← Chapters

အခန်း ၅၃၄

Vol. 36 Ch. 534

အခန်း ၅၃၄

Vol. 36 Ch. 534

အခန်း (၅၃၄) - အထပ်ထပ် အကွက်ချထားသော လှည့်ကွက်များ (အပိုင်း ၃)

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ”

ဖုဟန်ယွမ် သည် ဆက်ပြီး မပြောရဲတော့ချေ။

သို့သော် သူ၏ ရင်ထဲတွင်မူ မကျေမနပ်ဖြင့် ကြိတ်ပြီး ရေရွတ်နေမိ၏။

'ငါးတွေ မမိသေးခင် တုန်းကလည်း ခင်ဗျားပဲ အသည်းအသန် လိုက်ရှာနေခဲ့တာ မဟုတ်ဘူးလား' ဟူ၍ပေါ့။

သို့သော် သူ၏ အကြည့်များက အရှေ့ဘက်သို့ ရောက်သွားသောအခါ သူ၏ မျက်ဝန်းများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လာတော့၏။

သူသည် ဇီယန် အစောင့်အရှောက်အေဂျင်စီ သို့ ဝင်ရောက်ပြီး သာမန် အဖွဲ့ဝင် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် လိုလိုလားလား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ အဓိက ရည်ရွယ်ချက်မှာ သိုင်းလောက တွင် သူ၏ နာမည်ကို ထင်ရှားစေရန် ပင်တည်း။

ဆုမို သည် ပြိုင်ဘက်ကင်းသော သိုင်းပညာများသာမက ထူးကဲလှသော ဉာဏ်ပညာကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ရာ သာမန်လူ တစ်ယောက်တော့ လုံးဝ မဟုတ်ချေ။

သိုင်းလောက ၏ အတွေ့အကြုံ နုနယ်သေးသော ဖုဟန်ယွမ် အနေဖြင့် သူ၏ သိုင်းပညာများ မည်မျှပင် ကောင်းမွန်နေပါစေ၊ အခြားသူများ၏ လှည့်စားမှုကို အလွယ်တကူ ခံရနိုင်ကြောင်း ကောင်းစွာ သဘောပေါက်ထားသည်။

ဆုမို ၏ ဘေးနားတွင် နေမှသာ သူ အောင်မြင်ကျော်ကြားနိုင်မည့် အခွင့်အရေး ရနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ဆုမို ဘာပြောပြော သူသည် တစ်သွေမတိမ်း နာခံခဲ့ခြင်း ဖြစ်၏။

အခုတော့...မိမိ စောင့်စားနေခဲ့သော အခွင့်အရေးကြီး တကယ်ပဲ ရောက်လာခဲ့ပြီလေ။

ဖုဟန်ယွမ်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။

ထိုအခိုက်အတန့်၌ ဝေဇီယီ က ရုတ်တရက် လှည့်ကြည့်လိုက်၏။

“ကဲ... လွှတ်ပေးရမယ့် လူတွေကိုလည်း လွှတ်ပေးလိုက်ပြီဆိုတော့၊ အခု ငါတို့ အလုပ်လုပ်ဖို့ အချိန်တန်ပြီ”

“နင့်ရဲ့ ဂိုဏ်းချုပ် က ပြောတယ်... ထာဝရညတောင်ကြား က လူတွေက လျိုယင်မြို့ ကို လုံးဝ လျစ်လျူရှုထားမှာ မဟုတ်ဘူးတဲ့”

“လျိုယင်မြို့ ထဲမှာ သေချာပေါက် လျှို့ဝှက် အန္တရာယ်တွေ ရှိနေမှာပဲ။ အဲဒီလူတွေကို ရှာပြီး ရှင်းလင်းရမယ်...”

