← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း (၅၀၅)

“ဗျာ”

ဟန်ရှုယွမ်တစ်ယောက် လုံးဝကို ဆွံ့အသွား၏။

သူ့စိတ်ဝိညာဉ်တစ်ခုလုံး အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌သာ အာရုံရောက်နေချိန်တွင် အဘိုးလေးဖြစ်သူ ဤကိစ္စကို ရုတ်တရက်ကြီး ထုတ်ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။

“ဘာလဲ... မင်းက မလိုလားဘူးလား”

ဟန်ပင်း မေးလိုက်သည်။

သူ့လေသံမှာ အလွန်အေးဆေးတည်ငြိမ်နေသော်လည်း ငြင်းဆန်ရန်မဝံ့သည့် အရှိန်အဝါတစ်မျိုး ပါဝင်နေ၏။

“မဟုတ်ပါဘူး။ မြေးက ကိုယ့်ကိုယ်ကိုယ် ငယ်သေးတယ်လို့ ခံစားရလို့ပါ”

အဘိုးလေး၏ ဖိအားပေးနိုင်သော အရှိန်အဝါအောက်တွင် ဟန်ရှုယွမ် ဤကိစ္စကို လှည့်ပတ်ရှောင်ကွင်းရန် ဆင်ခြေတစ်ခုသာ ရှာကြံလိုက်ရတော့သည်။

“မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့ ကောင်လေး”

ဟန်ပင်း ခဏတာ ရပ်နားပြီး ဆက်၍ပြောသည်။

“ငါ မင်းကို အခုချက်ချင်း လက်ထပ်ဖို့ အတင်းအကျပ် တွန်းအားပေးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဘက်က အဆင်သင့်ဖြစ်နေစေချင်တာ။ ဘာပဲဖြစ်ဖြစ် ဟန်မိသားစုရဲ့ ပါရမီရှင်တွေက နည်းပါးလာပြီ။ ဇနီးအများကြီးယူပြီး ဟန်မိသားစု တောင့်တင်းခိုင်မာလာအောင် သားသမီးတွေ အများကြီး မွေးဖွားမှ ကျင့်ကြံခြင်းမိသားစုကြီးတစ်ခုအဖြစ် တည်ဆောက်နိုင်မှာ”

ဟန်ရှုယွမ် ပျာပျာသလဲဖြင့် ပြောလိုက်သည်။

“အဘိုးလေး ပြောတာ မှန်ပါတယ်။ ရှုယွမ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါ့မယ်”

ဟန်ပင်း အထူးတလည် ညွှန်ကြားလိုက်၏။

“မင်းရဲ့ အိမ်ထောင်ဖက်က ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူ ဖြစ်ရမယ်ဆိုတာ မှတ်ထားပါ။ ဒါမှသာ မင်းတို့ သားသမီးတွေရဲ့ အရိုးအဆစ်ပါရမီက နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာ။ နောင်အနာဂတ်မှာ ငါတို့ဟန်မိသားစုကနေ နောက်ထပ် မြို့စားတစ်ယောက် ဒါမှမဟုတ် မဟာပဏ္ဍိတတစ်ယောက်အထိတောင် မွေးဖွားလာနိုင်မှာ”

ဟန်ရှုယွမ် ရိုသေစွာ ဖြေကြားလိုက်သည်။

“ရှုယွမ် အဘိုးလေးရဲ့ သွန်သင်ချက်တွေကို စိတ်ထဲ သေသေချာချာ မှတ်သားထားပါ့မယ်”

ထိုစကားများကို ကြားလိုက်ရသောအခါ အနီးအနားရှိ မိန်းမပျိုလေးအချို့၏ စိတ်ကူးများ လှုပ်ခတ်သွားကြတော့သည်။

ဟန်မိသားစုသည် ယခုအခါတွင် ကောင်းကင်သို့ ထိုးထွက်နေသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ဤသစ်ပင်ကြီးကို တွယ်ကပ်နိုင်ပါက အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချနိုင်ရုံသာမက ကုန်ဆုံးနိုင်ဖွယ်မရှိသော စည်းစိမ်ချမ်းသာနှင့် ဂုဏ်ရည်တို့ကိုပါ ခံစားရရှိနိုင်မည် မဟုတ်လော။

ထိုအချိန်၌

ဟောက်ကျိုးမြို့တော်အတွင်း၌

အရာရှိများနှင့် မျိုးရိုးမြင့်များသည် တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေ၏။ အကြောင်းမူကား ဟန်မိသားစုမှ ဘိုးဘေး၏ လက်ရှိအခြေအနေကို မည်သူမျှ မသိရှိကြသောကြောင့်ပင်။

အကယ်၍ ကျားနတ်ဆိုးအရှင် သေဆုံးသွားပြီးနောက် ထိုပုဂ္ဂိုလ်သည်လည်း စုနန်နန်၏ နှိမ်နင်းခြင်းကို ခံလိုက်ရပါက သူတို့ပါ တော်ဝင်နန်းတော်၏ အပြစ်ပေးခြင်းကို ခံရမည်လော။

