အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃)
ပျောက်ဆုံးသွားပါက ကြီးမားသော ပြဿနာ ဖြစ်လာလိမ့်မည်
ကောင်းယွမ်သည် ထိုအရာများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ရှီရီနှင့် သူ၏အဖွဲ့သည် လေဆာများကို အသုံး ပြုကာ ဂိုဒေါင်တံခါးများကို ဖြတ်တောက်လိုက်ကြပြီးနောက် စက်ရုပ်တစ်ရာသည် အတွင်းရှိ တိရစ္ဆာန် များကို ကုန်တင်ယာဉ်ပျံပေါ်သို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်ကြလေသည်။
ထိုစဉ် အပြင်ဘက်ရှိ အစောင့်များသည် အင်အားအပြည့်ဖြင့် စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ် လေ၏။
သို့သော် သူတို့ စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လေထုထဲမှ လေဆာတန်းပေါင်းများစွာသည် သူတို့၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ပစ်ခတ်လာခဲ့လေသည်။
ကျည်ဆန်များက ထိုလူများ၏ လက်နက်များကို ထိမှန်သွားသည့်အခါ အစောင့်များ၏ သေနတ်များ သည် ချက်ချင်းပင် အမှိုက်သရိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပေတော့သည်။
သူတို့အားလုံး မှင်သက်သွားကြရ၏။
*ဒါက ဘယ်လိုမျိုး အဆင့်မြင့်နည်းပညာကြီးလဲ...*
"ဘယ်သူ ငါ့ကို တိုက်ခိုက်လိုက်တာလဲ..."
မည်သူမျှ ထပ်မံ၍ မလှုပ်ရှားရဲကြတော့ပေ။
အချို့သော အစောင့်များသည် တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ကြလေသည်။ အကယ်၍ သူတို့ ရင်ဆိုင်နေရသည်မှာ ကြမ်းတမ်းသော ဓားပြများသာ ဖြစ်ပါက သူတို့ ကြောက်လန့်နေမည် မဟုတ်သော် လည်း လေထုထဲမှ ပစ်ခတ်လာသော လေဆာတန်းများသည် တကယ်ပင် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ် ခုကဲ့သို့ ဖြစ်နေခဲ့ပေသည်မဟုတ်ပါလား။
ကောင်းယွမ်သည် အတွင်း၌ အလုပ်လုပ်နေသော စက်ရုပ်များကို ကြည့်ကာ ရယ်ချင်သွားခဲ့သည်။
*ငါက ငါ့ပစ္စည်းတွေကို လာယူတာပဲလေ... ဘာလို့ အဲဒီလောက်အထိ ဆူညံနေကြတာလဲ...*
*မင်းတို့က ငါ့ကို ဓားပြလို့ ထင်နေတာလား...*
မကြာမီပင် တိရစ္ဆာန်အားလုံးကို ကုန်တင်ယာဉ်ပျံပေါ်သို့ တင်ဆောင်ပြီးသွားခဲ့လေသည်။ ကောင်းယွမ် နှင့် စက်ရုပ်များအားလုံး ယာဉ်ပေါ်သို့ တက်လိုက်ကြပြီးနောက် သူသည် ကမ္ဘာကူးတံခါးကို ဆင့်ခေါ် လိုက်လေတော့သည်။
ခဏအတွင်းမှာပင် စက်ရုပ်များနှင့် ယာဉ်ပျံသည် အစအနမကျန် ပျောက်ကွယ်သွားခဲ့လေ၏။
လေဆိပ်လုံခြုံရေး အစောင့်များသည် အပြင်ဘက်တွင် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြလေ သည်။
အတွင်းဘက်တွင် တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်၏။
သို့သော် မည်သူမျှ ရုတ်တရက် ဝင်မသွားရဲကြပေ။
မည်မျှကြာအောင် စောင့်ဆိုင်းခဲ့ရသည် မသိသော်လည်း နောက်ဆုံးတွင် အထက်လူကြီးများ၏ တိုက် တွန်းမှုကြောင့် ဂိုဒေါင်အတွင်းသို့ ဂရုတစိုက် ဝင်ရောက်ကြည့်ရှုလိုက်သည့်အခါ သူတို့အားလုံး ဆွံ့အ သွားစေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။
အတွင်း၌ အမွေးအမျှင် တစ်မျှင်ပင် ကျန်မနေခဲ့ပေ။
လူတစ်ယောက်မျှ ရှိမနေသည့်အပြင် ယခင်က ရှိနေခဲ့သော သံလှောင်အိမ်များပင်
ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ဤသံလှောင်အိမ်များသည် ကြယ်ကိုးစင်း၏ ဥက္ကဋ္ဌ လီပင်းရှီ ပိုင်ဆိုင်သော အရာများဖြစ်ရာ ၎င်းတို့ ပျောက်ဆုံးသွားခြင်းသည် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
တောင်ပိုင်းမင်းဆက်တွင် အုပ်ချုပ်သူများ ပြောင်းလဲသွားနိုင်သော်လည်း ကြယ်ကိုးစင်းမှာမူ အမြဲတစေ တည်ရှိနေခဲ့သည် မဟုတ်ပါလား။
အစောင့်များသည် တစ်ဦးကိုတစ်ဦး ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်ကြလေသည်။
"အခု ဘယ်လိုလုပ်ကြမလဲ..."
