အခန်း ၅၂၇
Vol. 36 Ch. 527
အခန်း (၅၂၇) - ပိုးအိမ်ကို ဖြေရှင်းခြင်း (အပိုင်း ၂)
“သူက မင်းကို ထာဝရညတောင်ကြား ထဲ ခေါ်သွားပြီး ပြုစုပျိုးထောင်ခဲ့မယ် ဆိုရင်တော့... မင်းကို ထိန်းချုပ်ဖို့ ပိုလွယ်ကူသွားမှာပေါ့”
“ဒါကို ထောက်ရှုကြည့်ရင်တော့ သူက ဒီကိစ္စကို အစကတည်းက သိမနေခဲ့တာ သေချာတယ်”
“နောက်မှ သူ သိသွားပြီးတော့ မင်းကို ရှာဖို့ အချိန်ယူခဲ့ရတာ နေမှာပါ...”
“ဒါပေမဲ့ သူက ဒီကိစ္စလေး တစ်ခုအတွက်နဲ့တော့ ဒီလောက် ကြီးမားတဲ့ အားထုတ်မှုမျိုး လုပ်မှာ မဟုတ်ဘူး.. အကယ်၍ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာမှ မင်းကို မရှာနိုင်ခဲ့ဘူးဆိုရင်၊ ဒီနေရာမှာ အစားထိုးဖို့ တခြား တစ်ယောက်ယောက်ကို သူ ရှာလိုက်မှာပဲ”
“ဒါပေမဲ့ အခုတော့ သူ တကယ်ပဲ မင်းကို ရှာတွေ့သွားခဲ့တယ်လေ”
ဆုမိုက သက်ပြင်းကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်၏။
“ဒါဆိုရင်... နောက်ထပ် မေးခွန်းတစ်ခု ထွက်လာပြန်ပြီ”
“...”
ဝမ်ချန်ရှင်းမှာ သူ၏ ဦးနှောက် လုံးဝ အလုပ်မလုပ်နိုင်တော့သလို ခံစားလိုက်ရတော့၏။
ဆုမို စကားပြောနေသည့် အချိန်တွင်၊ ဆုမို ပြောသမျှ အားလုံးက တကယ့်ကို မှန်ကန်ပြီး ယုတ္တိရှိလှသည်ဟု သူ ခံစားရသည်။
သို့သော် ဆုမို စကားမပြောမီ အချိန်ကမူ... ဆုမို ဘာဆက်ပြောမည်ကို သူ လုံးဝ ခန့်မှန်း၍ မရနိုင်ခဲ့ချေ။
“ညသခင် က ဒီကိစ္စကို ဘယ်လိုလုပ် သိသွားတာလဲ”
ဆုမိုသည် ဝမ်ချန်ရှင်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
“ပထမဆုံး အနေနဲ့ ဝမ်ယွီထန် က ဝမ်ရန်စန်း တကယ် ဟုတ်တယ်လို့ပဲ သဘောထားလိုက်ရအောင်”
“သူက မင်းတို့ သားအမိကို ထားခဲ့ပြီးတဲ့နောက် ဘာဖြစ်လို့ ပြန်လာမရှာခဲ့တာလဲ”
“နှစ်တွေ တွက်ကြည့်မယ် ဆိုရင် အခုဆို အနည်းဆုံး အနှစ် (၂၀) ကျော်နေလောက်ပြီလေ...”
“မင်းရဲ့ အမေက ပြောခဲ့တယ် မဟုတ်လား၊ မင်းအဖေက အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ သူ့ရဲ့ မူလနေရာကို ပြန်သွားတယ်ဆိုတာ”
“လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က... တခြားကိစ္စတွေတော့ ငါတို့ မသိနိုင်ပေမဲ့၊ ငါ သိသလောက်တော့ အဲဒီအချိန်က ဝူရှန်းခန်းမ ထဲမှာ အကြီးမားဆုံး ဖြစ်ခဲ့တဲ့ ကိစ္စဆိုလို့...”