“အဲဒီအချိန်လောက်ဆိုရင် ထာဝရညတောင်ကြား က ရှေ့ပြေး လမ်းရှင်းတဲ့ လူတွေဆီကနေလည်း ရလဒ် တစ်ခုခု ထွက်လာလောက်ပြီ”

ဖုဟန်ယွမ် က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ၊ သူ၏ ဘေးနားတွင် ဟောက်သံကြီးပေးကာ အိပ်ပျော်နေသော ဟူဆန်းတောက် ကို ခြေထောက်ဖြင့် ခပ်ဆတ်ဆတ် နှစ်ချက်လောက် ကန်နှိုးလိုက်၏။

ဟူဆန်းတောက် မှာ လန့်ဖျတ်နိုးလာပြီး ဝုန်းခနဲ ထထိုင်လိုက်၏။

“ဟင်... သိုးသူဌေး ဘယ်မှာလဲ”

ဖုဟန်ယွမ် မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

“မင်း အိပ်မက်ထဲမှာပဲ သွားရှာလိုက်။ သွားမယ်... အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ... နေ့တိုင်း သိုးသူဌေး အကြောင်းပဲ အိပ်မက် မက်နေတော့တာပဲ။ မင်းက အခု လမ်းမှန်ပေါ် ရောက်နေပြီ မဟုတ်ဘူးလား”

“လမ်းမှန်ပေါ် ရောက်နေတယ် ဟုတ်လား”

ဟူဆန်းတောက် သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ငါက ဒုက္ခရောက်နေတဲ့ မိန်းမသား မှ မဟုတ်တာကွ”

“အေးပါ... မင်းက ဒုက္ခရောက်နေတဲ့ ယောက်ျားထူး ယောက်ျားမြတ်ကြီး ပါ။ ကျေနပ်ပြီလား”

ဖုဟန်ယွမ် သည် ပင်ကိုယ်သဘာဝအရ အေးဆေးတည်ငြိမ်သူ ဖြစ်သော်လည်း၊ အမာရွတ် မျက်နှာနှင့် လူဆန်း မရှိတော့သည့်နောက် သူနှင့် နောက်ပြောင်ရန် ရွေးချယ်ခံလိုက်ရသော ဟူဆန်းတောက် နှင့်အတူ ယခုကဲ့သို့ အပြန်အလှန် စကားနိုင်လု နေရတော့သည်။

သူတို့ နှစ်ဦး၏ အပြန်အလှန် စကားနိုင်လုပွဲများမှာ အဆန်းတကြယ်တော့ မဟုတ်တော့ချေ။

ဝေဇီယီ သည် ရှေ့မှ လျှောက်သွားရင်း မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

“နင့်ရဲ့ ဂိုဏ်းချုပ် က ဒီတစ်ခေါက် ပို့ဆောင်ရမယ့် ပစ္စည်းတစ်ခုခု အကြောင်းများ ပြောသွားသေးလား”

“ဟင်...”

ဖုဟန်ယွမ် နှင့် ဟူဆန်းတောက် တို့ နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။

ထို့နောက် နှစ်ဦးစလုံး ပြိုင်တူ ခေါင်းခါလိုက်ကြ၏။

“မသိဘူး”

“အော်...”

ဝေဇီယီ က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်၏။

ရှို့ယန်တောင် မှ ထွက်ခွာလာစဉ်က၊ ဆုမို နှင့် လီကျန်းယွမ် တို့ နှစ်ဦးကြားတွင် တစ်ခုခု ဆွေးနွေးခဲ့ကြသလား ဟု သူမ မေးမြန်းခဲ့ဖူး၏။

ထိုစဉ်က ဆုမို ၏ အဖြေမှာ ဆရာအဘိုး က သူ့ကို ပစ္စည်း ပို့ဆောင်ရမည့် တာဝန်တစ်ခု ပေးအပ်ခဲ့သည် ဟူ၍သာ ဖြစ်သည်။

သို့သော် ထို တာဝန်က ယခုထက်ထိ ဘာရလဒ်မှ ထွက်မလာသေးဘူး ထင်ပါ၏...။

တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေတော့၏။

...

