ်။
သူတို့ သင်ယူထားတာက ယွင်ချန်ဌာနခွဲ ရဲ့ သိုင်းပညာရပ်တွေချည်းပဲ မဟုတ်ဘူးလေ၊ ဒီမှာ တာဝန်ထမ်းဆောင်နေတယ် ဆိုတော့ ဗဟုသုတ နဲ့ အတွေ့အကြုံတွေလည်း ရှိမှာပါပဲ။
နောက်တစ်ခုက အခက်ခဲဆုံး အချိန်တွေ ပြီးသွားပြီ ဆိုတော့ ဆရာကျောက် တို့အတွက်လည်း ကျေးဇူးဆပ်ဖို့ ပြင်ဆင်ရတော့မယ်။
မွေးမြူရေး နည်းလမ်း တစ်ခုခုကို ကျေးဇူးဆပ် လက်ဆောင် အဖြစ် ပေးရင် ပိုကောင်းမယ်။
ထို့နောက် နွားဝါကြီးက ကျန်းမန်ကို ကောင်းကင် နှလုံးသား တံဆိပ်တုံး အကြောင်း စတင် ရှင်းပြပေးတော့တယ်။
ကောင်းကင် နှလုံးသား တံဆိပ်တုံးက သာမန်အဆင့် အထက်တန်း သိုင်းပညာရပ် တွေကို ကျော်လွန်နေတယ်။
တရားဝင် အကြောင်းအရာတွေကို ကြည့်ရင်တောင် နားလည်မှာ မဟုတ်ဘူး။
စနစ်တကျ လေ့လာဖို့ လိုအပ်တယ်။
သင်ကြားပေးနေစဉ်မှာ နွားဝါကြီးက သတိပေးလိုက်တယ်။
"နောက်ပိုင်း တိုးတက်လာဖို့ ဆိုရင် မင်းက ဒီအကြောင်းအရာတွေကို စနစ်တကျ သင်ယူဖို့ လိုအပ်တယ် အင်မော်တယ် ဂိုဏ်းက အုပ်ချုပ်ပြီးနောက်ပိုင်း ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေကို ပြန်လည် ပြုစုခဲ့တယ် ကျင့်ကြံခြင်း အားလုံးက လမ်းကြောင်းအတိုင်း သွားရမှာပဲ"
"ကျင့်ကြံမှုအဆင့် မြင့်လာလေလေ သင်ယူရမယ့် အရာတွေက ပိုများလာလေလေပဲ ချီသန့်စင်ခြင်း သိုင်းပညာရပ် တွေထဲမှာ အခက်ခဲဆုံးက သာမန်အဆင့် အထက်တန်း ပဲ၊ ပိုအစွမ်းထက်တဲ့ သိုင်းပညာရပ်တွေ မချပေးလို့ မဟုတ်ဘူး၊ သင်ယူဖို့ မလိုလို့ ပြီးတော့ သင်ယူလို့လည်း မတတ်နိုင်လို့ပဲ"
"ဥပမာ အနေနဲ့ ဒီ ကောင်းကင် နှလုံးသား တံဆိပ်တုံး ပေါ့"
ကျန်းမန်က ခေါင်းညိတ်ပြီး အပြည့်အဝ ထောက်ခံလိုက်တယ်။
သူက ဒီသိုင်းပညာရပ်ကို လုံးဝ နားမလည်ပါဘူး။
ရှင်းပြတာကို နားထောင်ရင်တောင် တစ်ဝက်တစ်ပျက်ပဲ နားလည်တယ်။
ဒီလို ရှင်းပြတာကို တစ်ရက်လုံး နားထောင်ပြီးမှ ကျန်းမန်က နားလည်နိုင်ပေမယ့်၊ အပြည့်အဝ နားလည်ဖို့တော့ အချိန်နည်းနည်း ယူရသေးတယ်။
နွားဝါကြီးက ကောင်းကောင်း ရှင်းပြနိုင်လို့သာပေါ့၊ တကယ်လို့ နားလည်မှု သိပ်မရှိတဲ့ သူတစ်ယောက်က ရှင်းပြမယ် ဆိုရင် ဒီအကြောင်းအရာတွေကို သုံးရက်သုံးညလောက် ရှင်းပြနေရဦးမှာ။
ရှင်းပြရင်းနဲ့ နွားဝါကြီးက သတိလည်း ပေးသေးတယ်။
"ဒီသိုင်းပညာရပ်က အမြဲတွေ့ရလေ့ မရှိသလို၊ မင်းကို လမ်းညွှန်ပေးမယ့်သူလည်း မရှိဘူးဆိုတော့ အနည်းအကျဉ်း လွဲချော်တာတွေ ရှိနိုင်တယ်"
