အခန်း (၅၀၉-၅၁၀)
Vol. 51 Ch. 509-510
အခန်း (၅၀၉)
မီးဖီးနစ်တောင်ကြားသည် နယ်မြေအုပ်ချုပ်သူ ဆယ့်ရှစ်ခုအနက် အဆင့်ဆယ့်ခုနှစ်၌ တည်ရှိသည်။
ဖုန်းမိသားစုဘိုးဘေးသည် ဖုန်းမိသားစုဝင်တိုင်းကို အထူးတလည် မှာကြားထားပြီး ယဲ့ပေရွှမ်နှင့် ဖုန်းချုံယွီတို့သည် အဖွဲ့ ရှေ့ဆုံးတွင် ငြိမ်သက်စွာ ရပ်နေကြ၏။
“မင်းတို့ မီးလျှံနတ်ဆိုးချောက်နက်ထဲကို ဝင်သွားပြီးရင် ပေ့ရွှမ်နဲ့ ချုံယွီ ပြောသမျှအကုန်လုံးကို နာခံရမယ်၊၏ နားလည်လား”
လူတိုင်း တညီတညွတ်တည်း ပြန်ဖြေကြသည်။
“ကျွန်တော်တို့ ဘိုးဘေးကြီးရဲ့ အမိန့်ကို နာခံပါ့မယ်”
ဖုန်းမိသားစုဘိုးဘေးကြီး နောက်ဆုံးတွင် သူ့အကြည့်ကို ယဲ့ပေရွှမ်ထံ ပို့လွှတ်လိုက်သည်။
“ပေ့ရွှမ် ကျန်တဲ့ကိစ္စတွေကိုတော့ မင်းလက်ထဲပဲ အပ်ခဲ့ရတော့မယ်”
“စိတ်ချပါ ဘိုးဘေး ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”
ယဲ့ပေရွှမ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
သူတို့ စကားပြောဆိုနေကြစဉ် ရှေ့မှအဖွဲ့များသည် ချောက်နက်ထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်သွားကြသည်။
အဖွဲ့အသီးသီး၏ လူအင်အားပမာဏသည် များစွာကွာခြားလှရာ အချို့အဖွဲ့များတွင် လူတစ်ရာကျော်အထိ ရှိနေသော်လည်း ဖုန်းမိသားစုကဲ့သို့ အဖွဲ့များတွင် လူတစ်ဆယ်ကျော်ခန့်သာ ရှိကြ၏။
မကြာမီတွင် ဖုန်းမိသားစုဝင်များ နတ်ဆိုးချောက်နက်၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။
ကောင်းကင်ယံမှ ဖီးနစ်ငှက်သည် လူတိုင်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်ကို ဖုန်းချုံယွီထံ၌ ရပ်တန့်လိုက်၏။
“ဖီးနစ်သွေးမျိုးဆက် နိုးထလာသူတစ်ယောက်ဟာ နတ်ဆိုးချောက်နက်ထဲကို ဝင်ရောက်နိုင်တယ်”
လူတိုင်းက ဖီးနစ်ငှက်ကို ဦးညွတ်ပြီးနောက် နတ်ဆိုးချောက်နက်ထဲသို့ လှမ်းဝင်လိုက်ကြတော့သည်။
ယဲ့ပေရွှမ် နတ်ဆိုးချောက်နက်ထဲသို့ ခြေလှမ်းလှမ်းလိုက်သည့်အခိုက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော အပူလှိုင်းနှင့် နတ်ဆိုးချီများကို ခံစားလိုက်ရလေ၏။
ဖုန်းချုံယွီ မီးလျှံအရှိန်အဝါတစ်ခုကို ထုတ်ဖော်မိလိုက်သည်။ သူမ ခန္ဓာကိုယ်အတွင်းရှိ ဖီးနစ်သွေးမျိုးဆက်သည် အတွင်းဘက်မှ တစ်စုံတစ်ခုက သူမအား လှမ်းခေါ်နေသကဲ့သို့ ဆူပွက်လာ၏။
သူမ ပြောလိုက်၏။
“အားလုံးပဲ ကျွန်မရဲ့ နောက်ကနေ လိုက်ခဲ့ကြပါ”
ယဲ့ပေရွှမ် ဘာမှမမေးမြန်းဘဲ ဖုန်းချုံးယွီ၏အနားတွင်သာ ကပ်၍လိုက်သွားသည်။
အဖွဲ့သားများ နတ်ဆိုးချောက်နက် အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာကြ၏။ ခဏအကြာတွင် နတ်ဆိုးမြူအတားအဆီးတစ်ခုက သူတို့ရှေ့ဆက်မည့်လမ်းကို ပိတ်ဆို့ထားသည်အား တွေ့လိုက်ရ၏။
အဖွဲ့သားများ နောက်ဆုတ်မသွားဘဲ ဖုန်းချုံယွီ၏ အနောက်မှနေ၍ အနီးကပ် ဆက်လက်လိုက်ပါလာကြသည်။
