အခန်း ၆၆၂
Vol. 45 Ch. 662
အခန်း (၆၆၂) ပင်လယ်ရှစ်စင်း မိစ္ဆာမျိုးနွယ်စု၏ ဒဏ္ဍာရီ၊ လီကျောက်ခွန်၏ စမ်းသပ်မှု
"အစ်ကိုကြီးခေါင်းပြား စိတ်မလှုပ်ရှားနဲ့"
ရွှေရောင် ငန်းဝကြီးသည် အစ်ကိုကြီးခေါင်းပြား၏ ခြေထောက်ကို သူ၏ အတောင်ပံများဖြင့် တင်းကျပ်စွာ ဖက်ထား၏။ အစ်ကိုကြီးခေါင်းပြား ပင်လယ်နက်ထဲ ပြေးဝင်သွားပြီး ပြဿနာရှာမည်ကို သူလည်း စိုးရိမ်နေခြင်း ဖြစ်၏။
မြေခွေး ဝာာ့ဟုန်သည် အစ်ကိုကြီးခေါင်းပြားကို လျစ်လျူရှုကာ ပင်လယ်လိပ်အိုကြီးဘက်သို့ လှည့်၍ မေးလိုက်သည်။
"ပင်လယ် မျိုးနွယ်စုက ဘယ်လောက် အစွမ်းထက်တာလဲ"
"အစွမ်းထက်တယ်.. အရမ်းကို အစွမ်းထက်တာ"
ပင်လယ်လိပ်အိုကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"အဆုံးမဲ့ ပင်လယ်ကြီးထဲမှာ ပင်လယ် မျိုးနွယ်စုတွေ ဘယ်နှစ်ခု ရှိမှန်းတောင် မသိနိုင်ဘူး.. မိုင်ပေါင်း သန်းချီ အကွာအဝေး အတွင်းမှာ အစွမ်းအထက်ဆုံး ပင်လယ် မျိုးနွယ်စုကို 'ပင်လယ်ရှစ်စင်း မိစ္ဆာမျိုးနွယ်စု' လို့ ခေါ်တယ်.. ဒီကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး တစ်ခုလုံးကို အုပ်ချုပ်ထားတာ"
"ထိပ်တန်း ဧကရာဇ်တွေရော ရှိလား"
မြေခွေး ဝာာ့ဟုန်က မေးလိုက်သည်။
"ထိပ်တန်း ဧကရာဇ်တွေ ဟုတ်လား။ နတ်ဆိုးဧကရာဇ်က တကယ်ကို ကြီးကြီးကျယ်ကျယ် တွေးရဲတာပဲ။ အဲဒီလို ထိပ်တန်း ပညာရှင်တွေက အလွယ်တကူ မမွေးဖွားလာနိုင်ဘူးလေ။ ဒါပေမဲ့ ပင်လယ်ရှစ်စင်း မိစ္ဆာမျိုးနွယ်စုက ပင်လယ်ဧကရာဇ်တွေ အများကြီး ရှိတယ်.. ရှစ်ပါးတောင် ရှိတယ်လို့ ကြားဖူးတယ်.. သူတို့ဆီမှာ 'ကောင်းကင် ပင်လယ်ရှစ်စင်း လှံရှည်' လို့ ခေါ်တဲ့ နတ်ဘုရားလက်နက် တစ်ခု ရှိတယ်.. သူတို့ ရှစ်ယောက်သာ ပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင် ထိပ်တန်း ဧကရာဇ် တစ်ပါးကိုတောင် ဖိနှိပ်နိုင်တယ်လို့ ခန့်မှန်းရတယ်"
ပင်လယ်လိပ်အိုကြီးက အတိတ်ကို ပြန်ပြောင်း သတိရရင်း ရှင်းပြနေ၏။
