အခန်း ၆၆၈
Vol. 45 Ch. 668
အခန်း (၆၆၈) - ဂိုဏ်းအစည်းအဝေး၊ တတိယနှစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်ပတ်လည် အခမ်းအနား
'ကြောက်စရာ ကောင်းလိုက်တာ'
တားမြစ်နယ်မြေမှ ပါရမီရှင်တစ်ဦးသည် သူ၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်နေ၏။ သူ၏ ခွန်အားမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး စစ်မှန်သော ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရှောင်ချန်းထျန်းထက်ပင် မနိမ့်ကျပေ။
မူလက သူသည် အချိန်အခါကောင်းကို ရှာဖွေပြီး ယဲ့ဖုန်းကို စိန်ခေါ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့တွင်မူ စိန်ခေါ်စာ မပို့ရသေးမီမှာပင် ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည့် ကြောက်မက်ဖွယ် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့၏။
'တောက် ... သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ'
တားမြစ်နယ်မြေမှ ပါရမီရှင်သည် သူ၏ လက်ထဲရှိ စိန်ခေါ်စာကို အမြန် ဆွဲဖြဲပစ်လိုက်သည်။ သူသည် ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး တားမြစ်နယ်မြေထဲသို့ အသည်းအသန် ပြန်လည် ထွက်ပြေးသွားတော့၏။ လောလောဆယ်တွင် သူသည် လူလုံးပြရန်ပင် မဝံ့တော့ချေ။
အခြား ကြည့်ရှုနေသူများမှာလည်း မှင်တက်နေကြ၏။ သူတို့ထဲတွင် ကျောင်းယန် မြင့်မြတ်သော မြို့တော်မှ မြို့စားမင်းကဲ့သို့ တပိုင်း အဆင့် သူတော်စင် ပညာရှင်များလည်း ပါဝင်၏။ ယဲ့ဖုန်းက အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာကို အလွယ်တကူ နှိမ်နင်းလိုက်သည်ကို မြင်ပြီးနောက် သူတို့ အားလုံး အချက်တစ်ခုကို သဘောပေါက်သွားကြသည်။
ယဲ့ဖုန်းသည် အလွန် ကြောက်စရာ ကောင်းလွန်းလှပေသည်။
ယခင်က ရှောင်ချန်းထျန်းနှင့် တိုက်ပွဲတွင် သူသည် ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို ဖိနှိပ်ရုံသာ တတ်နိုင်ခဲ့ပြီး လုံးဝ သုတ်သင်နိုင်ခြင်း မရှိခဲ့ချေ။ သို့သော် မကြာသေးမီက ယဲ့ဖုန်းသည် ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးဖြစ်သည့် ရွှေနဂါး အကြီးအကဲချုပ်ကို သုတ်သင်နိုင်ခဲ့သဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ယနေ့တွင်မူ ယဲ့ဖုန်း၏ စွမ်းဆောင်ရည်မှာ ယခင်ကထက် ပိုမို ကြမ်းတမ်းလှသည်။ သူသည် တပိုင်း အဆင့် သူတော်စင် အဆင့် ကျင့်ကြံခြင်း စွမ်းအားများကို အမှန်တကယ် ပေါက်ကွဲထုတ်လိုက်ခြင်း ဖြစ်၏။ သူ၏ အရှိန်အဝါမှာ သာမန် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက်ပင် အဆပေါင်းများစွာ ပိုမို သိပ်သည်းလှပေသည်။
