← Chapters

အခန်း ၆၆၅

Vol. 45 Ch. 665

အခန်း ၆၆၅

Vol. 45 Ch. 665

အခန်း (၆၆၅) - ပေါက်ကွဲစေသော ဂါထာမန္တန်နှင့် ရှေ့ဖြစ်ဟောမျိုးနွယ်စုမှ ဧည့်သည် (တတိယပိုင်း)

"ဆက်လိုက်ရဲသေးလား..."

ဝမ်ဖင်းအန်းက တံတွေးတစ်ချက်ကို ဂလုခနဲ မြိုချလိုက်ရင်း မေးလိုက်သည်။

"ငါတို့စွမ်းအားက သူတို့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ သတိထားပြီး သွားရင်တော့ အဆင်ပြေမှာပါ... တကယ်တော့ ငါအဓိကလိုချင်တာက အသားတောင်ကြီး မိစ္ဆာဆီမှာ ရှိတဲ့ အဆိပ်ငွေ့အမည်းတွေပဲ... အဲဒါကို ရအောင် ယူချင်တယ်..."

လီချန်ခွန်းက သူ၏ အတွေးများကို ထုတ်ဖော်ပြောလိုက်၏။

"ဒါဆိုလည်း လိုက်ကြတာပေါ့..."

ဝမ်ဖင်းအန်းက ခေါင်းညိတ်ရင်း ပြောလိုက်တော့သည်။

ရွှီးခနဲ အသံနှင့်အတူ သူတို့နှစ်ဦးသည် အဆင့်ခြောက် ကိုယ်ပျောက်မန္တန်ကို အသုံးပြုလိုက်ကြ၏။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်များသည် ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်သွားပြီး အသက်ရှူသံများမှာလည်း အလွန်တရာ တိတ်ဆိတ်သွားကာ နောက်မှ အသာလေး လိုက်သွားကြတော့သည်။

"သေစမ်း..."

အသားတောင်ကြီး မိစ္ဆာအဖြစ် ပြောင်းလဲသွားသော ရွှေခေါင်းလောင်းရှေ့ဖြစ်ဟော၏ စွမ်းအင်များက ပြင်းထန်စွာ မြင့်တက်လာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း နတ်ဘုရားမူလအဆင့်သို့ အပြည့်အဝ ရောက်ရှိသွားခဲ့၏။ သူက အောက်သို့ ဒေါသတကြီး ထိုးဆင်းလိုက်ရာ စက္ကူယပ်တောင်သခင်လေးထံသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။

ရွှီးခနဲ အသံနှင့်အတူ ရွှေရောင်ချိတ်ကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင်တော့ စက္ကူယပ်တောင်သခင်လေး၏ အရှေ့သို့ ရောက်ရှိနေကာ အောက်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ထိုးစိုက်ချလိုက်တော့သည်။

သို့သော်ငြား သွေးများ ပန်းထွက်လာခြင်း မရှိပေ။ ဤကိစ္စက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့၏။ မီတာရာပေါင်းများစွာ ကွာဝေးသော နေရာတစ်နေရာတွင်တော့ စက္ကူယပ်တောင်သခင်လေး ပြန်လည်ပေါ်လာခဲ့ပြီး သူ၏ ရင်ဘတ်ထဲတွင်တော့ ဒိတ်ဒိတ်ကြဲအောင် ခုန်ပေါက်နေဆဲပင်။

"ကံကောင်းလို့ နေရာရွှေ့ပြောင်းခြင်းအဆောင် ရှိနေတာ... မဟုတ်ရင် အဲဒီတိုက်ကွက်နဲ့တင် ငါသေချာပေါက် အသက်ပျောက်နေလောက်ပြီ..."

စက္ကူယပ်တောင်သခင်လေးက သက်ပြင်းချရင်း ရယ်မောလိုက်၏။

သူသည် အဆောင်အနည်းငယ်ကိုသာ ရေးဆွဲရာတွင် ကျွမ်းကျင်သူဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်းအဆောင်မှာ ထိုအထဲမှ တစ်ခုပင်။ ထို့ပြင် အဆောင်ရေးဆွဲသည့် နည်းစနစ်မှာလည်း အလွန်တရာ သေသပ်လှပါ၏။ နေရာရွှေ့ပြောင်းခြင်းအဆောင်ကို တစ်ကြိမ်အသုံးပြုတိုင်း မီတာတစ်ထောင်ထက် ပို၍ မကွာဝေးနိုင်သော်လည်း ရန်သူ့လက်မှ လွတ်မြောက်ရန်အတွက်မူ လုံလောက်လှပေသည်။

"ငါ့ကို ဖမ်းနိုင်မယ်လို့ အိပ်မက်တောင် မမက်နဲ့..."

