အခန်း ၆၇၂
Vol. 45 Ch. 672
အခန်း (၆၇၂) - ဓားလမ်းစဉ်မူလချီနှင့် ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာခွန်အား နှစ်ဆတိုးခြင်း
'ဒါက ... ဓားလမ်းစဉ်ရဲ့ မူလချီလား'
ယဲ့ဖုန်း၏ လက်ဝါးပေါ်တွင် ပေါ်လာသော ရွှေရောင်အလင်းတန်းကို လူတိုင်း စိုက်ကြည့်နေကြသည်။ ၎င်းထံမှ အလွန်စင်ကြယ်သော ဓားအသိစိတ်များကို အားလုံး ခံစားနေရ၏။ ထိုဓားအသိစိတ်များကြောင့် သူတို့၏ ဝိညာဉ်များပင် အစိတ်စိတ်အမြွှာမြွှာ အဖြတ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော ခံစားချက်ကို ခံစားနေရ၏။
“မင်းတို့ ဒါကို မှတ်မိကြတာပဲ”
ယဲ့ဖုန်း တီးတိုးရေရွတ်လိုက်၏။ သူသည် ဓားလမ်းစဉ်မူလချီကို အသာအယာ ချေမွကာ သူ၏ကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ကိုယ်ပေါ်တွင် ထက်မြက်လှသော ဓားအသိစိတ်များ ကိန်းအောင်းသွားတော့၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် အိမ်မြှောင်ထဲမှ ဆွဲထုတ်လိုက်သော ပြိုင်ဘက်ကင်း ရတနာဓားတစ်လက်ကဲ့သို့ ကောင်းကင်ကိုပင် အလွယ်တကူ ခုတ်ပိုင်းနိုင်စွမ်း ရှိနေပုံရသည်။
သို့သော် မကြာမီ ထိုဓားအသိစိတ်များမှာ ဒီရေအလား ပြန်လည်ဆုတ်ခွာသွား၏။ ယဲ့ဖုန်းသည် ကျင့်ကြံခြင်းအဆင့် တစ်စက်မျှမရှိသော သာမန်လူတစ်ယောက်ကဲ့သို့ တည်ငြိမ်သော ရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွား၏။
“ဂိုဏ်းချုပ်ရဲ့ အရှိန်အဝါ ဖုံးကွယ်တဲ့ အတတ်က တကယ်ကို ပြိုင်ဘက်ကင်းတာပဲ။ ကျွန်တော်တို့တောင် ဘာမှ အာရုံခံလို့ မရတော့ဘူး”
ဝတ်ရုံစိမ်း ဓား ဘိုးဘေးက အံ့ဩတကြီး ချီးကျူးလိုက်သည်။ ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် ဟန်ယုံဟွေးကို မော့ကြည့်လိုက်၏။
“ဒီနေ့ကစပြီး မင်းဟာ တတိယမျိုးဆက် တပည့်တွေရဲ့ အကြီးဆုံးစီနီယာပဲ။ မင်းရဲ့အထက်မှာ ဒုတိယမျိုးဆက်နဲ့ ပထမမျိုးဆက် တပည့်တွေ ရှိတယ်.. အစတုန်းကတော့ ဒီဓားလမ်းစဉ်မူလချီကို မင်းကို ပေးမလို့ပဲ။ ဒါပေမဲ့ ကံမပါတော့ မင်းနဲ့ သူနဲ့က မဆုံခဲ့ရဘူး.. အဲဒီတော့ ငါပဲ လက်ခံလိုက်ရတာပေါ့”
ဤစကားကို ကြားသောအခါ ဟန်ယုံဟွေးသည် အလွန် စိတ်လှုပ်ရှားသွားသော်လည်း နောက်တွင်မူ နှမြောတသဖြစ်မှုများ ခံစားလိုက်ရသည်။
'နှမြောစရာ ကောင်းလိုက်တာ'
'အဲဒါ ဓားလမ်းစဉ်မူလချီကြီးလေ'
'စီနီယာအစ်ကိုကြီးဟန်သာ အဲဒါကို ရခဲ့ရင် အနာဂတ်မှာ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဖြစ်မှာ သေချာတယ်'
ဝတ်ရုံစိမ်း ဓားဂိုဏ်းမှ အခြားပါရမီရှင်တပည့်များက တီးတိုးဆွေးနွေးနေကြသည်။ ယဲ့ဖုန်းက သူတို့ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်၏။
