အခန်း ၆၇၃
Vol. 45 Ch. 673
အခန်း (၆၇၃) - အသစ်စက်စက် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်နှင့် ဖိတ်စာလာပို့သော မီးလျှံပြာငှက်
တပိုင်း အဆင့် သူတော်စင် ကိုယ်ရံတော်ကြီးသည်လည်း အလွန် ဝမ်းသာသွားသည်။ ချီစွမ်းအားများ ပေါင်းစပ်မှု အောင်မြင်၊ မအောင်မြင် ဆိုသည်မှာ ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ် ဘေးဒဏ်ကြီး ကျဆင်းလာခြင်း ရှိ၊ မရှိအပေါ်တွင်သာ မူတည်ခြင်း ဖြစ်၏။
ယခုအခါ ကပ်ဘေး မိုးကြိုးမှာ ကျဆင်းတော့မည်။ ဤအချက်မှာ ဘာကို ဆိုလိုသည်ကို သူတို့ နှစ်ဦးစလုံး ကောင်းကောင်း သိကြ၏။
“သူ လုပ်နိုင်သွားပြီ..”
“သခင်လေး တကယ် အောင်မြင်သွားပြီ..”
“နောက်ထပ် ဒီတပိုင်း အဆင့် သူတော်စင် ဘေးဒဏ်ကြီးကို ကျော်ဖြတ်နိုင်ရုံနဲ့ သခင်လေးဟာ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဖြစ် ချောချောမွေ့မွေ့ တက်လှမ်းနိုင်တော့မယ်”
“အဲဒီအချိန်ကျရင် ယဲ့ဖုန်းဆိုတဲ့ လူကို လက်ဝှေ့ယမ်းလိုက်ရုံနဲ့တင် နှိမ်နင်းပစ်လို့ ရပြီ..”
ပိုင်ကျီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သူမ၏ ဘေးရှိ ကိုယ်ရံတော်ကြီးမှာမူ စကားမဆိုသော်လည်း သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး ရှောင်ချန်းထျန်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာသည်နှင့် ယဲ့ဖုန်းကို ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်နေပုံရ၏။
“ဟားဟားဟားဟား ... ”
ရှောင်ချန်းထျန်းသည် ရုတ်တရက် အားရပါးရ ရယ်လိုက်တော့သည်။ သူသည် အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံခဲ့ပြီးနောက် နောက်ဆုံးတွင် ရှေးဦးရှေးဟောင်းနဂါး သွေးမျိုးဆက်ကို ရှေးဟောင်းသူရဲကောင်း ဝိညာဉ်စွမ်းအားနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤဘေးဒဏ်ကို ကျော်ဖြတ်နိုင်သည်နှင့် သူသည် တပိုင်း အဆင့် သူတော်စင် အဆင့်သို့ ချက်ချင်း ရောက်ရှိတော့လေမည်။
“ငါ့ရဲ့ နွေဦးကာလ ရောက်ပြီဟေ့..”
ရှောင်ချန်းထျန်း ထပ်မံ ရယ်လိုက်ပြန်သည်။ သူသည် ကောင်းကင်သို့ ပျံတက်ကာ မိုးကြိုးလှိုင်းများအတွင်းသို့ တိုးဝင်လိုက်၏။ သူ လက်ဟန်များ ဖော်လိုက်သည်နှင့် ဖျော့တော့သော ရွှေရောင် ရှေးဦးရှေးဟောင်းနဂါးမှာ သူနှင့် ပေါင်းစပ်သွားပြီး ရှေးခေတ်ကာလမှ ဆင်းသက်လာသည့်အလား ခန့်ညားလှသော ရွှေနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
“ဂါး ... ... ... ”
၎င်းသည် နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်ရာ ဟင်းလင်းပြင် အမြောက်အမြား ကြေမွ ပျက်စီးသွားရ၏။
