အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂)
ကျွန်တော်ကိုယ်တိုင် သွားရောက် လက်ခံခဲ့တယ်
ကောင်းယွမ် မုကျားရွာသို့ ပြန်ရောက်သောအခါ အင်တာနက်ပေါ်တွင် သတင်းမျိုးစုံ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရလေသည်။
[NASA သည် လကမ္ဘာသို့ ပြန်လည်သွားရောက်ခြင်း' အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး တစ်နှစ်အတွင်း လူလိုက်ပါသော လကမ္ဘာဆင်းသက်မှုကို ထပ်မံလုပ်ဆောင်ရန် စီစဉ်နေသည်...]
[ဥရောပ အာကာသစင်တာကလည်း 'လူလိုက်ပါသော လကမ္ဘာဆင်းသက်မှု' အစီအစဉ်ကို အလေး အနက် ပြန်လည်သုံးသပ်မည်ဟု ကြေညာခဲ့သည်။ အကယ်၍ အတည်ပြုနိုင်ခဲ့လျှင် အစောဆုံး သုံးနှစ် အတွင်း စမ်းသပ်မှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်...]
[ရုရှား အာကာသအုပ်ချုပ်ရေးဌာနကမူ လကမ္ဘာသည် ရှနိုင်ငံ၏ သီးသန့်ပိုင်နက် ဖြစ်လာတော့မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အခြားမည်သည့်နိုင်ငံမှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်...]
ကောင်းယွမ်သည် မိမိ၏ လုပ်ရပ်ကြောင့် အာကာသပြိုင်ပွဲအသစ် တစ်ရပ် စတင်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ သို့သော် သူ၏ စိတ်သည် ထိုအရာများပေါ်တွင် မရှိဘဲ တာချင်းတောင် စီမံကိန်းနှင့် အပူချိန်ထိန်းအဝတ်အစား၊ လက်ပတ်ဖုန်းတို့ကို တရားဝင် ထုတ်လုပ်ရန်အတွက်သာ ပြင်ဆင်နေခဲ့ လေသည်။
ယခုအခါ ငါးရံ့နက် အက်ပ်သည် ကွန်ရက်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ တစ်ရက်အတွင်း ဒေါင်း လုဒ်ပေါင်း သန်းငါးဆယ်ကျော် ရှိခဲ့ပြီး အပူချိန်ထိန်းအဝတ်အစားများကိုလည်း ငါးရံ့နက် အက်ပ်တွင် ကြိုတင်မှာယူနိုင်နေပြီ ဖြစ်လေ၏။
တစ်ဖက်တွင်လည်း ဝမ်နန်ပလာဇာရှိ အပူချိန်ထိန်းအဝတ်အစား အရောင်းဆိုင်မှာလည်း ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်သည်။
အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ကောင်းယွမ်သည် လီပင်းရှီထံ ဖုန်းခေါ်ဆို၍ သူစီစဉ်ခိုင်းထား သော 'တောရိုင်းတိရစ္ဆာန် ဥယျာဉ်' အခြေအနေကို မေးမြန်းလိုက်လေသည်။
လီပင်းရှီသည် ဖုန်းလက်ခံရရှိသည့်အခါ ကျေးဇူးတင်ဝမ်းမြောက်နေသော လေသံဖြင့် ပြန်လည်ပြော လာလေ၏။
"ဥက္ကဋ္ဌကောင်း... အရာအားလုံးက အဆင်ပြေချောမွေ့ပါတယ်... ကြယ်ကိုးစင်းက ရှနိုင်ငံရဲ့ ဖုန်းဈေး ကွက်ကို အလုံးစုံ စီမံကိန်းချပြီးပါပြီ... အွန်လိုင်းရော အော့ဖ်လိုင်းရော ဗျူဟာတွေ ချထားပါတယ်... အခုဆို ကျွန်တော်တို့ စက်ရုံတွေအားလုံး ထုတ်လုပ်မှုနှုန်း မြှင့်တင်နေပါပြီ... ရှနိုင်ငံမှာ စူပါစက်ရုံ ဆယ်ခု လောက်ကို ဆောက်ဖို့လည်း စီစဉ်နေပါတယ်... အဲဒီအချိန်ကျရင်တော့ ဥက္ကဋ္ဌကောင်းရဲ့ ချစ်ပ်ပြား ထုတ် လုပ်မှုကိုလည်း တိုးမြှင့်ပေးဖို့ လိုလိမ့်မယ်နော်..."