ပင်လယ်ရှစ်စင်း မိစ္ဆာမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ် ရှစ်ပါး အကြောင်းကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် ကြက်သီးထသွားရရှာသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ပင်လယ်လိပ်အိုကြီးသည် ပင်လယ်လိပ်လေး တစ်ကောင် ဖြစ်နေစဉ် ဧကရာဇ် ရှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်သော 'ပင်လယ်နဂါး ကောင်းကင်ဧကရာဇ်' ကို အဝေးမှ မြင်တွေ့ခွင့် ရခဲ့ဖူး၏။ ထိုအချိန်က ရရှိခဲ့သော လေးနက်သည့် အထင်ကြီးမှုကို သူ ဘယ်သောအခါမျှ မေ့ဖျောက်၍ မရနိုင်ချေ။
"ဪ အဲဒီလောက်လည်း မသန်မာပါဘူး"
သို့သော် မြေခွေး ဝာာ့ဟုန်က ဤသို့ ပြောလိုက်၏။
“ဖူး”
ပင်လယ်လိပ်အိုကြီးသည် ချက်ချင်းပင် ပင်လယ်ရေ တစ်လုပ်ကို အန်ထုတ်လိုက်မိပြီး သီးသွားမတတ် ဖြစ်သွားရရှာသည်။
"အဲဒါ ထိပ်တန်း ဧကရာဇ်တွေနဲ့ ယှဉ်နိုင်တဲ့ ပင်လယ်ဧကရာဇ် ရှစ်ပါးလေ။ သူတို့ကိုတောင် မသန်မာဘူးလို့ မင်းက ပြောရဲတယ်ပေါ့"
"ထိပ်တန်း ဧကရာဇ်တွေကို ဘာကြောက်စရာ ရှိလို့လဲ"
"ဟုတ်တယ်.. ငါတို့ ဂိုဏ်းချုပ်က သူတို့ကို သတ်ဖူးတယ်"
"နောက်ဆုံး သတ်ခဲ့တဲ့ ထိပ်တန်း ဧကရာဇ်က ဘယ်သူလဲ"
"နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲချုပ် ရွှေနဂါးလေ။ ဂိုဏ်းချုပ်က သူ့ကို တစ်ကွက်တည်းနဲ့ ခုတ်ပိုင်းပစ်လိုက်တာ.. တော်တော် လွယ်လွယ်ကူကူပဲ"
"ငါ ထင်တာတော့ ငါတို့ ဂိုဏ်းချုပ်က..တပိုင်း အဆင့် သူတော်စင် ဖြစ်နေပြီ ထင်တယ်"
မြေခွေး ဝာာ့ဟုန်၊ ခွေး အားဟာ၊ မြေခွေးဖြူလေးနှင့် ရွှေရောင် ရှဥ့်လေးတို့သည် ခါးထောက်ကာ စကားများ ဖောင်ဖွဲ့နေကြ၏။
"ထိပ်တန်း ဧကရာဇ်ကို တစ်ကွက်တည်းနဲ့ သတ်ပစ်တယ် ဟုတ်လား။ ငါ နားကြားများ မှားသလား"
ပင်လယ်လိပ်အိုကြီး၏ မျက်လုံးများ ပြူးထွက်လာပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။
"သေချာတာပေါ့။ ငါတို့ ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာ"
"ကဲ တော်ပြီ စကားများမနေနဲ့တော့။ ငါတို့ရဲ့ အဓိက တာဝန်က ဒီကျွန်းကို ပထမဆုံး စခန်းချရာ နေရာအဖြစ် မြန်မြန် ပြောင်းလဲဖို့နဲ့ မြို့တစ်မြို့ တည်ဆောက်ဖို့ပဲ။ ပြီးရင် နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်ဖို့ လူတချို့ကို ခေါ်လာရမယ်"
မြေခွေး ဝာာ့ဟုန်က လက်ဝှေ့ယမ်းလိုက်သည်။
တစ်နာရီ ကြာသောအခါ..
လိပ်နတ်ဘုရားကျွန်းဝယ်..