အရာရှိ၏ မျက်နှာမှာ ပြာနှမ်းနေခဲ့လေ၏။ ဤသည်မှာ ကြယ်ကိုးစင်းက သူတို့ကို အကြိမ်ကြိမ် မှာကြား ထားသော အရေးကြီးသော ကုန်ပစ္စည်းများ ဖြစ်ပေသည်။ ကြယ်ကိုးစင်းသည် တိရစ္ဆာန်များကို ပြုစုရန် အတွက် သီးသန့် ဝန်ထမ်းများပင် ထားရှိခဲ့သော်လည်း ယခုအခါ ထိုသူများမှာ အနားယူနေကြချိန် ဖြစ် ပေ၏။
ခဏမျှအတွင်းမှာပင်...၊
ကုန်ပစ္စည်းများ ပျောက်ဆုံးသွားခဲ့သော်လည်း အမှန်တကယ် ပြဿနာမှာ ကျူးလွန်သူများကို ဖမ်းဆီး နိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။
ဤကိစ္စကို မည်သို့ ရှင်းပြရမည်နည်း။
အရာရှိများသည် စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ချက်ချင်း ပြန်လည်စစ်ဆေးကြလေ တော့သည်။
သံသယရှိသူများကို လျင်မြန်စွာ တွေ့ရှိလိုက်ရလေသည်။ စောင့်ကြည့်မှတ်တမ်းထဲတွင် အနက်ရောင် ဝတ်စုံဝတ်ထားသော ထွားကျိုင်းသည့် အမျိုးသားအချို့ ရုတ်တရက် ပေါ်လာပြီး ပတ်ဝန်းကျင်ကို စစ် ဆေးနေကြသည်ကို တွေ့ရသည်။ ထို့နောက် ဆံပင်ရွှေရောင်နှင့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သော်လည်း ဝေဝါးသော ပုံရိပ်ကိုသာ မြင်တွေ့ခဲ့ရပေသည်။ ထို့နောက်တွင်မူ စောင့်ကြည့်ကင်မရာမှာ ဖျက်ဆီးခံ လိုက်ရလေတော့၏။
ဓားပြများနှင့် ပတ်သက်သော အချက်အလက်များမှာ မိနစ်အနည်းငယ်စာ မှတ်တမ်းမျှသာ ရှိလေသည်။
အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
"ဆံပင်ရွှေရောင်နဲ့... ကြံ့ခိုင်တဲ့သူတွေ..."
"ရုတ်တရက် ပေါ်လာပြီး ရုတ်တရက် ပျောက်သွားတာ..."
"ဒီကမ္ဘာပေါ်မှာ ဘယ်သူက အဲဒီလိုမျိုး လုပ်နိုင်မှာလဲ... ဖြစ်နိုင်တာကတော့... အမေရိကန်ပဲ ဖြစ်လိမ့် မယ်…"
"ဒါပေမဲ့ အမေရိကန်က လုပ်တာပါလို့ရော ပြောလို့ရပါ့မလား... သေချာတော့ ပြောလို့မရဘူးလေ..."
ထိုစဉ် အစောင့်တစ်ဦးက ပြောလိုက်၏။
"ဒါ ငါးရံ့နက်နည်းပညာကုမ္ပဏီများလား..."
