အခန်း ၆၆၃
Vol. 45 Ch. 663
အခန်း (၆၆၃) ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာကို ချောက်တွန်းခြင်းနှင့် တိုက်ဆိုင်မှု (အပိုင်း ၁)
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် ကြီးမားသော ရည်မှန်းချက်ရှိသူ ဖြစ်၏။ သူနှင့် စက္ကူယပ်တောင် သခင်လေးတို့သည် ရှေ့ဖြစ်ဟော မျိုးနွယ်စုမှ ရှန်ကျိုးတိုက်ကြီးသို့ စေလွှတ်ခြင်း ခံထားရသူများ ဖြစ်ပြီး၊ သူတို့၏ တာဝန်မှာ လူသားမျိုးနွယ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းရန်ပင်။
တစ်ချိန်တည်းမှာပင် သူတို့ နှစ်ဦးမှာ ပြိုင်ဘက်များလည်း ဖြစ်ကြသည်။ ပြီးခဲ့သည့် တိုက်ပွဲတွင် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် စက္ကူယပ်တောင် သခင်လေး၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ အသက်ကယ် လျှို့ဝှက်နည်းစနစ်သာ မရှိပါက ယခုအချိန်တွင် သူ သေဆုံးနေသည်မှာ ကြာလှပေပြီ။
“တောက် ... စက္ကူယပ်တောင်။ မင်း ဘယ်မှာလဲဆိုတာ ငါ သိတာနဲ့ ... မင်းကို အရှင်လတ်လတ် မြေမြှုပ်ပစ်မယ် ... ” ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ မျက်နှာမှာ အေးစက်နေတော့သည်။
သူ မသိသည်မှာ ... မိုင်ပေါင်း ထောင်ချီအကွာတွင် ပုံရိပ်အချို့သည် မြေပြင်ကို ဖြတ်ကျော်ကာ လာနေကြခြင်း ဖြစ်၏။ ထိုသူများကို ဦးဆောင်လာသူမှာ တခြားသူ မဟုတ်ဘဲ စက္ကူယပ်တောင် သခင်လေး ပင် ဖြစ်၏။ သူ၏ နောက်တွင် ဝိညာဉ်သုံးခု ပေါင်းစပ်ထားသော တုန်းယွမ်တုန်း (တုန်းယွမ်တုန်း / တုန်းချန်- ဝိညာဉ် ၃ ခု ပေါင်းစပ်သွားသူ (တုန်းချန် +
ဘိုးဘေး တုန်းတုန်းချန် + နတ်ဆိုးဘုရင် ဟူယွမ်)၊ ဝက်မိစ္ဆာကို ပူးကပ်ကာ လူအသွင်ပြောင်းထားသော ကျူးယုံဖုနှင့် မြူခိုးဂိုဏ်းကို သစ္စာဖောက်ခဲ့သူ ရှောင်ဖန်ကူတို့ ပါလာကြသည်။
သူတို့မှာ ... ထျန်းကျီ စံအိမ်၏ အက်ဖ်ဖိုး (F4) ပင် ဖြစ်တော့သည်။
“ဟီးဟီး ... နောက်ဆုံးတော့ သူ့ကို ရှာတွေ့ပြီ ... ” စက္ကူယပ်တောင် သခင်လေးသည် အဝေးသို့ စိုက်ကြည့်လိုက်သည်။ သူ၏ လက်ဟန်များမှတစ်ဆင့် ပုံရိပ်တစ်ခု ပေါ်လာပြီး ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ ပုံရိပ်ကို ဖော်ပြနေ၏။
“စံအိမ်သခင် ... ဒီလူက ဘယ်သူလဲ ... ” ကျူးယုံဖုက လေးနက်သော အသံဖြင့် မေးလိုက်သည်။
