← Chapters

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း (၅၀၃)

“ဘိုးဘေးကြီး... ကျွန်တော်မျိုးတို့ အဲဒီလူကို ခေါ်လာခဲ့ပါပြီ”

ဘိုးဘေးဘုရားကျောင်းအပြင်ဘက်တွင် မဟာပုရောဟိတ် အလွန်အမင်း ရိုသေလေးစားစွာ ပြောလိုက်သည်။

ဟန်ပင်း အထဲတွင် ရှိနေသည့်အရာကို လုံးဝဂရုမစိုက်ဟန်ဖြင့် အေးတိအေးစက်သာ ရှိနေလေ၏။

“သူ့ကို ဝင်လာခွင့်ပြုလိုက်။ မင်းတို့အားလုံး နောက်ဆုတ်သွားကြတော့။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ဘိုးဘေးဘုရားကျောင်းနားကို မချဉ်းကပ်နဲ့”

ဘုရားကျောင်းအတွင်းမှနေ၍ ဩဇာညောင်းလှသောအသံတစ်သံ ပဲ့တင်ထွက်ပေါ်လာသည်။

“မှန်လှပါ၊ ဘိုးဘေးကြီး”

ပုရောဟိတ်များ ဘိုးဘေး ရည်ရွယ်ချက်ကို ယခုထက်ထိ မသိသေးသော်လည်း နာခံမှုရှိရှိဖြင့် ဆုတ်ခွာသွားကြသည်။

ဘုရားကျောင်းလက်ထောက် သခင်မဆု တစ်ယောက်သာ ဟန်ပင်းကို ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်နေ၏။

ဟန်ပင်းသည် အထဲတွင် မည်ကဲ့သို့သောဖြစ်တည်မှုမျိုး စောင့်ကြိုနေသည်ကို ဂရုမစိုက်ဘဲ အေးအေးလူလူပင် ဘုရားကျောင်းအတွင်းသို့ လှမ်းဝင်လိုက်သည်။

မည်မျှပင် သန်မာသည်ဖြစ်စေ သူ့ဆရာထက်တော့ သာလွန်နိုင်မည်မဟုတ်ပေ။

ထိုမျှအဆင့်ရှိသော ဖြစ်တည်မှုမျိုးသည် ရွှီတိုင်းပြည်ကဲ့သို့သော တိုင်းပြည်အသေးလေးထဲတွင် ပုန်းအောင်းနေမည်မဟုတ်ပေ။

ဟန်ပင်း ဝင်သွားသည်နှင့် သူ့နောက်က တံခါးမကြီးသည် ဝုန်းခနဲ ပိတ်သွားတော့သည်။

သူ နောက်လှည့်မကြည့်ပေ။ ထိုအစား ရုပ်တုကို စိုက်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ခင်ဗျားကို ကျွန်တော် မြေကြီးထဲမြုပ်အောင် ရိုက်မှာစိုးလို့ လူတွေကို အကြည့်မခံချင်တာလား”

“မဟုတ်ဘူး။ ငါ့ဖြစ်တည်မှုအစစ်အမှန်ကို သူတို့ သိသွားမှာ စိုးလို့ပဲ”

ရုပ်တုထံမှ ထွက်ပေါ်လာသော အရိုးထဲထိ စိမ့်ဝင်သွားမည့် အေးစက်စက်အသံသည် ပုံမှန်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။

ဟန်ပင်းကမူ ကြောက်ရွံ့ခြင်းမရှိ ပို၍ပင် စိတ်လှုပ်ရှားလာပုံရသည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒါဆိုရင် ခင်ဗျားရဲ့ဖြစ်တည်မှုအစစ်အမှန်ကို ပြလိုက်စမ်းပါ။ ခင်ဗျားက ဘယ်လို နတ်ဆိုးမျိုးလဲဆိုတာ ကြည့်ပါရစေ”

“ဒါ မင်းတောင်းဆိုလို့ပဲ”

နတ်ဆိုးမြူခိုးထုကြီးတစ်ခုသည် ရုပ်တုဆီမှ ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်းနှင့် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် စုစည်းသွား၏။