"ဒါပေမယ့် လွဲချော်တာတွေကို အနည်းဆုံး ဖြစ်အောင် ငါ ကြိုးစားပေးမယ် ဘယ်နေရာမှာ လွဲနေလဲ ဆိုတာကိုတော့ မင်းကိုယ်တိုင် ရှာဖွေပြီး ပြင်ဆင်ရလိမ့်မယ်"
"မင်းပေးတဲ့ နမူနာက အရမ်း နည်းလွန်းတော့ သိုင်းပညာရပ်ရဲ့ ယုတ္တိ လမ်းကြောင်းကို အပြည့်အဝ တွက်ချက်လို့ မရဘူး"
ကျန်းမန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။
ထို့နောက် နောက်ထပ် နှစ်ရက် ထပ်ပြီး ရှင်းပြပေးတယ်။
ထိုအခါမှ ကျန်းမန်က အပြည့်အဝ နားလည်သွားတော့တယ်။
အခုတော့ ဘယ်လို ကျင့်ကြံရမလဲ ဆိုတာကိုပဲ နားလည်သေးတာ၊ ဘယ်အချိန်မှာ အောင်မြင်မလဲ ဆိုတာကိုတော့ သေချာ မသိနိုင်သေးဘူး။
နောက်တစ်ခုက ဒီ ကောင်းကင် နှလုံးသား တံဆိပ်တုံးက သူ့ရဲ့ အခက်အခဲနဲ့ သိပ်မကိုက်ညီဘူးလို့ ခံစားရတယ်။
ကောင်းကင် နှလုံးသား တံဆိပ်တုံး ရဲ့ နောက်နာမည် တစ်ခုက ပုံသဏ္ဌာန်မဲ့ တံဆိပ်တုံး တဲ့၊ သူ့ကိုယ်ပိုင် အစွမ်းက မထင်ရှားပေမယ့် အစွမ်းထက်တဲ့ သူနဲ့ တွေ့ရင် သူလည်း ပိုပြီး အစွမ်းထက်လာတယ်။
ဘယ်လို သိုင်းပညာရပ်မျိုးနဲ့ လာတိုက်တိုက်၊ အဲဒီ အစွမ်းအတိုင်း ပြန်ပြီး တုံ့ပြန်နိုင်တယ်။
တစ်ဖက်လူက သာမန်အဆင့် အောက် ဖြစ်ရင်တောင် ပြန်လည် တုံ့ပြန်မယ့် အစွမ်းကလည်း သာမန်အဆင့် အောက်ပဲ ဖြစ်နေမှာ။
အောက်ဆုံး ကန့်သတ်ချက် မရှိပေမယ့် အမြင့်ဆုံး ကန့်သတ်ချက်တော့ ရှိတယ်။
တစ်ခုတည်းသော ကောင်းကွက်က ဝိညာဉ်စွမ်းအင် ကုန်ကျမှု နည်းတာပဲ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အဆင့်မြင့်တဲ့ သိုင်းပညာရပ်က သာမန်အဆင့် အောက် သိုင်းပညာရပ်ကိုတောင် အနိုင်မယူနိုင်ဘူး။
"သာမန်အဆင့် ထက် ကျော်လွန်တဲ့ အရာတွေကို ရင်ဆိုင်နိုင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း အသုံးကျမှုက သာမန်အဆင့် ထက် ကျော်လွန်တဲ့ အရာတွေလောက် မရှိဘူး၊ ဒါကြောင့်လည်း ချီသန့်စင်ခြင်း အဆင့်ကို ချပေးလိုက်တာကိုး"
ကျန်းမန်က အတော်လေး သက်ပြင်းချလိုက်တယ်။
အထက်က လူတွေနဲ့ ယှဉ်ရင် အသုံးဝင်ပေမယ့် အောက်က လူတွေနဲ့ ယှဉ်ရင် ဘာမှ အသုံးမဝင်ဘူး။
ချပေးလိုက်ရင်တောင် ချီသန့်စင်ခြင်း အဆင့်မှာ သွားကျင့်ကြံမယ့်သူ အရမ်း ရှားပါလိမ့်မယ်။
ရုတ်တရက် ကျန်းမန်က ကိစ္စတစ်ခုကို သတိရသွားတယ်။
တကယ်လို့ ကိုယ်က အစွမ်းကုန် တိုက်နေပြီး တစ်ဖက်လူက ကောင်းကင် နှလုံးသား တံဆိပ်တုံး ကို သုံးမယ် ဆိုရင်။