"ဟင်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
အစောင့်က ကောင်းကင်ယံမှ လကမ္ဘာကို ညွှန်ပြလိုက်လေသည်။
မကြာမီပင် အားလုံးက သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြ၏။ ကြယ်ကိုးစင်းမှာ အမေရိကန်၏ လက်ဝေခံဖြစ်ကြောင်း လူတိုင်းသိကြရာ အမေရိကန်က ထိုပစ္စည်းများကို ခိုးယူရန်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ ကြယ်ကိုးစင်း၏ ကုန်ပစ္စည်းများသာ ခိုးယူခံရခြင်း ဖြစ်ပြီး စောင့်ကြည့်မှတ်တမ်းအရ ဓားပြများသည် ဤဂိုဒေါင်သို့ တိုက်ရိုက် လာခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အတွင်း၌ မည်သည့်အရာ ရှိသည်ကို သူတို့ သိနေခြင်းပင်။ ကြယ်ကိုးစင်းကို ပစ်မှတ်ထားသူမှာ သေချာပေါက် ရန်သူသာ ဖြစ်ရပေ မည်။
ထိုသူမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီသာ ဖြစ်ရမည်။ ငါးရံ့နက်နည်းပညာကုမ္ပဏီသည် လကမ္ဘာပေါ်တွင် ပင် စာရေးနိုင်သည်ဆိုလျှင် ပစ္စည်းတစ်ခုခု ခိုးယူရန်မှာ သူတို့အတွက် အလွန်ခက်ခဲမည် မဟုတ်ပေ။
ထို့ကြောင့် အစောင့်များသည် အထက်လူကြီးများထံ အစီရင်ခံစာ တင်လိုက်ကြလေသည်။
ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ကြယ်ကိုးစင်း၏ ကုန်ပစ္စည်းများကို ခိုးယူသွားပြီး သူတို့၏ လက်နက် များကိုပင် အဆင့်မြင့် လေဆာသေနတ်များဖြင့် ဖျက်ဆီးသွားခဲ့ကြောင်း သူတို့က တိုင်ကြားလိုက်ကြ၏။
ဤသတင်းသည် လီပင်းရှီ၏ နားထဲသို့ ရောက်ရှိသွားသည့်အခါ သူသည် ကျိကျိုးလေဆိပ် တာဝန်ခံကို အရိုးများ ကျိုးသွားအောင်ပင် ရိုက်နှက်လိုက်ချင်စိတ် ဖြစ်သွားခဲ့ရလေသည်။
ဤပစ္စည်းများသည် ကောင်းယွမ်အတွက် ပြင်ဆင်ထားသော အရာများဖြစ်ရာ ယခုအခါ ဤလူများက ကောင်းယွမ်အတွက် ပေးသော ပစ္စည်းများကို ကောင်းယွမ်ကပင် ပြန်ခိုးသွားသည်ဟု ပြောနေကြသည် မဟုတ်ပါလား။
ဤထက် ပို၍ ရယ်စရာကောင်းသော အရာ ရှိပါဦးမည်လော။
"စုံစမ်းစမ်း... သေချာ စုံစမ်းစမ်း..."
သို့သော် ဓားပြများကို ရှာဖွေခြင်းထက် ပို၍ အရေးကြီးသည်မှာ လီပင်းရှီအနေဖြင့် ကောင်းယွမ်ကို မည်သို့ ရှင်းပြရမည်နည်း ဟူသော အချက်ပင်။ သူ့အနေဖြင့် "ခင်ဗျားပဲ ခင်ဗျားပစ္စည်းကို ပြန်ခိုးသွား တာလို့ ကျွန်တော်သံသယရှိတယ်" ဟု ပြောရမည်လော။
လီပင်းရှီသည် အလွန်အရှက်ရနေသော စိတ်ဖြင့် ကောင်းယွမ်ထံ ဖုန်းဆက်လိုက်လေသည်။
ထိုအချိန်တွင် ကောင်းယွမ်သည် မြို့ပြ စောင့်ကြည့်ကင်မရာများတွင် မိမိ၏ ပုံရိပ် မပေါ်စေရန်အတွက် လုံကျင်းမြို့၏ အစွန်အဖျားသို့ ပြန်ရောက်နေပြီ ဖြစ်၏။
အနာဂတ်ကမ္ဘာတွင် မြို့ကြီးတိုင်း၌ ရေဒီယိုသတ္တိကြွမှုများကို ဖယ်ရှားရန်နှင့် အန္တရာယ်ရှိသော ဒြပ် ပစ္စည်းများကို စစ်ထုတ်ရန်အတွက် အလင်းအကာအရံများ ရှိလေသည်။
