အခန်း ၅၂၆
Vol. 36 Ch. 526
အခန်း (၅၂၆) - ပိုးအိမ်ကို ဖြေရှင်းခြင်း (အပိုင်း ၁)
ဆုမို၏ စကားများမှာ ယေဘုယျအားဖြင့် ကြီးကြီးမားမား အံ့ဩစရာ မပါဝင်လှချေ။
ဝမ်ချန်ရှင်း၏ ရင်ထဲတွင်လည်း မျှော်လင့်ချက်များ ပြာကျနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။
သို့သော်... ဆုမို၏ နောက်ဆုံး စကားတစ်ခွန်းကမူ သူ၏ နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
“ဝမ်ယီလန် က... တကယ်ပဲ မင်းရဲ့ နှမ အရင်း ဟုတ်ရဲ့လား” တဲ့လား။
သူသည် ဆုမိုဘက်သို့ ဝုန်းခနဲ လှည့်ကြည့်လိုက်၏။
“ခေါင်းဆောင်ဆု... ဒီကိစ္စမှာ... ဒီကိစ္စမှာ လှည့်စားမှုတွေ ရှိနေနိုင်တယ်လို့ ဆိုလိုတာလား”
သူ၏ မျက်ဝန်းများတွင် အသည်းအသန် မျှော်လင့်နေမှုများ ပြည့်နှက်နေပြီး၊ ဆုမိုဆီမှ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ကွက်လောက်ဖြစ်ဖြစ် ရနိုင်မလားဟု ဆုတောင်းနေမိ၏။
သို့သော် ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“လောလောဆယ်တော့ ဘာကိုမှ အတိအကျ မပြောရဲသေးဘူး။ ဒါပေမဲ့ ဒီကိစ္စကို သေချာ ပြန်ပြီး ဆန်းစစ်ကြည့်လို့တော့ ရတာပေါ့”
ဝမ်ချန်ရှင်းသည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
“ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”
ဆုမိုသည် ခေတ္တမျှ စဉ်းစားကာ သူ၏ အတွေးများကို စုစည်းလိုက်ပြီးနောက် မေးလိုက်၏။
“ညသခင် က လူကောင်းတစ်ယောက်များ ဖြစ်နေမလား”
“...”
ဝမ်ချန်ရှင်းက ခေါင်းခါလိုက်၏။
“ညသခင် က ငါ့အပေါ် မကောင်းခဲ့တာ မဟုတ်ပေမဲ့... သူက ပါးရည်နပ်ရည်ရှိပြီး ရက်စက်တဲ့သူပဲ.. သူ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ဆိုရင် ဘာမဆို လုပ်ရဲတဲ့ လူစားမျိုးလေ”
“ထာဝရညတောင်ကြား ထဲက မရေမတွက်နိုင်တဲ့ ဆန်းကြယ်လှတဲ့ သိုင်းပညာတွေနဲ့ ထူးဆန်းတဲ့ အတတ်ပညာတွေက အများအားဖြင့် သွေးထွက်သံယို ဖြစ်ရတဲ့ ပညာတွေချည်းပဲ”
“လူသားအရေခွံနဲ့ လှည့်စားတဲ့ အတတ်တွေ၊ အရိပ်မိစ္ဆာပညာ တွေ အားလုံးက ဒီအမျိုးအစားထဲမှာ ပါတာပေါ့”
“ယူချွမ်ဂိုဏ်း လိုမျိုး အသက်ရှင်နေတဲ့ လူတွေကို သုံးပြီး သိုင်းကျင့်တဲ့အထိ မဆိုးရွားဘူး ဆိုပေမဲ့လည်း...”
“သူတို့ လုပ်ရပ်တွေရဲ့ ရက်စက်မှုက ယူချွမ်ဂိုဏ်း ထက်တောင် သာသေးတယ်”
“သူက ထာဝရညတောင်ကြား ရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်နေမှတော့၊ လူကောင်း တစ်ယောက်တော့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
ဆုမိုက ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် နောက်ထပ် မေးခွန်းတစ်ခု မေးမယ်... သူက တခြားလူတွေကိုရော မင်းအပေါ် ဆက်ဆံသလိုမျိုး ဆက်ဆံဖူးလား”
“အဲဒါကတော့...”