အချိန်အတော်ကြာသည်အထိ လူတိုင်းတွင် မတူညီသော အတွေးကိုယ်စီ ရှိနေကြပြီး အချို့မှာ ဟောက်ကျိုးမြို့မှ ထွက်ပြေးတိမ်းရှောင်ရန်ပင် စိတ်ကူးနေကြလေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မကြာမီပင် နောက်တစ်နေ့၏ မနက်ခင်းသို့ ရောက်ရှိလာတော့သည်။

မြို့တော်ဝန်သည် မြို့တော်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို စုံစမ်းရန်အတွက် ညတွင်းချင်းပင် လင်းယုန်ဖြင့် စာတစ်စောင် ပေးပို့ထား၏။

သို့သော်လည်း အသွားအပြန် ခရီးစဉ်က အချိန်အတန်ကြာ ကုန်ဆုံးဦးမည် ဖြစ်၏။

ဘေးကင်းလုံခြုံစေရန်အတွက် သူတို့ ဟန်အိမ်တော်ကို စောင့်ကြည့်ရန် လူများကို အထူးတလည် တာဝန်ပေးထားကြသည်။ အကယ်၍ ဟန်အိမ်တော်မှ လူတစ်ဦး အိမ်တော်မှထွက်ခွာ၍ မြို့တံခါးဆီသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့ရပါက မြို့တော်ဝန်သည် ဟန်မိသားစုဝင်များကို ချက်ချင်း ဖမ်းဆီးပြီး ကွပ်မျက်ရန်အတွက် မြို့တော်သို့ ပို့ဆောင်မည်ဖြစ်သည်။

ဟန်အိမ်တော်အတွင်း၌

ဟန်ပင်း အစီအရင် တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်၏။

လက်ရှိတွင် သူက ဓာတ်ကြီးငါးပါးအနက်မှ ရွှေ၊ သစ်သား၊ မီး နှင့် မြေကြီး ဟူသော ဓာတ်လေးပါးကို စုဆောင်းရရှိထားကာ ရေဓာတ်တစ်ခုသာ လိုအပ်တော့သည်။

သို့သော်လည်း သူ့ထံတွင် ထိုရေဓာတ်နှင့်ဆိုင်သော စွမ်းအား မရှိချေ။

သာမန်ရေသည် လုံလောက်မည်မဟုတ်ပေ။

အနည်းဆုံးတော့ ဝိညာဉ်စမ်းရေတစ်ခု လိုအပ်သော်လည်း သူ့လက်ထဲတွင် ဝိညာဉ်စမ်းရေ မရှိချေ။

ဟန်ပင်း ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ဟန်ရှုယွမ်ကို မြို့တော်ဝန်ရုံးသို့ သွားရောက်စေကာ မြို့တော်ဝန်ကို ဂါရဝပြုရင်း ရွှီတိုင်းပြည်အနီးနားတွင် ကျင့်ကြံသူများ၏ ကုန်သွယ်မှုအရောင်းပွဲတော် မည်သည့်နေရာ၌ ရှိနိုင်မည်ကို စုံစမ်းခိုင်းလိုက်၏။

ဟန်ရှုယွမ် မြို့တော်ဝန်ရုံးဆီသို့ မြင်းကို အပြင်းနှင်၍ သွားလေသည်။ သူ၏လှုပ်ရှားမှုများမှာ မြို့တော်ဝန်နှင့် လူစုတို့၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သည်။

“ဟန်ရှုယွမ် မြို့တော်ဝန်ရုံးကို ဘာကိစ္စနဲ့ လာရတာလဲ”

ဟောက်ကျိုးမြို့တော်ဝန် သတင်းကို လက်ခံရရှိပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့ဘေးနားရှိ အကြီးအကဲ ပြောလိုက်၏။

“ဘာလို့ အများကြီး တွေးနေတာလဲ။ အဲဒီကောင်လေး ရောက်လာရင် ငါတို့ သိရမှာပဲ မဟုတ်လား”

မြို့တော်ဝန်က သူ့နဖူးကို ရိုက်လိုက်၏။

“ကျွန်တော် တကယ်ပဲ အရေးတကြီးကိစ္စတွေနဲ့ ဇဝေဇဝါဖြစ်ပြီး ဒီလောက်ရိုးရှင်းတဲ့အရာကို မတွေးမိခဲ့ဘူး”

သူ ချက်ချင်းပင် လက်ဖက်ရည် ပြင်ဆင်ရန် သူ့လူများကို အမိန့်ပေးလိုက်ပြီး ယခုအခါတွင် ဟန်ရှုယွမ် ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။

တခဏကြာပြီးနောက် အမှုထမ်းငယ်လေး ဟန်ရှုယွမ် လာရောက်တွေ့ဆုံကြောင်း သတင်းပို့လာသည်။

“သူ့ကို အမြန်ထဲ ခေါ်လာခဲ့”

