← Chapters

အခန်း ၅၂၉

Vol. 36 Ch. 529

အခန်း ၅၂၉

Vol. 36 Ch. 529

အခန်း (၅၂၉) - ညသခင်၏ အကွက်ချ ကြံစည်မှု

ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း

ဒီလို အဖိုးတန်လှတဲ့ သိုင်းကျမ်း လျှို့ဝှက်ချက်ကြီးကို သူ့ရဲ့ ရင်ဘတ်ထဲမှာ သယ်ထားခဲ့တာတဲ့လား။

ဆုမိုသည် ဝမ်ချန်ရှင်းကို ကြည့်ရင်း ဤလူသားမှာ တကယ့်ကို သာမန် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

သိုင်းလောက ဆိုသည်မှာ လျှို့ဝှက်ချက်များ၊ အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်၏။ ထိုကဲ့သို့သော နေရာမျိုးတွင် မိမိဂိုဏ်း၏ လျှို့ဝှက် သိုင်းကျမ်းကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားလာခြင်းမှာ လုံးဝ မပြုလုပ်အပ်သော တားမြစ်ချက် တစ်ခုပင် ဖြစ်သည်။

အကယ်၍များ မမျှော်လင့်ဘဲ ဘေးအန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ပြီး အသက်ဆုံးရှုံးသွားခဲ့လျှင်၊ အလောင်းကို ရှာဖွေစစ်ဆေးခံရရုံမျှဖြင့် မိမိဂိုဏ်း၏ အသက်သွေးကြော ဖြစ်သော သိုင်းပညာများ အားလုံး အလွယ်တကူ ပေါက်ကြားသွားမည် မဟုတ်ပါလော။

ထို့ကြောင့်ပင် လူသတ်ပြီး အလောင်းထံမှ သိုင်းကျမ်းများကို လုယူခြင်း ဆိုသည်မှာ ပုံပြင်များ၊ ကစားပွဲများထဲတွင်သာ ရှိနိုင်သည့် ကိစ္စရပ် ဖြစ်သည်။

သိုင်းလောကမှ ပညာရှင်များသည် မိမိတို့၏ အမြင့်ဆုံး သိုင်းပညာများ သူစိမ်းများထံ မပေါက်ကြားစေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုလေ့ ရှိကြသည်။

စက္ကူပေါ်တွင် ရေးမှတ်ထားခြင်းထက် နှုတ်ဖြင့်သာ တိုက်ရိုက် သင်ကြားပေးခြင်းကို ပို၍ နှစ်သက်ကြပြီး၊ အကယ်၍ ရေးမှတ်ခဲ့လျှင်တောင်မှ အမှန်တရားကို ဖုံးကွယ်ရန်အတွက် ချဲ့ကားထားသော စကားလုံးများ၊ ရှုပ်ထွေး နက်နဲသော အသုံးအနှုန်းများကိုသာ အသုံးပြုလေ့ ရှိကြ၏။

'အမှန်တရားကို စာတစ်ကြောင်းတည်းဖြင့် သိနိုင်သော်လည်း၊ အလိမ်အညာများကတော့ ကျင့်စဉ်ပေါင်း ထောင်သောင်းချီ ရှိနေတတ်သည်။'

သာမန်လူများ အနေဖြင့် ထိုကျင့်စဉ်များကို နားလည်သဘောပေါက်ခြင်း မရှိဘဲ ဇွတ်မှိတ် လေ့ကျင့်မည်ဆိုပါက အမှန်တကယ် ထက်မြက်သော သိုင်းပညာများကို တတ်မြောက်နိုင်ရန်မှာ အလွန်တရာ ခဲယဉ်းလှသည်။

လုံးဝ ထွက်ပေါက် မရှိတော့ဘဲ လမ်းဆုံးနေသည့် အချိန်မျိုး၊ မိမိ၏ သိုင်းပညာများကို မိမိနှင့်အတူ ပျောက်ကွယ်သွားမည်ကို မလိုလားသည့် အချိန်မျိုးမှသာ အနှစ်သာရ အစစ်အမှန်များကို ချန်ထားရစ်ခဲ့လေ့ ရှိကြသည်။

ပုံမှန်အားဖြင့် ဆရာဖြစ်သူက တပည့်ဖြစ်သူကို သင်ကြားပေးရာတွင်ပင် လျှို့ဝှက်ချက် အချို့ကို ချန်လှပ်ထားလေ့ ရှိတတ်ကြသည် မဟုတ်ပါလော။

မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ဘာကြောင့် ပို၍ အားနည်းလာရသနည်း။