ကောင်းယွမ်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။
"ဒါကတော့ အကောင်းဆုံးပေါ့ဗျာ... ခင်ဗျားလည်းငွေရသလို ကျွန်တော်လည်း ငွေရတာပဲလေ... ဒါနဲ့ ကျွန်တော် မနေ့က ပြောထားတဲ့ တောရိုင်းတိရစ္ဆာန်ရုံ ကိစ္စကော ဘယ်လိုရှိလဲ..."
"အစ်ကိုကောင်း... ကျွန်တော် တာဝန်ကျေခဲ့ပါတယ်... အတော်လေးတော့ ကြိုးစားလိုက်ရတယ်ဗျ... ဒါပေမဲ့ ထိုက်တန်ပါတယ်လေ... အမေရိကနဲ့ အာဖရိကက တောရိုင်းတိရစ္ဆာန် ဥယျာဉ်တချို့နဲ့ ဆက် သွယ်ပြီး ကြမ်းတမ်းတဲ့ သားရဲတိရစ္ဆာန်တွေနဲ့ အင်းဆက်တွေကို စုဆောင်းပေးထားပါတယ်... အခု လေယာဉ်နဲ့ သယ်နေပြီမို့လို့ နှစ်ရက်အတွင်း နောက်ဆုံးထားပြီး ရောက်လာပါလိမ့်မယ်..."
"ဟုတ်ကဲ့... အဆင်ပြေပါတယ်... ဥက္ကဋ္ဌလီ... ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်ဗျာ... ရှနိုင်ငံ ဈေး ကွက်မှာ ပြဿနာ တစ်ခုခုရှိရင် ကျွန်တော့်ကို ပြောပါ... ကျွန်တော်တို့က အပြန်အလှန် အကျိုးပြုတဲ့ မိတ်ဖက်ကောင်းတွေပဲ မဟုတ်လား... ဒါနဲ့ လီကျန်းကျီကော ဘယ်လိုလဲ..."
"ကျန်းကျီလား... အခုတော့ အတော်လေး ကောင်းသွားပါပြီ... ဥက္ကဋ္ဌကောင်းရဲ့ ဆုံးမမှုကို ခံရပြီးက တည်းက သူက စကားပြောတာ မပြောင်းလဲသေးပေမဲ့ အရင်ကထက်စာရင် အများကြီး ရင့်ကျက်လာ ပါတယ်... နောက်တစ်ခေါက်ကျရင် ကျွန်တော် သူ့ကို ခေါ်လာပြီး လူကြီးမင်းကို ကိုယ်တိုင် တောင်းပန် ခိုင်းလိုက်ပါ့မယ်..."
ဖုန်းချပြီးနောက် ကောင်းယွမ် သက်ပြင်းချလိုက်လေ၏။
"လီပင်းရှီက တကယ်ကို လူကောင်းတစ်ယောက်ပဲ... သူ စိတ်ဆိုးတဲ့အခါကျရင် ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာပဲ စိတ်ဝင်စားမိတယ်..."
...
