← Chapters

အခန်း ၆၆၉

Vol. 45 Ch. 669

အခန်း ၆၆၉

Vol. 45 Ch. 669

အခန်း (၆၆၉) - ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်နှင့် မိစ္ဆာပိတ်လှောင်မျှော်စင်၏ မူလပုံစံငယ်

မြူခိုးဂိုဏ်း၏ နှစ်ပတ်လည် အစည်းအဝေးမှာ အလွန်အမင်း ရှုပ်ထွေးခြင်း မရှိပေ။

မီးအိမ်များ ချိတ်ဆွဲခြင်း၊ နှစ်သစ်ကူး ကဗျာများ ကပ်ခြင်း၊ နှစ်သစ်ကူးညစာ အတူစားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လက်ရည်စမ်း တိုက်ခိုက်ခြင်း၊ သစ်သီးများ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အနီရောင် ကံကောင်းခြင်းအိတ်များ ပေးကမ်းခြင်းတို့သာ ဖြစ်၏။ ယဲ့ဖုန်းသည် အလွန်ပင် သဘောထားကြီးလှ၏။ သူသည် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူတိုင်းကို အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုစီ ပေးအပ်လိုက်သည်။

အကြီးအကဲများကလည်း လက်တွန့်မနေကြပေ။ အချို့က အနီရောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ ထည့်ကြ၏။ အချို့က လျှို့ဝှက်နည်းစနစ်များ၊ အချို့က ဝိညာဉ်ဆေးဝါးများနှင့် အချို့ကမူ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကို ထည့်သွင်းပေးကြ၏။ တပည့်များမှာမူ လက်ဆောင်သေတ္တာများကို အံ့ဩဝမ်းသာစွာဖြင့် ဖွင့်ဖောက်နေကြ၏။ မြူခိုးဂိုဏ်း တစ်ခုလုံးတွင် ရယ်သံများနှင့် ပျော်ရွှင်စရာ အသံများမှာ အဆုံးအစ မရှိအောင် ပြည့်နှက်နေတော့သည်။

အားလုံး ပျော်ပျော်ပါးပါး ဆင်နွှဲပြီးနောက် ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့သည် မြူခိုးတောင်ထိပ်သို့ ယှဉ်တွဲ လျှောက်လှမ်းလာခဲ့ကြသည်။ ဂိုဏ်းအတွင်း၌ စုရုံးကာ စကားစမြည် ပြောဆိုနေကြသော အကြီးအကဲများ၊ တပည့်များ၊ ဝိညာဉ်သားရဲများနှင့် စီမံခန့်ခွဲသူများကို ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။

'ဂိုဏ်းရဲ့ လေထုက အမြဲတမ်း ကောင်းမွန်နေတာပဲ။ တကယ်ကို ကျေနပ်စရာပါလား'

ယဲ့ဖုန်း ပြုံးလိုက်သည်။ သူသည် လရောင်လွှမ်းသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ အချိန်တန်ပြီ ဖြစ်၏။

"တီ.. ဂိုဏ်းဟာ ဖွံ့ဖြိုးတိုးတက်မှု တတိယနှစ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း စနစ်မှ စစ်ဆေးတွေ့ရှိရပါတယ် ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်ကို စတင်ဖို့ သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် တာဝန်သစ်ကို တရားဝင် စတင်လိုက်ပါပြီ။ ဂိုဏ်းချုပ်အနေနဲ့ အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်ပါတယ်"

စနစ်၏ အသိပေးချက်မှာ အချိန်ကိုက်ပင် ရောက်ရှိလာ၏။

[ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်]

[တာဝန် ဖော်ပြချက် - မြူခိုးဂိုဏ်းကို ကြယ်လေးပွင့်အဆင့် အင်အားစုအဖြစ် တက်လှမ်းနိုင်အောင် ဦးဆောင်ပါ။ တပည့်များ၏ ဂုဏ်သတင်းကျော်စောမှု တစ်သန်း ကျော်လွန်ရမည်။ အကြီးအကဲများ၏ ဂုဏ်သတင်းကျော်စောမှု သုံးသန်း ကျော်လွန်ရမည်။ တတိယမျိုးဆက် တပည့် တစ်သောင်း စုဆောင်းပါ။]