ဤမြင်ကွင်းက ဟန်ပင်းကို အမှန်တကယ်ပင် အံ့အားသင့်သွားစေသည်။ သူ့အပြုံးက သဘောကျဟန်ဖြင့် ပိုမိုနက်ရှိုင်းသွားတော့၏။

“ဒီနေ့တော့ ထောင်လွှားတဲ့ မြေခွေးပေါက်စလေးတစ်ကောင်ကို ဆုံးမရမယ်လို့ ထင်ထားတာ။ တခြားလူရဲ့ အသိုက်ထဲမှာ နတ်ဆိုးနဂါးတစ်ကောင် အောင်းနေလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားဘူး။ တကယ်ကို လာရကျိုးနပ်တာပဲ”

“ဟမ့်”

မြူခိုးထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ချက် ထွက်လာသည်။

“စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ရှိတဲ့ မျိုးဆက်သစ်လေးတစ်ယောက်က ငါ့ရှေ့မှာ ဝင့်ကြွားရဲတယ်ပေါ့လေ။ မင်းတို့ လူသားမျိုးနွယ်တွေက ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ စွမ်းအားကို မမြင်ဖူးကြသေးလို့ ထင်တယ်”

တာအိုပေါင်းစည်းခြင်းအဆင့်ရှိ နတ်ဆိုးဖိအားများ ထွက်ပေါ်လာပြီး ဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထွက်ခွာသွားကြသော ပုရောဟိတ်များသည် ရုတ်တရက် ကျောရိုးထဲထိ စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရ၏။

သူတို့ နောက်လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် သခင်မစု တားမြစ်လိုက်သည်။

“အသက်ရှင်ချင်ရင် လှည့်မကြည့်နဲ့။ တိုက်ပွဲပြီးတဲ့အထိ စောင့်”

ပုရောဟိတ်များ ဇဝေဇဝါဖြစ်သွားကြသော်လည်းစပ်စုလိုစိတ်ကို ထိန်းချုပ်ကာ ဆက်လက်လျှောက်လှမ်းသွားကြသည်။

ဘိုးဘေးဘုရားကျောင်းအတွင်းတွင်

ဟန်ပင်းသည် နတ်ဆိုးဖိအားကို ခံစားနေရသော်လည်း ကြောက်ရွံ့ရိပ် အနည်းငယ်မျှပင် မရှိချေ။ ထိုအစား သူ့မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။

ထိုကဲ့သို့ သိမ်မွေ့လှသည့် အပြောင်းအလဲများသည် နတ်ဆိုးနဂါး၏ အာရုံမှ မလွတ်မြောက်ပေ။

“မျိုးဆက်သစ်လေး... မင်း မကြောက်ဘူးလား”

ဟန်ပင်း ပုခုံးတွန့်ပြလိုက်သည်။

“ကျွန်တော်က နတ်ဆိုးတွေကို တစ်ခါမှ မမြင်ဖူးတာလည်း မဟုတ်တာ။ ခင်ဗျားက တာအိုပေါင်းစည်းခြင်းအဆင့် နတ်ဆိုးတစ်ကောင်သာသာပဲ။ မြို့စား အဆင့်ရှိတဲ့ နတ်ဆိုးကြီးတစ်ကောင် ဖြစ်နေရင်တောင်မှ ကျွန်တော့်မျက်လုံးထဲမှာတော့ ရွှံ့ရုပ်တစ်ခု၊ မြေခွေးအိုတစ်ကောင်ထက် မပိုပါဘူး”

“သေချင်နေတာပဲ”

မြူခိုးများထဲမှ ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ကြီးမားလှသော နတ်ဆိုးလက်သည်းကြီးတစ်ခု ဟန်ပင်းထံ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

ဟန်ပင်း ချက်ချင်းပင် လက်ဟန်တစ်ခုကို ဖော်ဆောင်ကာ ရှေ့သို့ ရိုက်ထုတ်လိုက်၏။

“ယင်ယန် မိုးမြေချိတ်စည်း”