အကြောင်းမူကား လူတိုင်းက ကိုယ်ကျိုးအတွက် ချန်လှပ်ထားတတ်ကြသောကြောင့် ပင်တည်း။

မူလက အနှစ်သာရ သုံးပုံ ရှိခဲ့လျှင် မျိုးဆက် နှစ်ဆက်လောက် အကြာတွင် တစ်ပုံခန့်သာ ကျန်ရှိတော့မည် ဖြစ်၏။

ထိုကျန်ရှိနေသော တစ်ပုံမှာလည်း မူလ အပြည့်အစုံနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ချေ။ နောက်ဆုံးတွင် ဤသိုင်းပညာကို ဆက်လက် လက်ဆင့်ကမ်းသင့်၊ မကမ်းသင့် ဆိုသည်မှာ ဂိုဏ်းချုပ်များအတွက် အလွန် ကြီးမားသော အကျပ်အတည်းကြီး တစ်ခု ဖြစ်လာတော့သည်။

ထို့ကြောင့်ပင် ပြိုင်ဘက်ကင်း သိုင်းပညာ များစွာမှာ အချိန်ကာလ၏ ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် လျှို့ဝှက် သိုင်းကျမ်း တစ်အုပ်ကို လက်ဆင့်ကမ်းခြင်းမှာ မည်မျှ အရေးကြီးကြောင်းကို မှန်းဆကြည့်၍ ရနိုင်သည်။

ထိုသို့သော သိုင်းကျမ်းကြီးကို ကိုယ်နှင့်မကွာ သယ်ဆောင်ပြီး လမ်းပေါ်တွင် လှည့်လည်သွားလာနေခြင်း ဆိုသည်မှာ...

ဂိုဏ်းမှ ဖမ်းဆီးပြီး သေလုမြောပါး ရိုက်နှက် အပြစ်ပေးခံရမည် ဆိုလျှင်တောင်မှ အလွန် သက်သာသော ပြစ်ဒဏ်ဟု ဆိုရမည် ဖြစ်၏။

ဝမ်ချန်ရှင်းမှာ အနည်းငယ် မျက်နှာပူသွားဟန်ဖြင့် ဆိုလိုက်၏။

“ဒီသိုင်းကျမ်းက... ခရီးသွားနေတုန်း ဟူကြီး [ဟူဆန်းတောက်] အိပ်ပျော်နေတဲ့ အချိန်တွေမှာ ငါ လျှို့ဝှက် ရေးမှတ်ထားခဲ့တာပါ”

“ထျန်းချူ ဓားသိုင်း နှီးနှောပွဲ အကြောင်းကို သိကတည်းက၊ ဒီပွဲကို ငါ့ ဘဝရဲ့ နောက်ဆုံး နိဂုံးချုပ် အနေနဲ့ အသုံးချဖို့ စဉ်းစားထားခဲ့တာလေ”

“ဒါပေမဲ့... ခေါင်းဆောင်ဆု ပြောသလိုပေါ့…ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း က ငါ့ကြောင့် လုံးဝ ပျောက်ကွယ်သွားလို့ မဖြစ်ဘူးလေ”

“အဲဒါကြောင့်ပဲ ဒီသိုင်းကျမ်းကို လျှို့ဝှက် ရေးမှတ်ခဲ့တာပါ”

“တကယ်တော့ ငါ့ရဲ့ မူလ ရည်ရွယ်ချက်က... ဒီစာအုပ်ကို အရင်ကတည်းက မင်းရဲ့ အခန်းထဲမှာ သွားထားထားဖို့ပါပဲ”

“ခေါင်းဆောင်ဆု ရဲ့ စိတ်ထားကို ငါ ယုံကြည်ပါတယ်။ မင်း ကိုယ်တိုင်ပဲ ကျင့်ကြံမလား၊ ဒါမှမဟုတ် သင့်တော်မယ့် တပည့်တစ်ယောက်ကိုပဲ ရှာပြီး လက်ဆင့်ကမ်းမလား... ဘာပဲဖြစ်ဖြစ် ငါ လက်ခံနိုင်ပါတယ်”

“ဒါပေမဲ့ မထင်မှတ်ဘဲ မနေ့ညက ရှုပ်ထွေးတဲ့ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်လေ”

“ခေါင်းဆောင်ဆု ရဲ့ အမြင်မှာ ငါ့ရဲ့ အတွေးတွေ အားလုံးက ပုန်းကွယ်နေလို့မှ မရတော့တာ”

“အဲဒီအချိန်တုန်းကတော့ ဒီသိုင်းကျမ်းကို... ငါ ထုတ်မပေးရဲခဲ့ဘူး”