ရှောင်ချန်းထျန်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ တပိုင်း အဆင့် သူတော်စင် အဆင့်သို့ အပြည့်အဝ ရောက်ရှိသွားပြီ ဖြစ်၏။ အကယ်၍ ယခင် ယဲ့ဖုန်းနှင့် တိုက်ခိုက်ခဲ့စဉ်ကသာ ရှောင်ချန်းထျန်းမှာ ဤအဆင့်သို့ ရောက်နေခဲ့ပါက ... သုံးကွက်အတွင်းမှာပင် ယဲ့ဖုန်းကို အမှုန့်ခြေပစ်နိုင်လေမည်။
သို့သော် ရှောင်ချန်းထျန်းမှာ မာန်တက်ခြင်း မရှိပေ။ ယဲ့ဖုန်းသည် ထိပ်တန်း ကောင်းကင်ဧကရာဇ်များကို သတ်နိုင်ကြောင်း သူ ကြားသိထားပြီး ဖြစ်သလို၊ မကြာသေးမီကပင် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက်ပင် အဆပေါင်းများစွာ သိပ်သည်းသော အရှိန်အဝါများကို ထုတ်ဖော်ကာ ရှေ့ဖြစ်ဟော မျိုးနွယ်စုမှ အမြင့်မြတ်ဆုံး ရွှေရောင်ရှေ့ဖြစ်ဟောဆရာကို နှိမ်နင်းခဲ့သည်ကိုလည်း သူ သိထား၏။
'ယဲ့ဖုန်းက တပိုင်း အဆင့် သူတော်စင် အဆင့်ကို အရင် ရောက်နေတာ ဖြစ်ရမယ်'
'ဒါပေမဲ့ အခု ငါလည်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာပြီ.. ငါ့ရဲ့ အခြေခံ ခွန်အားတွေနဲ့ဆိုရင် ငါက သူ့ထက် မညံ့တာ သေချာတယ်'
“ဟားဟားဟားဟား..”
ရှောင်ချန်းထျန်း အသွင်ပြောင်းထားသော ရွှေနဂါးကြီးမှာ ကျယ်လောင်စွာ ရယ်ရင်း ကောင်းကင်မှ မိုးကြိုးများကိုပင် ဝါးမြိုပစ်နေ၏။ သူ၏ မြင့်မြတ်သော အရှိန်အဝါများမှာ အရာရာကို လွှမ်းမိုးထား၏။
“ဂျုန်း ... ဂျိန်း”
ရက်စက်လှသော ကောင်းကင်မိုးကြိုးများမှာ ရွှေရောင် နဂါးကြေးခွံများပေါ်သို့ ကျရောက်ကာ ချက်ချင်း ပေါက်ကွဲသွားသော်လည်း ကြေးခွံများကို မည်းရောင်သန်းသွားစေရုံသာ တတ်နိုင်ပြီး အကာအကွယ်ကို မဖောက်ထွင်းနိုင်ချေ။
“ဂါး ... ... ... ”
ရှောင်ချန်းထျန်း ဟိန်းဟောက်လိုက်သည်နှင့် သူ၏ ကိုယ်ပေါ်မှ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မည်းသွားသော ကြေးခွံများကို ပြန်လည် တောက်ပသွားစေ၏။
စိမ်းပြာရောင် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင်..
မြူခိုးများကြားတွင် ပုန်းကွယ်နေသော ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံကို မော့ကြည့်နေသည်။ သူမ၏ အကြည့်မှာ ကျယ်ပြောလှသော ကမ္ဘာပျက်ကပ် ဘေးဒဏ်ကြီးပေါ်တွင် တည်ရှိနေပြီး နှုတ်ခမ်းများမှာ အသာအယာ လှုပ်ရှားသွား၏။
'ကံကြမ္မာရဲ့ ရွေးချယ်ခံ ဖြစ်ရကျိုးနပ်ပါတယ်.. ကံကြမ္မာရဲ့ သားတော်အဖြစ် အဆင့်မတက်သေးရင်တောင် ... သူဟာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ရဲ့ အရည်အချင်းတွေကို ပြသနေပြီ။ ဒီဘေးဒဏ်ကို ကျော်ဖြတ်ဖို့က သူ့အတွက် မခဲယဉ်းပါဘူး'
ထိုပုံရိပ်မှာ တီးတိုး ရေရွတ်လိုက်မိ၏။
ကောင်းကင်ယံထက်တွင်..