ချိတ်စည်းတစ်ခု နဂါးလက်သည်းကြီးဆီ ပြေးဝင်သွားသည်။

၎င်းတို့ ထိတွေ့မိသည့်အခိုက် နတ်ဆိုးမြူခိုးများသည် သဘာဝရန်သူနှင့် ရင်ဆိုင်လိုက်ရသည့်အလား ကျုံ့ဝင်သွား၏။ ၎င်းတို့သည် လျင်မြန်စွာ လွင့်စင်ပျက်ပြယ်သွားပြီး ကြွင်းကျန်ရစ်သော အစိတ်အပိုင်းများသည် ယင်ယန် မိုးမြေချိတ်စည်းထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။

[T/N ဒီနောက်ပိုင်းက မူရင်းမှာကို ဆက်မပါတော့တာပါ။ နောက်တစ်ပိုင်းနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် မြေခွေးနတ်ဆိုးမ ခန္ဓာကိုယ်က နဂါးဝိညာဉ်ဆီမှာ လုခံထားတာဖြစ်ရမယ်။ ဟန်ပင်းက ဒါကို ပြန်ကယ်ပေးလိုက်နိုင်လိမ့်မယ်]

အခန်း (၅၀၄)

“ဒါဆိုရင် ရွှီတိုင်းပြည်တစ်ဝှမ်းလုံးမှာ နတ်ဆိုးတွေ ဖြစ်ပွားစေခဲ့တဲ့ ပရမ်းပတာအခြေအနေတွေက ခင်ဗျား ဘာမှမပတ်သက်ဘူးလို့ ယူဆရတော့မှာပေါ့”

ဟန်ပင်း ပြောလိုက်ရင်း စုနန်နန်၏ မျက်ဝန်းများကို စိုက်ကြည့်နေသည်။

စုနန်နန်က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ဖြေလိုက်၏။

“ဟုတ်တာပေါ့။ ကျွန်မ ရွှီတိုင်းပြည်ကို စေလွှတ်ခံရတာ နှစ်ပေါင်းနှစ်ထောင်ရှိပြီ။ ကျွန်မသာ လူသားတွေကို တိရစ္ဆာန်တွေလို မွေးမြူဖို့ ရည်ရွယ်ချက်ရှိခဲ့ရင် တာအိုမိတ်ဆွေ ဝင်ရောက်မစွက်ဖက်ရင်တောင်မှ ရှေးဟောင်းတောင်ပိုင်းယင်တိုင်းပြည်က နှစ်ရာချီတစ်ခါ လာရောက်စစ်ဆေးတဲ့ စစ်ဆေးရေးမှူးက ကျွန်မကို နှိမ်နင်းပြီးလောက်ပြီ။ တာအိုမိတ်ဆွေအနေနဲ့ သံသယရှိတယ်ဆိုရင် ကျွန်မရဲ့ နတ်ဆိုးစွမ်းအားကို စစ်ဆေးကြည့်နိုင်ပါတယ်”

သူမ စကားအဆုံးတွင် နတ်ဆိုးစွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်။ ထိုနေရာတွင် သွေးဆာရက်စက်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သူမ ပိုင်သည့် သန်စင်သော နတ်ဆိုးအရှိန်အဝါသည် ကံကြမ္မာကောင်းများကို သယ်ဆောင်ထား၏။

“အင်း”

ဟန်ပင်း ခေါင်းကို အသာအယာညိတ်လိုက်သည်။

“ဒါဆိုရင်တော့ တာအိုမိတ်ဆွေစုအနေနဲ့ ရွှီတိုင်းပြည်အတွင်းမှာရှိတဲ့ နတ်ဆိုးအားလုံးကို ရှင်းလင်းပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