“ဓားလမ်းစဉ်မူလချီ မရှိလည်း ဟန်ယုံဟွေးက ပြိုင်ဘက်ကင်း ဓားသမား ဖြစ်လာနိုင်ပါတယ်.. ဒါပေမဲ့ ဖြစ်လာဖို့ဆိုတာ ပါးစပ်နဲ့ ပြောနေရုံနဲ့ မရဘူး.. မင်းတို့ကိုယ်တိုင်လည်း မမှိတ်မသုန် ကျင့်ကြံရမယ်.. နားလည်လား”
“တပည့်တို့ နားလည်ပါပြီ”
ဝတ်ရုံစိမ်း ဓားဂိုဏ်းမှ တပည့်များက ဦးညွှတ်ကာ ခေါင်းညိတ်လိုက်ကြသည်။ ဂိုဏ်းထဲကို စဝင်ဝင်ချင်းမှာတင် ယဲ့ဖုန်းထံမှ ဆုံးမစကားကို နာယူနေရသော ဟန်ယုံဟွေးနှင့် အခြားတပည့်များကို ကြည့်ကာ ဝတ်ရုံစိမ်း ဓား ဘိုးဘေးက တိတ်တဆိတ် ခေါင်းညိတ်မိ၏။
ရှေးဟောင်းမျိုးနွယ်စု တစ်ဆယ့်ရှစ်ခုထဲတွင် ဟန်ယုံဟွေးသည် အတော်ဆုံး လူငယ်တစ်ဦးဖြစ်ပြီး မာန်မာနလည်း ကြီးသူပင်။
ယခု မြူခိုးဂိုဏ်းသို့ ဝင်ရောက်လာကြသော တပည့်ထောင်ပေါင်းများစွာမှာလည်း ပြင်ပလောကမှ ပါရမီရှင်များကို အထင်သေးမိပါက ပြဿနာတက်နိုင်ပေသည်။ ထို့ကြောင့် ယဲ့ဖုန်းက သူတို့ကို ကြိုတင်သတိပေးလိုက်ခြင်းမှာ အလွန်ကောင်းမွန်လှပါ၏။
“ကဲ ... နောက်တစ်ယောက်”
ယဲ့ဖုန်းသည် စုတ်တံကို ကိုင်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
နောက်ထပ် တပည့်တစ်ဦးက ရှေ့သို့တက်ကာ သူ၏ အချက်အလက်များကို တင်ပြလေတော့၏။
တစ်နာရီခန့် ကြာသောအခါ။
ထိုနေရာရှိ ပါရမီရှင် ဒါဇင်ပေါင်းများစွာ၏ အချက်အလက်များအားလုံးကို ဂိုဏ်းအမည်စာရင်း မှတ်တမ်းတွင် ရေးသွင်းပြီးသွားတော့၏။ ယဲ့ဖုန်းသည်လည်း ဝိညာဉ်ပင်လယ်အဆင့် ပဉ္စမအလွှာရှိသော ကျင့်ကြံသူတစ်ဦး၏ ရုပ်ခန္ဓာခွန်အားနှင့် ညီမျှသော တိုးတက်မှုကို ရရှိလိုက်၏။
“ဂိုဏ်းချုပ် ... ကျန်တဲ့သူတွေလည်း ရောက်ကုန်ကြပါပြီ”
ဝတ်ရုံစိမ်း ဓား ဘိုးဘေး၊ အရိပ်နက်မိစ္ဆာဂိုဏ်းချုပ်၊ သွေးကြာပန်းဂိုဏ်းချုပ်တို့ အပါအဝင် ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များသည် ခုနက အချိန်အတွင်းမှာပင် သူတို့၏ ကောင်းကင်ဘုံ ဂူကမ္ဘာများအတွင်းရှိ အရည်အချင်းပြည့်မီသော တပည့်အားလုံးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ကြလေ၏။ ထိုပါရမီရှင် လူငယ်တန်းကြီးကို ကြည့်ကာ ယဲ့ဖုန်း ပြုံးလိုက်မိသည်။
သူသည် အမြန်နှုန်း ဆယ်ဆကို အသုံးပြုထားသဖြင့် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်မှာ အလွန်ပင် မြန်ဆန်လှ၏။ သူသည် စကားတစ်ခွန်းမျှ မဟဘဲ အာရုံစိုက်ကာ ရေးမှတ်နေ၏။
တစ်ရက် ကြာသောအခါ။
ယဲ့ဖုန်းသည် နောက်ဆုံးတွင် သူ၏ စုတ်တံကို ချလိုက်လေတော့သည်။
[တတိယမျိုးဆက် တပည့် အရေအတွက် - ၃၉၉၉/၁၀၀၀၀]