"ဆိုလိုတာက ဒီကျွန်းက နတ်ဆိုးဧကရာဇ်အဆင့် ပင်လယ်လိပ်ကြီးရဲ့ အစစ်အမှန် ကိုယ်ခန္ဓာကြီး ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် ဧရာမ ပင်လယ်လိပ်ကြီးနဲ့ အရမ်း တူနေတာကိုး"
မြေခွေး ဝာာ့ဟုန်သည် လိပ်နတ်ဘုရားကျွန်း၏ နောက်ခံ သမိုင်းကြောင်းကို သိလိုက်ရသောအခါ အတော်လေး အံ့ဩသွား၏။
"ဟုတ်တယ်.. အဲဒါ ငါ့ရဲ့ ဘိုးဘေးပဲ"
ပင်လယ်လိပ်အိုကြီး ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းကြောင့်ပင် သူ ဤနေရာမှ မထွက်ခွာလိုခြင်းပါပင်။
"အာ ဒီမှာ ပုလဲတွေ အများကြီးပဲ။ ဘာလို့ လရောင် စွမ်းအားတွေ ဒီလောက် အများကြီး ပါနေတာလဲ"
မြေခွေးဖြူလေးသည် လက်မအရွယ်အစားရှိသော ပုလဲတစ်လုံးကို ကောက်ယူလိုက်သည်။ ထိုပုလဲမှာ တောက်ပပြီး သန့်စင်သော လမင်းကြီးနှင့် တူနေသည်ကို တွေ့လိုက်ရ၏။
"ဒါတွေကို လရောင် ဝိညာဉ်ပုလဲလို့ ခေါ်တယ်.. အဲဒါတွေကို အထူး လရောင် ကမာကောင်တွေက ထုတ်လုပ်ပေးတာ.. လရောင် စွမ်းအားတွေ အများကြီး ပါဝင်တယ်.. နှစ်တစ်ထောင် သက်တမ်းရှိတဲ့ လရောင် ဝိညာဉ်ပုလဲဆိုရင် ရိုးရှင်းတဲ့ ဟောကိန်းထုတ်မှုတွေအတွက် အသုံးပြုလို့ ရတယ်"
ပင်လယ်လိပ်အိုကြီးက ရှင်းပြလိုက်သည်။ ဤပုလဲမျိုးမှာ လိပ်နတ်ဘုရားကျွန်းတွင် ပေါများလှသဖြင့် တန်ဖိုး မကြီးလှပေ။
"အစ်မကြီး.. ငါတို့ မြို့ တည်ဆောက်ပြီးပြီ"
ထိုအချိန်တွင် ခွေး အားဟာ၊ ဝက် စန်းဖန်နှင့် အခြား ဝိညာဉ်သားရဲများက လက်ခုပ်တီးကာ နတ်ဆိုး မူလချီ စွမ်းအားများဖြင့် ဖန်တီးထားသော မြေစိုက် မျှော်စင် ဒါဇင်ပေါင်းများစွာကို လက်ညှိုးထိုးပြလိုက်ကြသည်။ ထိုမျှော်စင်များမှာ ကျွန်းပေါ်တွင် မတ်မတ် ရပ်နေကြ၏။ အဝေးမှ ကြည့်လျှင် လေတစ်ချက် တိုက်လိုက်ရုံဖြင့် ပြိုကျသွားမည့်အလား ဟောင်းနွမ်း စုတ်ချာနေ၏။
ဗဟို ခန်းမဆောင်တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အသေးလေး တစ်ခုကို တပ်ဆင်ထားပြီး၊ ၎င်းမှတစ်ဆင့် နန်ယန်မြို့သို့ နေရာရွှေ့ပြောင်းနိုင်၏။
"ဝှစ်"
မကြာမီ သွယ်လျလှပသော ပုံရိပ်တစ်ခု နေရာရွှေ့ပြောင်း ရောက်ရှိလာသည်။ သူမသည် မြူခိုးများဖြင့် လွှမ်းခြုံထားပြီး မျက်နှာကို သေချာ မမြင်ရပေ။ သူမမှာ လင်ယွဲ့၏ ဝိညာဉ်အာရုံ ကိုယ်ပွားများအနက် တစ်ခု ဖြစ်၏။
လူအသွင် ပြောင်းလဲနေသော မြေခွေး ဝာာ့ဟုန်ကို မြင်သောအခါ လင်ယွဲ့ အံ့ဩသွားသော်လည်း ထူးဆန်းသည်ဟု မခံစားရပေ။ သူမ၏ အမြင်တွင် မြူခိုးဂိုဏ်း၏ ဝိညာဉ်သားရဲဖြစ်သော မြေခွေး ဝာာ့ဟုန်အနေဖြင့် ဤသို့ အံ့ဩဖွယ်ရာ အသွင်ပြောင်းလဲနိုင်စွမ်း ရှိခြင်းမှာ မဆန်းကြယ်လှပေ။
သူမသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေ၏။
"ဒါက မင်းတို့ ရွေးချယ်ထားတဲ့ ပထမဆုံး စခန်းချရာ နေရာလား။ အို…ဘုရားရေ.. ကြွယ်ဝလှတဲ့ လရောင် စွမ်းအားတွေ ပါလား။ ဒါ လရောင် ဝိညာဉ်ပုလဲတွေလား"
လင်ယွဲ့သည် ကမ်းခြေတွင် တောင်လို ပုံနေသော လရောင် ဝိညာဉ်ပုလဲများကို သတိပြုမိသွားပြီး သူမ၏ အသက်ရှူသံများပင် မြန်ဆန်လာတော့သည်။
သူမသည် လရောင် စွမ်းအားကို ကျင့်ကြံသူ ဖြစ်၏။ လနတ်သမီး မင်ယွဲ့၏ မှတ်ဉာဏ်များတွင် မှတ်တမ်းတင်ထားချက်အရ ဤလရောင် ဝိညာဉ်ပုလဲများမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဟုန်ထိုး တိုးတက်စေနိုင်သည့် ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာများပင် ဖြစ်၏။
"ဟုတ်တယ်.. ဒါတွေက တကယ့်ကို လရောင် ဝိညာဉ်ပုလဲတွေပဲ။ လိပ်နတ်ဘုရားကျွန်းရဲ့ အထူး ထုတ်ကုန်လို့ သတ်မှတ်လို့ ရတယ်"
ပင်လယ်လိပ်အိုကြီးသည် ကျွန်းပေါ်တွင် လှဲလျောင်းရင်း လင်ယွဲ့ကို နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
လင်ယွဲ့ မရောက်လာမီကပင် မြေခွေး ဝာာ့ဟုန်ထံမှ ကြားသိထားပြီး ဖြစ်သဖြင့် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှာ မြူခိုးဂိုဏ်း၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်ကြောင်း သူ သိထား၏။
"ကျွန်မ နည်းနည်းလောက် ဝယ်လို့ ရမလား"
လင်ယွဲ့က အလျင်အမြန် မေးလိုက်သည်။
"မင်းက ငါတို့ မြူခိုးဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲပဲ။ လိုချင်သလောက် အလကား ယူသွားလို့ ရပါတယ်"
မြေခွေး ဝာာ့ဟုန်က အလွန် သဘောထားကြီးလှသည်။
"အဲဒီလို လုပ်လို့ မရပါဘူး"
လင်ယွဲ့က သဘောမတူကြောင်း လက်ခါပြလိုက်သည်။
ဂုဏ်ထူးဆောင် အကြီးအကဲ ဆိုသည်မှာ သူမ ကိုယ်တိုင် ပေးထားသော ဘွဲ့အမည်သာ ဖြစ်ပြီး တကယ်တမ်းတွင် သူမသည် မြူခိုးဂိုဏ်းမှ မဟုတ်ပေ။ ထို့ကြောင့် ဘာမှ ပြန်မပေးဘဲ အလကား ယူ၍ မရနိုင်ချေ။
“ဒေါက်”
သူမသည် ဝိညာဉ်ကျောက်တုံး အိတ်ကြီး တစ်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး လရောင် ဝိညာဉ်ပုလဲ အမြောက်အမြားကို ရွေးချယ်ကာ နန်ယန်မြို့ရှိ ခရမ်းရောင် ဝါးတောသို့ ဝမ်းသာအားရ ပြန်သွား၏။
သူမ ကျင့်ကြံခြင်း စတင်လိုက်သည်နှင့် သူမ၏ ကိုယ်ပွား ရှစ်ခုစလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာပြီး အောင်မြင်မှု၏ အရသာကို မြည်းစမ်းလိုက်ရတော့သည်။
"တကယ် အလုပ်ဖြစ်တာပဲ"
"ဒီနှုန်းအတိုင်း ဆိုရင် ငါ မူလနတ်ဘုရားအဆင့် နှစ် ကို မြန်မြန် တက်နိုင်တော့မယ်"
လင်ယွဲ့ အလွန် ဝမ်းသာကျေနပ်သွား၏။
*
လိပ်နတ်ဘုရားကျွန်းဝယ်မူ..