စုနန်နန် ငြင်းပယ်ခြင်းမရှိပေ။

“ဒါက လွယ်ကူပါတယ်။ ရွှီတိုင်းပြည်မှာ ပရမ်းပတာဖြစ်အောင် လုပ်နေတဲ့ နတ်ဆိုးအားလုံးကို ဘိုးဘေးဘုရားကျောင်းဆီ လာခဲ့ဖို့ ကျွန်မ အမိန့်ထုတ်လိုက်မယ်။ သူတို့ကို တစ်ကောင်ချင်းစီ နှိမ်နင်းလို့ရတယ်။ ဒါပေမဲ့ တာအိုမိတ်ဆွေကို လှုပ်ရှားပေးဖို့တော့ ဒုက္ခပေးရလိမ့်မယ်။ ကျွန်မရဲ့ ဝိညာဉ်က အဲဒီနတ်ဆိုးနဂါးရဲ့ ဖိနှိပ်တာကို အကြာကြီး ခံထားရလို့ ကျင့်ကြံခြင်းက ပြန်မကောင်းသေးဘူး”

“ပြဿနာမရှိပါဘူး။ ကျွန်တော်က ရွှီတိုင်းပြည်မှာ မွေးဖွားခဲ့တာ။ မိခင်မြေအတွက် နတ်ဆိုးတွေကို ဖယ်ရှားပေးတာက သဘာဝကျတဲ့အရာပဲ”

ဟန်ပင်း တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။

စုနန်နန် သိသိသာသာပင် အံ့အားသင့်သွားလေ၏။

“တာအိုမိတ်ဆွေက ရွှီတိုင်းပြည်မှာ မွေးတာလား။ အဲဒါဆို ကျွန်မ ဘာလို့ ရှင့်အကြောင်း တစ်ခါမှ မကြားဖူးရတာလဲ”

ဟန်ပင်း ပြန်ဖြေသည်။ “ကျွန်တော် အိမ်ကနေ ထွက်သွားတာ ဆယ်စုနှစ်တွေကြာပြီ။ ကျွန်တော့်မိသားစုမှာ ကျွန်တော်ကလွဲရင် တခြားကျင့်ကြံသူမရှိဘူး။ တာအိုမိတ်ဆွေအနေနဲ့ ကျွန်တော့်အကြောင်း မကြားဖူးတာက ပုံမှန်ပါပဲ”

“ဪ ဒါကြောင့်ကိုး”

စုနန်နန် တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် ပြောသည်။

“တာအိုမိတ်ဆွေက ရွှီတိုင်းပြည်သားဖြစ်နေမှတော့ ကျွန်မအနေနဲ့ ရှင့်အတွက် တစ်ခုခု လုပ်ပေးနိုင်မဲ့အရာ ရှိနိုင်မလား”

သူမသည် အနှစ်တစ်ထောင်သက်တမ်းရှိသော မြေခွေးတစ်ကောင်ဖြစ်သဖြင့် ဟန်ပင်းမှာ မျိုးချစ်စိတ်သက်သက်ဖြင့် လှုပ်ရှားနေခြင်းဖြစ်သည်ဟု မယုံကြည်ချေ။

သူ့လို အဆင့်အတန်းမျိုးရှိသော လူတစ်ယောက်သည် လောကီအနှောင်အဖွဲ့များကို ဖြတ်တောက်ထားသည်မှာ ကြာပြီဖြစ်၏။ သူ့ရည်ရွယ်ချက်က ရှင်းလင်းလှသည်။

“တကယ်ကို ဉာဏ်ကောင်းတဲ့ မြေခွေးတစ်ကောင်ပဲ”

ဟန်ပင်းက ဟန်ဆောင်မနေတော့ပေ။

“ကျွန်တော်က ဟန်မိသားစုကို ဟောက်ကျိုးမြို့တော်ကို အမြဲတမ်း အုပ်ချုပ်ခွင့်ရစေချင်တယ်။ ရွှီတိုင်းပြည်ရဲ့ လက်အောက်မှာတော့ အမည်ခံသက်သက်ပဲ ရှိနေလိမ့်မယ်”

“သဘောတူတယ်”

စုနန်နန် စဉ်းစားရန်ပင် မလိုချေ။ ဟန်ပင်းသာ အတင်းအဓမ္မ လုယူရန် ရွေးချယ်ခဲ့လျှင်တောင် သူမအနေနှင့် မည်သို့မျှ တားဆီးနိုင်မည်မဟုတ်ပေ။