ယနေ့တွင် သူသည် တပည့်ပေါင်း လေးထောင်နီးပါးကို စုဆောင်းနိုင်ခဲ့တော့၏။ ယင်းကြောင့် သူ၏ ရုပ်ခန္ဓာခွန်အားမှာ အနည်းဆုံး မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ယဲ့ဖုန်း ခံစားလိုက်ရ၏။
ယခု ရရှိသော ခွန်အားမှာ သိပ်မများလှသေးဟု ထင်ရသော်လည်း ထိုတပည့်များမှာ တိုးတက်မှု အလားအလာရှိသူများ ဖြစ်ကြသည်။ သူတို့ ကျင့်ကြံခြင်းမျှော်စင်နှင့် ဝိညာဉ်စုစည်းခြင်းမျှော်စင်ကဲ့သို့ အရှိန်မြှင့်တင်ထားသော နေရာများတွင် ကျင့်ကြံပြီး၊ ဝိညာဉ်ကြော အဆင့်တက်ချိန်တွင် ကျဆင်းလာမည့် ကောင်းကင်နှင်းရည်များဖြင့် ဆေးကြောခံရပြီးပါက သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ သေချာပေါက် တစ်ဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ ရုပ်ခန္ဓာခွန်အားမှာလည်း အဆမတန် တိုးတက်လာမည်မှာ သေချာလှပေသည်။
“အကြီးအကဲကုန်း၊ အကြီးအကဲဝမ်၊ စီမံခန့်ခွဲရေးမှူးချူ ... ခင်ဗျားတို့ သုံးယောက်က ဒီတတိယမျိုးဆက် တပည့်တွေကို ဂိုဏ်းထဲ ခေါ်သွားပြီး သင့်တော်သလို စီစဉ်ပေးလိုက်ပါ”
ယဲ့ဖုန်းက ညွှန်ကြားလိုက်၏။
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ကုန်းချင်းချိုး၊ ဝမ်လင်းနှင့် ချူယွင်အာတို့သည် ရှေ့သို့ ထွက်လာကြသည်။ ဟန်ယုံဟွေးနှင့် အခြားတပည့်များသည်လည်း သူတို့နောက်မှ လိုက်ပါရင်း မြင့်မြတ်သော ကျောင်းတော်တံခါးကို ဖြတ်ကျော်ကာ ရှန်ကျိုးတိုက်ကြီး၏ မြေဆီလွှာပေါ်သို့ ပထမဆုံးအကြိမ် ခြေချလိုက်ကြ၏။
'ဒါက ရှန်ကျိုးတိုက်ကြီးလား'
'ဟိုမှာကြည့်... ဒီမှာ တကယ့် ဧရာမ ရှေးဟောင်းသစ်ပင်ကြီး ရှိနေတာပဲ'
ဟန်ယုံဟွေးနှင့် တပည့်လေးထောင်နီးပါးမှာ မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာကြပြီး၊ တိမ်တိုက်များအထိ မြင့်မားလှသော ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို မြင်သောအခါ မျက်နှာများမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဒါက ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဝတ်ရုံစိမ်း ဓား ဘိုးဘေးတို့လို အထွတ်အထိပ် အကြီးအကဲ တစ်ဆယ့်ရှစ်ဦးထက် မနိမ့်ဘူး”
ကုန်းချင်းချိုးက စတင် မိတ်ဆက်ပေးလိုက်၏။
'ဒါဆို ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဧကရာဇ် တစ်ပါးနဲ့ အတူတူပေါ့'
တတိယမျိုးဆက် တပည့်များမှာ ပို၍ပင် အံ့ဩသွားကြရ၏။