အဲဒါဆို ဘယ်လိုလုပ် နိုင်နိုင်တော့မှာလဲ။
ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအင်က များတယ် ဆိုပေမယ့် တခြားလူရဲ့ ဝိညာဉ်စွမ်းအင် ကုန်ကျမှု နည်းတာကို ဘယ်လို ယှဉ်နိုင်မှာလဲ။
အထူးသဖြင့် အကွက်တိုင်းမှာ အင်အားချင်း မျှနေတာမျိုးပေါ့။
ကျင့်ကြံရေး လမ်းကြောင်းက ထင်ထားသလောက် မလွယ်ကူဘူးပဲ။
ထို့နောက် ကျန်းမန်က သိုင်းပညာရပ်ကို စတင် လည်ပတ်ပြီး အခြေခံ အရင် တည်ဆောက်လိုက်တယ်။
စမ်းသပ် ကျင့်ကြံကြည့်တော့ တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး သိုင်းထက် အဆပေါင်းများစွာ ပိုခက်ခဲတာကို တွေ့လိုက်ရတယ်။
ဝိညာဉ်စွမ်းအင် လည်ပတ်မှု နဲ့ တုန်ခါမှု တွေကို ကိုယ်တိုင် ထိန်းချုပ်ပြီး စမ်းသပ်ကြည့်ဖို့ လိုအပ်တယ်။
ဒါတင်မကသေးဘူး သွေးကြော အတိုအရှည် အပေါ် မူတည်ပြီး ဝိညာဉ်စွမ်းအင် ဖြတ်သန်းသွားမယ့် အချိန်ကို တွက်ချက်ပြီး ပေါင်းစပ်ဖို့ လိုသေးတယ်။
လူတိုင်းက တူညီတယ်လို့ ထင်ရပေမယ့် တကယ်တမ်း သွေးကြောတွေမှာ ကွာခြားချက် ရှိတယ်။
ကိုယ့်ဘာသာကိုယ် ချိန်ညှိပြီး တွက်ချက်ရမယ်။
သိုင်းပညာရပ် မွေးရာပါ ဝိညာဉ်စွမ်းအင် ရှိရင်တောင် ကျန်းမန်က ပထမဆုံး အကြိမ် လည်ပတ်မှုကို အောင်မြင်အောင် လုပ်ဖို့ တစ်ဝက်တိတိ အချိန်ယူခဲ့ရတယ်။
အစပိုင်းက အမြဲတမ်း ခက်ခဲတာပါပဲ။
ပထမဆုံး အကြိမ် အောင်မြင်သွားတော့ ကျန်းမန်မှာ အောင်မြင်မှု ခံစားချက် အပြည့်အဝ ရသွားတယ်။
ပြီးတော့ ဆက်ပြီး လည်ပတ်တယ်။
တစ်ရက်လုံး အချိန်ယူပြီး လေးကြိမ်တိတိ လည်ပတ်နိုင်ခဲ့တယ်။
လေးကြိမ်တိတိ လည်ပတ်ပြီးမှ အခြေခံ တည်ဆောက်နိုင်ခဲ့တာ။
ဒါက
အဆင့်ကိုး ရောက်ဖို့ ဆိုရင် အချိန်တော်တော် ယူရလိမ့်မယ်။
နှေးလည်း နှေးတယ်၊ ခက်လည်း ခက်တယ်၊ အသုံးလည်း မဝင်ဘူး။
ကျန်းမန်က သက်ပြင်းရှည်ကြီး ချပြီး ပြောလိုက်တယ်။
"အရမ်း ခက်တာပဲ"
နွားဝါကြီးက မြက်စားနေရင်း ဘာမှ မပြောဘူး။
ဒီသိုင်းပညာရပ်က သူ့ကို တကယ် အခက်တွေ့စေတယ်လို့ ကျန်းမန် ခံစားလိုက်ရတယ်။
ကြည့်ရတာ ဂိုဏ်းထဲ သွားပြီး ပစ္စည်းတွေ သွားရှာမှ ဖြစ်မယ်လို့ သူ စိတ်ထဲမှာ တွေးလိုက်တယ်။
ထို့နောက် ဝိညာဉ်စွမ်းအင် စုဆောင်းဖို့ ရွေးချယ်လိုက်တယ်။
ကျန်နေသေးတဲ့ အချိန်တွေကို သုံးပြီး ကိုးခုမြောက် ဘူးသီးကို အပြည့် ဖြည့်ရမယ်။
နောက်တစ်ခုက ခန္ဓာကိုယ် နဲ့ စိတ်အာရုံ ကိုလည်း ဆက်ပြီး မြှင့်တင်ရမယ်။