လူတိုင်း နတ်ဆိုးမြူထုထဲသို့ ခြေလှမ်းချလိုက်သည့်အခိုက် ဖုန်းချုံယွီသည် ကတ္တရာစေးကဲ့သို့ မှောင်မိုက်သော ညဉ့်ဦးယံမှ တောက်ပသော မီးအိမ်တစ်လုံးကဲ့သို့ ဖြစ်လာခဲ့ပြီး ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးမြူများ လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီး လူတိုင်း၏ရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတော့သည်။
ဤမြင်ကွင်းကို တွေ့သော် ယဲ့ပေရွှမ် ရေရွတ်လိုက်သည်။
“ဒါဆို ဖီးနစ်သွေးမျိုးဆက် နိုးထလာတဲ့သူတွေပဲ ဒီနတ်ဆိုးမြူထုကို ဖြတ်သန်းနိုင်တာပေါ့။ စောစောက စီနီယာက ကျွန်တော်တို့ဆီမှာ ဖီးနစ်သွေးမျိုးဆက် နိုးထလာတဲ့သူ ပါမပါ ဘာလို့ စစ်ဆေးလဲဆိုတာ မဆန်းတော့ပါဘူး”
ဖုန်းချုံယွီ ခေါင်းကို အသာယာညိတ်လိုက်သည်။
“စီနီယာအစ်ကို ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”
ယဲ့ပေရွှမ် ပြုံးလိုက်သည်။
“ငါ အသိချင်ဆုံးကတော့ ဒီနတ်ဆိုးချောက်နက်ထဲက နတ်ဆိုးတွေက ဘယ်လိုမျိုး သတ္တဝါတွေလဲ။ ပြီးတော့ သူတို့က ငါတို့ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလားဆိုတာပဲ”
ထိုအတောအတွင်း ချင်းလွမ် မျိုးနွယ်စု၏ အဖွဲ့သည် နတ်ဆိုးမြူထုထဲမှ ထွက်ပေါ်လာ၏။ သူတို့ကို လှပသော အမျိုးသမီးတစ်ဦးက ဦးဆောင်လာပြီး သူမ ဘေးတွင် ယခင်က ယဲ့ပေရွှမ်နှင့် စကားများခဲ့သော သန်မာထွားကျိုင်းသည့် လူကြီး ရပ်နေလေသည်။
အမျိုးသမီးက ခြေလှမ်းကိုရပ်ကာ သူမ ဘေးမှ ကြွက်သားအပြည့်နှင့် လူကြီးထံသို့ လှည့်ကြည့်လိုက်၏။
“ဟုန်လိ၊ ရှင် ဒီနေရာမှာ ဆန်းကြယ်ကောင်းကင်ဒေသက သူတွေကို စောင့်ချင်လို့လား”
ဟုန်လိ ပြုံးလိုက်သည်။
“ဒီလို ဒုက္ခခံနေဖို့ မလိုပါဘူး သခင်မလေး။ ကျွန်တော်တို့ ဒီနတ်ဆိုးချောက်နက်ကို ရှင်းလင်းရေးလုပ်နေရင်း သူတို့ကို သေချာပေါက် တွေ့ရမှာပါ”
“ကောင်းပြီ”
ချင်းလိက ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီး ရှေ့သို့ ဆက်လက်လှမ်းရန် ပြုပြင်လိုက်စဉ်၊ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
“အကယ်၍ မင်း ငါ့ကို ထိပ်တန်းသုံးယောက်စာရင်းဝင်အောင် ကူညီပေးနိုင်ရင်၊ မင်း စောစောကပြောခဲ့တဲ့ ကိစ္စကို ငါ ကူညီပေးမယ်”
ဤစကားကို ကြားရသောအခါ၊ ဟုန်လိ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာခဲ့ပြီး ရိုသေစွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် သခင်မလေး”
ချင်းလွမ်မျိုးနွယ်စု၏ ကျင့်ကြံသူများ ရှေ့ဆက်လာကြ၏။
အခြားတစ်ဖက်တွင် ဖုန်းချုံးယွီတို့သည် နတ်ဆိုးမြူထုကို ဖြတ်သန်းရန် အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့ရသည်။
လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ခြောက်သွေ့သော ကမ္ဘာတစ်ခု ပေါ်ထွက်လာတော့၏။
ဤနေရာရှိ မြေပြင်သည် အနက်ရောင်နှင့်အနီရောင် ရောယှက်နေပြီး အပူရှိန်များ အဆက်မပြတ် ထုတ်လွှတ်နေသည်။ မြစ်ချောင်းများမရှိဘဲ စီးဆင်းနေသော ချော်ရည်ပူများနှင့် သဲညွန်များသာ ရှိနေသည့်ဟန်ပင်။