“ဝိညာဉ်တည်ငြိမ် သစ်ပင်ကြီးအပြင်၊ ဂိုဏ်းမှာ နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်လည်း ရှိသေးတယ်.. သူတို့ နှစ်ဦးစလုံးက ဂိုဏ်းစောင့်အကြီးအကဲတွေပဲ။ ဒါ့အပြင် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ တောင်စောင့်ဝိညာဉ်သားရဲ အကြီးအကဲ အောင်ချွမ်းလည်း ရှိသေးတယ် ... ”
ကုန်းချင်းချိုးသည် ဆက်လက် ရှင်းပြနေသည်။
တတိယမျိုးဆက် တပည့်များမှာ မြူခိုးဂိုဏ်း၏ ဒဏ္ဍာရီများနှင့် ဂိုဏ်း၏ တိုးတက်လာပုံများကို နားထောင်နေကြ၏။ ထို့ပြင် ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင်ဧကရာဇ်များကို သတ်ဖြတ်ခဲ့သည့် သတင်းများကို ကြားရသောအခါ သူတို့၏ လေးစားအားကျမှုများမှာ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလာတော့သည်။
အစိမ်းရောင် ဝတ်ရုံ တောင်တန်းနယ်မြေတွင်မူ ...
[ယုံကြည်မှုစွမ်းအား + ၁၉၇၂]
...
[ယုံကြည်မှုစွမ်းအား + ၁၈၈၆]
ယဲ့ဖုန်းသည် နားထဲတွင် ကြားနေရသော အသိပေးသံများကြောင့် အလွန်တည်ငြိမ်နေ၏။ သူသည် ရှောင်ချန်းထျန်းကို အနိုင်ယူခဲ့ပြီး၊ ရွှေနဂါး အကြီးအကဲချုပ်နှင့် အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာတို့ကို သတ်ဖြတ်ခဲ့ပြီးကတည်းက မြူခိုးဂိုဏ်းအပေါ် ယုံကြည်သူ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ တိုးပွားနေခြင်း ဖြစ်သည်။ တစ်နေ့လျှင် ရရှိသော ယုံကြည်မှုစွမ်းအားမှာ အနည်းဆုံး သန်းဂဏန်းမှ စတင်၏။ ယခုအခါ ဤပမာဏမှာ သူ၏ သွားကြားထိုးရန်ပင် မလောက်တော့ချေ။
“ဝတ်ရုံစိမ်း ဓား ဘိုးဘေး ... လူငယ်တပည့်တွေအပြင် ရှေးဟောင်းမျိုးနွယ်စုက လူကြီးတွေထဲမှာရော ကံကြမ္မာ ခေါင်းလောင်းကို လှုပ်ခါနိုင်တဲ့သူ မရှိဘူးလား”
ယဲ့ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဂိုဏ်းချုပ်၏ ခြောက်ဆင့်မြောက် တာဝန်တွင် တတိယမျိုးဆက် တပည့် တစ်သောင်း စုဆောင်းရန်သာ ပါရှိသော်လည်း၊ တပည့်များကိုသာ ခေါ်ယူရမည်ဟု မဆိုလိုပေ။ အကယ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီပါက အကြီးအကဲများကိုပင် မြူခိုးဂိုဏ်း၏ စီမံခန့်ခွဲသူများအဖြစ် စုဆောင်းနိုင်၏။ လူကြီးပိုင်းများမှာ လူငယ်များလောက် တိုးတက်မှု အလားအလာ မရှိသော်လည်း၊ သူတို့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်များကြောင့် ယဲ့ဖုန်းအတွက် ခွန်အားများကို ချက်ချင်းပင် များစွာ တိုးတက်စေနိုင်မည် ဖြစ်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်.. ကျွန်တော်တို့ သူတို့ရဲ့ ရေစက်ကို မစစ်ဆေးရသေးပါဘူး”
ဝတ်ရုံစိမ်း ဓား ဘိုးဘေးက ခေါင်းကုတ်ရင်း အားနာသလို ပြောလိုက်သည်။ ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်သွားကာ ...