အဝေးမှ လှမ်းကြည့်လိုက်လျှင် ချီမေတောအုပ် ကြီးမှာ တစ္ဆေအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ အနီရောင် အလင်းတန်း သဲ့သဲ့လေးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

အနီးကပ် သွားရောက် ကြည့်ရှုလိုက်သောအခါ၊ ထူထပ်လှသော သစ်ပင်ရိပ်များကြားတွင် လူသေအလောင်းများစွာ တွဲလောင်း ချိတ်ဆွဲထားသည်ကို တွေ့မြင်ရတော့၏။

အချို့ အလောင်းများမှာ အချိန်အတော်ကြာ ချိတ်ဆွဲထားခံရသဖြင့် အသားများပင် လေခြောက်သွေ့ကာ တွန့်လိမ်နေပြီ ဖြစ်သည်။

အချို့ အလောင်းများမှာမူ မကြာသေးမီကမှ သေဆုံးထားသည့်အလား သွေးစက်များ တောက်တောက်ကျနေဆဲ ပင်တည်း။

သာမန်အားဖြင့် အန္တရာယ်များသော နေရာတစ်ခုသည် အပြင်ပန်းတွင် ငြိမ်းချမ်းတိတ်ဆိတ်နေဟန် ပြသလေ့ ရှိသည်။

ထိုမြေ၏ မှန်းဆမရနိုင်သော နက်နဲမှုကို တိတ်ဆိတ်စွာ ကြေညာနေခြင်း ပင်တည်း။

သို့သော် ဤနေရာမှာမူ အပြင်မှသည် အတွင်းအထိ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

ဤနေရာသို့ လာရောက်သူ မည်သူမဆို လုံးဝ ပေါ့ဆ၍ မရဘဲ သတိကြီးကြီးထားကာ လျှောက်လှမ်းရမည်သာ ဖြစ်၏။

သို့တိုင်အောင် ယနေ့ည ချီမေတောအုပ် သို့ ရောက်ရှိလာသော ဧည့်သည်တော်မှာမူ အထူးတလည် တည်ငြိမ်အေးဆေးနေသည်။

သူသည် တောအုပ်အတွင်းသို့ မိမိ၏ ကိုယ်ပိုင် ခြံဝင်းအတွင်း လမ်းလျှောက်နေသည့်အလား အလွန်တရာ သက်သောင့်သက်သာဖြင့် ဝင်ရောက်လာသည်။

ကမ္ဘာမြေပေါ်ရှိ ဤမျှ အန္တရာယ်များသော နေရာမျိုးတွင် ထားရှိရမည့် သတိထားမှုမျိုး လုံးဝ မရှိဘဲ၊ အေးအေးဆေးဆေးပင် လျှောက်လှမ်းလာခြင်း ပင်တည်း။

တောအုပ်အတွင်းရှိ ‘ရှုခင်း’ များကို လိုက်လံ ကြည့်ရှုရင်း သူသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။ မျက်နှာဖုံးအောက်မှ ထွက်ပေါ်လာသော သူ၏ အသံမှာ မူယွမ်စင်မြင့် ပေါ်တွင် ရှိနေခဲ့သော ညသခင် ၏ အသံနှင့် တစ်သဝေမတိမ်း တူညီနေပေ၏။

ထိုအသံတွင် တင်းမာမှုများ မပါဝင်ဘဲ၊ နူးညံ့မှု အနည်းငယ် ရောယှက်နေသော နွေးထွေးမှုမျိုး ပါဝင်နေသည်။

“ယူချွမ်ကျင့်စဉ် မှာ တကယ်ကို စနစ်ကျတဲ့ သဘောတရားတွေ ရှိပါတယ်”

“အသားနဲ့ သွေးတွေကို လေ့လာတဲ့ နေရာမှာတော့၊ လောကကြီး တစ်ခုလုံးမှာ သူနဲ့ ယှဉ်နိုင်တဲ့ ဒုတိယမြောက် ကျင့်စဉ်မျိုး ရှာတွေ့ဖို့ ခဲယဉ်းလှပါတယ်”

“ဒါပေမဲ့... ဒါကလွဲရင် ကျန်တာ အားလုံးကတော့ အမှိုက်တွေချည်းပါပဲ၊ ထည့်စဉ်းစားစရာတောင် မလိုဘူး”