နှစ်ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကောင်းယွမ်သည် လီပင်းရှီထံမှ သတင်းစကား ရရှိခဲ့လေ သည်။ တိရစ္ဆာန်များ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ထိုအရာများသည် အကောက်ခွန်မှ ဖြတ်ကျော်ရန် မဖြစ်နိုင်သဖြင့် လီပင်းရှီက ပြည်ပရှိ ဆက်သွယ်မှု များကို အသုံးပြုကာ တောင်ပိုင်းမင်းဆက်သို့ လေကြောင်းဖြင့် မှောင်ခိုသွင်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျိကျိုးလေဆိပ်ရှိ ဂိုဒေါင်တစ်ခုတွင် ယာယီ သိမ်းဆည်းထားခဲ့လေသည်။
မူလက လီပင်းရှီသည် ကုန်တင်သင်္ဘောဖြင့် ရှနိုင်ငံသို့ ပို့ဆောင်ပေးရန် စဉ်းစားခဲ့သော်လည်း ကောင်းယွမ်က ငြင်းပယ်လိုက်ခြင်းဖြစ်လေ၏။
ထိုအရာများကို အကောက်ခွန်မှ ဖြတ်ကျော်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
ထို့ကြောင့် ကောင်းယွမ်သည် တောင်ပိုင်းမင်းဆက်၊ ကျိကျိုးလေဆိပ်သို့ ကိုယ်တိုင်သွားရောက်၍ လက်ခံရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် ယခုအခါ ကောင်းယွမ်၏ အမည်မှာ ကမ္ဘာကျော်နေပြီ ဖြစ်သည်။ လကမ္ဘာပေါ်ရှိ စာသားများ မှာ ယခုတိုင် ရှိနေသေးသည် မဟုတ်ပါလား။
သုံးရက်မျှ ရှိလာပြီဖြစ်ရာ အင်တာနက် အသုံးပြုသူများသည်လည်း စိတ်ကုန်လာကြပြီ ဖြစ်သည်။ လကမ္ဘာသည် LED မျက်နှာပြင်နှင့် တူမနေဘဲ စာသားများကလည် ပြောင်းလဲခြင်း မရှိသဖြင့် ငြီးငွေ့စရာ ကောင်းနေခဲ့ပေ၏။
ကောင်းယွမ်သည် ယခင်က ပြန်ပေးဆွဲခံရသည့် ဖြစ်ရပ်ကြောင့် ထိတ်လန့်နေဆဲ ဖြစ်သဖြင့် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို မစီးတော့ပေ။
ထို့အပြင် ဤတိရစ္ဆာန်များသည် လက်ရှိကမ္ဘာအတွက် မဟုတ်ပေ။
ကောင်းယွမ်သည် ဤအခွင့်အရေးကို အသုံးချကာ အနာဂတ်ကမ္ဘာနှင့် လက်ရှိကမ္ဘာကြားရှိ ကိုဩဒိနိတ် ကွဲပြားမှုများကို တွက်ချက်၍ သူ၏ ယူဆချက်ကို အတည်ပြုရန် ကြိုးစားလိုက်လေသည်။
ထို့ကြောင့် သူသည် ကမ္ဘာကူးတံခါးမှ ဖြတ်ကျော်သွားသည့်အခါ လုံခြုံရေးစက်ရုပ်များနှင့် လက်နက်တပ်ဆင်ထားသော ကင်းထောက်ဒရုန်းများကိုလည်း ခေါ်ဆောင်သွားခဲ့လေသည်။
ဝမ်ရိဖေးပင်းပင်းနှင့် ဟွမ်ဖူရှန်းတို့မှာ အလုပ်များနေကြသဖြင့် ကောင်းယွမ်သည် လင်းနန်ဝူကိုသာ ခေါ်လိုက်လေ၏။
လင်းနန်ဝူက စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
"ဆရာ... ကျွန်မ လုပ်ပေးလို့ရမယ့် ကိစ္စရှိလို့လား..."
ကောင်းယွမ် ခေါင်းငြိမ့်ပြလိုက်၏။
"မင်းလုပ်ရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်... မင်း လုပ်နိုင်မလားတော့ မသိဘူး..."
လင်းနန်ဝူက ယုံကြည်မှုရှိရှိ ပြောလိုက်လေသည်။
"ဆရာ... ဒီကလပ်ကို ကျွန်မ စီစဉ်ခဲ့တာဆိုတာ မမေ့ပါနဲ့... ကျွန်မမှာ စွမ်းဆောင်ရည်တွေရှိပါတယ်..."