ဤအချက်မှာ အလွန် ကြောက်စရာ ကောင်းလှသည် မဟုတ်ပါလား။
“ယဲ့ဖုန်း ... မင်းက ငါ့ထက်တောင် သာလွန်တဲ့ အဆင့်ကို တိတ်တဆိတ် ရောက်သွားတာလား။ ဒါက ... ဒါက တကယ်ကို မယုံနိုင်စရာပဲ”
ကျောင်းယန် မြင့်မြတ်သော မြို့တော်၏ မြို့စားမင်းသည် ဒေါသတကြီးဖြင့် သူ၏ ထိုင်ခုံလက်ရန်းကို ရိုက်ချလိုက်၏။ တစ်မြို့တော်လုံးတွင် သူ တစ်ဦးတည်းသာ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်၏။ ကျန်ရှိသော ပညာရှင်များမှာ ကောင်းကင်ဧကရာဇ် အဆင့်တွင်သာ ရှိကြသည်။
“ဟူး ... ယဲ့ဖုန်းက အခုတော့ သာမန်လူ မဟုတ်တော့ဘူး”
“အချိန်တိုလေးအတွင်းမှာပဲ သူက ဒီအဆင့်အထိ ရောက်သွားပြီ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ... သူ့ကို ထိန်းချုပ်ဖို့ ငါတို့ မြင့်မြတ်တဲ့ နယ်မြေက အဘိုးကြီးတွေကို လွှတ်ရတော့မှာလား”
ကျောင်းယန် မြို့စားမင်းသည် တီးတိုး ရေရွတ်လိုက်မိသည်။ မြို့စားမင်း တစ်ဦးအနေဖြင့် သူ၏ တာဝန်မှာ မြို့တော်ကို ကာကွယ်ရန်၊ ကြယ်လေးပွင့်အဆင့် ဂိုဏ်းများကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန်နှင့် ပါရမီရှင်များကို စောင့်ကြည့်ရန် ဖြစ်သည်။
ထူးခြားသော ပါရမီရှင်အချို့မှာ မြင့်မြတ်သော နယ်မြေက စုဆောင်းခံရပါက များသောအားဖြင့် ထိုနယ်မြေ၏ ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံကြလေ့ ရှိ၏။ မင်းသမီး ယုကျူးကို ဥပမာထားကြည့်လျှင် သူမသည် ကောင်းကင်ဧကရာဇ် ဖြစ်လာသည်နှင့် ကျောင်းယန် နယ်မြေအတွင်း၌သာ နေထိုင်တော့မည် ဖြစ်ပြီး မြို့တော်သို့ ပြန်လာတော့မည် မဟုတ်ပေ။
ကျောင်းယန် နယ်မြေအတွင်း၌ စစ်မှန်သော သူတော်စင်အဆင့် ပညာရှင်ဖြစ်သည့် ကျောင်းယန် ရှေးဟောင်းသူတော်စင်အပြင်၊ များပြားလှသော တပိုင်း အဆင့် သူတော်စင် ပညာရှင်များလည်း ရှိနေကြ၏။ သူတို့၏ ပါရမီများမှာ ထူးကဲလှပြီး နေ့စဉ် အပြင်းအထန် ကျင့်ကြံနေကြသူများ ဖြစ်သည်။ သာမန်အချိန်တွင် သူတို့ လူလုံးပြလေ့ မရှိသော်လည်း လိုအပ်လာပါက နယ်မြေအတွင်းမှ ထွက်လာကြလိမ့်မည်။
မြို့စားမင်းအတွက်မူ သူ၏ ပါရမီမှာ ထိပ်တန်းအဆင့် မဟုတ်သဖြင့် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်မှာ သူ၏ အကန့်အသတ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် မြို့စားမင်း ဖြစ်လာခဲ့ခြင်း ဖြစ်၏။ အပေါ်ယံတွင် ဂုဏ်ကျက်သရေ ရှိလှသော်လည်း အတွင်းစိတ်မှ ခါးသီးမှုများကိုမူ သူကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည်။