သူ၏ ဘေးပတ်လည်တွင် အနက်ရောင် ဝတ်စုံဝတ် လူ ဒါဇင်ကျော်ခန့်က အနီးကပ် လိုက်ပါလာကြသည်။

သူတို့ တစ်ဦးစီတိုင်း၏ တည်ရှိမှုမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ပေါ့ပါးလှပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား ဖြစ်နေ၏။ သူတို့ ခြေရင်းရှိ အရိပ်များမှာလည်း ကိုယ်ပိုင် အသိစိတ် ရှိနေသည့်အလား သူတို့ သဘောနှင့် သူတို့ လှုပ်ရှား တုန်ခါနေကြသည်။

ဤလူများအနက်မှ မည်သူမဆို ထွက်ပေါ်လာပါက တုန်းချန်နယ်မြေရှိ ဂိုဏ်းများမှ ပညာရှင်များကို အထူး သတိထားလာစေနိုင်စွမ်း ရှိသည်။

သို့သော် ဤအခိုက်အတန့်၌ ညသခင် ၏ စကားများကို ကြားသောအခါ သူတို့အားလုံးက လေးလေးနက်နက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

အားလုံးက သွန်သင်ဆုံးမမှုကို ခံယူနေသည့်အလား ရိုသေကျိုးနွံသော အမူအရာများကို ပြသနေကြ၏။

ထိုစဉ်မှာပင် ၎င်းတို့၏ ဘေးပတ်လည်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ညသခင် သည် ခေါင်းကို လှည့်မကြည့်သော်လည်း၊ သူ၏ ဘေးနားရှိ လူ ဒါဇင်ကျော်မှာ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး သူ့ကို ဝိုင်းရံလိုက်ကြသည်။

သူတို့သည် ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် လိုက်လံ ကြည့်ရှုလိုက်ကြ၏။

ယူချွမ်ဂိုဏ်း ၏ တံခါးဝ ဖြစ်သော ချီမေတောအုပ် တွင် ရောက်နေသော်ငြားလည်း သူတို့သည် အန္တရာယ်ကို အထင်သေးခြင်း၊ ပေါ့ဆခြင်း လုံးဝ မရှိကြချေ။

သို့သော် ဤအခိုက်အတန့်၌ ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုလိုက်သောအခါ သူတို့၏ မျက်မှောင်များမှာ ကြုတ်သွားကြရသည်။

သစ်ပင်ရိပ်များ ယိမ်းထိုးနေပြီး ခြေသံများ ပိုမို များပြားလာသည်ကို သူတို့ မြင်တွေ့ ကြားသိနေရသော်လည်း၊ ထူးဆန်းသည်မှာ လူရိပ် တစ်ခုကိုမျှ မတွေ့ရခြင်း ပင်တည်း။

ထိုအစား ဘေးပတ်လည် သစ်ပင်တွေပေါ်မှာ တွဲလောင်းချိတ်ဆွဲထားသော အလောင်းတွေက ရုတ်တရက် ခုန်ဆင်းတော့မည့် အလား ယိမ်းထိုး လှုပ်ရှားနေကြ၏။

“သခင်ကြီး... ဒီနေရာက တစ်ခုခု ထူးဆန်းနေတယ်”

တစ်စုံတစ်ယောက်က ထင်ရှားနေသော အချက်ကို ထုတ်ဖော် ပြောဆိုလိုက်၏။

ညသခင် သည် ဒေါသထွက်ခြင်း မရှိဘဲ အသာအယာ ပြုံးလိုက်မိ၏။

“ဒီနေရာမှာ ဘာမှ မထူးဆန်းဘူး ဆိုရင်သာ၊ အဲဒါက တကယ် ထူးဆန်းတဲ့ ကိစ္စ ဖြစ်သွားမှာပေါ့”

“ချီမေတောအုပ် ထဲက မြေမျက်နှာသွင်ပြင် တွေနဲ့ သစ်ပင်တွေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောင်းလဲ ပြင်ဆင်ထားခဲ့တာလေ”

“ယူချွမ်ဂိုဏ်း က ဒီနေရာမှာ ၀င်္ကပါ တစ်ခုကို ချထားတယ်။ အစွမ်းအထက်ဆုံး အချက်ကတော့ မြေမျက်နှာသွင်ပြင် နဲ့ ၀င်္ကပါ ကို ပေါင်းစပ်ထားတာပဲ”

