အခန်း ၆၇၄
Vol. 45 Ch. 674
အခန်း (၆၇၄) - တပည့်များအကြား လက်ရည်စမ်းခြင်းနှင့် အလားအလာမြှင့်ဆေးရည်၏ အစွမ်း
“အစ်မနင် ... ကျွန်မရဲ့ အစွမ်းကို စမ်းသပ်ခွင့်ပြုပါဦး”
တတိယမျိုးဆက် တပည့်များထဲမှ အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းတက်လာ၏။ သူမ၏ ပတ်ပတ်လည်တွင် သွေးရောင်အဆင်းရှိသော ကြာပန်းပေါင်းများစွာ ဝဲပျံနေပြီး သတိထားရမည့် အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ထိုအမျိုးသမီး၏ အမည်မှာ 'ရှာချင်းလျန်' ဖြစ်၏။ သူမသည် ရှေးဟောင်းမျိုးနွယ်စု တစ်ဆယ့်ရှစ်ခုထဲမှ တစ်ခုဖြစ်သော သွေးကြာပန်းဂိုဏ်းမှ လာသူဖြစ်ပြီး မျိုးဆက်သစ်လူငယ်များထဲတွင် ထိပ်တန်းပညာရှင် တစ်ဦးလည်း ဖြစ်၏။ အသက် (၂၅) နှစ်ရှိပြီဖြစ်ကာ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာတွင် ရှိနေသည်။
“မင်းကရှချင်းလျန်ပဲ။ မင်းအကြောင်း ငါကြားဖူးပါတယ်”
နင်ရှန့်ရှန့်သည် သူမ၏ ဓားရှည်ကို ကိုင်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“မင်းက သွေးကြာပန်းဂိုဏ်းက ဖြစ်ပြီး အမြင့်ဆုံးအဆင့် ရုပ်ခန္ဓာပိုင်ရှင်ပဲ။ မွေးရာပါ သွေးကြာပန်းခန္ဓာကို ပိုင်ဆိုင်ထားပြီး တကယ့်ကို အစွမ်းထက်တယ်လို့ သိထားတယ်”
“အစ်မနင်က ချီးမွမ်းလွန်းနေပါပြီ။ ကျွန်မက အစ်မလောက် မတော်ပါဘူး”ရှချင်းလျန်က နှုတ်ခမ်းကို အသာစေ့ကာ ပြန်ပြောလိုက်၏။
“မင်းက တော်တော် နှိမ့်ချတတ်တာပဲ”
နင်ရှန့်ရှန့်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ဂိုဏ်း၏ ပင်မရင်ပြင် အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အမြောက်အမြား ထည့်သွင်းထားသဖြင့် ပင်မရင်ပြင်မှာ ယခင်ကထက် များစွာ ပိုမို ကျယ်ပြန့်လာခဲ့တော့သည်။ မြေပြင်ရှိ အုတ်ချပ်များမှာလည်း အလွန် ခိုင်ခံ့လှသဖြင့် ဝိညာဉ်ပင်လယ်အဆင့်ရှိသူ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိ၏။
“အားလုံးပဲ ... ဒါက လက်ရည်စမ်းတဲ့ ပွဲ ဖြစ်တဲ့အတွက် သင့်တော်ရုံပဲ တိုက်ကြရအောင်။ ဂိုဏ်းရဲ့ စည်းလုံးမှုကို မထိခိုက်စေချင်ဘူး.. နှစ်ဖက်စလုံး အကြိမ် (၃၀၀) လောက် လက်ရည်စမ်းကြမယ်.. အနိုင်အရှုံး ပေါ်ပေါ်၊ မပေါ်ပေါ် ... သတ်မှတ်ချက် ပြည့်တာနဲ့ ချက်ချင်း ရပ်ရမယ်” ရွှီတာ့လေ့က ရှေ့သို့ တက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“အစ်ကိုရွှီရဲ့ အကြံပြုချက်ကို ကျွန်တော် သဘောတူပါတယ်” ဟန်ယုံဟွေးက ထောက်ခံလိုက်၏။
တတိယမျိုးဆက် တပည့်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် သူ၏ စကားမှာ အလေးအနက် ရှိလှပြီး ကျန်တပည့်များကလည်း ဝိုင်းဝန်း ထောက်ခံကြ၏။
“ကောင်းပြီလေ”
“ဒါဆိုရင် အကြိမ် (၃၀၀) လက်ရည်စမ်းကြတာပေါ့”
နင်ရှန့်ရှန့်နှင့်ရှချင်းလျန်တို့မှာ သဘောတူလိုက်ကြသည်။ သူမတို့ နှစ်ဦးသည် မီတာဆယ်ဂဏန်းခန့် အကွာတွင် ရင်ဆိုင် ရပ်လိုက်ကြ၏။
“ဝိညာဉ်လက်နက် မသုံးဘူးလား” နင်ရှန့်ရှန့်က မေးလိုက်သည်။
“ဒါတွေက ကျွန်မရဲ့ ဝိညာဉ်လက်နက်တွေပါပဲ”ရှချင်းလျန်က သူမကို ဝန်းရံထားသော သွေးကြာပန်းများကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ ... လာခဲ့စမ်း..”