အလင်းအကာအရံကို ဖြတ်ကျော်ရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ချစ်ပ်ပြား လိုအပ်ပြီး ဝင်ရောက်ချိန်တွင်လည်း စစ်ဆေးခြင်း ခံရမည်ဖြစ်ရာ မည်သည့်လျှို့ဝှက်ချက်မျှ ဝှက်ထား၍ မရနိုင်ပေ။
ကောင်းယွမ်သည် မည်သည့် အစအနမျှ ကျန်မနေစေလိုသဖြင့် ကိုဩဒိနိတ်များကို ပြန်လည်တွက်ချက် ကာ လုံကျင်းမြို့ အစွန်အဖျားရှိ နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။ ထို့နောက် လက်ရှိကမ္ဘာသို့ ပြန် လာခဲ့ရာ တာချင်းတောင်တန်း၏ နက်ရှိုင်းသော လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ လေ၏။
ထိုနေရာမှနေ၍ ည၏ အမှောင်ထုကို အကာအကွယ်ယူကာ ကုန်တင်ယာဉ်ပျံသည် မုကျား သိပ္ပံဥယျာဉ် အစွန်အဖျားသို့ ပျံသန်းသွားပြီး ဆင်းသက်လိုက်သည်။ ထို့နောက် ကောင်းယွမ်သည် ဥယျာဉ်အတွင်းရှိ စက်ရုပ်များကို အကာအကွယ် ပေးခိုင်းကာ ယာဉ်ပျံကို ဥယျာဉ်အတွင်းသို့ မောင်းနှင်သွားခဲ့လေသည်။
သူသည် အနာဂတ်ကမ္ဘာသို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် လီပင်းရှီထံမှ ဖုန်းလာခဲ့၏။
ကောင်းယွမ်သည် ဖုန်းကို လက်ခံဖြေကြားလိုက်လေသည်။
"ဥက္ကဋ္ဌလီ... ကျွန်တော့်ကို တိရစ္ဆာန်တွေ လာယူဖို့ တိုက်တွန်းနေတာလား... စိတ်မရှိပါနဲ့... ကျွန်တော် ဒီနေ့ အတော်လေး အလုပ်များနေလို့ပါ... သိတဲ့အတိုင်းပဲ ကောလဟာလတချို့ကြောင့် ငါးရံ့နက်နည်း ပညာကုမ္ပဏီက ဖိအားတွေ အများကြီး ခံနေရတယ်လေ... ကျွန်တော် အဲဒါတွေကို ဖြေရှင်းနေရသလို အကောက်ခွန်နဲ့လည်း စကားပြောနေရလို့ပါ... အချိန်တော့ နည်းနည်း ယူရပေမဲ့ မကြာခင် အဆင်ပြေ သွားမှာပါ... သဘက်ခါကျရင် ကျွန်တော် လာယူပါ့မယ်..."
"ဥက္ကဋ္ဌကောင်း... ကျွန်တော် တောင်းပန်ပါတယ်..."
လီပင်းရှီသည် အလွန်ပင် အားနာနေသဖြင့် စကားပြောရန်ပင် ခက်ခဲနေခဲ့ပေ၏။
"ဘာဖြစ်လို့လဲ... ဘာတွေ ဖြစ်ခဲ့လို့လဲ..."
"အဲဒီ တိရစ္ဆာန်တွေက... ဒီညပဲ အခိုးခံလိုက်ရတယ်..."
ကောင်းယွမ်က အံ့ဩဟန်ဖြင့် မေးလိုက်လေ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်သူက အဲဒီလောက်အထိ အားအားယားယား ဒါတွေကို ခိုးမှာလဲ... ပြီးတော့ သူတို့ ဒါတွေကို ဘယ်ကို ပို့မှာလဲ... ဒါ့အပြင် ခင်ဗျားတို့ရဲ့ လေဆိပ်ဂိုဒေါင်ထဲကနေ ပစ္စည်းတွေ ကို ဘယ်လိုလုပ် ခိုးသွားနိုင်မှာလဲ... ခိုးသွားတယ်ဆိုရင်တောင် ဒါတွေကို ဘယ်လို သယ်သွားနိုင်မှာလဲ..."
လီပင်းရှီသည် သူ၏ မျက်နှာကို မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်နေခဲ့ရသည်။
အရာအားလုံးမှာ အလွန်ပင် အံ့ဩစရာ ကောင်းလှပေသည်။ တိရစ္ဆာန်များနှင့် ဓားပြများမှာ အစအနမ ကျန် ပျောက်ကွယ်သွားခဲ့သည် မဟုတ်ပါလား။
"ဥက္ကဋ္ဌကောင်း... ကျွန်တော့ကို ရက်နည်းနည်းလောက် အချိန်ပေးပါ... ကျွန်တော် နောက်ထပ် တစ်သုတ် ထပ်ရှာပေးပါ့မယ်... အရင်ထက် ပိုကောင်းတာတွေကိုပေါ့... ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင် ရှနိုင်ငံ ကို လာပို့ပေးပါ့မယ်..."