ယဲ့ပေရွှမ် မော့ကြည့်လိုက်ရာ သူ့မျက်စိထဲသို့ မီးလျှံတိမ်တိုက်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီး ဝင်ရောက်လာပြီး မှောင်မိုက်သော ကောင်းကင်ယံကို အနီရောင်အဆင်း အနည်းငယ် ခြယ်သထားသည်။
ဖုန်းချုံယွီ ယဲ့ပေရွှမ်ကို လှည့်ကြည့်ကာ မေးလိုက်၏။
“ယောက်ျား ဘယ်ဖက်ကို သွားသင့်တယ်လို့ ထင်လဲ”
ယဲ့ပေရွှမ် ပြုံးလိုက်သည်။
“ကိုယ့် ကံတရားက အမြဲတမ်း အနောက်ဘက်မှာ ရှိနေတာ။ အနောက်ဘက်ကို ဦးတည်သွားရင် ဘယ်လိုလဲ”
“ကောင်းပါပြီ”
ဖုန်းချုံယွီ ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။
အဖွဲ့သားများသည် အနောက်ဘက်သို့ ဦးတည်သွားကြပြီး နတ်ဆိုးချောက်နက်၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာကြသည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ ပိုမိုများပြားလာခဲ့လေ၏။
နတ်ဆိုးများ၏ ပုံသဏ္ဌာန်နှင့် အမျိုးအစားများသည် ဆန်းကြယ်ထူးဆန်းပြီး အမျိုးမျိုးကွဲပြားလှသည်။ အချို့မှာ လူသားပုံသဏ္ဌာန်ရှိပြီး အချို့မှာ သားရဲတိရစ္ဆာန်ပုံသဏ္ဌာန်ရှိကာ အချို့မှာ ကျောက်ခဲ၊ သဲများနှင့်ပင် တူညီနေကြ၏။
ရှေ့ဆုံးမှ ယဲ့ပေရွှမ်၏ အစွမ်းထက်လှသော အာရုံသာ ရှိမနေပါက သူတို့ လမ်းခရီးတစ်လျှောက်တွင် များပြားသော ခြုံခိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အဖွဲ့သားများသည် တစ်ရက်တိုင်တိုင် ခရီးနှင်လာသော်လည်း ကောင်းကင်ယံသည် သူတို့ ဝင်ရောက်လာစဉ်ကအတိုင်းပင် အပြောင်းအလဲ အနည်းငယ်မျှမရှိ အတိအကျ တည်ရှိနေသည်။
ဖုန်းမိသားစု တပည့်တစ်ဦး ရေရွတ်လိုက်၏။
“ထူးဆန်းလိုက်တာ။ ဒီလျှို့ဝှက်နယ်မြေမှာ နေ့နဲ့ည မရှိတာများလား”
ယဲ့ပေရွှမ် ပြုံးလိုက်သည်။
“အခုကြည့်ရတာတော့ အဲဒီလိုပဲ။ ကျွန်တော့်အမြင်အရတော့ ဒါ လျှို့ဝှက်နယ်မြေတစ်ခုထက် နတ်ဘုရားလောက တစ်ခုနဲ့ ပိုတူတယ်”
“နတ်ဘုရားလောက ဟုတ်လား”
ဤစကားလုံးနှစ်လုံးကို ကြားရသောအခါ ဖုန်းမိသားစု တပည့်များ၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သွားသော အမူအရာများ ထင်ဟပ်လာသည်။
ဘဝနှစ်ခုကို ဖြတ်သန်းခဲ့သော ယဲ့ပေရွှမ်သည် ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံများပြား၏။ သူက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“သူတော်စင်တစ်ပါးက ကောင်းကင်နဲ့ မြေပြင်ရဲ့ စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်တယ်။ နတ်ဘုရားဘုရင်တစ်ပါးကတော့ သူတို့ထိန်းချုပ်ထားတဲ့ စည်းမျဉ်းတွေကို သုံးပြီး ကိုယ်ပိုင်နတ်ဘုရားလောကတစ်ခုကို ပုံဖော်နိုင်တယ်။ ဒီနတ်ဘုရားလောကအတွင်းမှာတော့ နတ်ဘုရားဘုရင်ဟာ ပြိုင်ဘက်ကင်းပဲ။ နတ်ဘုရားလောက မပျက်စီးရင် နတ်ဘုရားဘုရင်ကို အနိုင်ယူလို့မရဘူးလို့ ပြောလို့ရတယ်။ ဒါကြောင့်မို့လည်း နတ်ဘုရားဘုရင်တွေဟာ လောကကြီးရဲ့ စစ်မှန်တဲ့ နတ်ဘုရားတွေလို့ ပြောစမှတ်ပြုကြတာပေါ့”
“ဒါပေမဲ့ နတ်ဆိုးနတ်ဘုရားက ပျက်စီးသွားခဲ့ပြီ မဟုတ်ဘူးလား”
ဖုန်းမိသားစု တပည့်တစ်ဦး မေးမြန်းလိုက်သည်။
ယဲ့ပေရွှမ်က ခေါင်းညိတ်လိုက်၏။