"ဟားဟားဟား... ဝေါ့..."

စက္ကူယပ်တောင်သခင်လေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆက်လက်ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရွှေခေါင်းလောင်းရှေ့ဖြစ်ဟောက သူ၏အနီးသို့ ထပ်မံရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် ကြက်သီးထသွားတော့သည်။

ထိုဧရာမ လက်ဝါးကြီးက မိုးကြိုးပစ်ချလိုက်သကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကျဆင်းလာခဲ့၏။ လက်ဝါးကြီး မရောက်လာခင်မှာပင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကြီးက အောက်သို့ ဖိချလာကာ စက္ကူယပ်တောင်သခင်လေးကို မြေကြီးထဲသို့ နစ်ဝင်သွားစေတော့သည်။

"နေရာရွှေ့ပြောင်းခြင်းအဆောင်..."

စက္ကူယပ်တောင်သခင်လေးသည် ဒုတိယမြောက် အဆောင်တစ်ခုကို အမြန်လောင်ကျွမ်းစေလိုက်ပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားကာ မီတာရှစ်ရာခန့် အကွာတွင် ပြန်လည်ပေါ်လာခဲ့၏။

“ရွှီး.. ရွှီး.. ရွှီး”

လေတိုးသံများနှင့်အတူ တုန်းယွမ်တုန်း.. ကျူးယုံဖူနှင့် ရှောင်ဖန်ကူတို့မှာလည်း တစ်ယောက်တစ်ပေါက် ထွက်ပြေးသွားကြပြီး ရွှေခေါင်းလောင်းရှေ့ဖြစ်ဟောက သူတို့ကို ပစ်မှတ်မထားသဖြင့် အေးဆေးစွာပင် လွတ်မြောက်သွားကြတော့သည်။ ခဏအကြာတွင်တော့ ထိုသုံးယောက်စလုံးမှာ လီချန်ခွန်းနှင့် ဝမ်ဖင်းအန်းတို့၏ အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

"အစ်ကို... အဲဒီအထဲက နှစ်ယောက်က ရှောင်ဖန်ကူနဲ့ တုန်းယွမ်တုန်းနဲ့ တူတယ်နော်... ငါအမြင်မှားတာ မဟုတ်ဘူးမလား..."

"မမှားဘူး... သူတို့ပဲ..."

"ရှောင်ဖန်ကူနဲ့ တုန်းယွမ်တုန်းတို့က ရှေ့ဖြစ်ဟောမျိုးနွယ်စုဝင်တွေနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ မထင်ထားဘူး...စိတ်ဓာတ်ပဲ..."

"ဂိုဏ်းကို ပြန်ရောက်ရင် ဂိုဏ်းချုပ်ကို အသိပေးရမယ်..."

"ကောင်းပြီ..."

သူတို့နှစ်ဦး ဆွေးနွေးနေစဉ်မှာပင် ကိုယ်ပျောက်မန္တန်ကို ဆက်လက်အသုံးပြု၍ နောက်မှ ခြေရာခံလိုက်ကြပြီး သူတို့၏ အမြန်နှုန်းက သိပ်မမြန်သော်လည်း စစ်မြေပြင်၏ အပြောင်းအလဲများကိုတော့ မီအောင် လိုက်နိုင်ခဲ့ကြပါ၏။

"သေစမ်း... သေစမ်း... သေစမ်း..."

ရွှေခေါင်းလောင်းရှေ့ဖြစ်ဟော ပြောင်းလဲထားသော အသားတောင်ကြီး မိစ္ဆာက ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းကြီးများ ပေါက်ကွဲထွက်ပေါ်လာစေခဲ့၏။

ထိုအရာက စက္ကူယပ်တောင်သခင်လေးကို အဟန့်အတား ဖြစ်စေခဲ့ပြီး နေရာရွှေ့ပြောင်းခြင်းအဆောင်ကိုပင် အသုံးပြု၍ မရနိုင်သော အခြေအနေသို့ တွန်းပို့လိုက်တော့သည်။

"ဒုက္ခပဲ..."

ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဧရာမ လက်ဝါးကြီးကို မြင်လိုက်ရချိန်တွင်တော့ စက္ကူယပ်တောင်သခင်လေး၏ ရင်ထဲတွင် သေမင်းနှင့် နီးကပ်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ လက်ချောင်းထိပ်ကို အမြန်ကိုက်ဖောက်ကာ ထွက်လာသော သွေးများဖြင့် လေထဲတွင် ရှေးဟောင်း ဂါထာမန္တန်တစ်ခုကို ရေးဆွဲလိုက်တော့သည်။

"ပေါက်ကွဲစမ်း..."

ဤကိစ္စက အသားတောင်ကြီး မိစ္ဆာကို ပေါက်ကွဲစေနိုင်သော လျှို့ဝှက်သိုင်းကွက်တစ်ခုပင် ဖြစ်ပါ၏။ ရှေ့ဖြစ်ဟောများအနေဖြင့် တစ်ခါတစ်ရံတွင် သတိလွတ်နေသော အသားတောင်ကြီး မိစ္ဆာများနှင့် ကြုံတွေ့ရတတ်ပြီး ထိုဘီလူးများက သူတို့၏ သခင်များကိုပင် ပြန်လည်သတ်ဖြတ်လိုကြသည်။ ရှေ့ဖြစ်ဟောမျိုးနွယ်စု၏ သမိုင်းကြောင်းတွင် ရှေ့ဖြစ်ဟောများစွာသည် သူတို့ကိုယ်တိုင် မွေးမြူထားသော အသားတောင်ကြီး မိစ္ဆာများ၏ ဖိကြိတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရဖူး၏။

ထိုအရာကို ကာကွယ်ရန်အတွက် ရှေ့ဖြစ်ဟောမျိုးနွယ်စုမှ အကြီးအကဲများက အကြိမ်ကြိမ် တွက်ချက်ကာ နောက်ဆုံးတွင် ပေါက်ကွဲမှုဖြစ်စေနိုင်သော နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတော့သည်။ သို့သော်ငြား ထိုနည်းလမ်းက တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့် အသားတောင်ကြီး မိစ္ဆာများကိုသာ ပေါက်ကွဲစေနိုင်ပါ၏။ ဤကြိုတင်ကာကွယ်မှုက အချို့သော ရှေ့ဖြစ်ဟောများသည် အခြားသော စွမ်းအားရှင်များ၏ အသားတောင်ကြီး မိစ္ဆာများကို လျှို့ဝှက်နည်းလမ်းဖြင့် ပေါက်ကွဲစေကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို တားဆီးရန်အတွက် ဖြစ်သည်။

ရှေးဟောင်း ဂါထာမန္တန်က ရွှေခေါင်းလောင်းရှေ့ဖြစ်ဟော ပြောင်းလဲထားသော အသားတောင်ကြီး မိစ္ဆာနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ရုတ်တရက် လွင့်စင်သွားပြီး လေထိုးထားသော ပူဖောင်းကြီးတစ်လုံးကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာခဲ့တော့၏။

ဝုန်းခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ ပေတစ်သောင်းခန့် အမြင့်သို့ ရောက်ရှိသွားချိန်တွင်တော့ အားလုံးက ပေါက်ကွဲထွက်သွားသည်။ လှပသော မီးရှူးမီးပန်းများကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲသွားသော အနက်ရောင်နှင့် ရွှေရောင် စွမ်းအင်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

အဝေးမှ ကြည့်မည်ဆိုပါက အလွန်တရာ မျက်စိပသာဒ ဖြစ်စေသော မြင်ကွင်းတစ်ခုပင် ဖြစ်ပါတော့သည်။

"သိပ်ကို ပြင်းထန်တဲ့ အဆိပ်ငွေ့တွေပဲ..."