“ဟူး ... ငါ ကျောင်းယန် နယ်မြေထဲက သူတော်စင်တွေကို သွားတွေ့ရဦးမယ်.. ယဲ့ဖုန်းရဲ့ ခွန်အားက မြန်မြန်ဆန်ဆန် တိုးတက်နေတာဟာ ကောင်းတဲ့ လက္ခဏာလား၊ ဆိုးတဲ့ လက္ခဏာလား ဆိုတာ ငါ မဝေခွဲတတ်တော့ဘူး”
ကျောင်းယန် မြို့စားမင်းသည် သူ၏ ခါးသီးသော အတွေးများကို ရပ်တန့်လိုက်ပြီး ကျောင်းယန် နယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့သည်။
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂိုဏ်းချုပ် ပလ္လင်ပေါ်တွင် ထိုင်နေ၏။ ဝတ်ရုံစိမ်း ဓား ဘိုးဘေးနှင့် အခြား အထွတ်အထိပ် အကြီးအကဲ တစ်ဆယ့်ရှစ် ဦးတို့သည် နေရာယူလိုက်ကြပြီး၊ ကုန်းချင်းချိုးနှင့် အခြားသူများမှာလည်း အစီအစဉ်အတိုင်း ထိုင်လိုက်ကြသည်။
“ဒီနေ့ ကျွန်တော်တို့ ရှေ့ဖြစ်ဟော မျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရတယ်.. ဒါက ကျွန်တော့်အတွက်တော့ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ ဒါပေမဲ့ အန္တရာယ် မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်.. နောက်ထပ် ကျွန်တော်တို့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဂိုဏ်းအစည်းအဝေး ကျင်းပကြတာပေါ့”
ယဲ့ဖုန်းက စုဝေးနေသော လူများကို ကြည့်ကာ ပြောလိုက်သည်။
ဂိုဏ်းအစည်းအဝေး ကျင်းပရခြင်း အကြောင်းရင်းမှာ နှစ်ကုန်ခါနီးပြီ ဖြစ်ပြီး မြူခိုးဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ တတိယနှစ်အတွင်းသို့ ဝင်ရောက်တော့မည် ဖြစ်သောကြောင့် ဖြစ်၏။
ယဲ့ဖုန်းသည် စနစ်ကို မေးမြန်းထားပြီး ဖြစ်ပါသည်။ ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်မှာ နှစ်သစ်ကူးည ကျော်လွန်ပြီးမှသာ စတင်လိမ့်လေမည်။
ယခုအခါ နှစ်သစ်ကူးည ရောက်ရန် ရက်အနည်းငယ်သာ လိုပါတော့သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ တည်နေရာကြောင့် ဆောင်းရာသီ ဖြစ်သော်လည်း နှင်းမကျဘဲ ရာသီဥတုမှာ သာယာနေဆဲ ဖြစ်ပါ၏။
“ဂိုဏ်းချုပ် ... ဂိုဏ်းတပည့် စုစုပေါင်း အရေအတွက်က ငါးထောင် နီးပါး ရှိနေပါပြီရှင့်။ တောင်ထိပ် လေးခုစလုံးကို ချဲ့ထွင်ထားတာကြောင့် တပည့်တွေအတွက် နေထိုင်စရာ နေရာကတော့ အများကြီး ကျန်ပါသေးတယ်.. လောလောဆယ်မှာတော့ အဆောက်အအုံသစ်တွေ ထပ်ဆောက်ဖို့ မလိုသေးပါဘူး” ဟု ကုန်းချင်းချိုးက အရင်ဆုံး အစီရင်ခံလိုက်သည်။
“ဂိုဏ်းချုပ် ... ဝိညာဉ်ဆေးဥယျာဉ်ကတော့ ဘာအတားအဆီးမှ မရှိဘဲ အဆင်ပြေပြေ တိုးတက်နေပါတယ်.. စိတ်ချနိုင်ပါတယ်” စီမံခန့်ခွဲရေးမှူး ချူယွင်အာကလည်း ကြေညာလိုက်သည်။
“ရှေးဟောင်း မျိုးနွယ်စု တစ်ဆယ့်ရှစ် ခုဘက်မှာလည်း လောလောဆယ် ဘာမှ ထူးထူးခြားခြား မရှိပါဘူး.. ဂိုဏ်းချုပ် ... တတိယနှစ်ထဲ ရောက်ရင် ကောင်းကင်ဘုံ ဂူကမ္ဘာတွေထဲကနေ တပည့်သစ်တွေ စတင် စုဆောင်းရမလား”
