← Chapters

အခန်း ၆၆၆

Vol. 45 Ch. 666

အခန်း ၆၆၆

Vol. 45 Ch. 666

အခန်း (၆၆၆) အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာနှင့် ကြောက်မက်ဖွယ် တိုက်ခိုက်မှု

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ။

သူသည် ရှေ့ဖြစ်ဟောမျိုးနွယ်စု၏ တတိယမြောက်မျိုးနွယ်စုမှ အစွမ်းထက်ဆုံး ကောင်းကင်ဧကရာဇ် ငါးဦးအနက် တစ်ဦးဖြစ်ပြီး စက္ကူယပ်တောင်သခင်လေး၏ ဘိုးဘေးများနှင့် ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်၏။

“ဂျူနီယာ ... မင်း ငါ့ကို မှတ်မိရဲ့လား”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ မြက်ခြောက်များကဲ့သို့ တွန့်လိပ်နေသော သူ၏ လက်များဖြင့် ရွှေရောင်တုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ သူ ပြုံးလိုက်သောအခါ ရွှေသွားများအပြည့်ဖြင့် ပါးစပ်ကြီးမှာ ထင်ရှားနေတော့သည်။

“မှတ်မိတာပေါ့ စီနီယာကြီးရဲ့ ... ကျွန်တော်.. မှတ်မိပါတယ်..”

စက္ကူယပ်တောင်သခင်လေးသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကြယ်တာရာ ဟင်းလင်းပြင် တစ်ခုလုံးမှာ ကျော်ကြားလှတဲ့ စီနီယာကြီး..ဒီလို ခေါင်ကျတဲ့နေရာကို ကြွလာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူးဗျာ”

“လုကျန်း ရှေ့ဖြစ်ဟောဆရာ သေဆုံးသွားပြီ။ ပွဲချင်းပြီး အသတ်ခံလိုက်ရတာ.. ငါ ဟောကိန်းထုတ်ကြည့်တော့ သူ့ကို ကောင်းကင်ဧကရာဇ်အဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်က သတ်လိုက်တာလို့ သိရတယ်.. အဲဒါကြောင့် ငါကိုယ်တိုင် ဒီကို လာခဲ့တာ.. မင်းနဲ့ ဒီမှာ ဆုံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ဟု အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက အေးဆေးစွာ ပြောလိုက်သည်။

“ဗျာ.. လုကျန်း ရှေ့ဖြစ်ဟောဆရာ ကျဆုံးသွားပြီ လား” စက္ကူယပ်တောင်သခင်လေး ထိတ်လန့်သွားတော့သည်။

“ကျွန်တော် သူ့ဆီ သတင်းပို့တာ ဘာလို့ အကြောင်းမပြန်တာလဲလို့ တွေးနေတာ.. ဒီကို မရောက်သေးဘူးလို့ ထင်နေတာ ... တကယ်တော့ သူ အသတ်ခံလိုက်ရတာကိုး..”

“ထားလိုက်ပါ၊ သူ အလကား သေသွားတာ မဟုတ်ပါဘူး”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာသည် စက္ကူယပ်တောင်၏ ပခုံးကို ပုတ်ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ “ဟိုက လူငယ်နှစ်ယောက်က မင်းရဲ့ လက်အောက်ငယ်သားတွေလား..”

“ဗျာ..” စက္ကူယပ်တောင်သခင်လေး နားမလည်စွာ မျက်တောင် တဖျပ်ဖျပ် ခတ်နေမိသည်။

“ထွက်ခဲ့ကြစမ်း..”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက အော်ဟစ်လိုက်သည်နှင့် ဟင်းလင်းပြင်အတွင်းမှ ညည်းတွားသံ နှစ်သံ ထွက်ပေါ်လာတော့သည်။

ချက်ချင်းဆိုသလိုပင်။

လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့သည် သူတို့၏ ပုံရိပ်ကို ဖော်ပြလိုက်ရတော့သည်။ သူတို့၏ မျက်နှာများမှာ သွေးမရှိသကဲ့သို့ ဖြူလျော့နေပြီး ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရကြောင်း သိသာလှပေသည်။

“မင်းတို့ပဲ..”