မနေ့ညက ဆုမိုသည် ဝမ်ချန်ရှင်းကို သွားရောက် ကူညီခဲ့သည့် ကိစ္စအား ဝေဇီယီ တစ်ယောက်တည်းကိုသာ ပြောပြထားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ဝမ်ချန်ရှင်းမှာ ထိုအချိန်က ဆုမို သူ၏ အခန်းထဲတွင် မရှိကြောင်းကို လုံးဝ မသိခဲ့ချေ။

နောက်ပိုင်းတွင် ဆုမိုနှင့် ပြန်လည် ဆုံတွေ့သောအခါ သိုင်းကျမ်းကို ပေးအပ်ရန် စဉ်းစားခဲ့သော်လည်း၊ ပေးရန်အတွက် သင့်တော်သော အကြောင်းပြချက်ကို သူ ရှာမတွေ့ခဲ့ပေ။

သူ သတ်သေတော့မည် ဖြစ်ကြောင်း ဆုမိုကို ဘယ်လိုလုပ် ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ပါမည်နည်း။

ထို့ကြောင့် သူသည် သိုင်းကျမ်းကို မိမိနှင့်အတူ ဆက်လက် သိမ်းဆည်းထားခဲ့ခြင်း ပင်တည်း။

အကယ်၍ သူသာ သေဆုံးသွားခဲ့လျှင်၊ ဆုမို၏ စိတ်သဘောထားနှင့် သူတို့ကြားရှိ ခင်မင်မှု အနည်းငယ်အရ ဆုမိုသည် သူ၏ အလောင်းကို သေချာပေါက် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးလိမ့်မည်ဟု ဝမ်ချန်ရှင်း တွက်ဆထားခဲ့၏။

အကယ်၍ ထိုသို့ ဖြစ်ခဲ့မည်ဆိုလျှင် ဆုမိုသည် သူ၏ အလောင်းထံမှ သိုင်းကျမ်းကို သဘာဝကျကျ ရရှိသွားမည် မဟုတ်ပါလော။

သို့သော် ဆုမိုက သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ယင်ယန် တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆေးလုံး ကို ကြိုတင် တိုက်ထားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

ယခုမူကား ဆုမို၏ ရှေ့မှောက်တွင် သူ ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက် ဘာတစ်ခုမှ မကျန်တော့ချေ။

ထိုအခါမှသာ သူသည် သိုင်းကျမ်းကို ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ခေါင်းဆောင်ဆု... ငါ ဝူရှန်းခန်းမ ကို နောက်တစ်ခေါက် ထပ်သွားပြီး စုံစမ်းချင်သေးတယ်”

“ဒီခရီးက အသက်ရှင်မလား၊ သေမလား ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ အဲဒါကြောင့် ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း ကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ခေါင်းဆောင်ဆု သဘောအတိုင်းပဲ စီစဉ်ပေးပါတော့”

ဆုမို၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားရသည်။

“မင်းက ဝူရှန်းခန်းမ ကို ပြန်သွားမလို့ ဟုတ်လား”

“ဟုတ်ပါတယ်”

ဝမ်ချန်ရှင်းသည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။

“မင်းရဲ့ စကားတွေက ငါ့ ရင်ကို ပြန်ပြီး လှုပ်ခတ်သွားစေတယ်။ အခု သေချာ ပြန်စဉ်းစားကြည့်တော့... ဝူရှန်းခန်းမ ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ညသခင် ရဲ့ အကွက်ချထားတဲ့ စီစဉ်မှုတွေချည်းပဲ ဖြစ်နေနိုင်တယ်”

“သစ်ရွက်တစ်ရွက်က မျက်စိကို ကွယ်ထားရင်၊ အမှန်တရားကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ”

“အခု ငါက လောကကြီး အမြင်မှာ ‘သေ’ သွားပြီ ဆိုတော့... အမှောင်ထဲကနေ လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲလေ။ ပြဿနာရဲ့ အဓိက သော့ချက်ကို ရှာတွေ့နိုင်မလား ဆိုတာ သွားကြည့်ချင်သေးတယ်”

ထိုအခါ ဆုမိုသည် သက်ပြင်းကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီး အဝေးတွင်ရှိသော လျိုယင်မြို့ ဆီသို့ လှမ်းကြည့်လိုက်၏။

“ဒီကိစ္စတွေ အားလုံးကို ညသခင် ဆီမှာပဲ သွားပြီး ရှင်းရှင်းလင်းလင်း မေးကြည့်ဖို့ မစဉ်းစားတော့ဘူးလား”

“ဟင်...”