မြို့တော်ဝန်မှ ယခုအချိန်တွင် ဟန်မိသားစုနှင့် ဆက်ဆံရေး ပျက်ပြားရန် ရည်ရွယ်ချက်မရှိသဖြင့် ယဉ်ကျေးပျူငှာစွာသာ ဆက်ဆံရန် ဆုံးဖြတ်ထားသည်။

“ရှုယွမ် မြို့တော်ဝန်နဲ့ စီနီယာတို့ကို ဂါရဝပြုပါတယ်”

ဟန်ရှုယွမ်သည် ရုံးတော်၏ နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာပြီး သူတို့နှစ်ဦးကို ဦးစွာ ဦးညွှတ်ဂါရဝပြုလိုက်၏။

မြို့တော်ဝ‌န်က ပြုံးလိုက်သည်။

“ရှုယွမ် မလိုအပ်တဲ့ ယဉ်ကျေးမှုတွေ အများကြီး လုပ်မနေပါနဲ့။ မင်းနဲ့ငါက ဟောက်ကျိုးသားတွေပဲ၊ နောင်အနာဂတ်မှာ ပိုပြီးတော့ အဆက်အသွယ် လုပ်ရမှာပေါ့”

ဟန်ရှုယွမ် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

မြို့တော်ဝန် တခဏရပ်နားပြီးနောက် မေးမြန်းလိုက်၏။

“ရှုယွမ် ဒီတစ်ခါ မင်း ဒီကို အရေးတကြီး လာရတဲ့အကြောင်းအရင်းက ဘာများလဲ”

“ကျွန်တော် ဒီကို လာတာ ရွှီတိုင်းပြည်အနီးနားမှာ ကျင့်ကြံသူတွေ အရောင်းအဝယ်လုပ်တဲ့နေရာ ဘယ်နေရာမှာများ ရှိနိုင်မလဲဆိုတာ စီနီယာကို မေးမလို့ပါ။ ကျွန်တော့်အဘိုးလေး ခရီးတစ်ခု ထွက်ဖို့ ရည်ရွယ်ထားလို့လေ”

“စီနီယာဟန် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလား”

အကြီးအကဲ အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်၏။

မြို့တော်ဝ‌န် စကားမပြောသော်လည်း သူ့မျက်ဝန်းထဲမှ အံ့အားသင့်ရိပ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူ ထိုသတင်းကို အဘယ်ကြောင့် ယခုထက်ထက်ထိ မရသေးသနည်းဟု အသည်းအသန် မေးမြန်းချင်နေသည်။

“ဟုတ်ပါတယ်”

ဟန်ရှုယွမ် ဆက်ပြောလိုက်သည်။

“အဘိုးလေး မနေ့ညကမှ မြို့တော်ကနေ ပြန်ရောက်လာတာ။ ဒီရက်ပိုင်းအတွင်း ရွှီတိုင်းပြည်ရဲ့ ပတ်ဝန်းကျင်ဒေသတွေကို လှည့်လည်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်”

အကြီးအကဲ ရှင်းပြသည်။

“ရွှီတိုင်းပြည်က နှစ်တိုင်း ကုန်သွယ်ပွဲတစ်ခု ကျင်းပလေ့ရှိတယ်။ ဒါပေမဲ့ အဲ့ဒါကို တော်ဝင်မိသားစုကပဲ အမြဲတမ်း ကြီးမှူးကျင်းပတာ။ တကယ်လို့ မင်းတို့ တက်ရောက်ချင်တယ်ဆိုရင် တော်ဝင်မိသားစုဆီက ဖိတ်စာတစ်စောင် ရှိဖို့လိုမယ်။ ဒီကုန်သွယ်ပွဲက ငါတို့ရွှီတိုင်းပြည်က ကျင့်ကြံသူတွေတင်မကဘဲ ပတ်ဝန်းကျင်တိုင်းပြည်တွေက ဂိုဏ်းကြီးတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တွေပါ လာရောက်ဆင်နွှဲကြတာ”

“သတင်းအချက်အလက်တွေအတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ အိမ်ကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦး”

ဟန်ရှုယွမ် ရိုသေစွာ လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။

အဘိုးအိုကလည်း ပြန်လည်ဂါရဝပြုလိုက်၏။

“တာအိုမိတ်ဆွေဟန်လမ်းခရီးမှာ ဘေးကင်းပါစေ”

“ဦးလေး ဟန်မိသားစုရဲ့ အနောက်ကွယ်က အင်အားစုက စုနန်နန်ထက်တောင် ပိုပြီး ကြီးမားပုံရတယ်နော်”

ဟန်ရှုယွမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း မြို့တော်ဝန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

“အင်း”

အဘိုးအို ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး ဟောက်ကျိုးကတော့ လက်ပြောင်းတော့မဲ့ပုံပဲ။ မေးစရာရှိတာက ရွှီတိုင်းပြည်ကိုယ်တိုင်ကော လက်ပြောင်းသွားမလားဆိုတာပဲ”

မြို့တော်ဝန်သည် ငတုံးမဟုတ်သဖြင့် သူ့ဦးလေး ပြောလိုသော နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သော်လည်း ကျင့်ကြံသူများ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ မဆင်မခြင် ခန့်မှန်းတွေးတောခြင်းမျိုး မလုပ်ကြချေ။