“သူ ပျက်စီးသွားတာ မှန်ပါတယ်၊၊ ဒါပေမဲ့ သူ့ရဲ့ နတ်ဘုရားလောကနဲ့ သွေးတွေက မိုးမြေထဲကို အပြည့်အဝ ပေါင်းစပ်သွားပြီး ဒီလိုမျိုး လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးခဲ့တာ။ မဟုတ်ရင် ဒီလောက်များပြားတဲ့ နတ်ဆိုးမြူတွေ ပေါ်လာမှာ မဟုတ်ဘူး”
ဤစကားကို ကြားပြီးနောက် လူတိုင်း ပင့်သက်ရှိုက်လိုက်ပြီး တပြိုင်နက်ပြော၏။
“ဒီနေ့တော့ ကျွန်တော်တို့အမြင်ကျယ်သွားခဲ့ရပြီ”
ဖုန်းချုံယွီ မေးမြန်းလိုက်သည်။
“ယောက်ျား ဒီတစ်ကြိမ် ရှင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။ မြို့စားအဆင့် နတ်ဆိုး ဘယ်နှစ်ကောင်လောက်ကို နှိမ်နင်းဖို့ စီစဉ်ထားလဲ”
“မြို့စားတွေ ဟုတ်လား”
ယဲ့ပေရွှမ် ခေါင်းခါလိုက်သည်။
“ငါတို့ အားလုံး ဒီကို ရောက်နေမှတော့ သူတော်စင်တစ်ပိုင်းအဆင့်ရှိတဲ့ နတ်ဆိုးတစ်ကောင်ကို နှိမ်နင်းသင့်တာပေါ့”
ဤစကားကို ကြားရသောအခါ ဖုန်းမိသားစု တပည့်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ခြင်းမပြုကြပေ။ ထို့အစား သူတို့ ယဲ့ပေရွှမ်ကို သတိကြီးစွာ ကြည့်ရှုလိုက်ကြသည်။
ဖုန်းမိသားစု တပည့်တစ်ဦး တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
“ယောက်ဖကြီး ကျွန်တော်တို့ အင်အားလေးနဲ့ သူတော်စင်တစ်ပိုင်းအဆင့်ရှိတဲ့ နတ်ဆိုးအရှင်ကို သွားရှာတာ သေတွင်းထဲ သက်သက်တိုးဝင်တာ မဟုတ်ဘူးလား”
အခြားသော ဖုန်းမိသားစုဝင်များလည်း ပြောလိုက်၏။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်တော်တို့ မြို့စားအဆင့်အချို့ကိုပဲ နှိမ်နင်းကြရအောင်ပါ”
ယဲ့ပေရွှမ် ထိုကိစ္စကို အတင်းအကျပ် လုပ်ဆောင်ရန် အစီအစဉ်မရှိပေ။ သူ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုရင် အရင်ဆုံး လေ့ကျင့်ဖို့အတွက် မြို့စားအဆင့်တစ်ကောင်ကို အရင်ရှာကြတာပေါ့”
‘ဟူး’
ထိုအခါမှသာ ဖုန်းမိသားစု တပည့်များ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချနိုင်ကြတော့သည်။
အကယ်၍ ယဲ့ပေရွှမ်သာ သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးအရှင်ကို ရှာဖွေရန် ဇွတ်အတင်း ပြုလုပ်မည်ဆိုပါက သူတို့ တကယ်ပင် တားဆီးနိုင်ခဲ့ကြမည် မဟုတ်ချေ။
ပါရမီရှင်ယဲ့သည် သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးအရှင်ကို သွားရန်စရန် စဉ်းစားနေခဲ့သည်အထိ ဘာကို တွေးတောနေမှန်း သူတို့ မသိတော့ပေ။
လူတိုင်း ကိုယ်စီကိုယ်ငှ အတွေးများဖြင့် နစ်မြောနေကြ၏။
ယဲ့ပေရွှမ် သူ့နတ်ဘုရားအာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စစ်ဆေးရင်း နတ်ဆိုးများ၏ ခြေရာလက်ရာကို မတွေ့ရသဖြင့် ပြောလိုက်သည်။
“ငါတို့ ဒီနေရာမှာပဲ စခန်းချကြရအောင်။ ငါ မင်းတို့အားလုံးအတွက် ကင်းစောင့်ပေးမယ်။ ဒါကြောင့် စိတ်အေးလက်အေး နားလို့ရတယ်”
“ကျေးဇူးတင်ပါတယ် ပါရမီရှင်ယဲ့”
သူတို့ ပြောနေရင်း စခန်းချရန် စတင်ပြင်ဆင်လိုက်ကြသည်။
နာရီအနည်းငယ်ကြာပြီးနောက် သူတို့နောက်တစ်ကြိမ် ခရီးပြန်လည်ထွက်ခွာကြ၏။