[တာဝန် သတ်မှတ်ချိန် - သုံးနှစ်]

[တာဝန် ဆုလာဘ် - ဉာဏ်အလင်းပွင့် နှလုံးသား အပိုင်းအစ x ၁၊ ထူးခြားသော မူလချီ x ၃၊ အချိန်မှတ်တမ်း အပိုင်းအစ x ၁၊ ဟင်းလင်းပြင်မှတ်တမ်း အပိုင်းအစ x ၁၊ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ x ၃၊ ဂိုဏ်း၏ ကုန်စည်ဒိုင် (အဆောက်အအုံအဖြစ်)၊ ကျပန်းဆုလာဘ် ကံကောင်းခြင်းအိတ် x ၁၀]

တာဝန်အကြောင်းအရာကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းသည် သူ ထင်ထားသည့်အတိုင်း ဖြစ်နေကြောင်း သိလိုက်၏။ ခြောက်ဆင့်မြောက် တာဝန်သည် ဂိုဏ်းကို ကြယ်လေးပွင့်အဆင့် မြှင့်တင်ရန် ဖြစ်မည်ဟု သူ ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း နောက်ဆက်တွဲ တာဝန်ခွဲ သုံးခု ပါလာလိမ့်မည်ဟုမူ သူ မမျှော်လင့်ထားခဲ့ပေ။ ယဲ့ဖုန်းသည် စနစ်ပြားကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။

[တပည့်များ၏ ဂုဏ်သတင်း - ၂.၇၆ သန်း]

[အကြီးအကဲများ၏ ဂုဏ်သတင်း - ၁၉.၇၈ သန်း]

[တတိယမျိုးဆက် တပည့် အရေအတွက် - ၀ / ၁၀၀၀၀]

ဤအချက်အလက်များကို မြင်သောအခါ ယဲ့ဖုန်း အနည်းငယ် အံ့အားသင့်သွား၏။

ငါးဆင့်မြောက် တာဝန်တုန်းက တပည့်တွေရဲ့ ဂုဏ်သတင်းက တစ်သန်းပဲ ရှိသေးတာ ဖြစ်၏။ အခု အချိန်သိပ်မကြာသေးဘဲ သုံးသန်းနီးပါး ဖြစ်နေပြီဆိုတော့ မဆိုးလှပေ။ ဒါပေမဲ့ တစ်သန်းဆိုတဲ့ အကွာအဝေးကတော့ အလှမ်းဝေးနေတုန်းပင်။

'အကြီးအကဲတွေရဲ့ ဂုဏ်သတင်းက သန်းနှစ်ဆယ် နီးပါးတောင် ဖြစ်နေတာလား။ ဒါက ဘယ်လို ဖြစ်လာတာလဲ။ စနစ် ... မင်း သိလား'

စနစ်မှာ ခေတ္တ တိတ်ဆိတ်သွား၏။ သူသည် သူ၏ နှေးကွေးလှသော ကွန်ရက်ဖြင့် တွက်ချက်မှုများ လုပ်နေဟန် တူ၏။ ခေတ္တအကြာတွင် ...

"တီ.. လက်ရှိမှာ ဂိုဏ်းအကြီးအကဲများ ရရှိထားတဲ့ ဂုဏ်သတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်"

"ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး - ၁၁.၀၇ သန်း"

"အရိပ်နက် မိစ္ဆာဂိုဏ်းချုပ် - ၁.၈၇ သန်း"

"ဝတ်ရုံစိမ်း ဓား ဘိုးဘေး - ၀.၉၂ သန်း"

စနစ်က အသေးစိတ် အချက်အလက်များကို ဖော်ပြလိုက်၏။ ဝိညာဉ်တည်ငြိမ် သစ်ပင်ကြီး တစ်ခုတည်းကတင် ဂုဏ်သတင်း သန်းပေါင်းများစွာ ရထားတာဖြစ်၏။ ဤအချက်က ယဲ့ဖုန်းကို အံ့အားသင့်သွားစေ၏။ သူ ပြန်စဉ်းစားကြည့်လိုက်သောအခါ ဝိညာဉ်တည်ငြိမ် သစ်ပင်ကြီး ပေါ်ထွက်လာစဉ်က အတော်လေး ဟိုးလေးတကျော် ဖြစ်သွားခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ ဝိညာဉ်တည်ငြိမ် သစ်သီးများ၏ အရင်းအမြစ်လည်း ဖြစ်၏။