အကောင်းဆုံးကတော့ ချီသန့်စင်ခြင်း အဆင့်ကိုး၊ ခန္ဓာကိုယ် အဆင့်ကိုး၊ စိတ်အာရုံ အဆင့်ကိုး နဲ့ ဂိုဏ်းထဲ ဝင်ဖို့ပဲ။
အခုတော့ ချီသန့်စင်ခြင်း အဆင့်ကိုး၊ ခန္ဓာကိုယ် အဆင့်ခြောက်၊ စိတ်အာရုံ အဆင့်ခြောက် ပဲ ရှိသေးတယ်၊ အများကြီး လိုသေးတယ်။
အချိန်က အရမ်း ကပ်နေပြီ။
ဇွန်လ ဒုတိယ တစ်ဝက်မှာ ကျန်းမန်က ကောင်းကင် နှလုံးသား တံဆိပ်တုံးကို လေ့လာတာကလွဲပြီး ကျန်တဲ့ အချိန်တွေကို ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ နေရာမှာပဲ သုံးလိုက်တယ်။
ပြီးတော့ ဝိညာဉ်စုဆောင်းခြင်း ခန်းမကို သွားပြီး ဝိညာဉ်ကျောက်တုံး သွားရှာတယ်။
လဝက်လောက် အချိန်ယူတော့ တစ်ထောင့်သုံးရာ လောက် ရတယ်။
လဝက်လောက် ရှာတာတောင် အရင်က တစ်ညတည်း သုံးလိုက်တာကို မမီသေးဘူး။
ဇွန်လကုန်။
မိသားစု အသီးသီးက ကျန်းမန်မှာ ဘာလို့ ဒီလောက် များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေရတာလဲ ဆိုတာကို လေ့လာနေကြတယ်လို့ မန်နေဂျာမြောင် ပြောတာကို ကျန်းမန် ကြားလိုက်ရတယ်။
အစပိုင်းမှာတော့ သူတို့ ဘာမှ မသိကြဘူး၊ နောက်ပိုင်းကျမှ ယွင်ချန်ဌာနခွဲ က ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ နည်းနည်းပါးပါး သဲလွန်စ ရသွားကြတယ်။
အခုတော့ နောက်ဆုံး အတည်ပြုချက် လုပ်နေကြတယ်။
ရက်အနည်းငယ်လောက် နေရင် အဖြေထွက်လာလောက်တယ်လို့ ထင်ရတယ်။
ကျန်းမန် အနည်းငယ် အံ့ဩသွားတယ်။
ဒါပေမယ့် သိပ်တော့ မစိုးရိမ်ပါဘူး။
သိသွားရင်လည်း သူ ဂရုမစိုက်ပါဘူး။
ဥပမာ ကိုယ်က ညအိပ်ပျက်ခံပြီး တခြားလူတွေကိုလည်း ညအိပ်ပျက်ခံခိုင်းသလိုမျိုးပေါ့။
ကျော်တက်သွားမှာကို တစ်ခါမှ မကြောက်ခဲ့ဖူးပါဘူး။
ဘာလို့လဲဆိုတော့ ပါရမီရှင်တွေက သူ့ကို မြင်ရင်တောင် ပါရမီရှင် လို့ ခေါ်ရမှာပဲလေ။
များပြားတဲ့ ဝိညာဉ်စွမ်းအင် ကိစ္စကလည်း အရမ်း ရိုးရှင်းပါတယ်၊ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို ဝိညာဉ်ကျောက်တုံး တွေ ပေးမယ်ဆိုရင် သူကလည်း အမှန်အတိုင်း ပြောပြမှာပါ။
ကံမကောင်းတာက သူ့ကို ဝိညာဉ်ကျောက်တုံး ပေးမယ့်သူ မရှိတာပဲ။
အခုမှ ကိုယ်တိုင် လာပြောဖို့က နည်းနည်း နောက်ကျသွားပြီ။
မနက်ဖြန် ဆိုရင် ဇူလိုင်လ တစ်ရက်နေ့ ရောက်တော့မယ်၊ ယွင်ချန်ဌာနခွဲ ပထမ အနေနဲ့ တခြား ဆုလာဘ်တွေ ရဦးမလား ဆိုတာ မေးကြည့်ရမယ်။
ညပိုင်း…..