စက္ကူယပ်တောင်သခင်လေးသည် သူတို့နှစ်ဦးကို မြင်သောအခါ အံ့ဩတကြီး အော်လိုက်မိသည်။

“မင်းတို့ ... ဘယ်တုန်းက ငါတို့နောက်ကို လိုက်လာတာလဲ..”

မြူခိုးဂိုဏ်းကို သူ၏ အဓိက လေ့လာစောင့်ကြည့်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်ထားသဖြင့် လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းကို သူ ကောင်းကောင်း မှတ်မိနေလေ၏။

သို့သော် သူတို့နှစ်ဦး ဘာကြောင့် ဤနေရာတွင် ကိုယ်ယောင်ဖျောက်ပြီး ရှိနေကြသနည်း၊ ဘာတွေ မြင်သွားကြပြီလဲ ဆိုသည်ကို သူ စိုးရိမ်နေမိသည်။

‘သွားပြီ..

‘ငါ ထျန်းကျီစံအိမ်ကို တည်ထောင်ထားတာကို ဒီကောင်တွေ သိသွားရင် ယဲ့ဖုန်းနားထဲ ရောက်ကုန်တော့မှာပဲ ... ’

ထိုသို့ တွေးမိသည်နှင့် စက္ကူယပ်တောင်သခင်လေး၏ ကျောရိုးတစ်လျှောက် အေးစက်သွားတော့သည်။

“ကြည့်ရတာ သူတို့က မင်းရဲ့ လက်အောက်ငယ်သားတွေ မဟုတ်ဘဲ ချောင်းကြည့်နေတဲ့သူတွေ ဖြစ်မယ်” အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

လီကျောက်ခွန်က ဆိတ်ဆိတ်သာ နေ၏။

ဝမ်ဖင်းအန်းကမူ အားနာသလို ရယ်ရင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“လေးစားရတဲ့ စီနီယာကြီး ... ခင်ဗျားက ဝတ်ရုံခြုံထားတာဆိုတော့ သေချာပေါက် ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်နဲ့ ထူးကဲတဲ့ ရုပ်ခန္ဓာကို ဖုံးကွယ်ထားတာ ဖြစ်မှာပါ ... အဲ..”

သူသည် ကျိန်စာသင့်အမြှောက်စွမ်းရည်ကို သုံးကာ ရွဲ့ပြီး ချီးကျူးရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။ သို့သော် စကားပြောပြီးသည်နှင့် ဝမ်ဖင်းအန်း၏ ပါးစပ်မှာ ဝက်အူချောင်း နှစ်ချောင်းပမာ ဖောင်းကားလာပြီး စကားပြောလျှင်လည်း ဗလုံးဗထွေး ဖြစ်သွားတော့သည်။ သူ၏ ကျိန်စာမှာ ပြန်ကန်ထွက်လာခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

“အစ်ကိုကြီးဝမ် ... ရန်သူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်လွန်းတယ်.. အနည်းဆုံးတော့ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဘိုးဘေးတွေလောက် ရှိမယ်.. အစ်ကိုကြီးရဲ့ ကျိန်စာက သူ့ကို မတိုးဘဲ ပြန်ကန်လာပြီ.. လျှောက်မပြောနဲ့တော့” ဟု လီကျောက်ခွန်က တည်ကြည်စွာ သတိပေးလိုက်သည်။ ဝမ်ဖင်းအန်းမှာ လန့်သွားပြီး သူ၏ ပါးစပ်ကို အမြန် အုပ်ထားလိုက်ရရှာသည်။

“ဪ ... ကျိန်စာလား.. မင်းက တော်တော် ထူးခြားတာပဲ ကောင်လေး။ ကျိန်စာသင့်တဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတာကိုး.. နှမြောစရာပဲ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ကို ထိခိုက်အောင် လုပ်ဖို့ မလုံလောက်သေးဘူး.. ဒါပေမဲ့ မင်းသာ မူလနတ်ဘုရားအဆင့် ကို ရောက်မယ်ဆိုရင်တော့ ငါ့အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်တယ်” ဟု အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