မျိုးဆက်များစွာကို ကောင်းချီးပေးနိုင်သည့် ရတနာသစ်ပင် ဖြစ်သဖြင့် ၎င်းထံမှ ဝိညာဉ်တည်ငြိမ် သစ်သီးများ ပိုမို ထွက်ရှိလာပြီး ကျင့်ကြံသူ အမြောက်အမြားကို မူလနတ်ဘုရားအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်လေလေ ၎င်း၏ ဂုဏ်သတင်းမှာလည်း မြင့်တက်လာလေလေ ဖြစ်ပေလိမ့်မည်။

'ဒါပေမဲ့ ဒီတာဝန်က တပည့်တွေနဲ့ အကြီးအကဲတွေရဲ့ ဂုဏ်သတင်းကိုပဲ တွက်တာပဲ။ ဝိညာဉ်သားရဲတွေကို မထည့်ထားဘူး.. မဟုတ်ရင် ဒီထက် အများကြီး ပိုခက်သွားမှာ'

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။ သူသည် နောက်ဆုံး သတ်မှတ်ချက်ကို ကြည့်လိုက်၏။ အခု ဂိုဏ်းက တတိယနှစ်ထဲ ရောက်ပြီ ဖြစ်၏။ ဒီနှစ်အတွင်းမှာ ခေါ်ယူရမယ့် တပည့်တွေက တတိယမျိုးဆက် တပည့်တွေ ဖြစ်၏။ ဆိုလိုတာက တစ်နှစ်အတွင်းမှာ တပည့် တစ်သောင်း ခေါ်ရလေမည်။

မဟုတ်ရင် တာဝန်က မအောင်မြင်နိုင်ပေ။ သို့သော်ငြား ကောင်းကင်ဘုံ ဂူကမ္ဘာထဲက ရှေးဟောင်း မျိုးနွယ်စု တစ်ဆယ့်ရှစ် ခုမှာ ကံကြမ္မာ ခေါင်းလောင်း၏ စစ်ဆေးမှုကို အောင်မြင်သော လူငယ် သုံးလေးထောင်လောက်ပဲ ရှိတာ ဖြစ်၏။ ဒါက မလုံလောက်လှပေ။ အပြင်မှ တပည့်တွေ ခေါ်ဖို့ လိုအပ်လာပြီ ဖြစ်၏။

ယဲ့ဖုန်းသည် သူ၏ မေးစေ့ကို ပွတ်ရင်း စိတ်ထဲမှ တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာနေသည်။ ထို့နောက် ယဲ့ဖုန်းသည် နောက်ဆက်တွဲ ဆုလာဘ်များကို ကြည့်လိုက်၏။

သူ၏ မျက်လုံးများမှာ "ဂိုဏ်း၏ ကုန်စည်ဒိုင်" ဆိုသည့် စကားလုံးပေါ်တွင် ရပ်တန့်သွားပြီး သူ၏ မျက်ခုံးများမှာ အံ့အားသင့်မှုကြောင့် မြင့်တက်သွားတော့သည်။

'ဒီလို အရာမျိုးလည်း ရှိသေးတာလား'

ယဲ့ဖုန်း အံ့ဩလွန်းသဖြင့် မျက်နှာ ပျက်သွားရသည်။ ယခင်က သူသည် စနစ်တွင် ကုန်စည်ဒိုင် မရှိဟု ညည်းတွားခဲ့ဖူး၏။ ယခု ခြောက်ဆင့်မြောက် တာဝန်ကို ပြီးဆုံးပါက ဂိုဏ်း၏ ကုန်စည်ဒိုင် အဆောက်အအုံကို တရားဝင် ဖွင့်လှစ်နိုင်လေမည်။ ဤအချက်မှာ တကယ့်ကို အံ့ဩဖွယ်ရာပင်။