နင်ရှန့်ရှန့်သည် လက်ချောင်းများကို ဓားတစ်လက်ပမာ ဖန်တီးကာ ဓားအကာအကွယ်ဖြင့် သူမ၏ ကိုယ်ကို ဝန်းရံထားလိုက်သည်။ စီနီယာ အစ်မကြီး တစ်ဦးပမာ သူမသည် ယဉ်ကျေးစွာ ဦးစွာ တိုက်ခိုက်ခွင့် ပေးလိုက်ခြင်း ဖြစ်၏။
“ဒါဆိုရင်တော့ ကျွန်မ အားနာမနေတော့ဘူးနော်”
ရှာချင်းလျန်က လက်ဝှေ့ယမ်းလိုက်သည်နှင့် သူမ၏ ပတ်ပတ်လည်ရှိ သွေးကြာပန်းများမှာ အပြည့်အဝ ပွင့်လန်းလာပြီး ကြာပွင့်ချပ်များမှာ ထက်မြက်သော ဓားရိပ်များပမာ နင်ရှန့်ရှန့်ဆီသို့ အပြင်းအထန် ပျံသန်းသွားတော့သည်။
“ဝှစ်”
နင်ရှန့်ရှန့်၏ အကာအကွယ်မှာ ပြင်းထန်စွာ ရိုက်ခတ်ခံရသဖြင့် အက်ကွဲကြောင်းများ လျင်မြန်စွာ ပေါ်လာပြီး အချိန်မရွေး ကြေမွသွားနိုင်သည့် အခြေအနေသို့ ရောက်သွားသည်။
“ဓားနှင့်လူသား တစ်သားတည်း ဖြစ်ခြင်း..”
နင်ရှန့်ရှန့်သည် သူမ၏ ဓားရှည်ကို မြှောက်ကာ သူမ၏ ကိုယ်ခန္ဓာကို ဓားအတွင်းသို့ ပေါင်းစပ်လိုက်သည်။ သူမသည် သွေးကြာပွင့်ချပ် ဒါဇင်ပေါင်းများစွာကို ချိုးဖျက်ကာ ဝိုင်းရံထားမှုမှ ဖောက်ထွက်လိုက်ပြီးရှချင်းလျန်ဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်၏။
“ကောင်းတယ်..”
ရှာချင်းလျန်သည် တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်၏။ သူမသည် လက်ဟန်များကို အလျင်အမြန် ဖော်လိုက်ရာ သွေးကြာပန်းများမှာ သူမ၏ ရှေ့တွင် အကာအကွယ် ဒိုင်းတစ်ခုအဖြစ် စုစည်းသွားပြီး နင်ရှန့်ရှန့်၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။ သူမတို့၏ အရှိန်မှာ အလွန် မြန်ဆန်လှသဖြင့် ခေတ္တအတွင်းမှာပင် အကြိမ်ပေါင်း ဒါဇင်နှင့်ချီကာ လက်ရည်စမ်းပြီးသွားတော့၏။
မြူခိုးတောင်ထိပ်တွင်..