“အဲဒီလောက်တောင် စွမ်းတာလား..” စက္ကူယပ်တောင်သခင်လေး မျက်လုံးပြူးသွားတော့၏။

မူလနတ်ဘုရားအဆင့် ရောက်ရုံနှင့် ကောင်းကင်ဧကရာဇ် တစ်ဦးကို လွှမ်းမိုးနိုင်မည် ဆိုပါက ထိုပါရမီမှာ တကယ့်ကို တန်ဖိုးကြီးလှပေသည်။ သူ ထိုပါရမီကို မက်မောသွားမိ၏။

“ဒီနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ မင်း မှတ်မိတယ် မဟုတ်လား..” အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက လီကျောက်ခွန်တို့အပေါ် ဖိအားပေးထားရင်း စက္ကူယပ်တောင်ကို မေးလိုက်သည်။

“ဒီနှစ်ယောက်က မြူခိုးဂိုဏ်းက တပည့်တွေပါ။ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းဆိုတာ ထိပ်တန်းကောင်းကင်ဧကရာဇ်တွေကိုတောင် သတ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ ပညာရှင် တစ်ယောက်ပါ။ လုကျန်း ရှေ့ဖြစ်ဟောဆရာကို သတ်ခဲ့တာလည်း သူပဲ ဖြစ်မယ်လို့ ကျွန်တော် သံသယရှိပါတယ်” ဟု စက္ကူယပ်တောင်သခင်လေးက ခန့်မှန်းပြောဆိုလိုက်သည်။

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ၏ မျက်လုံးများ ကျုံ့သွားသည်။ “မင်း သေချာလား..”

“အတပ်တော့ မပြောရဲပါဘူး၊ ဒါပေမဲ့ လုကျန်းက ရှန်ကျိုးတိုက်ကြီးကို လာဖို့ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီးကို ဖြတ်လာရမှာ သေချာတယ်.. အခု အဲဒီတိုက်ကြီးက မြူခိုးဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ဆိုတော့ ... ” စက္ကူယပ်တောင်သခင်လေးက စကားကို ရပ်လိုက်သည်။

သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေ၏။

လုကျန်းသည် နတ်ဘုရားမျိုးနွယ်စုတိုက်ကြီးကို ဖြတ်သန်းစဉ် ယဲ့ဖုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်ရမည်။

“ဒါဆိုရင် မြူခိုးဂိုဏ်းကို သွားပြီး အဖြေတောင်းရမှာပေါ့။ အကယ်၍ တကယ့်ကို မြူခိုးဂိုဏ်းချုပ် လက်ချက်သာဆိုရင် ... ဒီလူသား ဂျူနီယာနှစ်ယောက်တင် သေရမှာ မဟုတ်ဘူး၊ မိုင်ပေါင်း သန်းချီ ပတ်လည်မှာရှိတဲ့ သက်ရှိမှန်သမျှ အကုန် သေစေရမယ်..”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ၏ အသံမှာ အေးစက်ပြီး ရက်စက်လွန်းလှပေသည်။

နောက်တစ်စက္ကန့်တွင် သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး စက္ကူယပ်တောင်သခင်လေး၊ ဝမ်ဖင်းအန်းနှင့် လီကျောက်ခွန်တို့ကို မယုံကြည်နိုင်လောက်သော အမြန်နှုန်းဖြင့် သယ်ဆောင်ကာ မြူခိုးဂိုဏ်း၏ ကောင်းကင်ယံထက်သို့ နေရာရွှေ့ပြောင်း ရောက်ရှိသွားတော့၏။

“ဝှစ်..”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာက တုတ်ကောက်ဖြင့် အသာအယာ တောက်လိုက်သည်။

သူ၏ ခြေဖဝါးအောက်မှ အသားလုံးလေး ချက်ချင်း ကြီးထွားလာကာ ပေပေါင်း ထောင်ချီ မြင့်မားသော မိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိပ်တန်း ကောင်းကင်ဧကရာဇ်၏ ဖိအားများ ချက်ချင်း သိပ်သည်းသွားတော့သည်။

ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွား၏။

မိုင်ပေါင်း တစ်သိန်း ပတ်လည်အတွင်းရှိ သက်ရှိအားလုံး ထိုဖိအားကြောင့် မြေကြီးပေါ်တွင် ဝပ်တွားလိုက်ရကာ လှုပ်၍ပင် မရတော့ချေ။

လင်မြောင်ဘိုးဘေး၊ ကျန်းလင်း ဘိုးးဘေး၊ ဝိညာဉ်တည်ငြိမ်မျိုးဆက်သစ်ပင်ကြီးနှင့် ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင် (၁၈) ဦးစလုံးမှာပင် လှုပ်ရှား၍ မရတော့ဘဲ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နှက်နေတော့သည်။

“အသားတောင်ကြီး မိစ္ဆာပါလား..”