'ကြည့်ရတာ ငါက စနစ်ကို မကြာခဏ ညည်းပြဖို့ လိုနေပြီ ထင်တယ်.. ငါ သူ့ကို မတွန်းအားပေးရင် သူ ဘယ်လို အစွမ်းထက်လဲဆိုတာ သူ သိမှာ မဟုတ်ဘူး'

ယဲ့ဖုန်း တီးတိုး ပြောလိုက်သည်။

“ဝုန်း ... ဝုန်း ... ဝုန်း …”

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ နက်ရှိုင်းသော နေရာမှ မိုးကြိုးသံများ ထွက်ပေါ်လာပြီး မိုင်ပေါင်း သောင်းချီအထိ ပဲ့တင်ထပ်သွား၏။

"ဝူး ... ... ... "

တစ်ခုခု နီးကပ်လာသည်ကို အာရုံခံမိသဖြင့် ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ ဟူဖေးဖေးသည် သူမ၏ အသွင်ပြောင်းလဲခြင်းကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူမသည် မြေပြင်ပေါ်တွင် လက်သီးများကို ဆုပ်ကာ ရပ်နေပြီး ကောင်းကင်သို့ မော့ကြည့်ကာ ထူးဆန်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။

နောက်တစ်စက္ကန့်တွင် သူမ၏ အနောက်၌ ပန်းရောင် အမြီး နှစ်ချောင်း ထပ်မံ ထွက်ပေါ်လာသည်။ ယခုအခါ သူမတွင် မြေခွေးအမြီး ကိုးချောင်း ရှိနေပြီပင်။ သူမသည် အမြီးကိုးချောင်း နတ်ဘုရားမြေခွေး ဖြစ်သွားပြီ ဖြစ်၏။ အမြီးကိုးချောင်း ရှိသွားသည်သာမက ဟူဖေးဖေး၏ ရုပ်ခန္ဓာ ပြောင်းလဲမှုများမှာလည်း မသေးလှပေ။

အဓိကအားဖြင့် သူမ၏ ကိုယ်ခန္ဓာမှာ သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်၏။ အငွေ့အသက် အပိုင်းတွင်လည်း သူမသည် ယခင်ထက် များစွာ ပိုမို မြင့်မြတ်သော ပုံစံ ပေါက်နေ၏။

“ဂိုဏ်းချုပ် ... ကျွန်မ နောက်ဆုံးတော့ နိုးလာပြီ.. ဖက်ချင်တယ်”

ဟူဖေးဖေးသည် လက်များကို ဆန့်ထုတ်ကာ ယဲ့ဖုန်းဆီသို့ ပြေးဝင်လာတော့သည်။ ယဲ့ဖုန်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ နဖူးကို လက်ဖြင့် လှမ်းဖိထားလိုက်၏။

“တော်... မင်းက အခု ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ရတော့မှာ။ ငါနဲ့ အရမ်း နီးနီးကပ်ကပ် မနေနဲ့။ ငါ မိုးကြိုးပစ်ခံရမှာ ကြောက်တယ်”

“ဂိုဏ်းချုပ်က လူဆိုးကြီးပဲ”

ဟူဖေးဖေးက နှုတ်ခမ်းစူလိုက်ပြီး ခြေတစ်ချက် ဆောင့်ကာ ပေတစ်သောင်း အမြင့်သို့ ပျံတက်သွား၏။ သူမသည် ပါးစပ်ကို ဟကာ မိုးကြိုးများကို ဝါးမြိုပစ်လိုက်တော့သည်။

[ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၀ ရာခိုင်နှုန်း]

...

[ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၂၅ ရာခိုင်နှုန်း]

ဟူဖေးဖေးသည် ကောင်းကင်ဘုံ ကပ်ဘေးကို ဝါးမြိုပြီးနောက် စုဆောင်းမိသော စွမ်းအင်မှာ ၂၅ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် ယခင်ထက် များစွာ လျော့နည်းသွား၏။

'စနစ် ... ဖေးဖေးက အခု အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ဖြစ်သွားပြီဆိုတော့ ... သူ့ရဲ့ စွမ်းအင်တွေ ပြည့်သွားရင် သူက သူတော်စင်လက်နက် အဆင့်ကို တက်မှာလား'

စနစ်က ဘာမှ ပြန်မဖြေပေ။ ၎င်းကို မြင်သောအခါ ယဲ့ဖုန်းသည် နှုတ်ခမ်းကို တွန့်လိုက်မိသည်။

"ဝှစ်"

ဟူဖေးဖေးသည် ယဲ့ဖုန်း၏ ဘေးနားသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ဂိုဏ်းချုပ် ... ကျွန်မရဲ့ လက်မောင်းလေးတွေက နူးညံ့ပြီး နွေးထွေးနေတယ် မဟုတ်လား”

ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်သွားကာ ...

“မင်းက ငါ တော်တော် ဆွဲဆောင်မှု ရှိနေပြီ မဟုတ်လား လို့ပါ ထပ်မမေးတော့ဘူးလား”

ဟူဖေးဖေး၏ မျက်ဝန်းများမှာ လခြမ်းကွေးလေးပမာ ပြုံးသွားပြီး ...

“မေးမှာပေါ့။ ဂိုဏ်းချုပ် ... ကျွန်မက တော်တော် ဆွဲဆောင်မှု ရှိနေပြီ မဟုတ်လား”

ယဲ့ဖုန်းသည် ဘာမှ ပြန်မပြောနိုင်တော့ဘဲ ဟူဖေးဖေးကို အလျင်အမြန် နှင်ထုတ်လိုက်ရသည်။

ထို့နောက် အခြား အထွတ်အထိပ် အကြီးအကဲများနှင့်အတူ ပျော်ပျော်ပါးပါး သောက်စားနေသော ဝတ်ရုံစိမ်း ဓား ဘိုးဘေးကို သွားရှာလိုက်၏။

“အခု တတိယနှစ်ကို ရောက်ပြီ။ မနက်ဖြန်ကစပြီး တတိယမျိုးဆက် တပည့်တွေကို တရားဝင် စုဆောင်းမယ်.. ကောင်းကင်ဘုံ ဂူကမ္ဘာတွေ အားလုံးက သတ်မှတ်ချက် ပြည့်မီတဲ့သူတွေကို မြူခိုးတောင်ထိပ်ကို ပို့ပြီး စာရင်းသွင်းခိုင်းလိုက်ပါ”

ယဲ့ဖုန်းက ညွှန်ကြားလိုက်သည်။ ဂိုဏ်း၏ အမည်စာရင်းတွင် မှတ်ပုံတင်ပြီး ဂိုဏ်းချုပ်၏ တံဆိပ်တုံး ထုနှိပ်မှသာ တရားဝင် ဖြစ်မည်ဖြစ်ပြီး သူ၏ ရုပ်ခန္ဓာခွန်အားကိုလည်း တိုးတက်စေလေမည်။

“နားလည်ပါပြီ”

ဝတ်ရုံစိမ်း ဓား ဘိုးဘေးက ခေါင်းညိတ်လိုက်၏။

“ဂိုဏ်းချုပ် ... ဂိုဏ်းချုပ်က အခုထိ ရှေးဟောင်း မျိုးနွယ်စု တစ်ဆယ့်ရှစ် ခုရဲ့ ကောင်းကင်ဘုံ ဂူကမ္ဘာတွေကို မရောက်ဖူးသေးဘူး ထင်တယ်.. အခု သွားကြည့်ချင်လား”

“ရတာပေါ့”

ယဲ့ဖုန်းက သဘောတူလိုက်သည်။ မကြာမီ လူတစ်စုမှာ လေထဲသို့ ပျံတက်သွားကြပြီး ဝတ်ရုံစိမ်း ဓားဂိုဏ်း တည်ရှိရာ ကောင်းကင်ဘုံ ဂူကမ္ဘာအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။ မြင့်မြတ်သော ကျောင်းတော်တံခါးကို ဖြတ်ကျော်ပြီးနောက် မြင်တွေ့လိုက်ရသည်မှာ ငှက်သံလေးများဖြင့် သာယာပြီး ပန်းရနံ့များ သင်းပျံ့နေသော ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်၏။ ကျောင်းတော်တံခါးမှာ ချိုင့်ဝှမ်း၏ အလယ်ဗဟိုရှိ ရေကန်ကြီး အထက်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဓားပန်းများဖြင့် ဝန်းရံထားသဖြင့် အလွန် ထူးခြားလှပေသည်။