လျှို့ဝှက်နယ်မြေအတွင်း၌ အချိန်များမှာ သိသိသာသာ ကုန်ဆုံးသွားသည်။ လီအနည်းငယ်မျှ လမ်းလျှောက်ပြီးနောက် သူတို့ သိပ်မဝေးသောနေရာတွင် လူများ တိုက်ခိုက်နေကြသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ယဲ့ပေရွှမ် ချက်ချင်းပင် လက်ကိုမြှောက်ကာ ပြောလိုက်၏။
“ရပ်လိုက်ကြဦး”
ဖုန်းမိသားစုဝင်များ ချက်ချင်းပင် သူတို့ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ နတ်ဆိုးဘုရား၏ ကြွင်းကျန်ရစ်သော လမ်းစဉ်စည်းမျဉ်းများကြောင့် သူတို့ ရှေ့မှတိုက်ပွဲကို ဝေဝါးစွာသာ အာရုံခံနိုင်ကြပြီး မည်သည့်အင်အားစုက နတ်ဆိုးများနှင့် တိုက်ခိုက်နေသည်ကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြချေ။
ယဲ့ပေရွှမ်၏ အကြည့်သည် လူအုပ်ကြီးထံ ကျရောက်သွားသည်။ သူ ပြောလိုက်၏။
“ညီကိုသုံး ရှေ့ကို သွားပြီး ကင်းထောက်ဖို့ လူနှစ်ယောက် ခေါ်သွားလိုက်။ အရမ်း နီးကပ်အောင် မသွားဖို့ သတိရပါ။ သူတို့ကို ရှောင်ကွင်းသွားနိုင်ဖို့ ဘယ်အင်အားစုလဲဆိုတာကိုပဲ စုံစမ်းခဲ့”
အခန်း (၅၁၀)
"နားလည်ပါပြီ”
ဖုန်းယန်ရှန့် စမ်းသပ်မှုတွင် ပါဝင်သည်။ သို့သော် ယခုအခါ ယဲ့ပေရွှမ်၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် ယောက်ဖဖြစ်သူ၏ စွမ်းရည်များကို သူ လုံးဝ ယုံကြည်သွားတော့သည်။
ထို့နောက် သူ လူအုပ်ထဲမှ ဉာဏ်ပြေးသော မျိုးနွယ်စုဝင် လူငယ်တစ်ဦးကို ရွေးချယ်လိုက်၏။
"မင်း ငါနဲ့ လိုက်ခဲ့”
သူတို့နှစ်ဦး လူတိုင်း၏အမြင်မှ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ခဏအကြာတွင် ဖုန်းယန်ရှန်း စိတ်လှုပ်ရှားနေပုံဖြင့် ပြန်ပြေးလာသည်။ "ယောက်ဖ သတင်းကောင်း။ ချင်းလွမ်မျိုးနွယ်က ကောင်တွေ မြို့စားအဆင့် နတ်ဆိုးဘုရင် နှစ်ပါးကို ဝိုင်းဝန်းပိတ်ဆို့ပြီး အမဲလိုက်နေကြတာ။ အခုတော့ သူတို့တွေ အရိုက်ခံရပြီး ကြွက်တွေလို ထွက်ပြေးနေကြရပြီ”
"အိုး”
ထိုသတင်းကို ကြားသောအခါ ယဲ့ပေရွှမ် ပြုံးလိုက်သည်။
"သူတို့ဖြစ်နေမှတော့ သွားပြီး ပျော်ကြတာပေါ့။ သူတို့ ဘယ်လောက်တောင် အရှက်ကွဲနေလဲဆိုတာ သွားကြည့်ကြမယ်”
"ကောင်းပါပြီ”
ဖုန်းမိသားစုတပည့်များ ပြောလိုက်ကြသည်။
ယဲ့ပေရွှမ် ရှိနေသရွေ့ သူတော်စင်တစ်ပိုင်းအဆင့် ပေါ်မလာပါက မည်သည့်နတ်ဆိုးကမျှ သူတို့ကို အန္တရာယ် မပေးနိုင်ကြောင်း လုံးဝ ယုံကြည်ထား၏။
အဖွဲ့သည် မြေပြင်နှင့် ကပ်၍ ပျံသန်းသွားကြပြီး မကြာမီ အခိုးအငွေ့များ ထွက်ပေါ်နေသော တောင်ထွတ်တစ်ခုသို့ ရောက်ရှိသွားကြသည်။ သူတို့ ချင်းလွမ်မျိုးနွယ်စုနှင့် နတ်ဆိုးများ တိုက်ခိုက်နေသည့် နေရာမှ တစ်လီခန့်သာ ကွာဝေးသဖြင့် တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့လိုက်၏။
ချင်းလွမ်မျိုးနွယ်စုသည် မြို့စားအဆင့် နတ်ဆိုးဘုရင်နှစ်ပါး၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံနေရသည်။ ၎င်းတို့သည် မီးတောက်ပုံစံ နတ်ဆိုးဘုရင် နှစ်ပါးဖြစ်ပြီး တစ်ပါးက အနီရောင်နှင့် အနက်ရောင် ရောယှက်နေကာ တစ်ပါးက ရွှေနက်ရောင်ပင်။