"ဟုတ်ပါပြီ... အဲဒါဆိုရင် စက်ရုပ် တစ်ရာနဲ့ လေဆာဖြတ်တောက်ရေး ကိရိယာတချို့ သွားဝယ်ပေးပါ..."
လင်းနန်ဝူ အံ့ဩသွား၏။
"ဒါပဲလား..."
"အင်း... ဘာဖြစ်လို့လဲ... ငါ ကိုယ်တိုင် သွားဝယ်ရမှာလား..."
"ရပါတယ်... ကျွန်မ သွားလိုက်ပါ့မယ်..."
...
ဝယ်ယူထားသော စက်ရုပ်သစ်များနှင့် ကိရိယာများ ရောက်ရှိလာပြီးနောက် ကောင်းယွမ်သည် လင်းနန်ဝူကို ပြန်လွှတ်လိုက်လေသည်။
သူသည် စက်ရုပ်များကို စတင် လည်ပတ်စေလိုက်၏။ ပထမဆုံး လည်ပတ်လာသော စက်ရုပ်ကို ကြည့် ကာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းရဲ့ အမည်က ရှီရီ ဖြစ်မယ်... အခု ဒီကိုဩဒိနိတ်တွေကို ရှာစမ်း..."
ကောင်းယွမ်သည် သူတွက်ချက်ထားသော ကိုဩဒိနိတ် ကွဲပြားမှုများအပေါ် အခြေခံ၍ ကျိကျိုးလေဆိပ် နှင့် ကိုက်ညီသော အနာဂတ်ကမ္ဘာမှ ကိုဩဒိနိတ်ကို တွက်ချက်လိုက်လေသည်။
ရှီရီသည် လျင်မြန်စွာပင် ရှာဖွေတွေ့ရှိသွားခဲ့လေ၏။
"အရှင်... ဒီနေရာက တောရိုင်းဒေသ ဖြစ်နေပါတယ်..."
တောရိုင်းဒေသ ဖြစ်နေခြင်းမှာ ပို၍ပင် ကောင်းပေသေးသည်။ ဤသည်မှာ လူသိခံရနိုင်ခြေကို လျှော့ချ ပေးနိုင်မည် မဟုတ်ပါလား။
"ကောင်းပြီ... ရှီရီ... ဂိုဒေါင်ကို သွားပြီး ကုန်တင်ယာဉ်ပျံ တချို့ ယူခဲ့... မင်းတို့ လုံကျင်းမြို့ကို သွားပြီး တော့ ဒီနေရာမှာ စောင့်နေကြ..."
ကောင်းယွမ်သည် ရှီရီအား လုံကျင်းမြို့ အပြင်ဘက်ရှိ စောင့်ကြည့်ရေး ကိရိယာများ မရှိသော နေရာ တစ်ခု၏ ကိုဩဒိနိတ်ကို ပေးလိုက်လေသည်။ သူသည် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက် ချက် တစ်ခုအဖြစ် ထားရှိလိုခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ မြို့ထဲသို့ ဝင်ထွက်သွားလာ သူတိုင်းကို မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်။
ထို့နောက် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်လာကာ ကားမောင်းထွက်ခဲ့လေသည်။ သူ တွက်ချက် ထားသော ကိုဩဒိနိတ်အရ အနောက်ဘက်ဆင်ခြေဖုံး ပန်းခြံသည် လုံကျင်းမြို့၏ အစွန်အဖျားတွင် ရှိနေ ခဲ့ပေ၏။
အစီအစဉ်များ ချမှတ်ပြီးနောက် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်လာကာ ကျန်းပိုင်ရီနှင့် ရွှီရွှီတို့ကို ချင်းထျဲ့ကျွင်းထံ 'အာဟာရဖြည့်စွက်စာ' များ ပေးပို့ရန် စေခိုင်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ထို နေရာသို့ ကားမောင်းသွားလိုက်လေသည်။
ထိုနေရာသို့ ရောက်သောအခါ ကောင်းယွမ်သည် ကမ္ဘာကူးတံခါးကို ဖွင့်လှစ်လိုက်၏။ အနာ ဂတ်ကမ္ဘာ သို့ ဝင်ရောက်လိုက်သည့်အခါ ရှီရီနှင့် အခြားသူများမှာ ရောက်ရှိနေကြပြီ ဖြစ်သည်။
စက်ရုပ်များတွင် စူးစမ်းလိုစိတ် မရှိသဖြင့် ကောင်းယွမ် ရုတ်တရက် ပေါ်လာသည်ကို သူတို့ မအံ့ဩကြ ပေ။
သူတို့က ရိုသေစွာ နှုတ်ဆက်လိုက်ကြလေ၏။
"အရှင်... အခု ဘယ်ကို သွားကြမလဲ..."