ညနေခင်းအချိန်တွင်

ကောင်းကင်ယံမှ အင်မော်တယ်ကြိုးကြာ တစ်ကောင် ဆင်းသက်လာပြီး ကျင့်ကြံသူတစ်ဦးသည် မြို့တော်ဝန်ရုံးအတွင်းသို့ ရောက်လာ၏။

ထိုဧည့်သည်ကို မြင်လျှင် ဟောက်ကျိုးမြို့တော်ဝန် ချက်ချင်းပင် ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။

“ကျွန်တော်မျိုး အင်မော်တယ်တမန်တော်ကို ဂါရဝပြုပါတယ်။ အင်မော်တယ်တမန်တော် အဝေးကနေ ရောက်လာတာကို ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

“မလိုပါဘူး”

ထိုကျင့်ကြံသူ ပြောလိုက်ပြီး သူ့ဘေးနားရှိ အဘိုးအိုကို ကြည့်လိုက်၏။

“တာအိုမိတ်ဆွေ မင်း စီနီယာဟန်ရဲ့ အိမ်တော်ကို သိတယ်မဟုတ်လား”

အကြီးအကဲ ပြန်ဖြေလိုက်သည်။ “သိပါတယ်”

ကျင့်ကြံသူ ပြောလိုက်သည်။

“အင်မော်တယ်ဆရာသခင်ဟန်ကို သွားတွေ့ဖို့ တာအိုမိတ်ဆွေအနေနဲ့ မင်းရဲ့မျိုးဆက်သစ်လေးနဲ့အတူ ဒီအဘိုးကြီးနဲ့ လိုက်ပါပေးဖို့ ဒုက္ခပေးရလိမ့်မယ်။ သွားတဲ့လမ်းမှာ ဒီတော်ဝင်အမိန့်တော်ကို ဟန်အိမ်တော်ဆီ ပေးပေးပါ”

“နားလည်ပါပြီ”

အကြီးအကဲ ရိုသေစွာ ပြောလိုက်သည်။

သူ အမိန့်တော်အတွင်း ပါရှိသော အကြောင်းအရာများကို အလွန်အမင်း စူးစမ်းလိုသော်လည်း မသိသင့်သော လျှို့ဝှက်ချက်များကို သိရှိသွားမည် စိုးရိမ်သဖြင့် ထပ်မမေးတော့ချေ။

ကျင့်ကြံသူသည် သူ၏နာခံမှုကို မြင်တွေ့နေသော်လည်း အာဏာမပြပေ။

“ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ် တာအိုမိတ်ဆွေ”

မြို့တော်ဝန်ရုံး၏ အစောင့်အရှောက်များနှင့်အတူ လူတစ်စုသည် ဟန်အိမ်တော်သို့ ဦးတည်ထွက်ခွာလာ၏။ ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်မှုသည် ဟောက်ကျိုးရှိ အခြားသော အရာရှိများနှင့် မျိုးရိုးမြင့်ကြီးများကို ထိတ်လန့်သွားစေသည်။

သူတို့ လူကိုယ်တိုင် ထွက်ပေါ်လာခြင်းမရှိသော်လည်း ဖြစ်ပျက်နေသည်များကို သိရှိနိုင်ရန်အတွက် သူတို့၏ အစေခံများကို အနောက်ကနေ လိုက်ပါစောင့်ကြည့်ခိုင်းထားသည်။

ဤရက်များအတွင်း သူတို့ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ဟောက်ကျိုးမြို့တော်သည် သူတို့လက်ထဲမှ လွတ်ထွက်သွားသဖြင့် ထိုအရာရှိများကို အလွန်အမင်း စိတ်မအေးဖြစ်စေသည်။

အတိတ်၌ သူတို့အပေါ်တွင် ကျားနတ်ဆိုးဘုရင်ရှိနေသော်လည်း ထိုကောင်သည် သူ့အစာအိမ်ကို ဖြည့်တင်းရန်အတွက် လူသားအချို့ကို အသုံးပြုရုံမျှဖြင့် ကျေနပ်၏။

သို့သော် ဟန်မိသားစု၏ ထိုဘိုးဘေးသည် ထိုမျှဖြင့် လွယ်လွယ်ကူကူ ကျေနပ်မည့်သူ မဟုတ်ကြောင်း သိသာပြီး သူ ရောက်ရှိလာသော ရက်အနည်းငယ်အတွင်းမှာပင် ဟောက်ကျိုး၏ အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေသည်။

တခဏမျှ ကြာပြီးနောက် မြို့တော်ဝန်တို့လူစုသည် ဟန်အိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာ၏။

သူ ရုံးတော်၏ အရှိန်အဝါများကို ထုတ်မပြတော့ဘဲ အစေခံတစ်ဦးကဲ့သို့ ရှေ့တံခါးကြီးဆီသို့ အပြေးအလွှား သွားရောက်ကာ ခပ်ဖွဖွ အနည်းငယ် ခေါက်လိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်…