မြေခွေး ဝာာ့ဟုန်သည် ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲများနှင့်အတူ ကျွန်း၏ အဆောက်အအုံ အသီးသီးကို ဆက်လက် တည်ဆောက်နေ၏။ ထို့ပြင် နန်ယန်မြို့မှ လူရာပေါင်းများစွာကို ခေါ်ယူကာ အဆောက်အအုံများ တည်ဆောက်ရာတွင် ကူညီပေးရန်နှင့် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လင်ယွဲ့ကို အကူအညီ တောင်းလိုက်၏။
မြူခိုးဂိုဏ်း။
"ဂိုဏ်းချုပ်.. ကျွန်တော် နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုကို သွားချင်ပါတယ်"
လီကျောက်ခွန်သည် ယဲ့ဖုန်းထံသို့ ချဉ်းကပ်ကာ လက်နှစ်ဖက် ဆုပ်ပြီး တောင်ဘက်သို့ သွားရန် ပြင်ဆင်လိုက်သည်။
"ဘာလို့ အဲဒီကို သွားချင်ရတာလဲ"
ယဲ့ဖုန်း စူးစမ်းလိုစိတ် ဖြစ်သွားသည်။
"နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုမှာ မိစ္ဆာချီ စွမ်းအင်တွေ အများကြီး ရှိတယ်လို့ ဂိုဏ်းချုပ် ပြောဖူးတယ်လေ။ ကျွန်တော် အဲဒီမှာ သွားပြီး လေ့ကျင့်ချင်လို့ပါ"
လီကျောက်ခွန်က လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။
"ဘေးကင်းအောင် သတိထားပါ"
ယဲ့ဖုန်းက သဘောတူလိုက်သည်။
"ဟုတ်ကဲ့ပါ"
လီကျောက်ခွန်သည် မြူခိုးဂိုဏ်းမှ ထွက်ခွာကာ နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုဆီသို့ ပျံသန်းသွား၏။ ဝမ်ဖင်းအန်းလည်း သူ၏ ဘေးမှ လိုက်ပါသွား၏။ လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ မလိုက်ပါကြချေ။
သူတို့ နှစ်ဦးစလုံးမှာ ဝိညာဉ်ရေကန် အထက်တွင် အပြင်းအထန် တိုက်ခိုက်နေကြပြီး လက်သီးတစ်ချက် ထိုးလိုက်တိုင်း ရေမျက်နှာပြင်မှာ ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေ၏။
"ငါ့ကို အိပ်ခွင့် မပေးတော့ဘူးလား"
ဝိညာဉ်ရေကန်၏ အောက်ခြေတွင် နတ်ဆိုးဧကရာဇ် ငါးကြင်းသည် ရေခဲနန်းတော် တစ်ခုကို တည်ဆောက်ကာ အိပ်မောကျနေခဲ့သော်လည်း တိုက်ပွဲ၏ အသံများကြောင့် နိုးလာခဲ့ရသည်။ သူသည် လက်ဝှေ့ယမ်းကာ ရေခဲနန်းတော်ကို တိုက်ပွဲ၏ လှိုင်းဂယက်များမှ ကာကွယ်ရန် နောက်ထပ် အကာအကွယ် တစ်ခု ဖန်တီးလိုက်ပြီး သူ၏ နဂါးအသွင်ပြောင်းလဲခြင်း အတွက် ကြိုတင်ပြင်ဆင်ရန် ဆက်လက် အိပ်စက်နေတော့သည်။
မြူခိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် နတ်ဆိုးဧကရာဇ် ငါးကြင်း၏ တိုးတက်မှုမှာ အလွန် မြန်ဆန်လှသည်။ လတ်တလောတွင် သူသည် အဆင့်မြင့် နတ်ဆိုးဧကရာဇ် အဆင့်သို့ စိန်ခေါ်ရန် နီးစပ်နေပြီ ဖြစ်၏။ ရှေ့ဆက်၍ သူသာ နဂါးတံခါးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက သွေးမျိုးဆက် အသွင်ပြောင်းလဲမှုကို ခံယူကာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ တက်လှမ်းနိုင်ပြီး နဂါးမျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလေမည်။
နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခု။
လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့ ယှဉ်တွဲ လျှောက်လှမ်းနေကြသည်။
"စီနီယာ အစ်ကိုကြီး.. နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုက မီးခိုးရောင် နွယ်ပင် နတ်သမီး ရမ်းကားသွားပြီးနောက်ပိုင်း ဒီအခြေအနေကို ရောက်သွားတာလို့ ကြားတယ်.. တကယ်ပဲလား"
အောက်ဘက်ရှိ အပျက်အစီးများကို ကြည့်ကာ လီကျောက်ခွန် သက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ်"
ကျောတွင် အိုးအကြီးကြီး တစ်လုံးကို လွယ်ထားသော ဝမ်ဖင်းအန်းသည် ပတ်ဝန်းကျင်ရှိ လူသူကင်းမဲ့နေသော နေရာများကို ကြည့်ကာ အိမ်လွမ်းစိတ် အနည်းငယ် ဖြစ်ပေါ်လာမိသည်။
မိုင်အနည်းငယ် အကွာတွင်..