ရှေးဟောင်း မျိုးနွယ်စု တစ်ဆယ့်ရှစ် ခုကို ကိုယ်စားပြု၍ ဝတ်ရုံစိမ်း ဓား ဘိုးဘေးက မေးလိုက်သည်။
ယဲ့ဖုန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နှစ်သစ်ကူး ပြီးမှ ကောင်းကင်ဘုံ ဂူကမ္ဘာ တစ်ဆယ့်ရှစ် ခုကနေ တပည့်တွေကို ကျွန်တော်တို့ ဂိုဏ်းထဲကို ခေါ်ယူကြတာပေါ့။ လောလောဆယ်တော့ မလောပါနဲ့ဦး”
ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်မှာ မကြာမီ ကြေညာတော့မည် ဖြစ်သည်။ တပည့်သစ် စုဆောင်းခြင်း ကိစ္စမှာ နှစ်ပတ်လည် အခမ်းအနား ပြီးဆုံးပြီးမှ လုပ်ဆောင်ခြင်းက ပိုမို အကျိုးရှိနိုင်မည်ဟု ယဲ့ဖုန်း ခံစားနေရ၏။
“နောက်ထပ် ကျွန်တော်တို့.. နှစ်ပတ်လည် အခမ်းအနား အကြောင်း ပြောကြရအောင်”
ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
မနှစ်က နှစ်ပတ်လည် အခမ်းအနားတွင် သူနှင့် ဟူဖေးဖေးတို့သည် မဖြစ်ထွန်းသော သဲကန္တာရသို့ သွားခဲ့ကြပြီး၊ ကုန်းချင်းချိုးက တပည့်များကို ခေါ်ဆောင်ကာ လုံချီထျန်းနှင့် ရှထျန်းထျန့်တို့၏ ဖိတ်ကြားချက်ကို လက်ခံ၍ ပိယွဲ့ စံအိမ်တွင် နှစ်သစ်ကူးညကို ကုန်ဆုံးခဲ့ကြသည်။
ယခုနှစ်တွင်မူ ယဲ့ဖုန်းသည် ဂိုဏ်းတပည့်များကြား ရင်းနှီးမှု ပိုမို တိုးတက်လာစေရန်အတွက် ဂိုဏ်းအတွင်း၌ပင် ကြီးကျယ်ခမ်းနားသော နှစ်သစ်ကူး ပါတီတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ပါ၏။
“နှစ်ပတ်လည် အခမ်းအနား…”
“အဲဒါက ဘာကြီးလဲ”
အကြီးအကဲများမှာ မျက်တောင် တဖျပ်ဖျပ် ခတ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ အားလုံးမှာ ဤစကားလုံးနှင့် အနည်းငယ် စိမ်းနေကြ၏။
“နှစ်ပတ်လည် အခမ်းအနား ဆိုတာကတော့ ... ရိုးရိုးရှင်းရှင်း ပြောရရင် နှစ်စဉ် ကျင်းပတဲ့ အစည်းအဝေးပွဲကြီး တစ်ခုပေါ့ ... ” ယဲ့ဖုန်း ချောင်းတစ်ချက် ဟန့်ကာ စတင် ရှင်းပြလေတော့သည်။
ထျန်းကျီ စံအိမ်။
စက္ကူယပ်တောင် သခင်လေးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စိတ်ပျက်အားလျော့စွာ သက်ပြင်းချနေ၏။
'အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာတောင် ကျဆုံးသွားပြီ ဆိုတော့ ... အကုန် ပြီးဆုံးသွားပြီပေါ့။ ရှေ့ဖြစ်ဟော မျိုးနွယ်စုထဲမှာ တပိုင်း အဆင့် သူတော်စင် အဆင့်ရှိတဲ့ အကြီးအကဲတွေ ကိုယ်တိုင် မလှုပ်ရှားဘူးဆိုရင် ... ဘယ်သူက ယဲ့ဖုန်းကို ယှဉ်နိုင်မှာလဲ'
ထိုသို့ တွေးမိသည်နှင့် စက္ကူယပ်တောင် သခင်လေးသည် ပို၍ပင် စိတ်ဓာတ်ကျသွားတော့သည်။
ကြယ်တာရာ ဟင်းလင်းပြင် ၏ နက်ရှိုင်းသော နေရာတွင်..
အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာ ကျဆုံးသွားသည်နှင့် ရှေးဟောင်း ပညာရှင်ကြီး တစ်ဦးသည် ရုတ်တရက် နိုးထလာ၏။ သူသည် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး နားစည်ကွဲမတတ် ဟိန်းဟောက်လိုက်သည်
“တောက် ... ဘယ်သူလဲ။ ငါ့ရဲ့ အနွယ်ဝင်ကို သတ်လိုက်တဲ့သူက ဘယ်သူလဲ”
ထိုအသံ၏ ပိုင်ရှင်မှာ အလွန် ဒေါသထွက်နေ၏။ သူသည် မိစ္ဆာချီ အမြောက်အမြားကို အသုံးပြုကာ မရေမတွက်နိုင်အောင် တွက်ချက်ခဲ့သော်လည်း သူ၏ ကြိုတင်မြင်နိုင်စွမ်းမှာ ကံကြမ္မာ၏ နှောင့်ယှက်မှုကို ခံထားရသကဲ့သို့ ဖြစ်နေပြီး မည်သည့် အဖြေမျှ မထွက်လာသဖြင့် သူ ချက်ချင်း အံ့ဩသွားတော့သည်။
“အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာကို သုတ်သင်နိုင်ခဲ့တဲ့သူဟာ ကံကြမ္မာရဲ့ ရွေးချယ်ခံ ဖြစ်ရမယ်.. မဟုတ်ရင် ငါ့ရဲ့ တွက်ချက်မှုတွေဟာ ဒီလောက်အထိ အနှောင့်အယှက် ခံရမှာ မဟုတ်ဘူး ... ဒီကိစ္စကို မျိုးနွယ်စု ခေါင်းဆောင်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ရမယ်”
ထိုသူသည် ချက်ချင်းပင် သတင်းတစ်ခုကို ပို့လွှတ်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားလေသည်။
ယနေ့တွင် မြူခိုးဂိုဏ်းနှင့် ရေပေါ်ဖြူမြို့ရှိ နေရာတိုင်းတွင် မီးရောင်စုံများ၊ အလှဆင်ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး နှစ်သစ်ကူး ရောက်ရှိလာခြင်းကို ဂုဏ်ပြုရန် မီးရှူးမီးပန်းများ ဖောက်နေကြ၏။
ညကောင်းကင်ယံအောက်တွင်..
မြူခိုးဂိုဏ်းအတွင်း၌ စက္ကူမီးအိမ် အမျိုးမျိုးကို ချိတ်ဆွဲထားကြသည်။ ထိုမီးအိမ်များကို တပည့်များက စက္ကူအနီ၊ ဝါးခြမ်းပြား၊ ကော်နှင့် ဖယောင်းတိုင်များ အသုံးပြုကာ ကိုယ်တိုင် ပြုလုပ်ထားကြခြင်း ဖြစ်၏။
“မိုးပျံမီးအိမ်တွေ လွှတ်ကြစို့ဟေ့” ဟု ရှီလေ့က အော်ဟစ်လိုက်သည်။
တပည့် ရာပေါင်းများစွာသည် သူတို့၏ လက်ထဲရှိ ဖယောင်းတိုင်များကို အမြန် ညှိလိုက်ကြပြီး၊ သူတို့၏ မိုးပျံမီးအိမ်များကို ကောင်းကင်ယံသို့ လွှတ်လိုက်ကြ၏။ ထိုမီးအိမ်များသည် ကောင်းကင်ယံထက်တွင် ကြယ်ပွင့်များအလား တောက်ပနေပြီး တပည့်များ၏ နှစ်သစ်ကူး ဆန္ဒများကို သယ်ဆောင်သွားကြတော့သည်။
“ဂိုဏ်းအတွင်းမှာရှိတဲ့ သက်ရှိတိုင်း နှစ်သစ်ကူး ကံကောင်းခြင်း အိတ်လေးတွေ ရရှိပါစေ”
ယဲ့ဖုန်းသည် ကောင်းကင်ယံကို မော့ကြည့်ကာ ယနေ့အတွက် သူ၏ မနော အလိုကျ ဆန္ဒလေး တစ်ခုကို အသုံးပြုလိုက်သည်။
နောက်တစ်စက္ကန့်တွင်..