တံခါးပွင့်လာသောအခါ ဟန်အိမ်တော်၏ အစေခံသည် မြို့တော်ဝန်ကို မြင်လျှင် အလွန်အမင်း ထိန့်လန့်သွားပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်မိ၏။

“ကျွန်တော်မျိုး မြို့တော်ဝန်ကို ဂါရဝပြုပါတယ်”

“ထပါ”

မြို့တော်ဝန် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မောင်ရင် မြို့တော်ကနေ အင်မော်တယ်တမန်တော် ရောက်လာပြီး ဆရာဟန်ကို တွေ့ခွင့်တောင်းနေတယ်လို့ အထဲကို သတင်းသွားပို့ပေးဦး”

“ဟုတ်... ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး အခုချက်ချင်း သတင်းသွားပို့ပါ့မယ်”

ဟန်အိမ်တော်၏အစေခံ လှည့်၍ အိမ်တော်အတွင်းသို့ ပြေးဝင်သွားစဉ် မြို့တော်မှ အင်မော်တန်တမန်တော်သည် ဆရာသခင်ဟန်ကို လာရောက်တွေ့ဆုံသည်ဟူသော သတင်းသည် အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။

အခန်း (၅၀၆)

“ဟန်မိသားစု အင်မော်တယ်သခင်က တိုင်းပြည်အတွက် ဂုဏ်ပြုထိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ တော်ဝင်အမိန့်တော်အရ အခုကစပြီး ဟန်မိသားစုခေါင်းဆောင်ကို မြို့စားအဖြစ်ခန့်အပ်လိုက်ပြီး ဟောက်ကျိုးမြို့ကို ထာဝရစောင့်ကြပ်ကာ တိုင်းပြည်နဲ့အတူ ယှဉ်တွဲတည်ရှိစေမယ်”

အင်မော်တယ်တမန်တော်၏အသံက ဟန်အိမ်တော်တွင် ပဲ့တင်ထပ်သွားပြီး အနားရှိ လူတိုင်း ရှင်းလင်းစွာ ကြားသွားသည်။ အမိန့်တော်ကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဟန်မိသားစု မောင်နှမများသည် စိတ်လှုပ်ရှားနေပုံပေါ်ပြီး ဟန်မိသားစု အစေခံများ မှင်တက်နေဟန်ပင်။

တိုင်းပြည်နှင့် ယှဉ်တွဲတည်ရှိခြင်းသည် သူတို့သခင်သည် ဒေသဆိုင်ရာ သခင်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး အစေခံများဖြစ်ကြသော သူတို့လည်း ဟောက်ကျိုးမြို့တော်တွင် စိတ်တိုင်းကျ လျှောက်လှမ်းနိုင်မည်ဟု အဓိပ္ပာယ်ရသည်။ အံ့သြမှင်တက်သွားဆုံးသူသည် ဟောက်ကျိုး၏ မြို့တော်ဝန်ပင်။ ကိစ္စရပ်များ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

အကယ်၍ ဟန်မိသားစု ဟောက်ကျိုးကို ထာဝရ စောင့်ကြပ်ရမည်ဆိုလျှင် မြို့တော်ဝန်ဖြစ်သော သူ ဘယ်မှာနေရမည်နည်း။ သူ့မိသားစုက ဟောက်ကျိုးတွင် ဘယ်လို အခြေချရမည်နည်း။

သို့သော် ဟန်ပင်း တည်ငြိမ်သော အမူအရာဖြင့် ရပ်နေ၏။ သူ ဤအရာအားလုံးကို သိထားသည်။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော ဆန္ဒသည် ရွှီတိုင်းပြည်တွင် ကျင်းပသော ကျင့်ကြံသူများ ကျင်းပသည့် ကုန်စည်ဖလှယ်ရေးတွင် ပါဝင်ရန် တော်ဝင်မြို့တော်သို့ သွားရောက်ဖို့ပင်။

“ဟန်မိသားစုခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်”

အင်မော်တယ်တမန်တော် လေးစားစွာ ပြောလိုက်သည်။ ဟန်မိသားစုဘိုးဘေး လုပ်ခဲ့သည့်အရာကို သူ အတိအကျ မသိသော်လည်း အမိန့်တော်ကို ဘိုးဘေးက ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် မည်သူမျှ မဖီဆန်ရဲပေ။

“စီနီယာကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး စီနီယာ အိမ်တော်ထဲ ဝင်နားပါဦး”

ဟန်ရှုယွမ် တော်ဝင်အမိန့်တော်ကို ယဉ်ကျေးစွာ လက်ခံလိုက်သည်။

၎င်းကိုကြားသောအခါ အင်မော်တယ်တမန်တော် အလျင်အမြန် ပြောလိုက်၏။

“ကျွန်တော် မလုပ်ရဲပါဘူး။ စီနီယာဟန် ဘိုးဘေးက ခင်ဗျား လိုအပ်တာတွေများ ရှိလား မေးဖို့ ကျွန်တော့်ကို အထူးတလည် တောင်းဆိုထားပါတယ်”