“ကောင်းကင်ဧကရာဇ်အဆင့် ရှိတဲ့ ရှေ့ဖြစ်ဟောဆရာ တစ်ယောက် ဆင်းသက်လာတာပဲ”

ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ရှေ့ဖြစ်ဟောမျိုးနွယ်စုတွင် ရှေ့ဖြစ်ဟောဆရာများ၏ ခွန်အားမှာ ဟောကိန်းထုတ်ခြင်း အတတ်တွင်သာ ရှိတတ်ပြီး တိုက်ခိုက်ရေးတွင် မဟုတ်ပေ။ သို့သော် သူတို့ ပိုင်ဆိုင်ထားသော အသားတောင်ကြီး မိစ္ဆာများမှာမူ မိမိတို့၏ အဆင့်ထက် သာလွန်သော တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်နိုင်ကြသဖြင့် လူတိုင်းက ကြောက်ရွံ့ကြခြင်း ဖြစ်၏။

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ၏ မိစ္ဆာကြီးမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီး အသက်ဓာတ် စွမ်းအားများလည်း အလွန် ပြည့်ဝလှပေသည်။ ၎င်းသည် ထိပ်တန်း ကောင်းကင်ဧကရာဇ် အဆင့်ရှိသူ အချို့ကိုပင် ဝါးမြိုခဲ့ဖူးသဖြင့် ကြယ်တာရာ ဟင်းလင်းပြင် အတွင်း၌ ကျော်ကြားလှသော နာမည်ဆိုး တစ်ခု ရှိ၏။

သူ၏ ပေါ်ထွန်းလာမှုမှာ တစ်နယ်မြေလုံးကို ချက်ချင်း ဖိနှိပ်ထားလိုက်တော့သည်။

မြူခိုးတောင်ထိပ်ပေါ်တွင်..

ယဲ့ဖုန်းသည် လုံးဝ ထိခိုက်မှု မရှိဘဲ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေဆဲပါပင်။

သူ၏ ဘေးတွင် ဟူဖေးဖေးသည် ကျောက်စိမ်းစင်မြင့်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ ခန္ဓာကောက်ကြောင်းမှာ အထင်အရှား ပေါ်လွင်နေ၏။ ဟူဖေးဖေးသည် ရွှေနဂါးအကြီးအကဲချုပ်၏ မိစ္ဆာအနှစ်သာရကို ဝါးမြိုထားသဖြင့် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်၏။ အောင်မြင်သွားပါက သူမသည် အမြင့်ဆုံးအဆင့် ဝိညာဉ် ရတနာ တစ်ခု ဖြစ်လာပေလိမ့်မည်။

“အစီအစဉ်တွေက ပြောင်းလဲမှုတွေကို မမှီပါလား။ ဒီနေ့တော့ မင်းသမီးလေးရဲ့ စွမ်းရည်တွေကို ငါ ကြည့်ခွင့်ရမှာ မဟုတ်တော့ဘူး ထင်တယ်” ဟု ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်သည်။

အစွမ်းထက်သော ရန်သူ လာလိမ့်မည်ကို သူ ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်သော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။ ဟူဖေးဖေးမှာ အသွင်ပြောင်းလဲခြင်း မပြီးဆုံးသေးဘဲ အဆင့်မတက်နိုင်သေးချေ။

“ကြည့်ရတာ ငါပဲ ပြန်ပြီး အလုပ်လုပ်ရတော့မယ် ထင်တယ်”

ယဲ့ဖုန်းသည် ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး လူပေါင်းများစွာ၏ မျှော်လင့်ချက် မျက်ဝန်းများကြားမှ ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံတက်သွားတော့သည်။

“ဂိုဏ်းချုပ်ယဲ့ပဲ..”

“သူ ပေါ်လာပြီ၊ ငါတို့ ဘေးကင်းသွားပြီ..”