တောင်စောင့် ဝိညာဉ်သားရဲများ၊ အကြီးအကဲများ၊ စီမံခန့်ခွဲသူများနှင့် တပည့်များ အားလုံး၏ လက်ထဲတွင် အနီရောင် ကံကောင်းခြင်း အိတ်ငယ်လေး တစ်ခုစီ ပေါ်လာတော့သည်။
“ဟာ ... သကြားလုံးတွေ ပါလား။ အရမ်း ချိုတာပဲ”
လီကျောက်ကျောက်သည် သူမ၏ အိတ်ကို ဖွင့်ကြည့်လိုက်ရာ မင်္ဂလာသကြားလုံး အချို့ကို တွေ့လိုက်သဖြင့် ပါးစပ်ထဲသို့ အမြန် ထည့်လိုက်ပြီး ချိုမြိန်သော အရသာကို ခံစားနေ၏။
“ကဲ ... အားလုံးပဲ နှစ်သစ်ကူး ထမင်းဝိုင်းကို စားကြရအောင်”
ယဲ့ဖုန်းသည် တူကို ကိုင်ကာ လူတိုင်းကို လှမ်းခေါ်လိုက်သည်။
ထိုအချိန်တွင် မြူခိုးဂိုဏ်းမှ လူတိုင်းသည် ဂိုဏ်း၏ ပင်မရင်ပြင်တွင် စုဝေးနေကြပြီး ဝိုင်းတော်ပေါင်း ရာချီ ပြင်ဆင်ထား၏။ လူတိုင်းသည် မိမိတို့ နေရာတွင် အစီအစဉ်အတိုင်း ထိုင်ကြပြီး၊ လီကျောက်ကျောက်နှင့် အခြား တပည့်များ ချက်ပြုတ်ထားသော အရသာရှိလှသည့် အစားအစာများကို မြိန်ယှက်စွာ စားသောက်ရင်း ပျော်ပျော်ပါးပါး စကားပြောနေကြ၏။
“ဒီလို အေးအေးချမ်းချမ်း ရှိနေတာမျိုး မကြုံရတာ တော်တော် ကြာပြီနော်”
ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ ဘေးတွင် ထိုင်နေပြီး တပည့်များ၏ ပြုံးရွှင်နေသော မျက်နှာများကို ကြည့်ကာ အလွန် ပျော်ရွှင်နေ၏။ မြူခိုးဂိုဏ်းအတွင်း၌ သူမသည် အိမ်၏ နွေးထွေးမှုကို ထပ်မံ ခံစားလိုက်ရခြင်း ဖြစ်၏။
ကုန်လွန်ခဲ့သော တစ်နှစ်တာအတွင်း ကြိုးစားအားထုတ်ခဲ့မှုများကို ပြန်တွေးကြည့်ရင်း ကုန်းချင်းချိုးမှာ နောင်တ လုံးဝ မရှိခဲ့ချေ။ သူမသည် ယဲ့ဖုန်း၏ ခန့်ညားသော ဘေးတိုက်ရုပ်သွင်နှင့် သူ၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် အလွန် ချိုမြိန်နေတော့သည်။
“နှစ်သစ်မှာ ... အားလုံးပဲ ကျင့်ကြံခြင်း အဆင့်တွေ တစ်ဟုန်ထိုး တိုးတက်ကြပါစေ။ အရာရာတိုင်း အဆင်ပြေချောမွေ့ပြီး ငါတို့ မြူခိုးဂိုဏ်းကြီးလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ထွန်းကားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
ယဲ့ဖုန်းသည် ဖန်ခွက်ကို မြှောက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“သောက်ကြစို့ဟေ့”
လူတိုင်းသည် ဖန်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြတော့သည်။
--