“ဒီ ၀င်္ကပါ က ချီမေတောအုပ် ကို အခြေခံထားပြီး၊ လူအင်အား၊ အဆိပ်၊ အသံလှိုင်း သိုင်းပညာ တွေနဲ့ ပေါင်းစပ်ထားတယ်။ နောက်ပြီး လှည့်စားမှု ၀င်္ကပါတွေ၊ မျက်လှည့်ပညာ တွေတောင် ဒီအထဲမှာ ဖုံးကွယ်ထားသေးတယ်”

“ဒီခြေသံတွေက အဝေးကြီးက လာနေတယ်လို့ ထင်ရပေမဲ့... တကယ်တမ်းတော့ သူတို့က ငါတို့ရဲ့ ဘေးနားကို ရောက်နေကြပြီ”

ထိုစကားကို ကြားသောအခါ ထာဝရညတောင်ကြား မှ ပညာရှင် အချို့၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားကြရတော့သည်။

ရုတ်တရက် တောအုပ်အတွင်းရှိ သစ်ပင်များထံမှ သွေးများ ပန်းထွက်လာပြီး၊ တွဲလောင်း ချိတ်ဆွဲထားသော အလောင်းအချို့၏ မျက်လုံးများ ဝုန်းခနဲ ပွင့်လာကြတော့၏။

သွေးရောင် အလင်းတန်းများ ဖုံးလွှမ်းသွားမှု အောက်တွင် ထိုအလောင်းများသည် ရုတ်ချည်း သက်ဝင်လှုပ်ရှားလာပြီး၊ သွေးရောင် အလင်းတန်း အထပ်ထပ်နှင့်အတူ ၎င်းတို့ထံသို့ တစ်ဟုန်ထိုး ခုန်ပျံဝင်ရောက်လာကြသည်

ထိုအခိုက်အတန့်၌ တောအုပ်အတွင်းမှ အနက်ရောင် လူရိပ်များသည် တစ္ဆေများအလား လျင်မြန်စွာ ပြေးလွှား ရောက်ရှိလာကြသည်။

လေလယ်တွင် ခုန်ပျံလာသော ထိုအသက်ဝင်နေသည့် အလောင်းများကို အနက်ရောင် လူရိပ်များက တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် တားဆီး ပိတ်ဆို့လိုက်ကြ၏။

အနက်ရောင် ဝတ်စုံဝတ် လူများထဲမှ တစ်ဦးသည် အင်အား အနည်းငယ် လွန်ကဲသွားသဖြင့်၊ သူ၏ လက်ဝါးမှာ အလောင်းတစ်ခု၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားသည်။

သို့သော် ထိုအလောင်းသည် တကယ့် လမ်းလျှောက်နေသော လူသေအလောင်း တစ်ခုအလား ဘာနာကျင်မှုကိုမျှ မခံစားရချေ။

ထိုအစား အလောင်း၏ လက်ဝါးက ထိုလူ၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် တစ်ဟုန်ထိုး တိုးဝင်သွားတော့၏။

ထိုအချိန်တွင် ညသခင် က သူ၏ လက်ချောင်းလေးကို ခပ်ဖွဖွ တစ်ချက် ခတ်ထုတ်လိုက်ရာ၊ တုံ့ပြန်ရန် အချိန်မရလိုက်သော ထိုလူမှာ ရုတ်တရက် အပြောင်းအလဲ တစ်ခုကို ကြုံလိုက်ရသည်။

သူ၏ လက်ဝါးသည် အလောင်း၏ လက်ဝါးနှင့် လေလယ်တွင် ထိတွေ့သွားပြီး ထိုအလောင်းကို နောက်သို့ လွင့်စင်သွားစေလိုက်တော့၏။

“ဒီသစ်ပင်တွေ ကြားမှာ တွဲလောင်းချိတ်ထားတာ အားလုံးက အလောင်းတွေ မဟုတ်ဘူး။ အများစုက သွေးကျွန် တွေပဲ... အလိမ်မခံကြနဲ့”

ညသခင် က ပြောဆိုနေရင်း သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို အလိုအလျောက် ထပ်မံ ဝေ့ကြည့်လိုက်မိရာ၊ သူ၏ လေသံတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်လာတော့သည်။

--

All Chapters