မိုယင်သည် လက်ထဲတွင် ဓားကို ကိုင်ဆောင်ကာ ရပ်နေ၏။ သူမ၏ ဘေးတွင် ရှီလေ့၊ လီကျောက်ကျောက်၊ ဟိုယွင်ကျဲ၊ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အပါအဝင် ပထမမျိုးဆက် တပည့်များ အားလုံး ရှိနေကြ၏။ ဒုတိယမျိုးဆက်မှ လီကျောက်ခွန်ပင် ရောက်နေ၏။
“ရှာချင်းလျန်ရဲ့ ဝိညာဉ်လက်နက်က ငါ့ရဲ့ ပန်းပွင့်ကြွေ မိုးစက်သိုင်းကွက်နဲ့ ဆင်တူပေမဲ့ ... သူက ပိုပြီးတော့ သိမ်မွေ့တယ်” ကျားယွီလန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကျားယွီလန်ည်လည်း တာဝန်များကို ကြိုးစား လုပ်ဆောင်ခဲ့သဖြင့် ကျင့်ကြံခြင်း မျှော်စင်များ၏ အကူအညီဖြင့် ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူမ တစ်ဦးတည်းသာမက ပထမမျိုးဆက် တပည့်အားလုံးမှာ အလွန် သန်မာနေကြပြီ ဖြစ်၏။ ယခင်က ကျင့်ကြံခြင်း အားနည်းခဲ့သော ယွီစုနှင့် ယွီဝေတို့ပင်လျှင် ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိကာ ပထမမျိုးဆက်၏ ဂုဏ်ကို ဆောင်နေကြတော့၏။
“နငခတို့ရဲ့ 'အခြေခံပါရမီ အလားအလာ လက်စွဲစာအုပ်' ကျင့်စဉ်က ဘယ်အဆင့်ကို ရောက်နေပြီလဲ” ထိုစဉ် ကျီဇီလင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒုတိယအလွှာ ပြီးသွားပြီ”
“ငါလည်း အတူတူပဲ”
ပထမမျိုးဆက် တပည့်များမှာ တစ်ဦးပြီးတစ်ဦး ဖြေကြားကြ၏။
“ဟားဟား ... ဒါဆိုရင်တော့ နင်တို့က ငါ့ထက် နှေးနေသေးတာပဲ” ကျီဇီလင်းက ခါးထောက်ကာ ကြွားဝါလိုက်၏။
“ငါ့ရဲ့ ကျင့်စဉ်က တတိယအလွှာကို ရောက်နေပြီဟေ့”
ထိုစကားကြောင့် လူတိုင်းမှာ အံ့ဩတကြီး ကြည့်လိုက်ကြ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လုံထျန်းရှင်းက အလန့်တကြား အော်လိုက်မိသည်။
ကျီဇီလင်းက ပြုံးရင်း ရှင်းပြလိုက်သည်။
“အဲဒါကတော့ ဂိုဏ်းချုပ်က ငါ့ကို စမ်းသပ်ချက်အသစ်မှာ ထပ်ပြီး အသုံးချလိုက်လို့ပဲ”
“ငါ အလားအလာမြှင့် ဆေးရည်ကို ဖော်စပ်ထားတယ်.. သူက အဲဒီဆေးရည်နဲ့ နေ့တိုင်း ရေချိုးရင်း ကျင့်ကြံတာဆိုတော့ အောင်မြင်သွားတာ မဆန်းပါဘူး” ယဲ့ဖုန်း၏ အသံမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
အလားအလာမြှင့် ဆေးရည်၏ ဖော်စပ်နည်းမှာ ဂိုဏ်း၏ ဂုဏ်သတင်း တစ်သန်း ကျော်လွန်စဉ်က ယဲ့ဖုန်း ရရှိခဲ့သော ဝှက်ဖုံးနေသည့် ဆုလာဘ်တစ်ခု ဖြစ်၏။ ကျီဇီလင်းသည် ပထမဆုံး အသုံးပြုသူ အနေဖြင့် တတိယအလွှာကို အောင်မြင်သွားခဲ့ခြင်းပါ။
သူမ၏ မူလ အမြင့်ဆုံးအဆင့် ပါရမီမှာ အကန့်အသတ်ကို ကျော်ဖြတ်ကာ ပိုမိုမြင့်မားသော နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားလေပြီ။ မြူခိုးဂိုဏ်းအတွင်း၌ ကျင့်ကြံခြင်း အမြန်နှုန်းတွင် သူမကို ကျော်နိုင်သူ မည်သူမျှ မရှိချေ။
“ညီမလေး ဇီလင်း ... အဲဒီ ဆေးရည် ပိုတာ ရှိသေးလား” ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့မှာ စိတ်ဝင်တစား မေးလိုက်ကြ၏။