ဝမ်ချန်ရှင်းက ခေါင်းခါလိုက်ပြန်၏။
“မသိဘူး.. ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေတော့ မရှိပါဘူး”
“ဒါဆို ဘာဖြစ်လို့ မင်း တစ်ယောက်တည်းကိုမှ အဲဒီလို ဆက်ဆံရတာလဲ”
“ဘာဖြစ်လို့... ငါ တစ်ယောက်တည်းကိုမှလဲ”
ဝမ်ချန်ရှင်းသည် ဆုမို၏ မေးခွန်းကို တိုးတိုးလေး လိုက်ရွတ်နေရင်း၊ သူ၏ မျက်နှာပေါ်တွင် လုံးဝ နားမလည်နိုင်သော ဇဝေဇဝါ အမူအရာများ ဖြစ်ပေါ်လာတော့၏။
ထို့နောက် သူသည် ဆုမိုကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်၏။
“အဲဒါက... ငါက ဝမ်ယွီထန် ရဲ့ သား ဖြစ်နေလို့များလား”
“အဲဒီ ရှင်းပြချက် တစ်ခုတည်းနဲ့တော့ လုံလောက်မယ် မထင်ဘူး”
ဆုမိုက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
“ဒါပေမဲ့ မင်းဆီမှာ တခြားလူတွေ နားမလည်နိုင်တဲ့ ဝူရှန်းခန်းမ နဲ့ ပတ်သက်နေတဲ့ အဆက်အသွယ် တစ်ခုခုတော့ သေချာပေါက် ရှိနေမှာပဲ။ ညသခင် က အဲဒါကို သိနေလို့ပဲ မင်းကို ဒီလောက် ထူးထူးခြားခြား ခေါ်လာခဲ့တာ ဖြစ်ရမယ်”
“ပြီးတော့... သူက မင်းအပေါ်ကို အရမ်းကောင်းပြခဲ့တာကလည်း၊ မင်း သူ့အပေါ် ကျေးဇူးတင်ပြီး ကျေးဇူးဆပ်ချင်စိတ်တွေ ဖြစ်လာအောင်လို့ပဲ။ အဲဒီလိုမှ နောက်ပိုင်းကျရင် မင်းကို အသုံးချဖို့ ပိုလွယ်ကူသွားမှာ မဟုတ်လား”
ဒီအချက်ကတော့ ပိုပြီး ရှင်းပြနေစရာပင် မလိုတော့ချေ။
ဝမ်ချန်ရှင်း၏ လုပ်ရပ်များကို ပြန်လည် ဆန်းစစ်ကြည့်လျှင်၊ ညသခင် ကသာ သူ၏အပေါ် အလွန်အမင်း မကောင်းခဲ့ပါက၊ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း ကို အစအဆုံး သူ ဘယ်လိုလုပ် ပေးအပ်ခဲ့ပါမည်နည်း။
သူ၏ ငယ်ရွယ်နုနယ်မှုကြောင့် ဓားသိုင်းထဲတွင် အမှား (၁၇) ကွက် ပါသွားခဲ့သည် မှန်သော်လည်း၊ ထိုအမှားလေးများက ဓားသိုင်းတစ်ခုလုံး၏ တန်ဖိုးကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။ ညသခင် ရရှိသွားသည်မှာ ပြည့်စုံလုနီးပါး ဖြစ်နေသော ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း ပင် ဖြစ်သည်။
အကြီးအကဲ ထျန်းချွမ် ထံတွင် ပညာသင်ယူပြီးနောက်၊ ကျေးဇူးတရား တစ်ခုတည်းကိုသာ သိပြီး အမှားအမှန်ကို မခွဲခြားတတ်သော သွေးဆူလွယ်သည့် လူငယ်လေး တစ်ယောက် မဟုတ်တော့သည့်တိုင်အောင်... ဝမ်ချန်ရှင်းသည် ညသခင်၏ ကျေးဇူးနှင့် သူ၏ ကိုယ်ပိုင် အမှားအမှန် ခွဲခြားသိမြင်မှုကြားတွင် လွန်ဆွဲနေခဲ့ရဆဲ ဖြစ်၏။
ဤသည်မှာ ညသခင် က သူ့အပေါ် တကယ့်ကို ကောင်းခဲ့သည် ဆိုတာကို သက်သေပြနေခြင်း ပင်တည်း။
ထို့ကြောင့် ဆုမို၏ စကားကို ကြားပြီးနောက် ဝမ်ချန်ရှင်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ဆုမိုက ဆက်ပြောလိုက်၏။
“ငါ မင်းကို မေးရမယ့် နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်”
“ခေါင်းဆောင်ဆု... မေးသာ မေးပါ။ အခုချိန်မှာ ငါ ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ အကုန် ပြောပြပါ့မယ်”
“ကောင်းပြီလေ”
ဆုမိုက ခေါင်းကို အသာအယာ ညိတ်လိုက်၏။
“မင်း ပြောခဲ့တယ်လေ... ရန်ရှုံးဖေး က အရက်မူးပြီးတဲ့အခါ ဝမ်ယွီထန် က သူ့ငယ်ဘဝမှာ ဝမ်ရန်စန်း ဆိုတဲ့ နာမည်ဝှက်ကို သုံးခဲ့တယ်လို့ မင်းကို ပြောပြခဲ့တယ်ဆို။ အဲဒါကို ကြားပြီးတဲ့နောက် မင်း အဲဒီကိစ္စကို သေချာ စုံစမ်းကြည့်ဖူးလား”
“ငါ...”