ကောင်းကင်ယံရှိ မရေမတွက်နိုင်သော အနက်ရောင်နှင့် ရွှေရောင် စွမ်းအင်လှိုင်းများကို ကြည့်ရင်း လီချန်ခွန်းက သူ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး ထိုအရာအားလုံးကို သူ၏ အညစ်အကြေးစုပ်ယူသော ဘူးသီးခြောက်ကြီးဖြင့် အကုန်အစင် စုပ်ယူသိမ်းဆည်းရန် ဆန္ဒပြင်းပြနေခဲ့၏။

"ဟားဟား... ဟားဟားဟား..."

စက္ကူယပ်တောင်သခင်လေးက မြေကြီးပေါ်တွင် လှဲလျောင်းနေရင်း မှန်တစ်ချပ်ကို ထုတ်ယူကာ သူ၏ တွန့်လိပ်နေသော အိုမင်းရင့်ရော်နေသည့် အသားအရေကို ကြည့်ရင်း အားရပါးရ ရယ်မောလိုက်သည်။

"ငါ့ရဲ့ သက်တမ်း အနှစ်တစ်ရာလောက် ဆုံးရှုံးသွားပေမယ့် ရွှေခေါင်းလောင်းရှေ့ဖြစ်ဟောကို သတ်နိုင်ခဲ့တာပဲ... တန်ပါတယ်..."

စက္ကူယပ်တောင်သခင်လေးက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ အသံမှာလည်း တိုးညှင်းနေခဲ့၏။ ပေါက်ကွဲစေသော ဂါထာမန္တန်ကို အသုံးပြုခြင်းက အလကားတော့ မဟုတ်ပေ။ တစ်ကြိမ် အသုံးပြုတိုင်း သက်တမ်း အနှစ်တစ်ရာနှင့် ခန္ဓာကိုယ်အတွင်းရှိ အရေးပါသော စွမ်းအင်များစွာကို ချက်ချင်း စုပ်ယူသွားသောကြောင့် သူ့ကို များစွာ ပိုမို အိုမင်းသွားစေခြင်းတည်း။

"အစ်ကို... ကြည့်စမ်း... သူက တော်တော်လေး အိုသွားသလိုပဲနော်..."

"ငါမြင်တယ်... သူ..သက်တမ်းကို စုပ်ယူတဲ့ လျှို့ဝှက်သိုင်းကွက် တစ်ခုခုကို သုံးလိုက်တာများလား... မဟုတ်ရင် အသားတောင်ကြီး မိစ္ဆာက ပေါက်ကွဲသွားမှာ မဟုတ်ဘူး..."

"ပေါက်ကွဲစေတဲ့ လျှို့ဝှက်သိုင်းကွက် ဖြစ်ဖို့ များတယ်... ငါ့ရဲ့ ဟောကိန်းထုတ်ခြင်း သိုင်းကွက်ထဲမှာလည်း သက်တမ်းနဲ့ အသက်စွမ်းအင်ကို အသုံးပြုရတဲ့ သိုင်းကွက်တစ်ခု ပါဝင်တယ်..."

လေထဲတွင်တော့ လီချန်ခွန်းနှင့် ဝမ်ဖင်းအန်းတို့က တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် တွတ်ထိုးနေကြ၏။

စကားပြောနေရင်းပင် လီချန်ခွန်းသည် ယဲ့ဖုန်း ပြုစုထားသော ဟောကိန်းထုတ်ခြင်း ကျင့်စဉ်များထဲတွင် ထိုသို့သော လျှို့ဝှက်သိုင်းကွက် မှတ်တမ်းများကို မြင်ဖူးခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။ သို့သော်ငြား သူက ထိုသိုင်းကွက်များကို မကျင့်ကြံရသေးပေ။

ပေတစ်သောင်းခန့် အမြင့်တွင်တော့ ရွှေခေါင်းလောင်းရှေ့ဖြစ်ဟောထံမှ ပေါက်ကွဲထွက်လာသော အဆိပ်ငွေ့ စွမ်းအင်လှိုင်းများက ဆက်လက် လွှမ်းခြုံနေဆဲဖြစ်သည်။ ထိုအရာများ၏ အလယ်တွင်တော့ ဝေဝါးသော စိတ်ဆန္ဒတစ်ခုက နိုးထလာကာ ဝန်းကျင်ရှိ အဆိပ်ငွေ့များကို မှိန်ပျပျ အလင်းဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းရန် ဦးဆောင်နေ၏။

"ဆင့်ခေါ်ခြင်း ဝင်္ကပါလား..."

ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသော အလင်းဝင်္ကပါကို စက္ကူယပ်တောင်သခင်လေးက အာရုံစိုက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။

"ဒုက္ခပဲ..

ရွှေခေါင်းလောင်းရှေ့ဖြစ်ဟောက သူ့ခန္ဓာကိုယ်ထဲမှာ ဆင့်ခေါ်ခြင်း ဝင်္ကပါတစ်ခုကို တပ်ဆင်ထားတာပဲ... သူတို့မျိုးနွယ်စုထဲက စွမ်းအားရှင်တွေရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်နိုင်တယ်..."

စက္ကူယပ်တောင်သခင်လေး၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူနှင့် ရွှေခေါင်းလောင်းရှေ့ဖြစ်ဟော နှစ်ဦးစလုံးသည် ရှေ့ဖြစ်ဟောမျိုးနွယ်စုဝင်များ ဖြစ်ကြသော်လည်း တူညီသော မျိုးဆက်များတော့ မဟုတ်ကြပေ။ ရှေ့ဖြစ်ဟောမျိုးနွယ်စု၏ အသေးစား ကမ္ဘာလေးအတွင်းတွင် သူတို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သော်လည်း အပြင်ဘက်တွင်မူ သေသည်အထိ တိုက်ခိုက်ကြလေ့ရှိ၏။

“ဂျွတ်.. ဂျွတ်.. ဂျွတ်”

အလင်းဝင်္ကပါကြီးက တောက်ပစွာ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော အဆိပ်ငွေ့များ စုဝေးနေသည့် ဟင်းလင်းပြင်ကို လိမ်ယှက်သွားစေကာ ဧရာမ မျက်နှာကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး အောက်ဘက်သို့ ခံစားချက်ကင်းမဲ့စွာဖြင့် ငုံ့ကြည့်နေတော့သည်။

"ဒါက တတိယမြောက် အကြီးအကဲရဲ့ မျိုးဆက်ပဲ... ငါတို့ ဒုတိယမြောက် အကြီးအကဲရဲ့ မျိုးဆက်ကို သတ်ရဲတယ်ဆိုတော့ မင်းက သေချင်နေတာပဲ..."

ဧရာမ မျက်နှာကြီးက စက္ကူယပ်တောင်သခင်လေးကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ အေးစက်နေ၏။

နတ်ဘုရားမျိုးနွယ်စု တိုက်ကြီးနှင့် နီးကပ်သော ကြယ်တာရာ ကောင်းကင်ယံတွင်တော့ ဧရာမ အသားတောင်ကြီး မိစ္ဆာတစ်ကောင်က သူ၏ ပုံစံကို ဖုံးကွယ်ရင်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ၏ ခေါင်းပေါ်တွင်တော့ အနက်ရောင် ဝတ်ရုံကို ခြုံလွှမ်းထားပြီး ရွှေရောင် တောင်ဝှေးကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုက ရပ်နေကာ တစ်စုံတစ်ရာကို စဉ်းစားနေခဲ့၏။

"ဒီနေရာပဲ..."

"ပြီးခဲ့တဲ့ တိုက်ပွဲအပြီးမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ အသားတောင်ကြီး မိစ္ဆာတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတယ် ဆိုတော့ ဒီနေရာမှာ အမြင့်ဆုံး စွမ်းအားရှင် တစ်ယောက် ရှိနေတာ သေချာတယ်..."

"ဒီနောက်ကွယ်က အင်အားစုတွေကို ဖော်ထုတ်ဖို့အတွက် သူတို့ကို မသိစေဘဲ ဒီနေရာကနေ ရှောင်ကွင်းသွားမှ ဖြစ်မယ်..."