အားကောင်းလှသော မဟာမိတ်တစ်ယောက်နှင့် လဲလှယ်ရန်အတွက် နယ်မြေအသေးလေးတစ်ခုကို ပေးအပ်လိုက်ခြင်းက ထိုက်တန်၏။

“ဒါဆိုရင် စကြစို့”

ဟန်ပင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ ခဏလောက်စောင့်ပါ”

စုနန်နန်သည် သူမ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်၏။ လက်ဟန်တစ်ခုကို ဖော်ဆောင်ပြီးနောက် ထိုကျောက်စိမ်းဆွဲပြားထံမှ အလင်းတန်းများစွာ ကောင်းကင်အစွန်းသို့ ပျံသန်းသွား၏။

“နေမဝင်ခင်မှာ တခြားနတ်ဆိုး ရှစ်ကောင်လုံး ဘိုးဘေးဘုရားကျောင်းကို ရောက်လာလိမ့်မယ်။ တာအိုမိတ်ဆွေ ခဏစောင့်ဆိုင်းပေးဖို့ တောင်းဆိုချင်ပါတယ်”

ဟန်ပင်းက ဘာမှမပြောဘဲ တိတ်ဆိတ်စွာသာ ရပ်နေသည်။

နာရီအနည်းငယ်ကြာပြီးနောက် နေဝင်သွား၏။

ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါများကို အနောက်ကနေ ချန်ရစ်ထားကြသည့် နတ်ဆိုးရှစ်ကောင်သည် အရပ်မျက်နှာအသီးသီးမှ တော်ဝင်မြို့တော်ဆီသို့ ပျံသန်းလာကြသည်။

မြို့တော်အတွင်းရှိ ပြည်သူများနှင့် ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားကြ၏။

ရွှီတိုင်းပြည်၏ ဘုရင်ပင် နန်းတော်အတွင်း၌ ပုန်းအောင်းနေခဲ့ပြီး ထွက်မလာရဲပေ။

မကြာမီမှာပင် နတ်ဆိုးရှစ်ကောင်သည် ဘိုးဘေးဘုရားကျောင်းရှေ့သို့ ဆင်းသက်လာကြသည်။ သူတို့စကားမပြောနိုင်မီမှာပင် ချိတ်စည်းကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာ၏။

“မလုပ်ပါနဲ့”

စူးစူးဝါးဝါးအော်ဟစ်သံများနှင့်အတူ နတ်ဆိုးရှစ်ကောင်လုံး ချက်ချင်းပင် အသတ်ခံလိုက်ရပြီး နတ်ဆိုးအမြူတေ ရှစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ဟန်ပင်း ခြောက်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။

“ကျန်တဲ့နှစ်ခုက ခင်ဗျားအတွက်ပဲ။ ကျွန်တော်က အကျိုးအမြတ်အားလုံးကို တစ်ယောက်တည်း သိမ်းကျုံးယူတတ်တဲ့လူ မဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ”

စုနန်နန် ဦးညွှတ်လိုက်သည်။ သူမ ခေါင်းမော့လိုက်သည့်အခါတွင် သူသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။

“နှမြောစရာပဲ ဒီလိုလူမျိုးနဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ အခွင့်အရေး မရလိုက်ဘူး”

သူမ စကားသံမဆုံးမီ အကျွမ်းတဝင်ရှိသော အသံတစ်သံ အနီးအနားမှ ထွက်ပေါ်လာသည်။

“ဘိုးဘေးကြီး တကယ်လို့ သူ့နဲ့ ဆက်ဆံရေး တည်ဆောက်ချင်ရင် လွယ်ပါတယ်။ ဘိုးဘေးကြီးရဲ့ မျိုးဆက်တွေထဲက ပါရမီရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်ပြီး ဟောက်ကျိုးမြို့ ဟန်မိသားစုဆီ လက်ထပ်ထိမ်းမြားပေးလိုက်ရုံပါပဲ”