ဝမ်ချန်ရှင်းသည် ခေတ္တမျှ ဆွံ့အသွားရသည်။
“အဲဒီအချိန်တုန်းက ငါ့ကို မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတာ.. ဘယ်လိုလုပ်ပြီး ဆက်စုံစမ်းဖို့ ခေါင်းထဲ ဝင်လာပါတော့မလဲ”
ဆုမိုသည် ဝမ်ချန်ရှင်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေတ္တမျှ စကားပြောထွက်ရန်ပင် ခက်ခဲသွားရသည်။
(ကြည့်စမ်း... ဒီကောင်ကတော့ တကယ့်ကို အူကြောင်ကြားပဲ။ ကိုယ့်ဘဝကို လုံးဝ ပြောင်းလဲသွားစေမယ့် ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို သူများ ပြောတာနဲ့တင် ချက်ချင်း ယုံလိုက်တယ်တဲ့လား။)
ထိုအချိန်က ဝမ်ချန်ရှင်း၏ အခြေအနေအရ ရန်ရှုံးဖေး က သူ့ကို လှည့်စားနေသည်ဟု မသင်္ကာဖြစ်စရာ အကြောင်းမရှိသည်ကိုတော့ နားလည်ပေး၍ ရနိုင်ပါသည်။ သို့သော် သူသာ ဆုမို ဖြစ်နေခဲ့မည်ဆိုလျှင်၊ ဤကိစ္စကို သေချာပေါက် အကြိမ်ကြိမ် အတည်ပြုပြီး ဝမ်ယွီထန် ၏ တုံ့ပြန်မှုကို နည်းလမ်းပေါင်းစုံဖြင့် သွယ်ဝိုက် အကဲစမ်းကြည့်ဦးမည်သာ ဖြစ်၏။
ဝမ်ယွီထန် ကိုယ်တိုင်က သူသည် ဝမ်ရန်စန်း ဖြစ်ကြောင်း အတည်ပြုမှသာ ယုံကြည်မည် ဖြစ်ပြီး၊ တခြားသူများ၏ စကားကို မျက်စိစုံမှိတ် ယုံကြည်နေမည် မဟုတ်ချေ။
သို့သော် ဝမ်ချန်ရှင်း၏ လက်ရှိ အခြေအနေကို ပြန်လည် စဉ်းစားကြည့်သောအခါ ဆုမို အနည်းငယ် နားလည်သွားသည်။
သူသည် ငယ်ငယ်လေးကတည်းက ဖခင်ဖြစ်သူ ပျောက်ဆုံးသွားပြီး၊ မိခင်ဖြစ်သူကလည်း အစောကြီး ဆုံးပါးသွားခဲ့သည်။ ညသခင် နှင့် တွေ့ပြီး မကြာမီမှာပင် အကြီးအကဲ ထျန်းချွမ် ထံသို့ ပို့ဆောင်ခံခဲ့ရ၏။
ထိုအချိန်မှစ၍ အကြီးအကဲ ထျန်းချွမ် ထံတွင် သိုင်းပညာကိုသာ တစ်စိုက်မတ်မတ် လေ့လာနေခဲ့ရာ လူမှုရေး အတွေ့အကြုံ မရှိသလောက် နည်းပါးလှသည်။
အချစ်ရေး အတွေ့အကြုံဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ရုတ်တရက် မိမိ သဘောကျရသော မိန်းကလေးတစ်ယောက်နှင့် ကြုံတွေ့ရသောအခါ၊ သူ မည်မျှပင် ဉာဏ်ပညာ ကြီးမားစေကာမူ သူ၏ အစွမ်းအစများကို ဆယ်ပုံတစ်ပုံပင် အသုံးချနိုင်ခဲ့မည် မဟုတ်ချေ။
ထိုသို့ တွေးမိသောအခါ ဆုမိုသည် ပြုံးလျက် ခေါင်းခါလိုက်၏။