ကျန်းမန်က လရောင်ကို ဖြတ်ပြီး မြင်းတင်းကုပ် ကို ပြန်ရောက်လာခဲ့တယ်။
ရောက်ရောက်ချင်းပဲ ကျန်းမန်က ပြုံးပြီး နွားဝါကြီးကို နှုတ်ဆက်လိုက်တယ်။
"အဝါကြီး စားနေတာလား"
နွားဝါကြီးက မျက်ခုံးပင့်ကာ ကျန်းမန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။
"မင်းကို လာရှာတဲ့သူ ရှိတယ်"
ကျန်းမန် အနည်းငယ် အံ့ဩသွားတယ်။
"ဘယ်သူ လာရှာတာလဲ"
အရင်တုန်းကတော့ လီယွမ်တို့ လာရှာကြတာပဲ။
သူတို့ လာရင် ဝိညာဉ်ကျောက်တုံး တွေ ယူလာကြတာလေ။
အရင်တုန်းက အမှားလုပ်မိလို့ ဆိုပြီးတော့ပေါ့။
ပြန်စဉ်းစားကြည့်ရင်၊ ကိုယ့်ကို စော်ကားခဲ့တဲ့ သူတွေလည်း တောင်းပန်ဖို့ လာသင့်ပြီပဲ။
"မင်း ပြန်လာတာ အရမ်း နောက်ကျနေပြီ အထဲမှာ စောင့်နေတယ်"
နွားဝါကြီးက ပြောပြီးတာနဲ့ ခေါင်းငုံ့ပြီး ဆက်စားနေလိုက်တယ်။
ထိုစကားကို ကြားသော် ကျန်းမန်လည်း ဂရုမစိုက်ပါဘူး၊ အခန်းထဲမှာ ဘာတန်ဖိုးကြီး ပစ္စည်းမှ မရှိဘူးလေ။
ဝင်ရင်လည်း ဝင်ပါစေပေါ့။
တစ်ဖက်လူက အထဲမှာ အရမ်း ရိုးရှင်းနေတာကို အပြစ်မတင်ရင် ပြီးတာပါပဲ။
ထို့နောက် ကျန်းမန်က တံခါးဝကို လျှောက်သွားပြီး တံခါးကို အားရပါးရ ဖွင့်လိုက်တယ်။
ဒါပေမယ့် တစ်ဝက်လောက် ဖွင့်ပြီးချိန်မှာတော့ တံခါးဖွင့်နေတဲ့ လက်က လေထဲမှာ ရပ်တန့်သွားတယ်။
ချက်ချင်းပဲ တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်တယ်။
တောင့်တင်းနေတဲ့ အမူအရာနဲ့ နွားဝါကြီး ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
"အဝါကြီး ငါ မျက်လုံးများ ပြာသွားတာလား"
နွားဝါကြီးက သူစိုက်ထားတဲ့ ပေါင်းပင်တွေကို ခေါင်းငုံ့စားနေရင်းနဲ့ ခေါင်းမမော့ဘဲ မေးလိုက်တယ်။
"မင်း မျက်လုံးပြာပြီး ဘာမြင်လိုက်လို့လဲ"
"ဘယ်လို ပြောရမလဲ၊ အရမ်း လှတဲ့ လူတစ်ယောက်ကို မြင်လိုက်တယ်"
ကျန်းမန်က အနည်းငယ် တွေဝေစွာနဲ့ ပြောလိုက်တယ်။
"အဲဒါဆိုရင်တော့ တကယ်ပဲ မင်း မျက်လုံးပြာသွားတာ ဖြစ်လောက်တယ် ထပ်ကြည့်ကြည့်ပါဦး"
နွားဝါကြီးက ဆက်စားနေရင်း ပြောလိုက်သည်။
ကုန်ခါနီး ဖြစ်နေတဲ့ ပေါင်းပင်တွေကို ကြည့်ပြီး ကျန်းမန်က သက်ပြင်းရှည်ကြီး ချလိုက်ကာ တံခါးကို နောက်တစ်ခါ ပြန်ဖွင့်လိုက်တယ်။