ဟန်ရှုယွမ် သူ့ဘေးတွင် ရပ်နေသော ဟန်ပင်းကို ကြည့်လိုက်၏။ ထိုလုပ်ရပ်လေးက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

အင်မော်တယ်တမန်တော် ဟန်ရှုယွမ်၏နောက်သို့ လိုက်ကြည့်လိုက်၏။ ထိုနေရာ၌ ရပ်နေသော ဟန်ပင်းကို မြင်သောအခါ သူ လုံးဝ ကြောင်အသွားသည်။ သူ့ရှေ့မှ လူသည် ဖိနှိပ်လိုသော အရှိန်အဝါကို ထုတ်လွှတ်မနေသော်လည်း ထိုနေရာ၌ ရပ်နေရုံဖြင့် မိုးထိအောင်မြင့်မားပြီး ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်တောင်နှင့် တူနေ၏။

“ဂျူနီယာက စီနီယာဟန်ကို ဂါရဝပြုပါတယ်”

“မင်းမှာ အသိမြင် ရှိသားပဲ”

ဟန်ပင်း ပြုံးလိုက်သည်။

“အဲဒီစကားတွေအပြင် မြေခွေးအိုကြီးစု မင်းကို ဘာတွေများ ယူလာခိုင်းသေးလဲ”

ထိုစကားများကို ကြားသောအခါ လူတိုင်း တုန်ယင်သွားကြ၏။ ရွှီတိုင်းပြည်၏ ဘိုးဘေးသည် မြေခွေးအင်မော်တယ် တစ်ပါးဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း မည်သူကမျှ သူမကို မြေခွေးအိုကြီးဟု တိတ်တဆိတ် မညွှန်းဆိုရဲပေ။

၎င်းက ကြီးမားသော မလေးစားမှုပင်။ အင်မော်တယ်တမန်တော် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လေးစားစွာ ပြောလိုက်သည်။

“ဟန်မိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ အိမ်ထောင်မပြုရသေးတဲ့သူများ ရှိသလားလို့ ဘိုးဘေးက မေးလိုက်ပါတယ်”

ဟန်ပင်း ပြုံးကာ ပြောလိုက်၏။

“မြေခွေးအိုကြီးစုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ ငါဟန်ပင်းရဲ့ မြေးက ဘယ်မိန်းမနဲ့မဆို သင့်တော်တဲ့သူ မဟုတ်ဘူး။ ဒါ့အပြင် ဟန်မိသားစုရဲ့ တင်တောင်းငွေက များတယ်။ စုမိသားစုကရော ထိုက်တန်တဲ့ ခန်းဝင်ပစ္စည်းတွေကို ထုတ်ပေးနိုင်ပါ့မလား”

“…”

လူတိုင်း၏ တိတ်ဆိတ်မှုက ဟန်ပင်းအတွက် အဖြေတစ်ခုပင်။

၎င်းကိုမြင်သောအခါ ဟန်ပင်း ပြောလိုက်သည်။

“ကောင်းပြီ။ ဒါတွေက သာမန် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ မင်း ပြန်ပြောပြရမဲ့ စကားတွေ မဟုတ်ဘူး။ မင်း အရင်ပြန်သွားလိုက်။ ငါ သူနဲ့ တွေ့ဖို့ သုံးရက်အတွင်း တော်ဝင်မြို့တော်ကို လာခဲ့မယ်လို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ”

အင်မော်တယ်တမန်တော် ပြန်ဖြေကြားပြီးနောက် လေးစားစွာ ပြန်ထွက်သွားသည်။

ဟောက်ကျိုးမြို့တော်ဝန်နှင့် ကျန်သည့်သူများလည်း ခွင့်တောင်းကာ ဟန်အိမ်တော်မှ ထွက်ခွာသွားကြ၏။ ဤအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။ ၎င်းမှာ ဟောက်ကျိုး ပိုင်ရှင်ပြောင်းလဲတော့ပေမည်။

လူတိုင်းကို ပြန်လွှတ်ပြီးနောက် ဟန်ရှုယွမ် သတိထားကာ မေးလိုက်သည်။ “အဘိုးလေး ကျွန်တော် စုမိသားစုက လူတစ်ယောက်ယောက်ကို လက်ထပ်ရမှာလား”

“အဲဒါက မင်း သူ့ကို သဘောကျလား မကျဘူးလားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ငါ မင်းကို အကြံပြုချက် တစ်ခုကို ပေးရုံသက်သက်ပါ။ မနက်ဖြန်ကျရင် ငါ မင်းနဲ့ မင်းညီမကို ကျင့်ကြံခြင်း နည်းစနစ်တွေ သင်ပေးမယ်။ အစီအရင်ကို တည်ဆောက်ပြီး မင်းတို့အတွက် အသက်ကယ်ပစ္စည်းတချို့ ထားပြီးတာနဲ့ ငါ သွားတော့မယ်”

ဟန်ပင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူ တတ်နိုင်သည့်အရာများကိုသာ လုပ်ပေးနိုင်၏။ သူ့မျိုးဆက်များ၏ ကံကြမ္မာနှင့် ပတ်သက်၍ သူ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ဟန်ပင်း ဟောက်ကျိုးမြို့တော်တွင် နေထိုင်သည်မှာ တစ်လပြည့်ခဲ့ပြီပင်။