“အခုချက်ချင်း သွားစစ်ဆေးလိုက်စမ်း”
“ဟုတ်ကဲ့ပါ”
ဝတ်ရုံစိမ်း ဓား ဘိုးဘေးနှင့် အခြား အထွတ်အထိပ် အကြီးအကဲ တစ်ဆယ့်ရှစ်ဦးတို့သည် ကံကြမ္မာ ခေါင်းလောင်းကို အလျင်အမြန် ယူဆောင်သွားကြပြီး၊ သူတို့၏ သက်ဆိုင်ရာ ကောင်းကင်ဘုံ ဂူကမ္ဘာများအတွင်းရှိ လူကြီးပိုင်းများကို စတင် စစ်ဆေးကြတော့သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသူမှန်သမျှကို ခေါ်ယူရန် ပြင်ဆင်လိုက်ကြ၏။
နေ့တစ်ဝက် ကြာသောအခါ။
ယဲ့ဖုန်းသည် သူ၏ စုတ်တံကို ထပ်မံ ချလိုက်ပြန်သည်။ သူ၏ ရှေ့တွင် ရပ်နေသော ရာဂဏန်းရှိသည့် လူကြီးပိုင်း ကျင့်ကြံသူများကို ကြည့်ကာ ယဲ့ဖုန်း၏ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေ၏။
ဤလူ ရာပေါင်းများစွာမှာ ရှေးဟောင်းမျိုးနွယ်စု တစ်ဆယ့်ရှစ်ခုမှ လာကြသူများ ဖြစ်သည်။
သူတို့ထဲတွင် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသူ ဒါဇင်ပေါင်းများစွာ ပါဝင်နေ၏။ အရေအတွက်မှာ ကြောက်စရာ ကောင်းလှသည်ဟု ထင်ရသော်လည်း ပျမ်းမျှအားဖြင့် တစ်မျိုးနွယ်စုလျှင် နှစ်ဦး သုံးဦးခန့်သာ ရှိခြင်း ဖြစ်၏။ ကျန်ရှိသော ရာနှင့်ချီသည့် သူများမှာမူ မူလနတ်ဘုရားအဆင့် ပညာရှင်ကြီးများ ဖြစ်ကြ၏။
ဤလူအားလုံးမှာ ဂိုဏ်းသို့ ဝင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီကြသူများ ဖြစ်သည်။ ယဲ့ဖုန်းသည် သူတို့၏ အချက်အလက်များကို အမည်စာရင်း မှတ်တမ်းတွင် ရေးသွင်းကာ ဂိုဏ်းချုပ်တံဆိပ်တုံး ထုနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ... သမုဒ္ဒရာ လှိုင်းလုံးကြီးများပမာ ပြင်းထန်လှသော ရုပ်ခန္ဓာခွန်အားများမှာ သူ၏ ကိုယ်တွင်းသို့ တဟုန်ထိုး စီးဝင်လာတော့သည်။
'ဒီလူကြီးတွေက ငါ့အတွက် ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာခွန်အား တစ်ခုစာလောက်ကို ဖြည့်ဆည်းပေးလိုက်တာပဲ။ တကယ့်ကို အံ့ဩဖို့ ကောင်းလိုက်တာ'
ယဲ့ဖုန်းသည် စိတ်ထဲမှ တုန်လှုပ်သွားရ၏။ ယခုအခါ သူ၏ မြင့်မြတ်သော ရုပ်ခန္ဓာခွန်အားမှာ ကောင်းကင်ဧကရာဇ်အဆင့်၏ နှစ်ဆအထိ ရောက်ရှိသွားတော့၏။ သူ၏ လှုပ်ရှားမှုတိုင်းသည် ရှောင်ချန်းထျန်းကိုပင် အလွယ်တကူ ဖိနှိပ်ထားနိုင်စွမ်း ရှိနေတော့သည်။
'ဂိုဏ်းချုပ် တော်တော် ပျော်နေပုံရတယ်'
ယဲ့ဖုန်း၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်ကာ ဝတ်ရုံစိမ်း ဓား ဘိုးဘေးနှင့် အခြားသူများမှာလည်း တစ်ဦးကိုတစ်ဦး တီးတိုးပြောရင်း စိတ်ချမ်းသာနေကြ၏။ ယဲ့ဖုန်းသည် အမည်စာရင်း မှတ်တမ်းစာအုပ်ကို သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုလူကြီးပိုင်း ကျင့်ကြံသူများကို ကြည့်ရင်း ပြောလိုက်၏။
“ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက သာမန် မဟုတ်ပါဘူး.. မူလနတ်ဘုရားအဆင့်မှာ ရှိတဲ့သူတွေက မြူခိုးဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်လာမှာဖြစ်ပြီး၊ ဟင်းလင်းပြင်ဖြိုခွဲအဆင့်မှာ ရှိတဲ့သူတွေကတော့ အထွတ်အထိပ် အကြီးအကဲတွေ ဖြစ်လာမှာပါ။ သာမန်အချိန်တွေမှာ ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံ ဂူကမ္ဘာတွေထဲမှာပဲ နေခွင့်ရှိပါတယ်.. ဒါပေမဲ့ လိုအပ်လာတဲ့အခါမှာတော့ ဂိုဏ်းက ပေးအပ်တဲ့ တာဝန်တွေကို ထွက်ပြီး ဆောင်ရွက်ပေးရပါမယ်.. နားလည်ကြပါရဲ့လား”
ယဲ့ဖုန်း၏ အသံမှာ မိုးခြိမ်းသံပမာ ကျယ်လောင်ပြီး ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင်၏။
“ကျွန်တော်တို့ နားလည်ပါပြီ” ဟု လူအုပ်ကြီးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပါပြီ ... ဂိုဏ်းကို ပြန်ကြစို့”
ယဲ့ဖုန်းသည် လက်ဝှေ့ယမ်းကာ ရှေ့မှ လှမ်းထွက်လိုက်ပြီး ဝတ်ရုံစိမ်း ဓား ဘိုးဘေးနှင့် အခြားသူများကလည်း နောက်မှ လိုက်ပါလာကြ၏။ အသစ် စုဆောင်းခံရသော လူကြီးပိုင်း ကျင့်ကြံသူ ရာပေါင်းများစွာမှာလည်း မြူခိုးဂိုဏ်းအပေါ် အလွန် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြပြီး၊ ပြင်ပလောကကြီးကို မြင်တွေ့ရန် စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါလာကြတော့သည်။
... ... ...
စိမ်းပြာရောင် တားမြစ်နယ်မြေ။
“ဂျစ် ... ဂျစ် …”
ရှောင်ချန်းထျန်းသည် ရှေးဦးရှေးဟောင်းနဂါး သွေးမျိုးဆက်ကို ရှေးဟောင်းသူရဲကောင်း ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်နေ၏။ ယခုတစ်ကြိမ်တွင်မူ ထိုနှစ်ခုမှာ ယာယီပေါင်းစပ်ခြင်း မဟုတ်ဘဲ အမှန်တကယ် တစ်သားတည်း ဖြစ်သွားခြင်း ဖြစ်၏။ ၎င်းသည် တစ်ဦးနှင့်တစ်ဦး လုံးဝ ခွဲခြား၍ မရတော့သော ရွှေနဂါးပုံရိပ်ယောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် မိုးကြိုးသံများမှာ မရပ်မနား ထွက်ပေါ်နေ၏။ သူ၏ ဘေးတွင် ရှိနေသော ပိုင်ကျီနှင့် တပိုင်း အဆင့် သူတော်စင် ကိုယ်ရံတော်ကြီးတို့မှာလည်း အလွန် တည်ကြည်သော အမူအရာများ ရှိနေကြ၏။
"ဝုန်း..."
ရုတ်တရက် ကောင်းကင်ယံ တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံများ ပြည့်နှက်သွားတော့သည်။
“ပေါင်းစပ်မှု အောင်မြင်သွားပြီ”
ပိုင်ကျီသည် ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်လေသည်။
--