ဂျောက် ခနဲ အသံ ထွက်ပေါ်လာတယ်။
မျက်စိရှေ့မှာ လရောင်ကျနေတဲ့ အခန်းလေးက အထဲမှာ အရာအားလုံးကို ထင်ရှားနေစေတယ်။
ထို့နောက် ကုတင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက်ကို သူ တွေ့လိုက်ရတယ်။
သူ ကြည့်လိုက်တဲ့ အချိန်မှာပဲ အဲဒီလူကလည်း မျက်ခုံးလေး ပင့်ပြီး ကျန်းမန်နဲ့ အကြည့်ချင်း ဆုံသွားတယ်။
နူးညံ့တဲ့ အကြည့်လေးက လူကို စိတ်လက်ကြည်သာ ဖြစ်စေပြီး ရေကန်ပေါ်မှာ ရပ်နေသလို ခံစားရစေတယ်၊ လေညင်းလေး တိုက်ခတ်နေသလိုပါပဲ။
သူမက အပြာရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဖုန်တစ်စက်မှ မတင်တဲ့ ပုံစံလေးပါပဲ။
သေသပ်လှပတဲ့ မျက်နှာလေးမှာ မိတ်ကပ် မလိမ်းထားပေမယ့် တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်နေတယ်။
မျက်ခုံးကြားမှာ အနီရောင် ပန်းပွင့်လေး တစ်ခု ရှိနေတာကလည်း အရမ်းကို ထင်ရှားလွန်းတယ်။
လမင်းလေးလို တည်ငြိမ်တဲ့ အသွင်အပြင် ရှိပြီး သူမရဲ့ အကြည့်တစ်ချက်က လေညင်းလေး တိုက်ခတ်သွားသလိုပါပဲ၊ လောကီ အငွေ့အသက်တွေ ကင်းစင်တဲ့ နတ်သမီးလေး တစ်ပါးလိုပါပဲ။
တစ်ဖက်လူရဲ့ မျက်နှာကို သေချာ မြင်ပြီးနောက်မှာတော့ ကျန်းမန်က တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်ပြန်တယ်။
သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး နွားဝါကြီးကို ပြောလိုက်တယ်။
"အဝါကြီး ငါ ရုတ်တရက် အလုပ်ကိစ္စ ပေါ်လာလို့ ရွာကို ပြန်ကြည့်ဦးမယ်"
"အသက်ပြင်းပြင်း ရှူနေစရာ မလိုပါဘူး အမှန်တရားကို လက်ခံလိုက်ပါ"
နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ ပြောလိုက်တယ်။
"မင်းရဲ့ မိန်းမ မင်းကို လာကြည့်တာလေ"
ကျန်းမန် တိတ်ဆိတ်သွားတယ်။
"ကောင်းတဲ့ ကိစ္စပါ မင်း မိန်းမ ထွက်မပြေးသွားဘူးလေ"
နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
"မင်း ငါ့ကို နောက်ထပ် တစ်ယောက် ရှာခိုင်းစရာ မလိုတော့ဘူးပေါ့"
ဂျောက်
တံခါးက ရုတ်တရက် အထဲကနေ ပွင့်လာတယ်။
လှပတဲ့ ပုံရိပ်လေး တစ်ခုက တံခါးပေါက်မှာ ပေါ်လာပြီး ကျန်းမန်ကို ကြည့်ကာ နူးညံ့တဲ့ အသံလေးနဲ့ မေးလိုက်တယ်။
"ခွန်းပိုင်က ကျွန်မကို မတွေ့ချင်လို့လား"