“အာဏာလွှဲပြောင်းတဲ့ ကိစ္စပဲ ရှိတယ်”
“ဝမ်ယွီထန် က လွန်ခဲ့တဲ့ (၂၂) နှစ်က ဝူရှန်းခန်းမ ရဲ့ ဂိုဏ်းချုပ်ကြီး နေရာကို တက်ခဲ့တာလေ”
ဤသည်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ခဲ့ချေ။
ဝူရှန်းခန်းမ သည် လော့ဖုန်း မဟာမိတ်အဖွဲ့ နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး၊ မဟာမိတ်အဖွဲ့ အတွင်းရှိ လူများက တခြားကိစ္စများကို အသေးစိတ် မသိနိုင်လျှင်တောင်မှ... ဝူရှန်းခန်းမ ၏ ခေါင်းဆောင်နေရာ အပြောင်းအလဲကို မည်သို့လျှင် သတိမထားမိဘဲ နေပါမည်နည်း။
ကောင်းကင်ဓားဂိုဏ်း ဖြစ်စေ၊ လော့ဖုန်း မဟာမိတ်အဖွဲ့ ဖြစ်စေ၊ ဝူရှန်းခန်းမ ကိုယ်တိုင် ဖြစ်စေ...
တုန်းချန်နယ်မြေရှိ ဂိုဏ်းများကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ခေါင်းဆောင်နေရာ အပြောင်းအလဲ ဆိုသည်ကို မည်သည့်အခါမှ လျှို့ဝှက်စွာ ပြုလုပ်လေ့ မရှိပေ။
တခမ်းတနား ကျင်းပရမည်ဖြစ်ပြီး သိုင်းလောက အနှံ့အပြားမှ မိတ်ဆွေများကိုလည်း အခမ်းအနားသို့ လာရောက်ရန် ဖိတ်ကြားရမည် သာတည်း။
ဂိုဏ်းငယ်လေးများကတော့ ဂရုမစိုက်ဘဲ နေကောင်း နေနိုင်ပြီး၊ သတင်းရောက်လာလျှင်တောင်မှ စိတ်ဝင်စားချင်မှ စိတ်ဝင်စားပေလိမ့်မည်။
သို့သော်... လက်ရှိ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း ၏ ဂိုဏ်းချုပ်များမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ လော့ဖုန်း မဟာမိတ်အဖွဲ့ နှင့် ကောင်းကင်ဓားဂိုဏ်း ၏ ခေါင်းဆောင်များမှာ မည်သူဖြစ်ကြောင်းကို မသိရှိပါက နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
ထိုသို့သော နားလည်မှုလွဲမှားခြင်းများမှာ တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည် မဟုတ်ပါလော။
ဝမ်ချန်ရှင်းသည် ဆုမို၏ အတွေးအခေါ်များကို အမီလိုက်နိုင်ရန် ကြိုးစားနေရင်းမှ အနည်းငယ် ဒေါသထွက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ဒါဆိုရင်... သူက ဂိုဏ်းချုပ်ကြီး နေရာကို ရသွားတော့ ငါတို့ သားအမိကို ပစ်ထားခဲ့တယ်ပေါ့လေ”
ဆုမိုသည် ဝမ်ချန်ရှင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ငါတို့က လောလောဆယ် မှန်းဆကြည့်ရုံ သက်သက်ပဲ ရှိသေးတာဆိုတော့၊ အလောတကြီး ကောက်ချက်ချဖို့တော့ မလိုသေးဘူး”
“ပြီးတော့ ဒီမှန်းဆချက်အရ ဆိုရင်တောင်မှ... တကယ်ပဲ ပစ်ထားခဲ့တာလား၊ ဒါမှမဟုတ် တခြား အကြောင်းရင်းတွေ ရှိနေလား ဆိုတာကို ပြောရခက်သေးတယ်”
“ဝမ်ကော က ဝူရှန်းခန်းမ ထဲမှာ နေခဲ့ဖူးတယ် ဆိုတော့၊ ဂိုဏ်းတွင်း အာဏာလုပွဲတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာ သိမှာပေါ့”
“အဲဒီအချိန်တုန်းက ခေါင်းဆောင်နေရာကို ရရချင်းမှာ ဝမ်ယွီထန် အနေနဲ့ အခြေအနေတွေကို မထိန်းချုပ်နိုင်သေးတာမျိုး၊ ဒါမှမဟုတ် ကိစ္စတွေ အရမ်းများပြီး ဖိအားတွေ အောက်မှာ ရောက်နေတာမျိုး ဖြစ်နိုင်တာပဲလေ”