“ရှိတာပေါ့..” ယဲ့ဖုန်းက ပြုံးရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..” ပထမမျိုးဆက် တပည့်များ အားလုံး ချက်ချင်း လှည့်ကာ ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
“ဒီ အလားအလာမြှင့် ဖော်မြူလာက 'အခြေခံပါရမီ အလားအလာ လက်စွဲစာအုပ်' ကျင့်စဉ်နဲ့ တွဲသုံးမယ်ဆိုရင် ရုပ်ခန္ဓာ ပါရမီကို တစ်ဆင့်၊ နှစ်ဆင့်လောက် မြှင့်တင်ပေးနိုင်တဲ့ အခွင့်အရေး ရှိတယ်” ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
သူသည် ကျီဇီလင်းကို ကြည့်လိုက်၏။ “မင်းက နတ်ဘုရားအဆင့်ကို တက်သွားပြီဆိုတော့ ... ဘယ်လို ခံစားရလဲ”
ကျီဇီလင်း၏ ပါရမီမှာ ယနေ့မှသာ အဆင့်တက်သွားခဲ့ခြင်း ဖြစ်၏။ သူမ တတိယအလွှာကို အောင်မြင်သွားသည့် အခိုက်အတန့်တွင် သူမ၏ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များကို အလိုလို ဝါးမြိုကာ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဆင့် တက်သွားခဲ့၏။ အကယ်၍ ယဲ့ဖုန်းသာ ကောင်းကင်လျှို့ဝှက်ချက်ကို မဖုံးကွယ်ထားပါက ဤကိစ္စမှာ တကယ်ကို ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မည်။
“ကျင့်ကြံခြင်း အမြန်နှုန်းက အရင်ကထက် အဆပေါင်းများစွာ ပိုမြန်လာတယ်လို့ ခံစားရတယ်”
ကျီဇီလင်းက သူမ၏ လက်များကို ကြည့်ကာ ပြောလိုက်သည်။
“ဒါ့အပြင် ကျွန်မရဲ့ အရှိန်အဝါကလည်း အရင်နဲ့ မတူတော့ဘူး ... ပြောရရင်တော့ ပိုပြီးတော့ ‘မြင့်မြတ်’ သွားတယ်လို့ ခံစားပါရတယ်”
“မဆိုးဘူး” ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
နတ်ဘုရားအဆင့် ပါရမီရှင်တိုင်းမှာ မြင့်မြတ်သော ဂုဏ်ရည်များ ကိန်းအောင်းနေစမြဲ ဖြစ်၏။ ယခုအခါ ကျီဇီလင်းသည် ခရမ်းရောင် ဆံပင်ရှည်ကြီးများနှင့်အတူ တကယ့်ကို ဧကရီ တစ်ပါးပမာ ခန့်ညားထည်ဝါနေတော့သည်။
“ကဲ ... ငါ..,မင်းတို့ အားလုံး သုံးဖို့အတွက် အလားအလာမြှင့် ဆေးရည်တွေ အမြောက်အမြား ဖော်စပ်ထားပြီးပြီ”
ယဲ့ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းငယ် အမြောက်အမြား ထွက်ပေါ်လာပြီး လူတိုင်းကို တစ်လုံးစီ ဝေပေးလိုက်၏။
ပင်မရင်ပြင်ပေါ်တွင် ဖြစ်သည်။
နင်ရှန့်ရှန့်နှင့်ရှချင်းလျန်တို့မှာ အကြိမ် (၃၀၀) အထိ လက်ရည်စမ်းပြီးသွားသော်လည်း အနိုင်အရှုံး မပေါ်ဘဲ သရေ ဖြစ်သွား၏။
“စီနီယာ အစ်မကြီးက တကယ့်ကို တော်တာပဲ။ အထင်ကြီးစရာပါပဲ”ရှချင်းလျန်သည် စင်ပေါ်မှ ဆင်းကာ အရှုံးပေးလိုက်၏။
“မင်းရဲ့ ခွန်အားက ငါ့ထက် မနိမ့်ပါဘူး.. ဘာလို့ အရှုံးပေးတာလဲ” နင်ရှန့်ရှန့်မှာမူ ပျော်ရွှင်ခြင်း မရှိပေ။ သူမသည် ကျင့်စဉ်များစွာကို ကျင့်ကြံထားသော်လည်း ယခုအခါ တတိယမျိုးဆက် တပည့်တစ်ဦးနှင့်သာ သရေကျခဲ့သဖြင့် ကြီးမားသော ဖိအားများကို ခံစားလိုက်ရခြင်း ဖြစ်၏။ ဤဖိအားကပင် သူမကို ပိုမို ကြိုးစားရန် တွန်းအား ဖြစ်စေတော့လေမည်။