“သူက ငါ့ရဲ့ ရန်သူတော်ကြီး ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာပဲ။ တစ်ခါက ငါ သူ့ကို သေအောင် ထောင်ဖမ်းခဲ့ဖူးတာ.. သေဟန်ဆောင်သွားလိမ့်မယ်လို့ မထင်ထားဘူး.. အခု သူ.. နန်ဝမ် ပြည်နယ် တစ်ဆယ့်သုံးခုကို ပြန်ရောက်နေပြီ ... ” စက္ကူယပ်တောင် သခင်လေးက ရယ်ရင်း ပြန်ဖြေလိုက်သည်။
“ဂိုဏ်းချုပ် ... သူ့ကို အပြတ်ရှင်းပစ်ဖို့ လိုသလား ... ” တုန်းယွမ်တုန်းက ဓားကို ဆွဲထုတ်လိုက်သည်။ ယခုအခါ သူသည်လည်း ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ အရှိန်အဝါမှာ ပို၍ ကြောက်စရာ ကောင်းလာပြီး ဝိညာဉ်ပင်လယ်အဆင့် (၂) သာ ရှိသော်လည်း အဆင့် (၅) ရှိသူများကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
“သူက ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်မှာ ရှိနေတာ.. မင်းတို့ သူ့ကို မယှဉ်နိုင်ဘူး ... ” စက္ကူယပ်တောင် သခင်လေးက ယပ်တောင်ကို အသာအယာ ခတ်ရင်း ပြောလိုက်သည်။
“ငါ ကိုယ်တိုင် တိုက်ခိုက်မှသာ သူ့ကို သေအောင် ထောင်ဖမ်းနိုင်မှာ ... ”
အနောက်တွင် ရပ်နေသော ရှောင်ဖန်ကူမှာမူ စကားတစ်ခွန်းမျှ မဟပေ။ တုန်းယွမ်တုန်း ပေါ်လာကတည်းက ထျန်းကျီ စံအိမ်တွင် သူ၏ အဆင့်အတန်းမှာ အောက်ဆုံးသို့ ကျဆင်းသွားပြီး အရေးပေးခြင်း မခံရတော့ချေ။ သို့သော် သူက ဂရုမစိုက်ပါ။
‘ထျန်းကျီ စံအိမ်မှာ နေတာက ရေရှည်အတွက် မကောင်းဘူး.. ဒီလူတွေက ဘာမှ မယ်မယ်မရရ မလုပ်နိုင်ကြဘူး.. သူတို့နောက် လိုက်နေရင် ငါ တိုးတက်မှာ မဟုတ်ဘူး.. အခွင့်အရေးရတာနဲ့ ငါ ထွက်ပြေးရမယ် ... ’
ရှောင်ဖန်ကူက စိတ်ထဲမှ တွေးနေမိသည်။ သို့သော် သူ၏ ဝိညာဉ်မှာ ထိန်းချုပ်ခံထားရသဖြင့် လွတ်မြောက်ရန် အလွန် ခက်ခဲနေသဖြင့် အကောင်းဆုံး အခွင့်အရေးကို ရှောင်ဖန်ကူ.. စောင့်နေခြင်း ဖြစ်၏။
ထိုစဉ် စက္ကူယပ်တောင် သခင်လေးက ဆက်ပြောလိုက်သည်။
“ငါတို့ သူ့နောက်ကို လိုက်မယ်.. ပြီးရင် သူ့ကို ထောင်ဖမ်းဖို့ အခွင့်အရေး ရှာမယ်.. ဒါပေမဲ့ ဒီလူကလည်း ရှေ့ဖြစ်ဟောဆရာပဲ။ သူ့ရဲ့ တွက်ချက်နိုင်စွမ်းက ငါ့ထက် မနိမ့်ဘူး.. ဒါကြောင့် ငါတို့ အလွန် သတိထားရမယ် ... ”
“ပထမဆုံး ... ငါတို့ ဝင်္ကပါ တစ်ခု အရင် တည်ဆောက်မယ်..”
“ပြီးရင် ... သူ့နောက်ကို တိတ်တဆိတ် လိုက်ပြီး ချောင်းမြောင်းမယ်..”