ရွှေနက်ရောင်နတ်ဆိုးဘုရင်သည် အစီအရင်တစ်ခုအတွင်း၌ ပိတ်မိနေပြီး အခြားနတ်ဆိုးဘုရင်က အပြင်ဘက်မှနေ၍ အစီအရင်ကို မနားတမ်း တိုက်ခိုက်နေသည်။
ယခုအချိန်တွင် ဟုန်လိကို စကားလုံးလေးလုံးဖြင့် ဖော်ပြနိုင်သည်။ လုံးဝကို သနားစရာကောင်း၏။ သူ သမန်းဝံပုလွေနှင့်တူသော ပုံစံသို့ ပြောင်းလဲထားသော်လည်း မြို့စားအဆင့်နတ်ဆိုးဘုရင်တစ်ပါးကို ပြန်မတိုက်နိုင်ချေ။
သူ့ဘေးက ချင်းလီလည်း သိပ်ပြီး အခြေအနေ မကောင်းလှပေ။ သူမ နှုတ်ခမ်းထောင့်တွင် သွေးများရှိနေပြီး အစိမ်းနုရောင် အင်မော်တယ်စကတ်မှာ စုတ်ပြဲနေ၏။
အရေးကြီးဆုံးသည် ယခင်က သူတို့ တည်ဆောက်ထားသော အစီအရင်သည် ပြိုကျလုနီးပါး ဖြစ်နေခြင်းပင်။ အကယ်၍ အစီအရင်သာ ပျက်စီးသွားပါက သူမ လွတ်မြောက်နိုင်လျှင်တောင် ချင်းလွမ်မျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များ ဤနေရာ၌ သုတ်သင်ခံရပေလိမ့်မည်။
ဘုန်း
အစီအရင်အတွင်းက မြို့စားအဆင့်နတ်ဆိုးကြောင့် လွင့်ထွက်သွားပြီးနောက် ဟုန်လိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ အံကြိတ်ကာ ပြောလိုက်သည်။
"သခင်မလေး မြန်မြန် ဆုံးဖြတ်ချက်ချမှ ရမယ်။ မဟုတ်ရင် ကျွန်တော်တို့အဖွဲ့တစ်ခုလုံး ကိစ္စတုံးသွားလိမ့်မယ်”
ထိုစကားများ သူ့နှုတ်မှ ထွက်သွားသည်နှင့် အဝေးမှ လှောင်ပြောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါ ချင်းလွမ်မိသားစုက မောက်မာတဲ့ လူရိုင်းကြီးများလား။ လွန်ခဲ့တဲ့ သုံးရက်က မင်းရဲ့ မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ”
၎င်းကိုကြားသောအခါ လူတိုင်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
အဖြူရောင်ဝတ်ဆင်ထားသည့် ကျက်သရေရှိသော လူငယ်တစ်ဦး တောင်ထွတ်ပေါ်တွင် ရပ်နေကာ လူတိုင်းကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေသည်ကို သူတို့ မြင်လိုက်ရသည်။
"မင်း”
ဟုန်လိ ဆန်းကြယ်ကောင်းကင်ဒေသမှ ကောင်လေးကို ဤအခြေအနေမျိုးတွင် တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
“ဟုတ်တယ် ငါ”
ယဲ့ပေရွှမ် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဟမ့်”
ဟုန်လိ အေးစက်စက် နှာမှုတ်လိုက်သည်။ "ငါတို့အခက်အခဲကို မင်း ဒီတိုင်း ထိုင်ကြည့်နေလို့ ရမယ်မထင်နဲ့။ ဒီနတ်ဆိုးဘုရင်နှစ်ပါးက ငါတို့ကို သတ်ပြီးသွားရင် မင်းလည်း လွတ်မှာမဟုတ်ဘူး”
"အဲဒါ မင်းအလုပ်မဟုတ်ဘူး။ အခု မင်း အန္တရာယ်ကနေ ဘယ်လို အသက်ရှင်ကျန်ရစ်အောင် လုပ်ရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်”
ယဲ့ပေရွှမ် စကားကို တမင်ရပ်တန့်လိုက်သည်။
"မင်းတို့ဆီမှာရှိတဲ့ ရတနာတွေကို ပေးဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ငါ ဝင်ကူညီပေးနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါက အငြိုးအတေး ထားတတ်တဲ့သူမှ မဟုတ်တာ”
ဟုန်လိ သူ့ရတနာများကို လုံးဝ ပေးအပ်မည်မဟုတ်ကြောင်းကို သိထားသဖြင့် ဤသို့ပြောခြင်းက တစ်ဖက်လူကို ရန်စရန် သက်သက်သာ။