'ဂိုဏ်းအတွင်းမှာ တပည့်တွေရဲ့ ခွန်အား အဆင့်သတ်မှတ်ချက် တစ်ခု ရှိဖို့ လိုနေပြီ။ စနစ် ... ဒါကို မင်း လုပ်ပေးနိုင်လား'
ယဲ့ဖုန်းသည် ပင်မရင်ပြင်ကို ငုံ့ကြည့်ရင်း စိတ်ထဲမှ မေးလိုက်သည်။
စနစ် - “ ... ”
'ထားလိုက်ပါတော့ ... မင်းက အားကိုးလို့ မရပါဘူး.. ငါ ဂိုဏ်းချုပ်ကိုယ်တိုင်ပဲ ဒီအဆင့်သတ်မှတ်ချက်ကို ရေးဆွဲရမှာပေါ့' ယဲ့ဖုန်း တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။
တပည့်များကြား စိန်ခေါ်မှုများကို အားပေးရန်နှင့် အတူတကွ တိုးတက်စေရန်အတွက် ယဲ့ဖုန်းသည် ချက်ချင်းပင် တပည့်များ၏ ခွန်အား အဆင့်သတ်မှတ်ချက် ဇယားကို ဖန်တီးရန် ပြင်ဆင်လိုက်သည်။ ဤဇယားမှာ တိုက်ခိုက်မှုအပေါ် အခြေခံခြင်း မဟုတ်ဘဲ ဉာဏ်အလင်းပွင့် နှလုံးသား၏ တွက်ချက်မှုနှင့် စနစ်မှ အသေးစိတ် အချက်အလက်များအပေါ် အခြေခံခြင်း ဖြစ်၏။
ကောင်းကင်ယံထက်တွင် ယဲ့ဖုန်းသည် လက်ဟန်များကို ဆွဲသားလိုက်သည်။ ထိုစဉ်..နာမည်ပေါင်းများစွာမှာ သူ၏ ရှေ့တွင် လွင့်ပျံနေပြီး နောက်ဆုံးတွင် ဝေဝါးသော အဆင့်သတ်မှတ်ချက် ဇယားတစ်ခုအဖြစ် စုစည်းသွားတော့သည်။ မကြာမီ ယဲ့ဖုန်းသည် လက်နက်သွန်းဖိုကို ထုတ်ယူကာ အဖိုးတန် ပစ္စည်းများကို ထည့်သွင်း၍ သွန်းလုပ်လိုက်၏။
ထိုအချိန်တွင် ပင်မရင်ပြင်ပေါ်၌ ဟန်ယုံဟွေးသည် ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ တက်လာခဲ့သည်။ သူ၏ မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ တောက်ပနေပြီး ဒုတိယမျိုးဆက် တပည့်များ၏ စီနီယာဖြစ်သော ရွှီတာ့လေ့ကို စိုက်ကြည့်လိုက်၏။
“အစ်ကိုရွှီ ... အစ်ကိုက ဒုတိယမျိုးဆက် တပည့်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ကြားဖူးပါတယ်.. ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုချင်ပါတယ်”
“ငါက အစွမ်းအထက်ဆုံး ဆိုတာကတော့ ချီးမွမ်းလွန်းရာ ကျပါတယ်.. ညီမလေး လျန်ဝမ်ဖန်းကမှ အစွမ်းအထက်ဆုံးပါ။ ဒါပေမဲ့ မင်းက ငါ့ကို စိန်ခေါ်ချင်တယ် ဆိုမှတော့ ... လက်ခံရမှာပေါ့” ရွှီတာ့လေ့က မကြောက်ဘဲ ရှေ့သို့ လှမ်းတက်လိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် ...
တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး မြူခိုးဂိုဏ်း တစ်ခုလုံးကို လင်းထိန်သွားစေကာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
“အခုကစပြီး ... မြူခိုးဂိုဏ်း တပည့်များ၏ ခွန်အား အဆင့်သတ်မှတ်ချက် ဇယားကို ကြေညာလိုက်မယ်.. ဒီဇယားမှာ ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တပည့် (၁၀၀) ရဲ့ အမည်စာရင်း ပါဝင်တယ်” ယဲ့ဖုန်း၏ ထက်ရှသော အသံမှာ ဂိုဏ်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။
နောက်တစ်စက္ကန့်တွင် ... ... ... ။
--