အသားတောင်ကြီး မိစ္ဆာအပေါ်မှ ရှေ့ဖြစ်ဟောက သူ၏ တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ဧရာမ အသားတောင်ကြီး မိစ္ဆာမှာ ချက်ချင်းပင် အချင်း တစ်မီတာခန့်ရှိသော အသားလုံးလေး အရွယ်အစားသို့ သေးငယ်သွားပြီး သူက ထိုအပေါ်တွင် ခြေလှမ်းကာ ရပ်လိုက်တော့သည်။

ရှာဖွေမှုများ ပြုလုပ်ပြီးနောက်တွင်တော့ ထိုရှေ့ဖြစ်ဟောသည် နတ်ဘုရားမျိုးနွယ်စု တိုက်ကြီးပေါ်ရှိ တာ့ယွီ မင်းဆက်၏ မြို့တော်တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ရှာတွေ့သွားခဲ့ပြီး သူ၏ ပုံစံကို အမြန်ဖုံးကွယ်ကာ ရေပေါ်ဖြူ မြို့တော်သို့ နေရာရွှေ့ပြောင်းသွားခဲ့၏။

ထို့နောက်တွင်တော့ သူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နန်ဝမ် ပြည်နယ်ဆယ့်သုံးခု၏ လားရာဆီသို့ လှမ်းကြည့်ကာ လှောင်ပြောင်လိုက်၏။

"ဒီကို ရောက်ရောက်ချင်းပဲ ဒုတိယမြောက် အကြီးအကဲရဲ့ မျိုးဆက်ထဲက တစ်ယောက်နဲ့ လာဆုံနေပါလား... ပြီးတော့ ငါတို့ တတိယမြောက် အကြီးအကဲရဲ့ မျိုးဆက်က တစ်ယောက်တောင် ရှိနေသေးတယ်... စိတ်ဝင်စားစရာပဲ..."

ရွှီးခနဲ အသံနှင့်အတူ ဤရှေ့ဖြစ်ဟောသည် အကြိမ်ပေါင်းများစွာ ဆက်တိုက် ရွှေ့ပြောင်းသွားခဲ့ပြီး နန်ဝမ် ပြည်နယ်ဆယ့်သုံးခုသို့ ရောက်ရှိလာကာ စက္ကူယပ်တောင်သခင်လေး၏ အရှေ့တွင် ရပ်တန့်ရင်း သူ၏ ပုံစံကို ထုတ်ဖော်ပြသလိုက်တော့သည်။

"ကလေးလေး... ငါတို့ တတိယမျိုးဆက်ကို လက်ရဲဇာတ်ရဲ လုပ်ရဲတယ်ဆိုတော့ သေချင်နေတာလား..."

အသားလုံးပေါ်တွင် ရပ်နေသော ရှေ့ဖြစ်ဟောက လေတစ်ချက် မှုတ်ထုတ်လိုက်ရာ ကောင်းကင်ပေါ်ရှိ ဧရာမ မျက်နှာကြီးမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားခဲ့၏။ ကြယ်တာရာ ကောင်းကင်ယံ၏ နက်ရှိုင်းသော နေရာရှိ မူလပိုင်ရှင်ပင်လျှင် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲသွားကာ ပြုတ်ကျမလို ဖြစ်သွားတော့သည်။

"ဟာ... ဒါက တတိယမျိုးဆက်က အမြင့်ဆုံး ရွှေရောင် ကောင်းကင်ဧကရာဇ်ပဲ..."

ဟင်းလင်းပြင်ကို ဖြတ်သန်းကာ နောက်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက် ရွှေခေါင်းလောင်းရှေ့ဖြစ်ဟော၏ ကျောထောက်နောက်ခံ ပြုပေးသူက ထိတ်လန့်တကြား ပြောလိုက်ပြီး သူ၏ မျက်နှာမှာ အလွန်တရာ တည်ကြည်သွားကာ သတင်းစကားကို အမြန်ပေးပို့လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် နန်ဝမ် ပြည်နယ်ဆယ့်သုံးခု၏ ကောင်းကင်ယံထက်တွင်တော့ စက္ကူယပ်တောင်သခင်လေးက သူ၏ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ထို့နောက် သူ၏ အရှေ့ရှိ အသားလုံးပေါ်တွင် ရပ်နေကာ အနက်ရောင် ဝတ်ရုံကို ခြုံလွှမ်းထားပြီး ရွှေရောင် တောင်ဝှေးကို ကိုင်ဆောင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ရှေ့ဖြစ်ဟောကို ကြည့်လိုက်သည်။

အစပိုင်းတွင် အံ့သြမှင်သက်သွားခဲ့သော်လည်း ထို့နောက်တွင်တော့ လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တော့သည်။

"ဒါ...ခင်ဗျားပဲ... အမြင့်မြတ်ဆုံး ရွှေရောင် ရှေ့ဖြစ်ဟော…”

--

All Chapters