“နောက်ဆုံးမှာ ... ငါက သူ့ကို ထိပ်တိုက် ရင်ဆိုင်မယ်.. အဲ့ဒီအချိန်မှာ မင်းတို့က ဝင်္ကပါကို အသာအယာ တည်ဆောက်ပြီး သူ့ကို အထဲဆွဲသွင်းကြ။ ပြီးမှ ငါ ကိုယ်တိုင် သူ့ကို အပြတ်ရှင်းမယ် ... ”
စက္ကူယပ်တောင် သခင်လေးတွင် ကောက်ကျစ်သော အစီအစဉ်များစွာ ရှိ၏။ ထိုသို့သော အစီအစဉ်များကြောင့်သာ လွန်ခဲ့သော နှစ်များက ရွှေခေါင်းလောင်းကို သေအောင် ထောင်ဖမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
“ဟုတ်ကဲ့ပါ ... ” တုန်းယွမ်တုန်း၊ ကျူးယုံဖုနှင့် ရှောင်ဖန်ကူတို့ ခေါင်းညိတ်လိုက်ကြသည်။ စက္ကူယပ်တောင် ပေးသော ဝင်္ကပါ မြေပုံများကို ယူကာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကိုပင် ဖိနှိပ်နိုင်သော ‘အဆင့်မြင့် သတ်ဖြတ်ခြင်း ဝင်္ကပါ’ ကို နေရာတွင်ပင် စတင် တည်ဆောက်ကြလေတော့၏။
ထိုအချိန်တွင် ဝမ်ဖင်းအန်းနှင့် လီကျောက်ခွန်တို့သည် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာနှင့် မိုင်ဆယ်ဂဏန်းခန့်သာ ဝေးသော်လည်း တောင်တန်းများ ခြားနေသဖြင့် စက္ကူယပ်တောင် သခင်လေးတို့က သူတို့ကို သတိမပြုမိကြချေ။
အဖွဲ့သုံးဖွဲ့တွင် စက္ကူယပ်တောင်က ရွှေခေါင်းလောင်းကို သိသော်လည်း လီကျောက်ခွန်တို့ကို မသိပေ။ ရွှေခေါင်းလောင်းက လီကျောက်ခွန်တို့ကို သိသော်လည်း စက္ကူယပ်တောင်တို့ အနီးနားမှာ ရှိနေသည်ကို မသိချေ။ လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့ကမူ သူတို့ နှစ်ဦးစလုံး အနီးနားတွင် ရှိနေသည်ကို လုံးဝ မသိကြပါချေ။
မိုင်ပေါင်းများစွာ အကွာတွင်..
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် မြေပြင်ပေါ်တွင် ဝပ်တွားနေရင်း အဝေးမှ လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့ကို ကြည့်ကာ လက်ဝါးပေါ်တွင် မိစ္ဆာချီ စွမ်းအင်များကို စုစည်းလိုက်သည်။
“အရင်ဆုံး ဟောကိန်းထုတ်ကြည့်ဦးမယ် ... ” သူသည် မိစ္ဆာချီ စွမ်းအင် အမြောက်အမြားကို အသုံးပြုကာ လီကျောက်ခွန်ကို တိုက်ခိုက်ပါက မည်သို့သော အန္တရာယ်များ ကြုံတွေ့နိုင်သည်ကို တွက်ချက်လိုက်၏။
“ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်များ ... မိစ္ဆာချီ ဟောကိန်းထုတ်ခြင်း ... စတင်... ”
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ ဟောကိန်းထုတ်လိုက်သည်နှင့် သူ၏ ဆံပင်များ စတင် ကျွတ်ထွက်လာပြီး မိစ္ဆာချီများက မြင်ကွင်းတစ်ခုကို ပြသနေသော ရှေးဟောင်း မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းတွင် ...
ရွှေခေါင်းလောင်းသည် လီကျောက်ခွန်ကို သတ်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံကြီး ပြဲဟသွားပြီး ရွှေရောင် လက်ဝါးကြီး တစ်ခု ဆင်းသက်လာကာ သူ့ကို ရိုက်သတ်ပစ်လိုက်၏။
“ငါ့တပည့်ကို ထိရဲတယ်ပေါ့။ မင်းရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို အမြစ်ပြတ် သတ်ပစ်မယ် ... ” မိုးခြိမ်းသံပမာ ကျယ်လောင်သော အသံကြီး ဟိန်းထွက်လာပြီး ပုံရိပ်မှာ ထိုနေရာတွင်ပင် အဆုံးသတ်သွားတော့သည်။
“အဲ့ဒါ ... အဲ့ဒါ ယဲ့ဖုန်းပဲ ... ” ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
ဤကာလအတွင်း သူသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်သို့ မကြာခဏ ခိုးဝင်ခဲ့ဖူးသဖြင့် ယဲ့ဖုန်းမှာ ကောင်းကင်ဧကရာဇ်ကိုပင် သတ်နိုင်သော ကြောက်စရာကောင်းသည့် ပညာရှင်ဖြစ်ကြောင်း သူ သိရှိထား၏။ ဤသို့သော ဟောကိန်းရလဒ်ကြောင့် သူ အလွန် ထိတ်လန့်သွားရရှာသည်။
“မဖြစ်ဘူး ... မဖြစ်ဘူး ... ”
“လီကျောက်ခွန်ကို သတ်မယ့် အစီအစဉ်ကို အခုချက်ချင်း ဖျက်သိမ်းရမယ်.. ငါ အခုချက်ချင်း ထွက်သွားမှ ရမယ်.. မဟုတ်ရင် ငါ့အသက် အန္တရာယ် ရှိတယ် ... ”
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် လက်ထဲရှိ ရွှေခေါင်းလောင်းလေးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူသည် မြူခိုးဂိုဏ်းကို ရင်ဆိုင်ရန် မထိုက်တန်သေးကြောင်း ဝန်ခံလိုက်ရတော့၏။
“ငါ သူ့ကို မတိုက်ခိုက်ရင်တောင် ... သူတို့ ဘာလုပ်ဖို့ စီစဉ်နေလဲဆိုတာတော့ တွက်ချက်ကြည့်လို့ ရတာပဲ မဟုတ်လား ... ” ရွှေခေါင်းလောင်းသည် မိစ္ဆာချီများကို ထပ်မံ ထုတ်ယူကာ ထပ်မံ တွက်ချက်လိုက်ပြန်သည်။
နောက်ထပ် ပေါ်လာသော မြင်ကွင်းများတွင် ...
လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့သည် နန်ဝမ် ပြည်နယ်များတွင် လှည့်လည်ရင်း မိစ္ဆာချီများကို ဝါးမြိုကာ အခြားနေရာမှ ကျူးကျော်လာသော တောရိုင်းသားရဲများကို သတ်ဖြတ်ပြီး ရတနာများစွာ ရရှိကာ မြူခိုးဂိုဏ်းသို့ ပြန်သွားကြ၏။ ကြီးမားသော ပြဿနာ တစ်စုံတစ်ရာ မရှိချေ။
“ဒါဆိုရင် ဒါက လေ့ကျင့်ရေး ခရီးစဉ် သက်သက်ပဲပေါ့ ... ” ရွှေခေါင်းလောင်း စိတ်အေးသွားသည်။
အစပိုင်းတွင် လီကျောက်ခွန်က သူ့ကို တွက်ချက်မိသဖြင့် ချောင်းမြောင်း တိုက်ခိုက်ရန် လာသည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ တိုက်ဆိုင်မှုသာ ဖြစ်ကြောင်း သူ သိလိုက်ရတော့၏။
“ဒါဆိုရင်တော့ ငါ လီကျောက်ခွန်နောက်ကို တိတ်တဆိတ် လိုက်မယ်.. သူ.. လက်ဟန်တွေ သုံးတဲ့ နည်းကို ခိုးပြီး လေ့လာရမယ်.. တစ်ခုခုတော့ တတ်လာမှာပဲ ... ” ရွှေခေါင်းလောင်းသည် ရွှေခေါင်းလောင်းလေးကို ပိုက်ကာ တိတ်တဆိတ် နောက်မှ လိုက်ပါသွားတော့သည်။
သူ မသိသည်မှာ ...
မိုင်ရာချီ အကွာတွင် စက္ကူယပ်တောင် သခင်လေးနှင့် အဖွဲ့သည် ဝင်္ကပါ မြေပုံကို ကိုင်ဆောင်ကာ ပြင်းထန်သော အရှိန်အဝါများဖြင့် သူ့ဆီသို့ ဦးတည် လာနေကြခြင်း ဖြစ်၏။
တိုက်ဆိုင်စွာပင် လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့သည်လည်း သူတို့နှင့် ထိပ်တိုက်ဆုံမည့် အရပ်မျက်နှာသို့ ပျံသန်းနေကြသဖြင့် မကြာမီ အားလုံး ထိပ်တိုက် တွေ့ကြတော့လေမည်။
တစ်နာရီ ကြာသောအခါ
…
တောင်ထိပ်တစ်ခုပေါ်တွင် ဖြစ်သည်။
လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့သည် ရပ်တန့်လိုက်ကြပြီး ခရမ်းရွှေရောင် ဘူးသီးခြောက်ကြီးကို အသုံးပြုကာ တိမ်တိုက်များကြားရှိ မိစ္ဆာချီများကို စုပ်ယူနေကြသည်။
“ဂိုဏ်းချုပ်ကိုယ်တိုင် သွန်းလုပ်ပေးထားတဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်လက်နက် ‘အညစ်အကြေး စုပ်ယူတဲ့ ဘူးသီးခြောက်’ က တကယ် မိုက်တာပဲ။ မိစ္ဆာချီတွေကို တော်တော် မြန်မြန် စုပ်နိုင်တယ် ... ” လီကျောက်ခွန်က ပြုံးရင်း ပြောလိုက်သည်။
မကြာသေးမီက ယဲ့ဖုန်းသည် လက်နက်သွန်းဖိုကို အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာအဖြစ် မြှင့်တင်ရန်အတွက် အဆင့်မြင့် ဝိညာဉ်လက်နက်များနှင့် အဆင့်နိမ့် ဝိညာဉ်ရတနာ အမြောက်အမြားကို ဆက်တိုက် သွန်းလုပ်ခိုင်းခဲ့သဖြင့် တပည့်များနှင့် ဂိုဏ်းခေါင်းဆောင်များတွင် အစွမ်းထက်သော လက်နက်များစွာ ပိုင်ဆိုင်ထားကြတော့၏။ အဓိက တပည့်များမှာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုစီ ပိုင်ဆိုင်ထားကြသည်။