ရှောင်ချန်းထျန်းသည် ကမ္ဘာပေါင်းများစွာ၏ အလေးချိန်ပမာ လေးလံလှသော သူ၏ ကိုယ်ခန္ဓာကြီးကို လှုပ်ရှားကာ ဟင်းလင်းပြင်ကို အလွယ်တကူ ချိုးဖျက်ပြီး မိုးကြိုးများကို ဝါးမြိုနေ၏။ သူ၏ အရှိန်အဝါမှာ ပို၍ ပို၍ ကြောက်စရာ ကောင်းလာတော့သည်။
ပြင်းထန်လှသော မိုးကြိုးများမှာ သူ၏ အကာအကွယ်ကိုပင် မထိနိုင်ကြချေ။
ထိုစဉ်..မြူခိုးဂိုဏ်းဝယ်၊
ယဲ့ဖုန်း တစ်ခုခုကို ခံစားမိသဖြင့် လေဝိညာဉ်ပုလဲကို ထုတ်ယူလိုက်သည်။ သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၁၀) မျှင်ကို အသုံးပြုကာ ကြိုတင်ဟောကိန်းထုတ်လိုက်ရာ မြင်ကွင်းတစ်ခု ပေါ်လာ၏။
မြင်ကွင်းထဲတွင် ...မိုးကြိုးများ တုန်ခါနေသည်။
ရွှေနဂါးကြီး တစ်ကောင်သည် ကောင်းကင်ဘုံ ကပ်ဘေး၏ ဆေးကြောမှုကို ခံယူနေသော်လည်း ဒဏ်ရာ တစ်ချက်မျှ မရရှိဘဲ သူ၏ အရှိန်အဝါများသာ ပိုမို သန်မာလာ၏။
'ရှောင်ချန်းထျန်း တပိုင်း အဆင့် သူတော်စင် အဆင့်ကို တက်တော့မယ်ပေါ့'
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
၎င်းမှာ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်သာ ဖြစ်သော်လည်း ရှောင်ချန်းထျန်း ပေါင်းစပ်လိုက်သော စွမ်းအား နှစ်ခုမှာ အလွန် အစွမ်းထက်လှသဖြင့် သာမန် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက် အဆပေါင်းများစွာ ပိုမို သန်မာနေခြင်း ဖြစ်၏။ ဤအဆင့်မှာ တကယ့်ကို ထူးခြားဆန်းပြားလှပေသည်။
သာမန် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဆိုသည်မှာ ဓာတ်ကြီးငါးပါး ဖြစ်သော ရွှေ၊ မီး၊ ရေ၊ သစ်သား၊ မြေကြီး ထဲမှ မည်သည့် ဓာတ်နှစ်မျိုးကိုမဆို ပေါင်းစပ်ထားသူကို ဆိုလိုခြင်း ဖြစ်ပြီး၊ ၎င်းမှာ အခြေခံ စံသတ်မှတ်ချက် ဖြစ်၏။ များသောအားဖြင့် အခြား ဝိညာဉ်စွမ်းအင် အမျိုးအစားများကို ပေါင်းစပ်သူများသည် သာမန်ထက် ပိုမို အစွမ်းထက်တတ်ကြသည်။
သို့သော် ထိုအချက်မှာ အမြဲတမ်း မမှန်ကန်ပေ။ ထိပ်တန်း ကောင်းကင်ဧကရာဇ် အချို့မှာ ကံမကောင်းတတ်ကြချေ။ သူတို့သည် အစွမ်းထက်သော စွမ်းအင်နှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားသော်လည်း ပြဿနာများ ကြုံတွေ့ရတတ်သဖြင့် သာမန်ထက်ပင် အခြေခံ အားနည်းသွားတတ်ကြ၏။ သို့သော် ဤသို့သော အခြေအနေမှာ အလွန် ရှားပါးလှပေသည်။
အခြား တားမြစ်နယ်မြေများ၊ တောင်တန်းကြီးများနှင့် မြင့်မြတ်သော မြို့တော်များရှိ တပိုင်း အဆင့် သူတော်စင် ပညာရှင်များသည်လည်း ရှောင်ချန်းထျန်း၏ ဘေးဒဏ်သင့်မှု တစ်ခုလုံးကို စောင့်ကြည့်နေကြ၏။
“ရှောင်ချန်းထျန်းက အရင်.. တပိုင်း အဆင့် သူတော်စင် ဖြစ်သွားတာပဲ ... ”
ပါရမီရှင် အချို့မှာ သက်ပြင်းချလိုက်ကြမိသည်။
သူတို့မှာ တစ်ချိန်က ရှောင်ချန်းထျန်းနှင့် ရင်ပေါင်တန်းနိုင်သူများ ဖြစ်ကြသော်လည်း ယခုမူ ရှောင်ချန်းထျန်းက သူတို့ထက် အရင် ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။ နှစ်ဖက်ကြား ကွာဟချက်မှာ တစ်ခဏအတွင်းမှာပင် (၁၀) ဆခန့် ကွာခြားသွားရတော့၏။
စိမ်းပြာရောင် တားမြစ်နယ်မြေဝယ်၊
ရှောင်ချန်းထျန်းသည် ကောင်းကင်ယံမှ ဘေးဒဏ်တိမ်တိုက်များ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ လူပုံစံသို့ ပြန်ပြောင်းလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်နေသော အပြုံးတစ်ခု ရှိနေ၏။
“ကောင်းပြီ..”