“ရန်သူက ထိပ်တန်း ကောင်းကင်ဧကရာဇ် ဖြစ်နေရင်တောင် ငါတို့မှာ ဂိုဏ်းချုပ်ယဲ့ ရှိနေတာပဲ..”

ရေပေါ်ဖြူမြို့မှ ကျင့်ကြံသူများ အားလုံး စိတ်လှုပ်ရှားသွားကြ၏။ မြူခိုးဂိုဏ်း တပည့်များမှာလည်း သူတို့၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။

[ယုံကြည်မှုစွမ်းအား + ၂၈၃၇၃၂]

[ယုံကြည်မှုစွမ်းအား + ၂၆၇၈၂]

... ... ...

ဂုဏ်သတင်းတန်ဖိုးများမှာ အကြိမ်ကြိမ် မရနိုင်သော်လည်း တစ်ဦးတည်းသော လူသားထံမှပင် ယုံကြည်မှုစွမ်းအားများကိုမူ အဆက်မပြတ် ရရှိနိုင်၏။

ယဲ့ဖုန်းသည် ဟင်းလင်းပြင်ကို နင်းကာ ကောင်းကင်သို့ တက်လှမ်းလိုက်သည်။ စနစ်၏ အသိပေးသံများကို နားထောင်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူသည် အသားတောင်ကြီး မိစ္ဆာ၏ စောင့်ရှောက်မှုကို ခံထားရသော အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာကို လက်ဆောင်ထုပ်ကြီး တစ်ခုပမာ ကြည့်လိုက်၏။

“ဒါ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းပဲ..” စက္ကူယပ်တောင်သခင်လေးက ယဲ့ဖုန်းကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။ု

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာသည် ယဲ့ဖုန်းကို စူးစိုက်ကြည့်လိုက်ရာ ယဲ့ဖုန်းထံမှ သာမန် ကောင်းကင်ဧကရာဇ်ထက် အဆပေါင်းများစွာ ပိုမို ထူထဲသိပ်သည်းလှသော ကျင့်ကြံခြင်း အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် သူ၏ မျက်ခုံးများ တွန့်ကွေးသွားတော့၏။

“လုကျန်း ရှေ့ဖြစ်ဟောဆရာကို သတ်ခဲ့တာ မင်းပဲ မဟုတ်လား..” သူက တည်ကြည်စွာ မေးလိုက်သည်။

“မင်းပြောတာ ဒီလူကိုလား..” ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ သေချာပေါက် လုကျန်း ရှေ့ဖြစ်ဟောဆရာ ပင် ဖြစ်၏။

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ၏ မျက်လုံးအိမ်များ ကျုံ့သွားတော့သည်။

“ကောင်းပြီ.. မင်းပဲ ဖြစ်နေတာကိုး.. ဒါဆိုရင်တော့ ငါတို့ မျိုးနွယ်စုဝင်အတွက် မိုင်ပေါင်း သန်းချီ အတွင်းမှာရှိတဲ့ သက်ရှိအားလုံး အဖော်လိုက်ပြီး သေပေးရမယ်..”

အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာသည် သူ၏ ရွှေရောင်တုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး လက်ဝှေ့ယမ်းကာ လီကျောက်ခွန်နှင့် ဝမ်ဖင်းအန်းတို့ကို ကြိတ်ချေ သတ်ဖြတ်ရန် ပြင်လိုက်တော့သည်။

ထိုအခိုက်အတန့်တွင် တပည့်နှစ်ဦးစလုံးမှာ သေမင်း၏ အအေးဓာတ်ကို ခံစားလိုက်ရ၏။

“ဂိုဏ်းချုပ် ... ကယ်ပါဦး..”

သူတို့နှစ်ဦး အသည်းအသန် အော်ဟစ်လိုက်ကြသည်။

“ငါ့တပည့်တွေကို ထိရဲတယ်ပေါ့ ... မင်းတို့ရဲ့ ရှေ့ဖြစ်ဟောမျိုးနွယ်စု တစ်ခုလုံးကိုပါ သူတို့အတွက် အဖော်လိုက်ပြီး သေခိုင်းစေရမယ်” ယဲ့ဖုန်း၏ မျက်နှာမှာ ရေခဲပမာ အေးစက်သွားပြီး ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။

--

All Chapters