ထိုစဉ် မိုင်ဆယ်ဂဏန်းခန့် အကွာမှနေ၍ ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် သူတို့၏ စကားများကို ခိုးနားထောင်နေ၏။
‘အညစ်အကြေး စုပ်ယူတဲ့ ဘူးသီးခြောက် ... တော်တော် ကောင်းတဲ့ လက်နက်ပဲ။ ငါ အဲဒါကို လုယူလို့ ရမလား မသိဘူး ... ’ ဟု သူ တီးတိုး ရေရွတ်လိုက်မိသည်။ သူ့အနီး မိုင်အနည်းငယ် အကွာတွင် ပုံရိပ်လေးခု မြေပြင်နှင့် ကပ်၍ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကို သူ လုံးဝ သတိမထားမိပေ။
“ဟီးဟီး..ငါတို့.. ရွှေခေါင်းလောင်းနဲ့ ငါးမိုင်ပဲ ဝေးတော့တယ်.. ဝင်္ကပါရဲ့ တိုက်ခိုက်မှု အကွာအဝေးထဲ ရောက်ပြီ။ ဝင်္ကပါကို ဖြန့်လိုက်ကြ... ” စက္ကူယပ်တောင် သခင်လေးက အားရပါးရ ရယ်လိုက်သည်။
“ဟုတ်ကဲ့ပါ ... ”
တုန်းယွမ်တုန်း၊ ကျူးယုံဖုနှင့် ရှောင်ဖန်ကူတို့သည် ဝင်္ကပါ မြေပုံများကို တစ်ပြိုင်နက် လွှင့်ထုတ်လိုက်ကြသည်။ ထိုမြေပုံများသည် မိုင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်သန်းသွားပြီး ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ အထက်တွင် တောက်ပသော ‘ခြောက်မြှောင့် သတ်ဖြတ်ခြင်း ဝင်္ကပါ’ တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
"ဝုန်း..."
ရွှေရောင် အလင်းတိုင် ခြောက်တိုင် ကောင်းကင်မှ ကျဆင်းလာသည်။
ရွှေခေါင်းလောင်း လုံးဝ သတိမထားမိချေ။
မျက်တောင်တစ်ခတ်အတွင်း သူ..အထဲတွင် ပိတ်မိသွားသည်။
“ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ”
သူ့မျက်လုံးများ ပြူးကျယ်သွား၏။
သူက လီကျောက်ခွန်တို့ကိုသာ အာရုံစိုက်နေခဲ့သည်။
သူ၏ ရန်သူတော် စက္ကူယပ်တောင်ကို လုံးဝ သတိမပြုမိခဲ့ပေ။
အနောက်ဘက်မှ အလစ်အငိုက် တိုက်ခိုက်မှုကို ခံလိုက်ရတော့၏။
“ထူးဆန်းလိုက်တာ ... ဟိုဘက်မှာ ဘာဝင်္ကပါကြီးလဲ ... ”
မိစ္ဆာချီများကို စုပ်ယူနေသော ဝမ်ဖင်းအန်းနှင့် လီကျောက်ခွန်တို့သည် ရွှေခေါင်းလောင်း သူတို့နောက်သို့ လိုက်နေသည်ကို မသိခဲ့ကြပေ။ ယခုအခါ ‘ခြောက်မြှောင့် သတ်ဖြတ်ခြင်း ဝင်္ကပါ’ ပေါ်လာသောအခါ ထိုဘက်မှ တုန်ခါမှုများကို သူတို့ အာရုံခံမိသွားပြီး လှမ်းကြည့်လိုက်ကြတော့သည်။
--