ထိုလူစုမှာ ကောင်းကင်ယံသို့ ပျံတက်လိုက်ကြ၏။ ယဲ့ဖုန်းသည် သူ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ကောင်းကင်ဘုံ ဂူကမ္ဘာ တစ်ခုလုံးကို ဖြန့်ကျက်ကြည့်လိုက်ရာ၊ ၎င်းမှာ မိုင်ပေါင်း သောင်းချီ ကျယ်ပြန့်လှပြီး အများစုမှာ ပင်လယ်ပြင်များပင်။အလယ်ဗဟိုတွင် မိုင်ပေါင်း နှစ်သောင်းကျော် ပတ်လည်ရှိသော ကုန်းမြေကြီး တစ်ခု ရှိနေကြောင်း သတိပြုမိလိုက်၏။ ဝင်ပေါက်ရှိ ချိုင့်ဝှမ်းမှာမူ ပင်လယ်ပြင်ထက်တွင် လွင့်မျောနေသော ကျွန်းပျံကြီး တစ်ခု ဖြစ်ပြီး လောကကြီးနှင့် အဆက်ပြတ်နေသည့် နေရာတစ်ခုပင် ဖြစ်၏။

“ဂိုဏ်းချုပ် ... ဒါက အစိမ်းရောင် ဝတ်ရုံ တောင်တန်းနယ်မြေ ပါ”

“ဒီကုန်းမြေမှာ လူသားနိုင်ငံ ခြောက်ခု ရှိပြီး စုစုပေါင်း လူဦးရေ သန်းနှစ်ဆယ်လောက် ရှိပါတယ်.. ငါတို့ ဝတ်ရုံစိမ်း ဓားဂိုဏ်းရဲ့ တပည့်တွေကို ဒီနိုင်ငံ ခြောက်ခုထဲကနေ သေချာ စိစစ်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်”

ဝတ်ရုံစိမ်း ဓား ဘိုးဘေးက မိတ်ဆက်ပေးလိုက်သည်။ အစိမ်းရောင် ဝတ်ရုံ တောင်တန်းနယ်မြေတွင် ဝတ်ရုံစိမ်း ဓားဂိုဏ်းမှာ တစ်ခုတည်းသော ကျင့်ကြံရေးဂိုဏ်း ဖြစ်ပြီး ထိုနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်ထားသူလည်း ဖြစ်၏။ သို့သော် သူတို့သည် လူသားများ၏ ပဋိပက္ခများတွင် ဝင်ရောက် ပါဝင်ခြင်း မရှိကြချေ။

'ဟင် ... ဘာလို့ ဒီမှာလည်း မိစ္ဆာပိတ်လှောင် မျှော်စင် ရှိနေတာလဲ'

ယဲ့ဖုန်းသည် အစိမ်းရောင် ဝတ်ရုံ တောင်တန်းနယ်မြေ တစ်ခုလုံးကို လေ့လာနေစဉ်၊ ပင်မကုန်းမြေမှ မိုင်ပေါင်း သောင်းချီဝေးသော ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင် ကိုးထပ် မိစ္ဆာပိတ်လှောင် မျှော်စင် တစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ ၎င်းမှာ ပျက်စီးနေသော အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်၏။

“ဂိုဏ်းချုပ် ... အဲဒါက မိစ္ဆာပိတ်လှောင် မျှော်စင်ရဲ့ မူလ ပုံစံတူ တစ်ခုပါ”

ဝတ်ရုံစိမ်း ဓား ဘိုးဘေးက မျှော်စင်ကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်၏။

'မိစ္ဆာပိတ်လှောင် မျှော်စင်ရဲ့ မူလ ပုံစံတူလား'

ယဲ့ဖုန်း၏ အကြည့်များမှာ စူးရှသွားတော့သည်။

--

All Chapters