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး မိစ္ဆာချီ စွမ်းအင် အမြောက်အမြားကို စုပ်ယူနေ၏။ သူသည် လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့ကို သတိပြုမိသွားပြီး အလွန် တည်ကြည်လေးနက်သွားတော့သည်။
ထိုသူမှာ တခြားသူ မဟုတ်ဘဲ စက္ကူယပ်တောင် သခင်လေး၏ အဓိက ပြိုင်ဘက် ဖြစ်သော ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ ပင် ဖြစ်၏။
"ဒီနှစ်ယောက်က ဒီမှာ ဘာလာလုပ်တာလဲ"
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် လီကျောက်ခွန်၏ တောက်ပနေသော ကတုံးကို စိုက်ကြည့်ရင်း ကြောက်ရွံ့သွားပြီး သူ ယခုလေးတင် မျိုချထားသော မိစ္ဆာချီ စွမ်းအင်များကိုပင် ပြန်အန်ထုတ်မိမတတ် ဖြစ်သွားရရှာသည်။
မဟာလျန် မိစ္ဆာနိုင်ငံတော်တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး လျှို့ဝှက်စွာ ခွန်အား ပြိုင်ဆိုင်ခဲ့ကြပြီးနောက်၊ လီကျောက်ခွန်၏ ဟောကိန်းထုတ်နိုင်စွမ်းမှာ အလွန် အစွမ်းထက်ပြီး ထိပ်တန်း ရှေ့ဖြစ်ဟောဆရာ တစ်ဦး ဖြစ်ကြောင်း ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ သိရှိသွားခဲ့သည်။
ထို့ကြောင့် သူသည် နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။
ဤနေရာရှိ သိပ်သည်းလှသော မိစ္ဆာချီ စွမ်းအင်များ၏ အကူအညီဖြင့် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ ခွန်အားမှာ များစွာ တိုးတက်လာခဲ့သည်။ သူသည် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ ဟောကိန်းထုတ်ခြင်း နည်းစနစ်မှာလည်း သိသိသာသာ တိုးတက်လာကာ ကြယ်တာရာ ဟင်းလင်းပြင် ရှိ ရှေ့ဖြစ်ဟော မျိုးနွယ်စုနှင့် အဆက်အသွယ် ရရှိခဲ့၏။
‘မြူခိုးဂိုဏ်းက ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင်ဧကရာဇ်တွေကိုတောင် သတ်နိုင်တယ်လို့ ကြားတယ်.. တပိုင်း အဆင့် သူတော်စင် ဖြစ်နိုင်ခြေ များတယ်.. ငါတို့ မျိုးနွယ်စုမှာ ဒီလို အစွမ်းထက်တဲ့ ပညာရှင်တွေ သိပ်မရှိဘူး.. ပြီးတော့ ငါ့အဆင့်နဲ့ သူတို့ကို ဒီကို ခေါ်ဖို့ မဖြစ်နိုင်သေးဘူး'
‘လောလောဆယ်တော့ ငါ စိတ်ရှည်ရှည် ထားမှ ရမယ်’
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက စိတ်ထဲမှ တွေးလိုက်၏။
--