ထိုစကားများကြောင့် စုနန်နန်၏ မျက်ဝန်းများ တောက်ပသွားသည်။

“ဟွေ့ဟွေ့ မင်းက ပိုပြီးတော့ လည်လာပြီပဲ။ မင်းပြောတဲ့အတိုင်း ငါတို့ ဆက်လုပ်ကြမယ်။ ဒါပေမဲ့ လောလို့တော့မရဘူး။ ပထမဆုံးအနေနဲ့ ဘုရင်ကို ဆင့်ခေါ်လိုက်ဦး။ ငါ သူ့ကို ညွှန်ကြားရမဲ့ ကိစ္စတွေ ရှိသေးတယ်”

“ဟုတ်ကဲ့ပါ”

ပြန်လည်ဖြေကြားပြီးနောက် သခင်မစု လှည့်ထွက်သွားတော့သည်။

ဟန်ပင်း ဟန်အိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင် ညဉ့်နက်နေပြီဖြစ်သည်။

ဟန်မောင်နှမများနှင့် မန်ဒလာအပြင် အခြားသော မိန်းမပျိုလေးအချို့လည်း ရှိနေ၏။ သူတို့မှာ ဟန်ရှုလင်း သနားကရုဏာစိတ်ဖြင့် ခေါ်ယူစောင့်ရှောက်ထားသည့် အိုးအိမ်မဲ့ ဆေးအစေခံမလေးများ ဖြစ်ကြသည်။

တည်ငြိမ်နေသော ဟန်မောင်နှမများနှင့် နှိုင်းယှဉ်လျှင် ထိုမိန်းကလေးများသည် သိသိသာသာပင် စိုးရိမ်ပူပန်ပြီး စိတ်မအေးဖြစ်နေကြသည်။

“မင်းတို့ရဲ့ အဘိုးလေး ပြန်ရောက်ပြီ”

အဓိကထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်နေသော မန်ဒလာက ပြောလိုက်ရင်း ထရပ်လိုက်သည်။

မောင်နှမနှစ်ယောက်၏ မျက်နှာများ ဝင်းပသွားပြီး အပြင်ဘက်ခန်းမဆီသို့ အပြေးအလွှား သွားကြရာ မိန်းမငယ်လေးများလည်း အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

“သခင်လေး... ပြန်လာပြီပဲ”

“မြေးတို့ အဘိုးလေးကို ဂါရဝပြုပါတယ်”

“ယဉ်ယဥ်ကျေးကျေးတွေ လုပ်မနေပါနဲ့တော့”

ဟန်ပင်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

မန်‌ဒလာ ပြုံးလိုက်၏။

“သခင်လေး... ဒီခရီးစဉ်က သခင်လေးအတွက် လွယ်ကူခဲ့ပုံပဲ”

ဟန်ပင်းက ခေါင်းညိတ်လိုက်သည်။ “စုမိသားစုရဲ့ အဲဒီမြေခွေးအိုကြီးက တရားခံမဟုတ်ဘူး။ သူ့ကို ပရမ်းပတာဖြစ်စေတဲ့ တကယ့်အရင်းအမြစ်ကို ဖယ်ရှားပေးပြီးတော့ ဟန်မိသားစုအတွက် ဟောကျိုးမြို့ကို အမြဲတမ်း အုပ်ချုပ်ခွင့် ရခဲ့တယ်”

ထိုစကားကြောင့် ထိုနေရာတွင်ရှိနေသူ အားလုံး သိသိသာသာ အံ့အားသင့်သွားကြသည်။

မန်ဒလာက ဆိုသည်။

“သခင်လေး ကျွန်မ အစားအစာတွေ ပြင်ဆင်ပြီးပါပြီ။ စားရင်းသောက်ရင်း ပြောကြတာပေါ့”

“ကောင်းပြီလေ”

ဟန်ပင်းက သူတို့နှင့်အတူ စားပွဲဆီသို့ လိုက်ပါသွား၏။

“ဟူး ဒီလောက်အလှည့်အပြောင်းတွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး”