ဝမ်ချန်ရှင်းမှာ မှင်သက်သွားရသည်။

“ညသခင် ဆီမှာ ဟုတ်လား”

ဆုမိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။

“အကယ်၍ ငါ့အထင်သာ မမှားဘူးဆိုရင်... ညသခင် က ဒီည ချီမေတောအုပ် ကို ရုတ်တရက် ဝင်တိုက်လိမ့်မယ်”

ဆုမို၏ စကားများမှာ အလွန်တရာ တည်ငြိမ်အေးဆေးနေသော်လည်း၊ ဝမ်ချန်ရှင်း၏ ရင်ထဲတွင်မူ မုန်တိုင်းကြီးတစ်ခု ဝင်ရောက် မွှေနှောက်သွားသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားရတော့သည်။

ထိုအခိုက်အတန့်၌ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ မေးလိုက်မိ၏။

“ဒါနဲ့... အခု ငါတို့ ရောက်နေတာ ဘယ်နေရာလဲ”

ဆုမိုက ပြုံးလျက် ဖြေလိုက်၏။

“မိုးအေးတောင်ကြား လေ”

“...”

ထိုအခါမှ ဝမ်ချန်ရှင်း သည် ယခင်က ဝေဇီယီ တို့ ဘယ်ကို သွားကြသနည်း ဟု ဆုမိုကို မေးခဲ့ဖူးသည်ကို ပြန်လည် သတိရသွားတော့၏။

ထိုစဉ်က ဆုမို၏ အဖြေမှာ ‘မိုးအေးတောင်ကြား’ ပင် ဖြစ်သည်။

တည်းခိုခန်း အပြင်ဘက်တွင် ဆရာတော်ဟုန်ယွင် တို့ကို ဘာဖြစ်လို့ မိုးအေးတောင်ကြား သို့ စေလွှတ်လိုက်သနည်း ဟု ဝမ်ချန်ရှင်း မေးခဲ့သော်လည်း ဆုမိုက သူ့ကို အဖြေမပေးခဲ့ချေ။

အခုတော့... အဖြေက ဒီနေရာမှာ ရောက်နေခဲ့တာကိုး

ညသခင် က ချီမေတောအုပ် ကို ဝင်တိုက်မယ် ဟုတ်လား..

ဒါဆို... ဆုမိုက ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ဒီနေရာကို လူတွေကို စေလွှတ်ထားခဲ့တာပေါ့။

သို့သော် ဝမ်ချန်ရှင်း နားမလည်နိုင်သေးသည်မှာ...

“ခေါင်းဆောင်ဆု... ညသခင် က ချီမေတောအုပ် ကို တိုက်မယ်ဆိုတာ မင်း ဘယ်လိုလုပ် သိနေတာလဲ”

“အဲဒါက ပြောရရင် ဇာတ်လမ်းက နည်းနည်း ရှည်တယ်”

ဆုမိုသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။

“ဒါပေမဲ့ အခုက မိုးမချုပ်သေးဘူးလေ။ ညသခင် ဆိုမှတော့ ညဘက်ကျမှ ပေါ်လာမှာပေါ့... ငါတို့ဆီမှာ အချိန် နည်းနည်း ရပါသေးတယ်”

“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက၊ တုန်းချန်မြစ် ပေါ်မှာ အင်မတန် ကြီးမားတဲ့ ကိစ္စကြီး တစ်ခု ဖြစ်ခဲ့တယ်”

“ငါကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေရာမှာ ရောက်နေတော့ အဲဒီကိစ္စထဲ ပါဝင်ပတ်သက်သွားခဲ့တာပေါ့”

“ကျောက်လုံ အဖွဲ့ ရဲ့ ခေါင်းဆောင် ကျူးကော့ချန်ထျန်ကို ညသခင် ရဲ့ အရိပ်တမန် က ဖမ်းဆီးပြီး ရေအောက်အကျဉ်းထောင် ထဲကို ပစ်ထည့်ခဲ့တာလေ”

“အဲဒီနောက်ပိုင်းမှ ငါတို့ သိလိုက်ရတာက... ညသခင် က မြစ်ကြောင်း တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်ဖို့ ကြံစည်နေခဲ့တာပဲ”

“ဒီလုပ်ရပ်က အနောက်တောင်ဘက် နယ်မြေမှာ သူ အကွက်ချနေတဲ့ စီမံကိန်းတွေနဲ့ တိုက်ရိုက် ပတ်သက်နေလိမ့်မယ်။ ငါက သတိမထားမိဘဲ သူ့ရဲ့ အစီအစဉ်တွေကို ဝင်ရောက် ဖျက်ဆီးမိသလို ဖြစ်သွားခဲ့တာ”

“အဲဒီကိစ္စ ဖြစ်ပြီးကတည်းက တုန်းချန်နယ်မြေက ဂိုဏ်းတွေ အကုန်လုံးက မြစ်ကြောင်း လုံခြုံရေးကို ယာယီ အာရုံစိုက်လာခဲ့ကြတယ်လေ”

--

All Chapters