“အဲဒါကြောင့် သူက မင်းတို့ကို ပြန်လာမခေါ်နိုင်ခဲ့တာ ဖြစ်နိုင်တယ်”
“အဲဒီလိုသာဆိုရင်တော့... တကယ်ပဲ ယုတ္တိရှိသွားပြီ”
ဝမ်ချန်ရှင်းက ထိုသို့ပြောလိုက်သော်လည်း နောက်တစ်ခဏတွင် သူ၏ ခေါင်းကို ထပ်မံ ခါယမ်းလိုက်ပြန်၏။
“ဒါပေမဲ့ သူက ဒီနေရာမှာ ရောက်နေတာ နှစ်ပေါင်း အများကြီး ကြာနေပြီပဲ။ ဘာဖြစ်လို့ လာမရှာခဲ့တာလဲ”
“... သူ လုံးဝ လာမရှာခဲ့ဘူးဆိုတာ မင်း သေချာလို့လား”
ဆုမို၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားရသည်။
“အခု ငါ အသိချင်ဆုံး အချက်က... သူက မင်းအမေနဲ့ လျှို့ဝှက် တွေ့ဆုံဖို့ ဝမ်ရန်စန်း ဆိုတဲ့ နာမည်ဝှက်ကို သုံးခဲ့တယ်ဆိုရင်...”
“ညသခင် က အဲဒီ နောက်ကွယ်က အကြောင်းရင်းတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ”
“အဲဒါကြောင့်... ငါ့မှာ သံသယ ဖြစ်စရာ သုံးချက် ရှိတယ်”
ဝမ်ချန်ရှင်းသည် ဆုမိုကို စိုက်ကြည့်ရင်း သူ၏ အတွေးအခေါ်များကို တဖြည်းဖြည်း သဘောပေါက်လာတော့၏။
“ခေါင်းဆောင်ဆု ဆိုလိုချင်တာက... သူ အခြေအနေတွေကို ထိန်းချုပ်နိုင်သွားတဲ့ အချိန်မှာ သူ့ရဲ့ သားမယားကို ပြန်လာခေါ်ဖို့ ကြိုးစားခဲ့တယ်”
“ဒါပေမဲ့ ငါ့အမေက ဆုံးသွားပြီ ဖြစ်နေတယ်”
“ငါကလည်း လမ်းပေါ်မှာ လွင့်မျောနေပြီး ဘယ်ကို ရောက်နေမှန်း ရှာမတွေ့တော့ဘူး ဆိုတဲ့ သဘောလား”
“တိကျလိုက်တာ”
ဆုမိုက ခေါင်းညိတ်လိုက်၏။
“အဲဒါက ပထမအချက်ပဲ။ ပြီးတော့ မင်းကို လိုက်ရှာနေတဲ့ လုပ်ငန်းစဉ်ထဲမှာ သူ ချန်ထားခဲ့မိတဲ့ သဲလွန်စတွေကြောင့် ညသခင် က သူ့ကို ရိပ်မိသွားပြီး မင်းကို အရင် ရှာတွေ့သွားတာ ဖြစ်နိုင်တယ်”
“ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ အကွက်ချ ကြံစည်လာခဲ့တဲ့ ညသခင် က တုန်းချန်နယ်မြေ အကြောင်းကို ဝမ်ယွီထန် ထက် အများကြီး ပိုသိမှာပဲလေ”
“ဒါပေမဲ့... အခု သေချာ ပြန်စဉ်းစားကြည့်တော့လည်း၊ ဒီဖြစ်နိုင်ခြေက တကယ့်ကို နည်းပါးလွန်းနေပြန်တယ်”
“ဘာဖြစ်လို့လဲ”
ဝမ်ချန်ရှင်းက အလိုလိုပင် မေးလိုက်မိ၏။
အကယ်၍ ဆုမို ပြောသလိုသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင်... ဝမ်ယွီထန် သည် သူတို့ကို စွန့်ပစ်ခဲ့ခြင်း မဟုတ်ဘဲ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရုံသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူသည်... အနည်းဆုံးတော့ သားမယားကို စွန့်ပစ်တတ်သော ယောကျ်ားဆိုး တစ်ယောက်တော့ မဟုတ်ခဲ့ပေ။
မည်သူကမှ မိမိ၏ ဖခင်ကို ထိုသို့သော လူစားမျိုး မဖြစ်စေချင်သည်မှာ သဘာဝပင် ဖြစ်၏။
ဝမ်ချန်ရှင်းသည် မိမိ၏ နှမအရင်းကို ပြန်လည် ချစ်ကြိုက်မိခဲ့သည် ဆိုသော ကြီးလေးလှသည့် အပြစ်ကို ဝန်ခံထားပြီး ဖြစ်သော်လည်း...