ကောင်းယွမ် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။
*ကိုယ်တိုင် လာပို့ပေးမယ် ဟုတ်လား…မလိုပါဘူး...*
ထိုစဉ် ကုန်တင်ယာဉ်ပျံပေါ်ရှိ ကျားတစ်ကောင် နိုးလာခဲ့လေသည်။ ဤတိရစ္ဆာန်များကို သယ်ယူပို့ ဆောင်စဉ် ဘေးကင်းစေရန်အတွက် မေ့ဆေး ပေးထားခြင်း ဖြစ်၏။ ယခုအခါ အချိန်နှင့်အာကာသ ကူးပြောင်းမှုကြောင့် ဖြစ်နိုင်သည်မှာ ကျားတစ်ကောင်သည် နိုးလာပြီး ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ လေသည်။
"ဝေါင်း..."
ချက်ချင်းပင် အန်းဆန်က လျှပ်စစ်စီးကြောင်းတစ်ခု လွှတ်လိုက်ရာ ကျားသည် အော်ဟစ်လိုက်ပြီး ပြန်လည် မေ့လဲသွားခဲ့လေ၏။
တစ်ဖက်မှ လီပင်းရှီက သတိထားပြီး မေးလိုက်သည်။
"ဥက္ကဋ္ဌကောင်း... အဲဒါ ဘာအသံလဲ..."
ကောင်းယွမ် ခဏမျှ တိတ်သွားပြီးမှ...၊
"ဥက္ကဋ္ဌလီ... ကျွန်တော် တကယ်ပဲ အားနာပါတယ်... ကျွန်တော့် ရည်းစားက စိတ်မကောင်း ဖြစ်သွား လို့ပါ... သူက စိတ်လှုပ်ရှားစရာတွေကို ကြိုက်ပြီး ဒီတိရစ္ဆာန်တွေကို မြင်ဖို့ အရမ်း မျှော်လင့်နေခဲ့တာ... အခု အခိုးခံလိုက်ရပြီလို့ ကြားတော့ သူ အရမ်း ဝမ်းနည်းသွားတယ်... သူက ကျားအော်သံတောင် လိုက် လုပ်နေတာ... အခုနက အော်သံကို ကြားတယ်မလား... တကယ်ကို သနားစရာ ကောင်းပါတယ်ဗျာ..."
"ဪ... ဟုတ်ကဲ့..."
လီပင်းရှီသည် တစ်ခုခု ထူးဆန်းနေသလို ခံစားရသော်လည်း အော်ဟစ်သံမှာ တကယ်ပင် နာကျင်စရာ ကောင်းနေခဲ့ပေ၏။
"ဥက္ကဋ္ဌလီ... တိရစ္ဆာန် ကိစ္စကိုတော့ ထားလိုက်ပါတော့... ကျွန်တော့် ရည်းစားကလည်း စိတ်မဝင်စား တော့ဘူးတဲ့... ဘယ်တိရစ္ဆာန်မှ မလိုချင်တော့ဘူးတဲ့..."
လီပင်းရှီ၏ မျက်နှာမှာ စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပေ။
"ဥက္ကဋ္ဌကောင်း... ကျွန်တော် ဒီတစ်ခါတော့ အလုပ်ကို သေချာ မလုပ်နိုင်ခဲ့ပါဘူး... ခင်ဗျား တိရစ္ဆာန်တွေ မလိုချင်တော့ဘူးဆိုရင် တခြား တောင်းဆိုစရာ ရှိတာကို ပြောပါ... ကျွန်တော် အတတ်နိုင်ဆုံး ဖြည့် ဆည်းပေးပါ့မယ်..."
ကောင်းယွမ်သည် ဤကဲ့သို့သော မမျှော်လင့်ထားသော အကျိုးအမြတ်ကို ရလိမ့်မည်ဟု မထင်ထားခဲ့ ပေ။
"ဟုတ်ကဲ့... ရှိပါတယ်... ကျွန်တော့်ရဲ့ အပူချိန်ထိန်းအဝတ်အစားတွေ မကြာခင် ရောင်းတော့မှာလေ... ကြယ်ကိုးစင်းအနေနဲ့ ကျွန်တော့်ကို ကြော်ငြာပေးဖို့ ကူညီပေးနိုင်မလား... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ကမ္ဘာပေါ်မှာ ဩဇာညောင်းတဲ့သူတွေပဲ မဟုတ်လား... "
"ဪ... ပြီးတော့ ကျွန်တော်တို့ရဲ့ အပူချိန်ထိန်း အဝတ်အစားတွေမှာ စမတ်လက်ပတ်လည်း ပါသေး တယ်... အဲဒါကိုလည်း ကြော်ငြာပေးပါဦးဗျာ..."