အဖြစ်အပျက်တစ်ခုလုံးကို ကြားရပြီးနောက် ဟန်ရှုယွမ်က အေးစက်စွာ အသက်ရှူသွင်းလိုက်မိသည်။

ဟန်ပင်း သူ့ပုခုံးကို ပုတ်ပေးလိုက်၏။

“အခုတော့ ကျင့်ကြံခြင်းလမ်းစဉ်က ဘယ်လောက်အန္တရာယ်များလဲဆိုတာ မင်းနားလည်ပြီမလား။ မင်း ဆက်ပြီး လုပ်ချင်သေးလား”

“ဟုတ်ကဲ့။ လုပ်ချင်ပါတယ်”

သူ တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ အကယ်၍ အဘိုးလေးသာ ကျင့်ကြံခြင်းမပြုခဲ့လျှင် ဟန်မိသားစုသည် ယနေ့ကဲ့သို့ အဆင့်အတန်းမျိုး ရှိလာမည်မဟုတ်သလို သူ့မိဘများအတွက် ကလဲ့စားချေရန် အခွင့်အရေးလည်း ရရှိလိမ့်မည်မဟုတ်ပေ။

ဟန်ပင်းသည် ထိုအဖြေကို သဘောကျသွားတော့သည်။

“ကောင်းပြီ။ မနက်ဖြန်ကစပြီး မင်းတို့မောင်နှမနှစ်ယောက်လုံးကို ငါ သင်ကြားပေးမယ်။ တစ်နေ့နေ့မှာ ဟန်မိသားစုထဲကနေ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာရင် မင်းတို့ကို ငါ့ဂိုဏ်းဆီ ကျင့်ကြံဖို့ စေလွှတ်ပေးလို့ရတယ်”

“အဘိုးလေး... အဘိုးလေး ဘယ်ဂိုဏ်းမှာ ကျင့်ကြံခဲ့လဲဆိုတာ ကျွန်မတို့ကို အခုထိ မပြောရသေးဘူးနော်”

ဟန်ရှုလင်း ဂရုတစိုက် မေးလိုက်သည်။

သူမသိထားသည်မှာ အဘိုးလေးသည် အလွန်အမင်း အင်အားကြီးမားသည်ဟူ၍ ဖြစ်ပြီး ဤနှစ်များအတွင်း သူ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ သူမ ဘာမှနားမလည်ချေ။

တခြားသော မိန်းကလေးငယ်များကလည်း ဟန်ပင်းကို စုစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

ဟန်ပင်း ဝိုင်တစ်ငုံ သောက်လိုက်၏။

“ငါလေ့လာသင်ကြားခဲ့တဲ့ ဂိုဏ်းကို ဝမ်တောက်ကျောင်းတော် လို့ ခေါ်တယ်။ ဆန်းကြယ်ကောင်းကင်ဒေသရဲ့ ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်နယ်မြေတွေထဲက တစ်ခုပေါ့။ ဒါပေမဲ့ ဝမ်တောက်ကျောင်းတော်က မင်းတို့ လက်ရှိအဆင့်နဲ့ အလှမ်းဝေးလွန်းသေးတယ်။ လောလောဆယ်တော့ မင်းတို့ အဓိကထားရမဲ့အရာက ဟန်မိသားစုကို ပိုပြီးအင်အားတောင့်တင်းအောင် လုပ်ဖို့ပဲ”

ထိုသို့လိုက်ရင်း သူ့အကြည့်က ဟန်ရှုယွမ်ထံသို့ ကျရောက်သွားသည်။

ထိုအကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည့် ဟန်ရှုယွမ် ပျာပျာသလဲ မေးလိုက်၏။

“အဘိုးလေး... ကျွန်တော့်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ”

ဟန်ပင်း အေးအေးလူလူပင် ပြောလိုက်သည်။

“ငါ စဉ်းစားနေတာ... မင်း လက်ထက်ရမဲ့အချိန် ရောက်ပြီမဟုတ်လား”

All Chapters