ဤတစ်လအတွင်း ဟန်အိမ်တော်သည် ကမ္ဘာမြေကို တုန်လှုပ်စေသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ မူလက သာမန်ဖြစ်သော ဟန်အိမ်တော်သည် ယခုအခါ အင်မော်တယ်အိမ်တော်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။

နေအိမ်တစ်ခုလုံး စိတ်ဝိညာဉ် အလင်းတန်းများဖြင့် ဖုံးအုပ်ထားပြီး သာမန်လူများ ဟန်အိမ်တော်သို့ ချဉ်းကပ်ရန်ပင် အလွန် ခက်ခဲနေတော့သည်။ အကယ်၍ သူတို့ ဟန်အိမ်တော်ဘက်သို့ လျှောက်သွားရင်တောင် မသိမသာဖြင့် ရှောင်ကွင်းသွားကြ၏။

လူအများသည် အင်မော်တယ်စံအိမ်ကို အဝေးမှသာ ကြည့်ရှုပြီး အနီးကပ် သွားရောက် မထိပါးသင့်ကြောင်း ညည်းတွားနေတော့၏။

ဟန်မိသားစု ဟောက်ကျိုးရှိ အရာရှိများနှင့် လူကုံထံများကို အရေးယူခြင်း မရှိပေ။ ဟန်ရှုယွမ် အရာရှိများနှင့် တွေ့ဆုံပြီး စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။ အရာအားလုံး ယခင်အတိုင်းပင်။

ဤစကားများကို ကြားသောအခါ ဟောက်ကျိုး၏ အရာရှိများနှင့် လူကုံထံများ သက်ပြင်းချနိုင်သွားသည်။ ဟန်မိသားစုခေါင်းဆောင် ရုတ်တရက် လှုပ်ရှားလာပြီး အသက်ရှင်ရပ်တည်ရန် နေရာမရှိတော့မည်ကိုသာ သူတို့ ကြောက်ရွံ့ပါ၏။

ဟန်အိမ်တော်အတွင်း၌ ဟန်ပင်း ပစ္စည်းအချို့ကို ဟန်မိသားစုမောင်နှမထံ လွှဲပြောင်းပေးအပ်လိုက်သည်။

“အခုကစပြီး မင်းတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ မင်းတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်။ တစ်နေ့နေ့မှာ မင်းတို့ ကျင့်ကြံခြင်းလောက ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ငါ့အမှတ်အသားကို ယူပြီး ဝမ်တောက်ကျောင်းတော်ကို အလည်အပတ် လာခဲ့ပါ”

“အဘိုးလေးရဲ့ အမိန့်ကို ကျွန်တော်တို့ လေးစားစွာ နာခံပါတယ်”

သူတို့နှစ်ဦး တပြိုင်နက် ပြောလိုက်ကြသည်။

“ငါတို့ သွားတော့မယ်”

ဟန်ပင်း ပြောပြီးနောက် မန်ဒလာနှင့်အတူ ဟောက်ကျိုးမြို့တော်မှ ထွက်ခွာသွား၏။

ဟန်ပင်း ဘယ်အချိန်က ထွက်သွားသလဲဆိုတာ မည်သူမှ မသိကြပေ။ ယနေ့မှစ၍ ဟောက်ကျိုးမြို့တော်တွင် ဟန်မိသားစုသည် အလေးစားရဆုံး ဖြစ်လာကြောင်းကိုသာ လူတိုင်း သိလာကြသည်။

“အရှင် ကျွန်မ နောက်ထပ် ဘယ်ကို သွားကြမလဲ”

ဟောက်ကျိုးမြို့တော်မှ ထွက်လာပြီးနောက် မန်ဒလာက မေးလိုက်၏။

“ဆန်းကြယ်ကောင်းကင်ဒေသက ကျယ်ဝန်းတယ်။ ကိုယ်တို့တွေ လှည့်ပတ်ကြည့်ရှုသင့်တယ်။ ဝမ်တောက်ကျောင်းတော်ကို မပြန်ခင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်တယ်”

ဟန်ပင်း ပြတ်သားစွာ ပြောလိုက်သည်။

မန်ဒလာ ခေါင်းအသာညိတ်လိုက်၏။

“ကောင်းပါပြီ”

ဝမ်တောက်ကျောင်းတော် မြောင်တောင်ပေါ်၌

ချူဖုန်း နေ့စဉ် ဗောဓိသစ်ပင်ကို ရေလောင်းပြီး ကျမ်းစာများကို ရွတ်ဖတ်ပေးသည်။ သူ့ဘဝလေး စတင်ပြည့်စုံလာသလို ခံစားလိုက်ရ၏။

“ဆရာ... ဆရာ”

ချန်ကျင်းကျင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဗောဓိသစ်ပင်ဆီ ပြေးလာပြီး ချူဖုန်းကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။