“ငါ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာပြီ”
“ပိုင်ကျီ ... ငါ့အမိန့်ကို နာခံပါ....”
“အခုချက်ချင်း ဖိတ်စာတွေ ရေးလိုက်။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ ထိပ်တန်း ကောင်းကင်ဧကရာဇ်တွေနဲ့ တပိုင်း အဆင့် သူတော်စင်တွေကို ဖိတ်ကြားလိုက်.. ဒီနေ့ကစပြီး နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာမှာ စိမ်းပြာရောင် တားမြစ်နယ်မြေက စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်မှာ ကျင်းပမယ့် တည်ခင်းဧည့်ခံပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါ”
ရှောင်ချန်းထျန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျယ်လောင်သော အသံဖြင့် အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ..”
ပိုင်ကျီသည် အလျင်အမြန်ပင် ဖိတ်စာများကို ပြင်ဆင်ကာ သတင်းစကားများ ပေးပို့လိုက်တော့သည်။
... ... ...
မြူခိုးတောင်ထိပ်။
ပေရာချီ ကျယ်ပြန့်သော အတောင်ပံများရှိပြီး တစ်ကိုယ်လုံးတွင် ပြင်းထန်သော မီးလျှံများ တောက်လောင်နေသည့် ဧရာမ ငှက်ကြီးတစ်ကောင်မှာ တောင်ထိပ်အနီးသို့ ဖြည်းညှင်းစွာ ပျံသန်းလာပြီး ရပ်တန့်လိုက်၏။
“ဝှစ် …”
ထိုမီးလျှံပြာငှက်မှာ ခန့်ညားလှသော လူငယ်လေး တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် မှည့်အနက်လေး တစ်လုံး ရှိနေ၏။ သူ၏ အရှိန်အဝါမှာ ထူးခြားလှပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာသို့ ရောက်ရှိလေသည်။
သို့သော် ထိပ်တန်း ကောင်းကင်ဧကရာဇ်များကို သတ်နိုင်သော ယဲ့ဖုန်း၏ ရှေ့မှောက်တွင်မူ ထိုလူငယ်မှာ မည်သည့် ရိုင်းစိုင်းသော အမူအရာမျှ မပြရဲပေ။
“ဂိုဏ်းချုပ်ယဲ့ ... ဒါကတော့ ကျွန်တော်တို့ သခင်လေး ရှောင်ချန်းထျန်းက ပေးလိုက်တဲ့ ဖိတ်စာပါ။ နယ်ပယ်အသီးသီးက သူရဲကောင်းတွေကို စိမ်းပြာရောင် တားမြစ်နယ်မြေက စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်မှာ ကျင်းပမယ့် တည်ခင်းဧည့်ခံပွဲကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်တာ ဖြစ်ပါတယ်.. အချိန်ကတော့ အခုကနေစပြီး နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာမှာ ဖြစ်ပါတယ်”
ထိုလူငယ်လေးသည် ဖိတ်စာကို ရိုသေစွာ ကမ်းပေးလိုက်၏။
“ဟွန်း ... ”
ယဲ့ဖုန်းသည် အေးစက်စွာ နှာခေါင်းမှုတ်လိုက်သည်။