"ပထမဆုံး ပေးထားတဲ့ ကိုဩဒိနိတ်ကို သွားမယ်..."
ရှီရီသည် ချက်ချင်းပင် အမိန့်ကို နာခံလိုက်လေသည်။
တစ်နာရီခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိသွားခဲ့ရာ ညနေဆောင်းနေပြီ ဖြစ်၏။ ကောင်းယွမ်သည် ကမ္ဘာကူးတံခါးကို ဖွင့်လှစ်လိုက်ပြီး အန်းဆန်၊ အန်းစစ်နှင့် လုံခြုံရေးစက်ရုပ်များကို ပတ်ဝန်းကျင်အား ကင်းထောက်ရန် အရင်လွှတ်လိုက်လေသည်။
လုံခြုံရေးစက်ရုပ်များ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ကောင်းယွမ်သည် ပြဿနာများကို ရှောင်ရှားရန် ဆံပင်ရွှေရောင်ဖြင့် လူတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ကမ္ဘာကူးတံခါးမှ ဂရုတစိုက် ဖြတ်ကျော် ဝင်ရောက်လိုက်သည်။
ဤနေရာမှာ တောင်ပိုင်းမင်းဆက် ဖြစ်၏။ ကျိကျိုးလေဆိပ် ဂိုဒေါင်အတွင်း၌ ဖြစ်သဖြင့် လုံခြုံရေး ဝန်ထမ်းများကိုတော့ မတွေ့ရပေ။
ကောင်းယွမ်သည် အန်းဆန်နှင့် အခြားသူများကို ထိုနေရာအား စောင့်ကြပ်ရန် တာဝန်ပေးလိုက်ပြီး ရှီရီ နှင့် အခြားသူများကို ဂိုဒေါင်တံခါးကို ဖြတ်တောက်ရန် စေခိုင်းလိုက်သည်။ သူ၏ တိရစ္ဆာန်များကို ယူ ဆောင်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်၏။
ဖြတ်ကျော်မှု စတင်သည်နှင့် အချက်ပေးသံမှာ မြည်လာခဲ့လေသည်။
ကောင်းယွမ်က အေးဆေးစွာပင် အမိန့်ပေးလိုက်လေ၏။
"အန်းဆန်... တောင့်ခံထားစမ်း..."
ထို့နောက် ရှီရီနှင့် အခြားသူများကို အလုပ်မြန်မြန်လုပ်ရန် ပြောလိုက်လေသည်။
မကြာမီပင် လေဆိပ်လုံခြုံရေးများ ဂိုဒေါင်သို့ ပြေးလာကြပြီး အပြင်ဘက်မှ အချက်ပေးသံများနှင့် သတိ ပေးသံများ ထွက်ပေါ်လာခဲ့လေတော့သည်။
ကောင်းယွမ်သည် တောင်ပိုင်းမင်းဆက် ဘာသာစကားကို နားမလည်သော်လည်း 'မင်းတို့ကို ဝိုင်းထား ပြီ... လက်နက်ချလိုက်တော့' ဟု ပြောနေခြင်းဖြစ်ကြောင်း ခန့်မှန်းလိုက်မိလေတော့သည်။