“မင်း ဘာအရှုပ်တွေ ထပ်လုပ်ထားပြန်ပြီလဲ ကောင်မလေး”

ချူဖုန်း အလိုလိုက်ထားသော အမူအရာဖြင့် မေးလိုက်သည်။

“ဆရာ... ဆရာ့နှလုံးသားထဲမှာ ကျွန်မက နတ်ဆိုးဘုရင်လေးလား”

ချန်ကျင်းကျင်း ညှိုးငယ်စွာ မေးလိုက်သည်။

ချူဖုန်းကသူမ၏ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးလိုက်သည်။

“သေချာပေါက် မဟုတ်ဘူး။ ဒါပေမဲ့ မင်းရှုပ်တဲ့ ကိစ္စတွေက မှတ်တမ်းတင်ဖို့တောင် များလွန်းနေတယ် ကောင်မလေး။ ဒီတစ်ကြိမ် မဟုတ်တာတွေ လုပ်မထားတာ သေချာရဲ့လား”

ချန်ကျင်းကျင်း ခေါင်းယမ်းကာ ဂုဏ်ယူနေသော အမူအရာဖြင့် ပြောလိုက်သည်။

“မဟုတ်ပါဘူး။ အပြင်စည်းက တပည့်တွေကို ကျွန်မလည်း စသင်ပေးနေပြီဆိုတာကို ဆရာ့ကို ပြောပြချင်ရုံသက်သက်ပါ”

“အိုး”

ချူဖုန်း စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

“ငါတို့ကျင်းကျင်းလေး ကြီးပြင်းလာပြီပေါ့။ နောက်ထပ် နှစ်နည်းနည်းကြာရင် မင်းလည်း စီနီယာအစ်ကိုတွေ စီနီယာအစ်မတွေလိုပဲ လောကကြီးထဲမှာ လှည့်လည်သွားလာနိုင်တော့မဲ့ပုံပဲ”

၎င်းကိုကြားသောအခါ ချန်ကျင်းကျင်း မျက်နှာပေါ်တွင် အားကျသည့် အမူအရာ ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။

“ဆရာ စီနီယာအစ်ကို၊ ဒုတိယစီနီယာအစ်ကို နဲ့ စီနီယာအစ်ကိုယဲ့တို့ဆီမှာ ဘာတွေဖြစ်နေမယ်လို့ ဆရာ ထင်လဲ။ သူတို့တွေ တခြားဒေသတွေမှာ အနိုင်ကျင့်ခံနေရမလား”

ချူဖုန်း ပြုံးလိုက်သည်။

“မင်းရဲ့ စီနီယာအစ်ကိုနဲ့ ဒုတိယစီနီယာအစ်ကိုတွေက တခြားသူတွေကို အနိုင်မကျင့်ရင်ပဲ တော်တော်လေး ကောင်းနေပါပြီ။ ပေရွှမ်နဲ့ ပတ်သက်ပြီးတော့ အပျက်အစီးဒေသမှာ သူ့စွမ်းဆောင်ရည်ကို ဆရာ အရမ်း မျှော်လင့်ထားတယ်”

“ရက်တွေကို တွက်ချက်ကြည့်ရင် ကောင်လေးပေရွှမ် ဖီးနစ်မျိုးနွယ်စု စမ်းသပ်မှုကို စတင်တော့မယ်။ ဒီအတွေ့အကြုံ ပြီးသွားရင် သူ ဘယ်လောက်တောင် အစွမ်းထက်လာမလဲဆိုတာ ဆရာ မခန့်မှန်းတတ်တော့ဘူး”

ချန်ကျင်းကျင်း ၎င်းကိုကြားသောအခါ ပြောလိုက်သည်။

“ဆရာ စီနီယာအစ်ကိုယဲ့က အရမ်း အစွမ်းထက်တော့ သူ စမ်းသပ်မှုမှာ သေချာပေါက် ပထမနေရာကို ယူပြီး အပျက်အစီးဒေသကို တုန်လှုပ်သွားစေမှာပါ”

ချူဖုန်း သူ့သိုလှောင်အိတ်လက်စွပ်ထဲမှ ငှက်မွေးယပ်တောင်ကို ထုတ်ကာ ယပ်ခတ်ရင်း ပြောလိုက်သည်။ “မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါ့တပည့်တွေ ဘယ်နေရာပဲ ရောက်နေပါစေ တခြားပါရမီရှင်တွေကို လွှမ်းမိုးနိုင်လိမ့်မယ်”

တစ်ချိန်တည်းမှာပင် အပျက်အစီးဒေသရှိ မီးဖီးနစ်တောင်ကြားအပြင်ဘက်တွင်

တောင်ကြားအတွင်းသို့ ဝင်ရန် အပြင်၌ အဖွဲ့တစ်ဖွဲ့ စောင့်နေသည်။

လူငယ်ကျင့်ကြံသူတစ်ဦး သူ့နှာခေါင်းတွင် ယားယံမှုကို ရုတ်တရက် ခံစားလိုက်ရပြီး နှာချေလိုက်၏။

“ဟတ်ချိုး”

All Chapters