ထိုအသံမှာ ဖိအား တစ်စုံတစ်ရာ မပါဝင်သော်လည်း၊ ထိုလူငယ်လေးမှာမူ အလွန် ကြောက်လန့်သွားသဖြင့် ချက်ချင်းပင် ဒူးထောက်လိုက်ရရှာသည်။ သူ၏ နဖူးတွင်လည်း ချွေးစေးများ သီးနေ၏။
“ရှောင်ချန်းထျန်းက တပိုင်း အဆင့် သူတော်စင် ဖြစ်သွားပြီဆိုတော့ ... လူအများရှေ့မှာ ငါ့ကို စိန်ခေါ်ချင်နေတာ နေမှာပေါ့ ... ဟုတ်လား ... ” ယဲ့ဖုန်းက လှောင်ပြောင်သလို ရယ်ရင်း ပြောလိုက်သည်။
“မ ... မဟုတ်ပါဘူး.. ဂိုဏ်းချုပ်ယဲ့ အထင်လွဲနေတာပါ။ ကျွန်တော်တို့ သခင်လေးက ဂိုဏ်းချုပ်ယဲ့ကို တည်ခင်းဧည့်ခံပွဲ တက်ဖို့အတွက်ပဲ ဖိတ်ကြားတာပါ ... ” ထိုလူငယ်လေးမှာ ယဲ့ဖုန်း၏ လက်ဝါး တစ်ချက်အောက်တွင် သေဆုံးသွားမည်ကို ကြောက်သဖြင့် အလျင်အမြန် ရှင်းပြနေရရှာသည်။
“ဪ ... အဲဒီလိုလား”
“သွားလို့ ရပြီ”
ယဲ့ဖုန်းက ဖိတ်စာကို လက်ခံလိုက်၏။
“ဟုတ်ကဲ့ပါ..”
ထိုလူငယ်လေးမှာ ယဲ့ဖုန်း တကယ်ပဲ လာတက်မည်လားဟု မေးချင်သော်လည်း၊ ဖိတ်စာလာပို့ရုံနှင့်ပင် အသက်စွန့်ရမလို ဖြစ်ခဲ့ရသဖြင့် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
မကြာမီ ထိုလူငယ်လေး ထွက်သွား၏။
ယဲ့ဖုန်းသည် ထိုင်ခုံတွင် ထိုင်နေရင်း ဖိတ်စာကို ခရမ်းရောင် ဝါးစားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ မြင်ကွင်းကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ဂိုဏ်း၏ ပင်မရင်ပြင်တွင် ...
တပည့် အုပ်စုနှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ထိပ်တိုက် ရင်ဆိုင်နေကြ၏။
တစ်ဖက်တွင် ဒုတိယမျိုးဆက် တပည့်များ ရှိနေ၏။ ကျန်တစ်ဖက်တွင်မူ တတိယမျိုးဆက် တပည့်များ ရှိနေကြခြင်း ဖြစ်သည်။
ရွှီတာ့လေ့၊ မူစီစီ၊ ရှန်ယု၊ နင်ရှန့်ရှန့်၊ လေ့ရှောင်ဟူ၊ လန်တီးနှင့် အခြား ဒုတိယမျိုးဆက် တပည့်များသည် ဝိညာဉ်ပင်လယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သဖြင့် ဒုတိယမျိုးဆက် တပည့်များ၏ ခေါင်းဆောင်များ ဖြစ်နေကြပြီ ဖြစ်၏။ တတိယမျိုးဆက် တပည့်များကိုမူ ဟန်ယုံဟွေးက ဦးဆောင်နေ၏။
“တတိယမျိုးဆက် ညီငယ်၊ ညီမငယ်တို့က ဘာလို့ ဒီလောက်တောင် ပြိုင်ဆိုင်ချင်စိတ် ပြင်းထန်နေကြရတာလဲ”
“ဟုတ်တယ် ... မင်းတို့ ဂိုဏ်းထဲ ရောက်တာ မကြာသေးဘူး.. ငါတို့ကို စိန်ခေါ်ချင်နေပြီပေါ့။ ကိုယ့်ကိုယ်ကိုယ် တော်တော် အထင်ကြီးနေကြတာပဲ ... ” ဒုတိယမျိုးဆက် တပည့်များထဲမှ တစ်ဦးက အော်ပြောလိုက်သည်။
“စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတို့ခင်ဗျာ ... ကျွန်တော်တို့က အသစ်တွေမို့ စီနီယာတို့ဆီကနေ လမ်းညွှန်မှုတွေ ရချင်လို့ပါ။ တိုက်ပွဲတစ်ခုလောက် မဆင်နွှဲရဲဘူးလား ... ” တတိယမျိုးဆက် တပည့်တစ်ဦးက ပြန်လှမ်းပြောလိုက်သည်။
'ဂိုဏ်းထဲ ရောက်တာ မကြာသေးဘူး.. နေရာတောင် မကျသေးခင်မှာ ဒုတိယမျိုးဆက် တပည့်တွေကို စိန်ခေါ်နေကြပြီပေါ့။ ကောင်းကင်ဘုံ ဂူကမ္ဘာက လာတဲ့ ဒီတပည့်တွေက တကယ် သတ္တိကောင်းတာပဲ။ အံ့ဩစရာပါလား'
ယဲ့ဖုန်းသည် ပင်မရင်ပြင်ပေါ်မှ ထိပ်တိုက်တွေ့မှုကို ကြည့်ကာ ပြုံးလိုက်မိသည်။
သူ သူတို့ကို မတားဆီးပေ။
တပည့်များကြား လက်ရည်စမ်းခြင်းမှာ မိမိကိုယ်ကို တိုးတက်စေမည့် နည်းလမ်းတစ်ခု ဖြစ်ရာ ဝင်ရောက် စွက်ဖက်ရန် မလိုအပ်ချေ။ သို့သော် ထိုလက်ရည်စမ်းမှုမှာ အမုန်းတရားအဖြစ်သို့ မပြောင်းလဲသွားရန်မူ အရေးကြီးလှပေသည်။
အကယ်၍သာ အမုန်းတရားများ ဖြစ်ပေါ်လာပါက ယဲ့ဖုန်း ကိုယ်တိုင် ဝင်ရောက် ရှင်းလင်းပေးလေမည်။ မြူခိုးဂိုဏ်းအတွင်း၌ အငြင်းပွားမှုများနှင့် ကွဲပြားသော အမြင်များ ရှိနိုင်သော်လည်း အမုန်းတရားမူ မရှိစေရပေ။ အမုန်းတရားသည် လူတစ်ဦး၏ မျက်စိကို ကွယ်စေနိုင်သည် မဟုတ်ပါလား။
ဒေါင် ... ... ... ။
ဒုတိယမျိုးဆက် တပည့်များထဲမှ နင်ရှန့်ရှန့်သည် သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာ၏ ဖိအားများကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်၏။ နင်ရှန့်ရှန့်သည် ခရိုင်ဘုရင်မြို့တော်ရှိ ထိပ်တန်း မိသားစု တစ်ခုဖြစ်သော နင်မိသားစုမှ လာသူ ဖြစ်၏။ မြူခိုးဂိုဏ်းသို့ ဝင်ပြီးကတည်းက သူမ၏ ကျင့်ကြံခြင်းမှာ မရပ်မနား တိုးတက်ခဲ့ပြီး ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိခဲ့ရာ၊ ခရိုင်ဘုရင်မြို့တော်ရှိ နင်မိသားစုအတွင်း၌ပင် သူမမှာ ထိပ်တန်း ပညာရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်၏။
“ကျွန်မတို့ကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ ... အရင်ဆုံး ကျွန်မရဲ့ အဆင့်ကို ကျော်ဖြတ်ရမယ်”
နင်ရှန့်ရှန့်သည် ဘယ်လက်ဖြင့် ဓားလက်ဟန် ဖော်ကာ ညာလက်ဖြင့် ဓားကို ကိုင်ထား၏။ လေထဲတွင် လွင့်လူးနေသော သူမ၏ အဝတ်အစားများကြောင့် သူမမှာ လေထဲက နတ်သမီးလေး တစ်ပါးအလား ထင်မှတ်ရ၏။
သူမ ရှေ့သို့ လှမ်းတက်လိုက်သည်နှင့် ...
နူးညံ့သော ဓားအသိစိတ်တစ်ခု စတင် ထွက်ပေါ်လာပြီး သူမ၏ ရှေ့မှ တတိယမျိုးဆက် တပည့်များအပေါ်သို့ ကြီးမားသော ဖိအားများကို သက်ရောက်စေလိုက်တော့သည်။