အကယ်၍ ဝမ်ယွီထန် သာ သူ၏ ဖခင်အရင်း မဟုတ်ခဲ့ပါက၊ မျှော်လင့်ချက် ရှိနိုင်သေးသည် မဟုတ်ပါလော။
သို့တိုင်အောင်... ဤရှုပ်ထွေးမှုများကြားတွင် သူသည် သူ၏ အပြစ်ကို ဝန်ခံရမည် ဆိုလျှင်တောင်မှ၊ သူ၏ ဖခင်သည် လူဆိုးတစ်ယောက် မဟုတ်ရန်သာ ဆုတောင်းနေမိသည်။
သို့သော် ဤအတွေးများ၏ ရှုပ်ထွေးနက်နဲမှုကို နှုတ်ဖြင့် ဖော်ပြရန်မှာမူ တကယ့်ကို ခဲယဉ်းလှပေတော့သည်။
“မင်းရဲ့ ပြောပြချက်အရ ဆိုရင်၊ ညသခင် က မင်းကို ရှာဖို့ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ အချိန်ယူခဲ့ရတာလေ”
“ကိုယ့်သားအရင်းကို လိုက်ရှာနေတဲ့ ဖခင် တစ်ယောက်က ညသခင် ထက်တော့ ပိုပြီး အားထုတ်ရမှာ မဟုတ်ဘူးလား”
“အကယ်၍များ ငါ့မှာသာ သား တစ်ယောက် ရှိခဲ့ပြီး၊ သူက တုန်းချန်နယ်မြေ ထဲမှာ ပျောက်သွားတယ် ဆိုရင်...”
ဤနေရာသို့ ရောက်သောအခါ ထိုသို့ ပြောဆိုရခြင်းမှာ နိမိတ်မကောင်းသလို ခံစားလိုက်ရသဖြင့် သူသည် စကားကို ရပ်တန့်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။
“တကယ်လို့များ အဲဒီလို ဖြစ်ခဲ့မယ် ဆိုရင်၊ ပြီးတော့ အဲဒီအချိန်မှာ ငါက အခြေအနေတွေကိုလည်း တည်ငြိမ်အောင် ထိန်းချုပ်နိုင်နေပြီ ဆိုရင်...”
“ငါကတော့ အစွမ်းကုန် လိုက်ရှာမှာပဲ။ တစ်နှစ် ရှာလို့ မတွေ့ရင် နှစ်နှစ်၊ နှစ်နှစ် ရှာလို့ မတွေ့ရင် ဆယ်နှစ်”
“မတွေ့မချင်းကို အနားယူမှာ မဟုတ်ဘူး
“ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူနဲ့ လက်လျှော့ပြီး လိုက်ရှာတာကို ရပ်တန့်လိုက်မှာလဲ”
“ငါတို့ မသိသေးတဲ့ ရှုပ်ထွေးနက်နဲတဲ့ လျှို့ဝှက်ချက်တွေ ဒီနောက်ကွယ်မှာ ရှိမနေဘူး ဆိုရင်ပေါ့လေ...”
ဝမ်ချန်ရှင်းသည် ခေါင်းကို ညိတ်လိုက်၏။ ဆုမို၏ ဆွေးနွေးချက်များကြောင့် ရှင်းလင်းသွားပြီဟု ထင်ခဲ့ရသော ကိစ္စရပ်မှာ ယခုအခါ ပြန်လည် ရှုပ်ထွေးသွားရပြန်ချေပြီ။
--