ချင်းလွမ်မိသားစုနှင့် နတ်ဆိုးဘုရင်နှစ်ပါးတို့ အချင်းချင်း တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် ပျက်စီးသွားကြလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
၎င်းကိုကြားသောအခါ ဟုန်လိ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"အဲဒီအကြောင်းကို မေ့ထားလိုက်တော့”
ထိုစဉ် ချင်းလီ၏ မျက်လုံးများ တောက်ပသွားပြီး လွတ်မြောက်ရန် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိသွားသည့်အလား သူမ အလျင်အမြန် ပြောလိုက်သည်။
"အကယ်၍ တာအိုမိတ်ဆွေက ကူညီပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ရှင့်အကူအညီအတွက် ကျွန်မတို့ ရတနာတစ်ဝက်ပေးပါမယ်”
"မလုံလောက်ဘူး”
ယဲ့ပေရွှမ် သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတပ်ဆင်ကာ ပြောလိုက်၏။
"သခင်မလေး”
စစ်သူကြီးဖြစ်သော သူ အရှုံးမပေးရသေးခင် တပ်မှူးဖြစ်သော သခင်မလေး ဦးစွာ အရှုံးပေးလိုက်လိမ့်မည်ဟု ဟုန်လိ မမျှော်လင့်ထား။
"ဟားဟား”
ယဲ့ပေရွှမ် ရယ်မောလိုက်သည်။
"ချင်းလွမ်မိသားစုရဲ့ သခင်မလေးက အခြေအနေကို နားလည်တဲ့သူပဲ။ အဲ့လူကြမ်းကြီး ငါ့ကို သုံးကြိမ် ဦးညွှတ်ပြီး ငါ အရှုံးပေးတယ်လို့ သုံးခွန်း အော်ခိုင်းမယ်ဆိုရင် မင်းတို့ကို ကူညီပေးမယ်”
“မင်းလို ငနုကောင်က ငါ့ကို ဘယ်လိုလုပ် စော်ကားရဲတာလဲ”
ဟုန်လိ အလွန်ဒေါသထွက်သွားသဖြင့် သူ့ရှေ့က ငနုကောင်လေးနှင့် တိုက်ခိုက်ရန် အစီအရင်ထဲမှပင် ပျံသန်းထွက်သွားလုနီးပါး ဖြစ်သွားသည်။
ချင်းလီ ဘာမှထပ်မစဉ်းစားဘဲ သဘောတူလိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီ။ ကျွန်မ သဘောတူတယ်။ ဒီနတ်ဆိုးဘုရင် နှစ်ပါးကို တားဆီးနိုင်မယ်ဆိုရင် ရှင် ပြောတဲ့အတိုင်း ကျွန်မတို့ လုပ်ပေးမယ်”
၎င်းကိုကြားသောအခါ ဟုန်လိ အကြည့်က ချက်ချင်း မှေးမှိန်သွားသည်။ ထိုစဉ် သခင်မလေး၏ အသံပို့လွှတ်မှုက သူ့စိတ်ထဲတွင် ထွက်ပေါ်လာ၏။
"နင် ဘာရပ်လုပ်နေတာလဲ။ ထွက်ပြေးဖို့ ပြင်ထားလေ။ အဲဒီကောင်လေးကို နတ်ဆိုးဘုရင်တွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြီးသွားတာနဲ့ ငါတို့ လက်စားချေလို့ ရပြီ”
‘ဟုတ်သားပဲ။ ငါ ဘာလို့ မစဉ်းစားမိတာလဲ’
ထို့နောက် ဟုန်လိ သခင်မလေးကို ကြည်ညိုလေးစားစွာ ကြည့်လိုက်၏။
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်သည်ကို ယဲ့ပေရွှမ် မြင်တွေ့သွားသည်။ သူ လှောင်ပြောင်လိုက်သည်။
"ချင်းလွမ်မိသားစု သခင်မလေးရဲ့ လက်ဖဝါးထဲမှာ ကစားခံနေရတဲ့ သနားစရာ လူကြမ်းကြီးပဲ”
"တာအိုမိတ်ဆွေ အဓိပ္ပာယ်မရှိတာတွေကို ရပ်ပြီး မြန်မြန် လှုပ်ရှားပါတော့”
ချင်းလီ နောက်ထပ် အမှားတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အလျင်စလို ပြောလိုက်သည်။
နတ်ဆိုးဘုရင် နှစ်ပါး စကားဝိုင်းကို ရှင်းလင်းစွာ ကြားလိုက်၏။ မူလက ရပ်တန့်နေကြသော သူတို့နှစ်ဦးစလုံး ယဲ့ပေရွှမ်ကို စူးစိုက်ကြည့်လာသည်။