“ရန်ရှုံးဖေး ရဲ့ နောက်ခံက အတော်လေး သံသယဖြစ်စရာ ကောင်းတယ်.. သူပြောတဲ့ စကားတွေကို အကုန်လုံး ယုံလို့ မရဘူး”
“ခေါင်းဆောင်ဆု... အရင်က မင်း ပြောခဲ့တယ်လေ၊ ရန်ရှုံးဖေး က အနောက်ဘက် နယ်စပ်က လူတွေကို လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ နယ်မြေထဲကို သွားပြီး လျှို့ဝှက် ယုတ်မာမှုတွေ လုပ်ဖို့ သွေးဆောင်ခဲ့တယ်ဆိုတာ။ အဲဒါက ဘာအဓိပ္ပာယ်လဲ”
ဆုမို၏ စကားများကို နားထောင်ရင်း ရပ်တန့်နေသော ဝမ်ချန်ရှင်း၏ ဦးနှောက်မှာ နောက်ဆုံးတွင် ပြန်လည် အလုပ်လုပ်လာတော့၏။
ဆုမိုက လက်ကို ဝှေ့ယမ်းလိုက်၏။
“အဲဒါကို ခဏလောက် ဘေးဖယ်ထားလိုက်ပါဦး... ငါ မင်းကို မေးစရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...”
ပြောပြောဆိုဆိုဖြင့် သူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်မေးလိုက်၏။
“မင်းရဲ့ အမေက ဘယ်အချိန်တုန်းက ဆုံးသွားတာလဲ။ ပြီးတော့ မင်း လမ်းပေါ်မှာ လွင့်မျောမနေခင် အချိန် ဘယ်လောက်ကြာခဲ့သေးလဲ”
“အဲဒါကတော့...”
ဝမ်ချန်ရှင်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားရသည်။
“အဲဒီတုန်းက ငါ သိပ်ငယ်သေးတော့၊ အခုဆိုရင် အကြောင်းအရာ တော်တော်များများက မှတ်ဉာဏ်ထဲမှာ ဝေဝါးနေပြီ..အမေ ဆုံးသွားပြီးတဲ့နောက် ငါ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တာ။ အမေ့ အလောင်းဘေးမှာ လနဲ့ချီပြီး နေခဲ့ရတယ်... နောက်ဆုံးတော့၊ နောက်ဆုံးတော့...”
ဤနေရာသို့ ရောက်သောအခါ သူသည် စကားကို ဆက်မပြောနိုင်တော့ဘဲ ရပ်တန့်သွားကာ ခပ်တိုးတိုး ဆိုလိုက်၏။
“အဲဒီနောက်ပိုင်း ငါ လမ်းပေါ်မှာ တစ်နှစ်၊ နှစ်နှစ်လောက် လွင့်မျောနေခဲ့တာ နေမှာပါ”
“တစ်နှစ်၊ နှစ်နှစ်လောက် ဟုတ်လား”
ဆုမိုက ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်မှောင်များမှာ ထပ်မံ ကြုတ်သွားရပြန်၏။
“အဲဒီတုန်းက မင်းက ငယ်သေးတာဆိုတော့ မှတ်ဉာဏ်တွေ ဝေဝါးနေတာကို ထားလိုက်ပါတော့။ ဒါပေမဲ့ အကယ်၍များ သူက မင်းနဲ့ ဝူရှန်းခန်းမ ကြားက ပတ်သက်မှုကို သိနေခဲ့မယ်ဆိုရင်... မင်းအမေရဲ့ နာရေးကိစ္စကို သူ ကိုယ်တိုင် ဝင်ပြီး အကုန် ရှင်းပေးခဲ့သင့်တာပေါ့”
--