သူတို့ရှေ့ရှိ လူသားကျင့်ကြံသူထံမှ ထွက်ပေါ်နေသော ရနံ့က ဤပုရွက်ဆိတ်တစ်အုပ်ထက် များစွာပို၍ ဆွဲဆောင်မှုရှိသည်။။ ဤလူသားကို စားသုံးလိုက်ခြင်းဖြင့် သူတို့ သွေးမျိုးဆက်ကို သေချာပေါက် နောက်တစ်ကြိမ် ပြန်သန့်စင်နိုင်ပေလိမ့်မည်။
ဘုန်း
အစီအရင်အတွင်းရှိ နတ်ဆိုးဘုရင် လက်သီးတစ်ချက် ထိုးချလိုက်ပြီး ပြိုကျလုနီးပါးဖြစ်နေသော အစီအရင်ကို တိုက်ရိုက် တစ်စစီ ချိုးဖျက်ပစ်လိုက်သည်။
အစီအရင်အလံများကို စောင့်ကြပ်နေသော ချင်းလွမ်တပည့်များ အနောက်ဘက်သို့ လွင့်ထွက်သွားကြပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ သတိလစ်သွားကြ၏။
သူ ပြောလိုက်သည်။
"ယုတ်မာတဲ့ ပုရွက်ဆိတ်တွေ ကစားပွဲက ပြီးဆုံးသွားပြီ”
ဤစကားများကို ပြောလိုက်သည်နှင့် ချင်းလွမ်မျိုးနွယ်စုမှ ကျင့်ကြံသူများအ လူသေကောင်လို ဖြူဖျော့သွားကြသည်။ သူတို့ အရူးများ မဟုတ်ကြပေ။ နတ်ဆိုးများ ပြောသည့် အဓိပ္ပာယ်ကို အဘယ်သို့ မဘိဘဲ နေမည်နည်း။
ယဲ့ပေရွှမ် ပြောလိုက်သည်။ "လူကြမ်းကြီး မင်း တကယ်တော့ နတ်ဆိုးဘုရင်တွေရဲ့ ကစားခံနေရတာကိုး။ တကယ့်ကို အရှက်ကွဲစရာပဲ မြန်မြန် ဦးညွှတ်လိုက်၊၊ မဟုတ်ရင် ငါ သွားတော့မယ်”
"ကောင်းပြီ”
ဟုန်လိ အံကြိတ်ကာ သဘောတူလိုက်ပြီး ယဲ့ပေရွှမ်ဘက်သို့ သုံးကြိမ် ဦးညွှတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါ အရှုံးပေးတယ်”
နတ်ဆိုးဘုရင် ဤမြင်ကွင်းကို လှောင်ပြောင်ဟန်ဖြင့် ကြည့်ရှုနေပြီး မတိုက်ခိုက်သေးပေ။
ဟုန်လိ ဦးညွှတ်ပြီးနောက် မတ်တပ်ရပ်လာသည်ကို မြင်သောအခါ သူ ယဲ့ပေရွှမ်ကို ထပ်ကြည့်၏။
"ပုရွက်ဆိတ်လေး မင်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ လူသားပဲ။ ဒီလိုဖြစ်နေမှတော့ ဒီဘုရင် မင်းကို သတ်ပြီးတဲ့အခါ မင်းဝိညာဉ်ကို နတ်ဆိုးသတ္တဝါအဖြစ် ပြောင်းလဲပေးမယ်။ ပြီးရင် ရွှေမီးတောက်ဘုရင် ငါ့နောက်ကို ထာဝရလိုက်ပါခဲ့”
"နှမြောစရာပဲ။ နတ်ဆိုးသတ္တဝါတစ်ကောင် ဖြစ်လာဖို့ကို ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ မြို့စားအဆင့် နတ်ဆိုးတွေကို သတ်ရတာ ငါ အရမ်း စိတ်ဝင်စားတယ်။ မင်းတို့နှစ်ကောင် စမ်းကြည့်ချင်လား စိတ်ချပါ။ ငါ မြန်မြန်ဆန်ဆန်ပဲ လုပ်ပေးမှာပါ”
ယဲ့ပေရွှမ် ပြောနေရင်း သူ့လက်ပေါ်မှ သိုလှောင်လက်စွပ် တောက်ပသွားပြီး ဟုန်မင်ကြေးမုံသည် သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာတော့၏။
"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ”
ဘုရင်ရွှေမီးတောက် ပြောလိုက်သည်။
"ဒီဘုရင်က စိတ်ဝင်စားဖို့ကောင်းတဲ့ လူသားမျိုးနဲ့ မတွေ့ရတာ ကြာပြီ။ ဒီလိုဖြစ်နေမှတော့ ငါတို့ ဇနီးမောင်နှံ မင်းနဲ့ ခဏလောက် ကစားပေးရတာပေါ့”
ထိုစကားများအဆုံးတွင် အခြားနတ်ဆိုးဘုရင်၏ ပုံရိပ် တောက်ပသွားပြီး ယဲ့ပေရွှမ် အနောက်တွင် ပေါ်လာကာ သူ့ပြေးလမ်းပိတ်ဆို့လိုက်သည့်အပြင် ချင်းလွမ်မျိုးနွယ်စု၏ လွတ်မြောက်ရေး မျှော်လင့်ချက်ကိုလည်း တစ်စစီ ရိုက်ချိုးလိုက်သည်။